Miss Asia Pacific World အလှမယ်အရွေးခံရသည့် မေမြတ်နိုး

 တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပနေသည့် Miss Asia Pacific World 2014 ပြိုင်ပွဲတွင် မြန်မာ အလှမယ် မေမြတ်နိုးသည် ပြိုင်ပွဲ၏ ပထမဆုဖြစ်သည့်Miss Asia Pacific အလှမယ်ဆုကို ဆွတ်ခူး သွားခဲ့သည်။ ပြိုင်ပွဲ၏ အစောပိုင်းတွင်လူကြိုက်အများဆုံး ဆုကိုလည်း ဆွတ်ခူးထားခဲ့သည့် အသက်၁၈နှစ်အရွယ် မေမြတ်နိုးသည် နောက်ဆုံး အဆင့်ပြိုင်ပွဲတွင်အိမ်ရှင်ကိုရီးယား အလှမယ်ကို အနိုင်ယူကာ ဆုတံဆိပ် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာမှအလှမယ်၄၀နီးပါးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ယင်းပြိုင်ပွဲတွင်ဆန်ကာတင်အလှမယ်ခုနှစ် ဦးကိုဦးစွာရွေးချယ်ခဲ့ပြီးနောက်နောက်ဆုံးအဆင့်ကိုယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးယှဉ်ပြိုင်ခဲ့သူခုနှစ်ဦးတွင်မေမြတ်နိုးကပထမ၊တောင်ကိုရီးယားမှ Kim Eea ကဒုတိယ၊မကာအိုမှ Hio Man Cha ကတတိယနှင့်ဖိလစ်ပိုင်မှ Hillarie Danielle Parungao စတုတ္ထဆုများအသီးသီးရခဲ့သည်။

7DAY DAILY

Miss Asia Pacific World 2014 ပြိုင်ပွဲရလဒ်ဇယားတွင် ထိပ်ဆုံးမှ ဖော်ပြခံရသည့် မြန်မာနိုင်ငံတော်အလံ

လက်ပံတောင်းမှာ တောင်သူတွေကို ရဲ ၅၀၀ လောက် ပိတ်ဆို့

 လျော်ကြေးယူမထားတဲ့ မြေယာတွေပေါ်မှာ ဒီကနေ့ ထွန်ယက်ဖို့အသွား ရဲတပ်ဖွဲ့အင်အား ၅၀၀ လောက်ရဲ့ တားဆီးမှုခံခဲ့ရတယ်လို့ လက်ပံတောင်းဒေသခံတွေက ပြောပါတယ်။

လက်ပံတောင်းတောင်ဒေသမှာ မြေယာလျော်ကြေးယူမထားတဲ့ ဆည်တဲနဲ့ မိုးကြိုးပြင်ရွာက တောင်သူ ၃၇ ဦးပိုင်မြေ ၂၅၀ ဧကကို ၀မ်ပေါင်ကုမ္ပဏီက သံဆူးကြိုးခတ်ထားတာ ဖြစ်ပါတယ်။ ဒီမြေတွေကိစ္စကို အာဏာပိုင်တွေက ညှိနှိုင်းပေးမယ်လို့ ကတိပေးထားပေမယ့် ဆောင်ရွက်ပေးခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ခြံစည်းရိုးခတ်ထားတဲ့ မြေတွေပေါ်မှာ ထွန်ယက်ခွင့်အတွက် မေလ ၂၇ ရက်နေ့က အာဏာပိုင်တွေထံစာပို့ခဲ့ပြီး ဒေသခံ၃၀ကျော် မနေ့ကနဲ့ ဒီကနေ့ သွားရောက်ခဲ့ပါတယ်။ ဒီကနေ့မနက်က ကြုံတွေ့ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆည်တဲရွာသူ မရီရီဝင်းက ခုလိုပြောပါတယ်။

"ဒီနေ့ကျတော့လည်း ကျမတို့ကလာမယ်လို့ သူတို့ကို ပြောထားခဲ့တဲ့အခါကျတော့ သူတို့ဘက်က အကြံအစည်တွေနဲ့ လာပြီးတော့ ကျမတို့ဒေသခံတွေက အရမ်းဝင်လိုက်လို့ရှိရင် သူတို့ကလက်နက်အားကိုးနဲ့ ကျမတို့ကိုပစ်မှာ ခြိမ်းခြောက်မှာပဲ၊ အခုလည်း သေနတ်ကြီးတွေနဲ့ ထောင်ထားတယ်၊ ရဲကားတွေက အများကြီးပဲ၊ မီးသတ်ကားတွေရော"

