မိနစ် ၃၀ အတွင်း တံတွေးကနေ သွေးလွန်တုပ်ကွေးရောဂါ စစ်ဆေးနိုင်ပြီ


စင်ကာပူက သုတေသနပညာရှင်တွေရဲ့ ကျေးဇူးကြောင့် ခုဆိုရင် သွေးလွန်တုပ်ကွေးရောဂါ စစ်ဆေးရတာ သိပ်ကို လွယ်ကူသွားပါပြီ။ ဒီအဖွဲ့က တံတွေးကို စစ်ဆေးပြီး ရောဂါ ချက်ချင်းဖော်ထုတ်နိုင်တဲ့စနစ်ကို ဆန်းသစ်တီထွင်ခဲ့တာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အဆိုအရ နှစ်စဉ် လူသန်း ၁၀၀ လောက်ဟာ ခြင်က သယ်ဆောင်တဲ့ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေပြီး ဒီကိရိယာက အကြီးအကျယ် အထောက်အကူ ပေးနိုင်တော့မှာပါ။

သွေးလွန်တုပ်ကွေးရောဂါဖော်ထုတ်ရာမှာ ကိုယ်တွင်းက ပဋိပစ္စည်းကို ရှာဖွေဖို့ သွေးဖောက်စစ်ဆေးတာကို ဒီနေ့အထိ လုပ်နေရဆဲပါ။ ဒီနည်းစနစ်က ရက်ပိုင်းလောက် အချိန်ယူရပါတယ်။

တံတွေးနဲ့ စစ်ဆေးတာကတော့ မိနစ် ၃၀ ကြာပါတယ်။ ဒီကိရိယာမှာ နာနိုနည်းပညာ သုံးထားတာမို့ တံတွေးထဲက သွေးလွန်တုပ်ကွေးပဋိပစ္စည်းကို ဖော်ထုတ်နိုင်တယ်လို့ သုတေသနပညာရှင် ဂျက်ကီယင်းက ဆိုပါတယ်။

“တကယ်တော့ တံတွေးထဲမှာ ပဋိပစ္စည်းပါဝင်မှုက အလွန်နည်းပါတယ်။ ဒီတော့ ပိုပြီး ထက်မြတ်တဲ့ ထောက်လှမ်းရေးစနစ် လိုအပ်ပါတယ်။ နောက်ပြီးတော့ တံတွေးထဲမှာ ပရိုတိန်း ပါဝင်မှုများတဲ့အတွက် ဓာတ်စမ်းစက္ကူကတ်နဲ့ ရောဂါစစ်ဆေးရင် ဆေးစစ်ချက်ရလဒ်တွေ ရှုပ်ထွေးစေနိုင်ပါတယ်။ ဒါကြောင့် ဒီကိရိယာမှာ တလွှာချင်း တရစ်ချင်း စိမ့်ဝင်စေတဲ့ နည်းစနစ်ကို ဆန်းသစ် သုံးစွဲထားပါတယ်။ ဒီနည်းက တံတွေးထဲက ပရိုတိန်းကဲတဲ့ ဓာတ်ပစ္စည်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ ပရိုတိန်းတွေဟာ နာနိုအရွယ်အစားရှိတဲ့ ထောက်လှမ်းရေး ယူနစ်တွေနဲ့ ရောထွေးမသွားနိုင်တော့ ပါဘူး။ ဒီတော့ ဆေးစစ်ချက်အဖြေ မမှားနိုင်တော့ဘူးပေါ့။”

သူ့ရဲ့ ဆေးစစ်ကိရိယာကို အရင်က သွေးလွန်တုပ်ကွေးဖြစ်ဖူးသူတွေကို ရောဂါဖော်ထုတ်နိုင်ဖို့ ဒီဇိုင်း ထုတ်ထားတာပါလို့ ယင်းက ဆိုပါတယ်။

“ကျမတို့အနေနဲ့ ဒီလူနာတွေကို ရောဂါအမည် ဖော်ထုတ်ပေးချင်တယ်။ မဟုတ်ရင် ရောဂါက ဒီထက် ပိုပြီး ပြင်းထန်သွားနိုင်တယ်။ ဆေးစစ်ပေးလိုက်နိုင်ရင် အချိန်မီ ကုသနိုင်တာပေါ့။”

ယင်းက ဂျပန်ဇီဝနည်းပညာကုမ္ပဏီ အာကရေးနဲ့ ပူးပေါင်းပြီး ဒီကိရိယာကို စီးပွားဖြစ် ထုတ်လုပ်ဖို့ လုပ်နေပါပြီ။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဈေးကွက်မှာ ဖြန့်ချိသွားဖို့ သူမက မျှော်လင့်ထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/83424
မိနစ် ၃၀ အတွင်း တံတွေးကနေ သွေးလွန်တုပ်ကွေးရောဂါ စစ်ဆေးနိုင်ပြီ မိနစ် ၃၀ အတွင်း တံတွေးကနေ သွေးလွန်တုပ်ကွေးရောဂါ စစ်ဆေးနိုင်ပြီ Reviewed by သစ်ထူးလွင် on 05:02 Rating: 5
Powered by Blogger.