ခုလိုရဲတပ်ဖွဲ့နဲ့ တားဆီးတာဟာ မဖြစ်သင့်တာမဖြစ်ရအောင် ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ ယင်းမာပင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က ပြောပါတယ်။ ဒေသခံတွေကတော့ ဒီကိစ္စကို တနင်္လာနေ့မှာ ဆက်ဆံရေးရုံးမှာ ဆွေးနွေးရှင်းလင်းဖို့ရှိတယ်လို့ RFA ကိုပြောပါတယ်။

RFA Burmese



 

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲ (၅) နာရီကြာဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြ

 မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့များ အကြား ယမန်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲမှာ (၅) နာရီ ကြာမြှင့်ခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ဖေါ်ပြကြသည်။

တိုက်ပွဲမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်းတောင်တောင်တန်းနယ် နတ်ကျောက်ဆရီမြို့နယ် ပိုင်ချရီ အရပ်တွင် နံနက် ၁၁ နာရီကျော်မှ ညနေ ၄ နာရီအထိ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ပျောက်ဆုံးနေသော အလောင်းအား မည်သည့်နေရာတွင် ရှိကြောင်း မြန်မာဘက်က နေရာအများအပြားကို ညွှန်ပြ ဆက်သွယ် ပြောဆိုပြီးနောက် ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့က သွားရောက်ရှာဖွေစဉ် မြန်မာဘက်က စတင် ပစ်ခတ်ခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ဘက်က စွပ်စွဲ ပြောကြားသည်။

သို့အတွက် ဘင်္ဂလာဒေခ်ျ့ဘက်က တုန့်ပြန် ပစ်ခတ်ခဲ့ရသည်ဟု BGB ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်  Aziz Ahmed ဆက်လက် ပြောဆိုသည်။

သို့အတွက် လောလောဆယ်တွင် အလောင်းကို ရှာဖွေရန်နှင့် အလံတင်အစည်းအဝေးကို နယ်စပ်တွင် ပြုလုပ်ရန် မဖြစ်နိုင်ကြောင်း သူက ဆိုသည်။

မျက်မြင်များ၏ အပြောအရ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မူကြောင့် ဘင်္ဂလာဒေခ်ျ့ BGB တပ်ဖွဲ့များ ဖရိုဖရဲပြိုကွဲသွားစဉ် သေဆုံးသွားသူ ဘင်္ဂလာဒေခ်ျ့ တပ်ဖွဲ့ဝင်၏ အလောင်းကို မြန်မာတပ်ဖွဲ့က ၀င်ရောက် ဆွဲယူသွားခဲ့သည်ဟု ဆိုသည်။

ယခုနယ်စပ်တွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ မြန်မာ အစိုးရထံ ဆက်သွယ်ဆောင်ရွက်နေသလို အနီးကပ်စောင့်ကြည်နေသည်ဟု သိရှိရသည်။

ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ် အကြီးအဲ  Maj Gen Aziz က ပြဿာနာကို ပြေလည်အောင် ဖြေရှင်းနိုင်ရေးအတွက် နယ်စပ်တွင် ကြိုးစားဆောင်ရွက်နေကြောင်းနှင့် သံတမန်ရေးအရပါ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

နယ်စပ်အနီးပြည်သူများက သေနတ်ပစ်ခတ်သံများ ကြားရကြောင်း၊ အများစု ပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေကြောင်း ပြောဆိုသည်။

(နိရဉ္စရာ- ၃၁ မေလ ၂၀၁၄)

နယ်စပ်တွင် ဘင်္ဂလာ BGB တပ်ဖွဲ့ ယမန်နေ့က ကင်းလှည့်နေစဉ် ( ဓါတ်ပုံ- အင်တာနက်)
 

ကြက်ဥကြော်ရာမှ နေအိမ်(၂ဝ)လုံး မီးကူးဆက်လောင်

ထီးချိုင့်၊ မဇ္ဈိမ။ ။ ကြက်ဥကြော်ရာမှ လူနေအိမ်(၂ဝ)လုံး မီးကူးဆက်လောင်ကျွမ်းခဲ့ရသည့် ဖြစ်စဉ်တစ်ရပ်ကို မေလ ၃ဝ ရက် နံနက် ၁ဝ နာရီခွဲအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ကျီးဒေါင့်ကန်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ကသာခရိုင် အထွေထွေအုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာအရပ်သို့ ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးစိုးထွန်းနှင့် မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုသည် ကြက်ဥကြော်စာခဲ့ရာမှ အိမ်ထရံသို့ မီးကူးဆက်၍ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မီးသတ်ဦးစီးမှူး၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါ မီးစတင်လောင်ကျွမ်းခဲ့မှုကြောင့် သက္ကယ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ် ၁၁လုံး၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ်၉လုံး၊ နွာစာတိုက် ၉လုံး၊ ထရံကာ၊ ပျဉ်ခင်း နွားစာတိုက် ၃လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ရသည်။

မီးလောင်ဆုံးရှုံးမှု တန်ဖိုးကို မီးသတ်ဦးစီးဌာနက ငွေကျပ် ၂၇သိန်း ၉သောင်းကျပ်ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ ကြက်ဥကြော်စားရာမှ ဘေးပတ်ဝန်းကျင်သို့ မီးကူးဆက် လောင်ကျွမ်းခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့်အတွက် ကြက်ဥကြော်စားသူအား ထီးချိုင့်မြို့မရဲစခန်းက (ပ)၂ဝ၄/၂ဝ၁၄ ပြစ်မှုပုဒ်မ ၂၈၅ အရအမှု ဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ရဲစခန်းမှ သိရှိရသည်။

ကိုတိုးကြီး
Mizzima - News in Burmese

 

ပညာရေးခရိုနီ

  ဒီစာကိုရေးတော့ မောင်ကဲကို ဆိုင်ရာလူတွေက ထောင်ထဲပို့ချင် ကြမယ်ထင်ရဲ့။ ကျုပ်ကျောင်း ဆရာ မောင်ကဲ စာပဲဆက်သင်ပါ ရစေဗျာ။ မပြောမပြီး မတီးမမြည် မို့ ပြောရတာပါ။ မောင်ကဲတို့ တက္ကသိုလ် ကျောင်းဆရာလော က,က ကြောက်စရာစကားတစ် လုံးအကြောင်းကို ပြောချင်လို့ပါ ခင်ဗျာ။

 အဲဒါက ဘာလဲဆိုတော့ ‘‘ဖာအကြောင်း’’ပါခင်ဗျ။
မောင်ကဲ ရိုင်းလိုက်တာလို့ မထင်ပါနဲ့။

 ‘‘ဖာတကာ့ ဖာထဲမှာ အကြောက်ဆုံးဖာ ဘာဖာလဲ’’လို့ ကျောင်းဆရာတွေကို ထပ်မေး လိုက်ပါဦးခင်ဗျ။

  ဆရာ၊ ဆရာမအားလုံး တညီတညွတ်တည်းဖြေပေးကြ မှာပါ။

‘‘ထရန် စဖာ’’

ဟုတ်ကဲ့ ဆရာ၊ ဆရာမတွေ အကြောက်ဆုံးဖာဆိုတာ ‘‘ထရန် စဖာ (transfer)’’ဆိုတာကြီးပေါ့ ခင်ဗျာ။

ထရံစ အပေါက်ကို ဖာသလို ဖာတာမို့ ထရန်စဖာလို့ခေါ်သလား အောက်မေ့ကြပါရဲ့။ ဟို တစ်ကွက် ဒီတစ်ကွက်။ အသစ်နဲ့ အဟောင်း သောင်းပြောင်းရောလို့ မွှေတာကိုးခင်ဗျ။

ကျောင်းဆရာဘဝဆိုတာ မင်းခယောက်ျားမို့ မိသားစုနဲ့ခွဲခွာ ပြီ ရောက်ရာအရပ်ကျရာတာဝန် ကျေပွန်ကြရပါသဗျ။

စေလိုရာစေဘဝ ‘‘သေချင် တဲ့ကျား တောပြောင်း’’လို့ ဆိုရ မလား။

‘‘ထားရာနေ စေရာသွားမို့ နွားနဲ့မခြား’’လို့ ပြောရမလား။

အမှန်ကတော့ တက္ကသိုလ် ဆရာဆိုတာ ‘‘ရေမျောကမ်းတင်’’ များသာ ဖြစ်တယ်ဆိုတာပါပဲ။

အဲ.. ဒါပေသိ ကျောင်းဆရာ လောကမှာ ဒူးနေရာဒူး၊ တော်နေ ရာတော်ဆိုတာထက် ‘‘ကတော်’’ နေရာကတော့ ‘‘အထူး’’ဖြစ်နေ တာ ခက်သကိုးခင်ဗျ။ အခု မေလ ထဲမှာ အဲဒီ ထရံစဖာတဲ့ ကိစ္စတွေ က ဆက်ကာဆက်ကာ လာတော့ မှာ ပေါ့ခင်ဗျာ။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မေလ ၈ ရက်နေ့ကပဲ ပညာရေးဝန်ကြီး ဌာန ဝန်ကြီးရုံးကနေ ဒုတိယ ပါမောက္ခချုပ်တွေကို ပြောင်းရွှေ့ တာဝန်ချထားတဲ့ အမိန့်စာတစ် စောင်ထွက်လာပါသဗျ။ စာအမှတ်(၁) ပညာ ၂(ဃ)၂၀၁၄ (EC/၆) (၄၄၇၃)ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒီအမိန့်စာကြီးက ပါမောက္ခချုပ်ရာထူးကို elected person မဟုတ် selected person များနဲ့သာခန့်စေသတည်း လို့ဆိုလိုကြောင်း မောင်ကဲတို့ ကျောင်းဆရာအပေါင်း ကောင်းကောင်းနားလည်လိုက်ကြသဗျ။ ခုလိုခန့်ထားရာမှာ  ဘယ်လိုစည်းမျဉ်းစည်းကမ်းများနဲ့  ရွေးချယ်ခန့်ထားသလဲဆိုတာတော့  မောင်ကဲတို့ကျောင်းဆရာများ လည်းမသိ။ သိခွင့်လည်းမရ။

မောင်ကဲတို့ သိထားတာက ပြည်ထောင်စုဝန်ကြီးတို့၊  ပညာ ရေးအာဏာပိုင်တို့နဲ့ ပုဂ္ဂိုလ်ရေး အရ နည်းလမ်းအမျိုးမျိုးနဲ့ပတ် သက်နေသူတွေ၊ လက်ညှိုး ထောင်ခေါင်းညိတ်အချို့တွေကို ရာထူးတိုးပေးလိုက်တယ်ဆိုတာပါပဲ။ အဲဒီအမိန့်စာကြီးမှာ ရာထူး တိုးမြှင့်ခြင်းခံတဲ့ တချို့သော ပုဂ္ဂိုလ်များရဲ့ အရည်အချင်းဟာ သာမန်မျှဖြစ်တယ်လို့ စီနီယာဆရာသမားများက ဆိုသဗျ။ တချို့များဆိုပေးထားတဲ့ရာထူးနဲ့ လားလားမှ မထိုက်တန်သူများပါ ပါတယ်လို့ ဆိုနေကြပါတယ်။

 ဒီတော့ ဒီရာထူးတွေကို ပြောင်းရွှေ့တာ၊  တိုးမြှင့်တာတွေ က ဒီမိုကရေစီခေတ်မှာ  ရီ(ရယ်) ချင်စရာဖြစ်နေပါသဗျ။  ဘာ ကြောင့် ဒီလိုပြောရသလဲဆိုတော့ ဒီမိုကရေစီဆိုတဲ့ခေတ်ကြီးကို သွားနေရာမှာ လက်ရှိသမ္မတကြီး တောင် ရွေးကောက်ပွဲကနေ အဆင့်ဆင့်အရွေးခံရလို့ သမ္မတရာထူးကြီးရလာခဲ့တာလို့ဆိုသဗျ။  ဒါကြောင့်  ပညာရေးလောကမှာ လည်း ဒီမိုကရေစီစနစ်ကို ကျင့် သုံးစေချင်ကြတာ မောင်ကဲတို့ ဆရာအများစုဆန္ဒပါပဲ။

လက်ရှိမှာ မောင်ကဲတို့ တိုင်း ပြည်ပညာရေးက ချောက်ထဲထိုး ကျနေတာ မဟုတ်လားခင်ဗျ။ ကျ နေတာမှ မရပ်သေးဘူးခင်ဗျ။ ကျ တုန်း၊ ကျဆဲ၊ ကျမြဲပါခင်ဗျ။ ဒီလို အချိန်မှာ ငါးမျှားချိတ်လောက်နဲ့ ဆွဲလို့မရ။ အားကောင်းတဲ့ ကရိန်း ကြီးတွေနဲ့ ကျကျနန ဆယ်မရမှာ မဟုတ်လားခင်ဗျ။  အဲဒီတော့ လက်ရှိ တက္ကသိုလ်များရဲ့ အဓိပ တိ ပါချုပ်ဆိုတာကြီးတွေရဲ့ အခန်း ကဏ္ဍက အင်မတန်အရေးမကြီး ပေဘူးလားခင်ဗျာ။ ဒီတော့ ဒီလို ပါချုပ်ကြီးတွေကို  ဘယ်လိုခန့် သင့်သလဲ မောင်ကဲရဲ့ ဉာဏ်လေး တစ်ထွာတစ်မိုက်နဲ့ တွေးကြည့်မိ ပါသဗျ။

နိုင်ငံတော်ရဲ့ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တွေ၊ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အင်တိုက် အားတိုက် ပါဝင်နိုင်မယ့် နိုင်ငံ အကျိုးနဲ့ ပညာရေးအကျိုးအ တွက် လုပ်ရဲ၊ ကိုင်ရဲ၊ တာဝန်သိ တဲ့၊ တာဝန်ခံနိုင်တဲ့၊ ထက်မြက် တဲ့၊ အရည်အချင်းရှိတဲ့သူတွေကို အများဆန္ဒ (stakeholder များ ဖြစ်တဲ့ ဆရာများ၊ ကျောင်းသား များရဲ့ဆန္ဒ)ကို အခြေခံကာ လွတ် လပ်တဲ့ ပညာရှင်များရဲ့ ဆုံးဖြတ် မှုနဲ့ ရွေးသင့်တယ်လို့ မောင်ကဲ တွေးမိပါတယ်။

  မောင်ကဲတို့ တက္ကသိုလ် လောကမှာ နယ်ကျောင်းက မြို့ ကျောင်းကို ပါမောက္ခချုပ်ရာထူး တူနဲ့ ပြောင်းရွှေ့ရရင် တာဝန်ပို ကြီးတဲ့နေရာကို အရည်အချင်းပို ရှိသူကို ရွေးချယ်ပေးပို့တာလို့ အဓိပ္ပာယ်ထွက်ပါတယ်။ ခုအခါ မှာ မောင်ကဲတို့အသိုင်းအဝိုင်းက လေးစားယုံကြည်ရသူ၊ ပါမောက္ခ ချုပ်ရာထူးနဲ့ ထိုက်တန်တယ်လို့ ထင်ကြေးပေးခံရသူတွေဟာ ရာ ထူးတိုးမြှင့်ခြင်းမခံခဲ့ရတာတွေ့ရ သဗျ။ ခုဟာက ရာထူးတိုးမပေး တဲ့အပြင် အပြစ်ပေးခြင်း (Puni-shment)ဆန်ဆန် တက္ကသိုလ် ကြီးများမှ နယ်တက္ကသိုလ်များဆီ ဘေးတိုက်ပြောင်းရွှေ့တာဝန်ချ ထားတာတောင် တွေ့ရသဗျ။

ဒါဟာ အာဏာရှင်အလိုကျ ဆောင်ရွက်ရာမှာ မပါခဲ့သူများကို ရာထူးတိုးချန်လှပ်ခံရတာလို့ မောင်ကဲတို့အသိုင်းအဝိုင်းက မှတ်ချက်ပြုကြလေရဲ့။ အမှန်တရားအတွက်ဆောင်ရွက်တဲ့ ပညာရှင်တွေဟာ အာဏာရှင် အလိုကျနေသူတွေမဟုတ်တာကြောင့် အာဃာတတွေထားခံရတယ်လို့ ကောက်ချက်ဆွဲရပါမယ်။

စပ်မိလို့ ဆရာတပည့်ဇာတ် လမ်းတစ်ပုဒ်ကို ပြောပြချင်သဗျ။ တစ်ချိန်တုန်းက နောင်ဝန်ကြီးတစ်ပါးဖြစ်လာမယ့် ပါရဂူကျမ်းကြီးကြပ်သူနဲ့ တပည့်ကျော်PhD Can-didate ပါမောက္ခတစ်ယောက်ရှိခဲ့ ဖူးပါသတဲ့။ ခုတော့ အဲဒီကျမ်း ကြီးကြပ်သူက ဝန်ကြီးတစ်ပါးဖြစ် လာတော့ တပည့်ကျော်ပါမောက္ခ ဟာ လုပ်သက်အလွန်နုနယ်နေ သေးတာတောင် လုပ်သက်ရင့် ပါမောက္ခများကို ကျော်လွန်ကာ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ရာထူးကို တိုးမြှင့်ပေးခြင်းခံခဲ့ရဆိုသဗျ။ ဒါ့အပြင်အမျိုးသားစီးမံခန့်ခွဲမှု ပညာကောလိပ်ကျောင်းအုပ်ကြီးရာထူးတာဝန်ကိုပါ ပူးတွဲခန့်အပ်ခြင်းခံလိုက်ရပါသတဲ့ခင်ဗျ။

ပုံပြင်ထဲက ပါမောက္ခလေး ကတော့ ခုအခါ နှစ်ရွာစားပေါ့ ခင်ဗျ။ အဲ.. မှားလို့ နှစ်ကျောင်းစား ခင်ဗျ။ ကျောင်းနှစ်ကျောင်း၊ တက္ကသိုလ်နှစ်ခုက တာဝန်ကို ဘယ်လိုများအံ့မခန်းစွမ်းစွမ်းတမံ ဆောင်ရွက်မလဲဆိုတာတော့ မောင်ကဲတို့ ကျောင်းဆရာလော က,က သိချင်လှသပေါ့ခင်ဗျာ။

ဒီပုံပြင်ဇာတ်လမ်းလေးဟာ ပညာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးရုံးရဲ့ ၈-၅-၂၀၁၄ ရက်စွဲပါ စာအမှတ် (၁) ပညာ ၂(ဃ) ၂၀၁၄ (EC/၆) (၄၄၇၄) ထဲမှာ ပါတယ်ဆိုပဲခင် ဗျ။ ဒီပုံပြင်ဇာတ်လမ်းလေးက တိုင်းပြည်ရဲ့ ပညာရေးပြုပြင် ပြောင်းလဲမှုပုံရိပ်တွေကို များစွာ အကျည်းတန်အရုပ်ဆိုးစေတဲ့ လုပ်ဆောင်ချက်လို့ မောင်ကဲတို့ ကျောင်းဆရာလောက,က မှတ် ချက်ပြုနေကြပါတယ်ခင်ဗျ။

ဟုတ်ကဲ့ ခင်ဗျာ။ တိုင်းပြည် ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးဖြစ်စဉ်များနဲ့အတူ တက္ကသိုလ် အသီးသီးမှာ ပေါ်ပေါက်လာတဲ့ တက္ကသိုလ်ဆရာများ သမဂ္ဂတွေ ဟာ တက္ကသိုလ်ပညာရေးကဏ္ဍ မှာ မရှိမဖြစ်လိုအပ်တဲ့ အဖွဲ့ အစည်းများလို့ နားလည်ခံယူထား တဲ့၊ တက္ကသိုလ်ဆရာများသမဂ္ဂ ကို ကူညီပံ့ပိုးပေးတဲ့ ဒုတိယ ပါမောက္ခချုပ်အချို့ကိုကျတော့ မြိုင်ရပ်ကို နှင်စေသတည်းလို့ လည်း ကြားလိုက်ရပါတယ်ခင်ဗျ။

မြိုင်ရပ်ကို အနှင်ခံရသူများ ကတော့ ဆရာ၊ ဆရာမများနဲ့ ဝန်ထမ်းများဘက်ကနေ တရားမျှ တမှုကို ရှေးရှုလျက် ဥပဒေနဲ့ အညီ ဆရာ၊ ဆရာမများဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့ တာ ဆရာအများ သိထားသဗျ။ ဒီလိုလုပ်ရပ်များကိုတော့ ပညာ ရေးအာဏာပိုင်တွေက သဘော ကျနှစ်မြို့ခြင်းမရှိကြောင်းကိုဖြင့် မောင်ကဲတို့လောက,က ကောင်းကောင်းသိထားပါသဗျ။

ခုတော့ ပညာရေးဝန်ကြီး ဌာနက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၂၅)မှာပါတဲ့ ‘‘နိုင်ငံတော်သည် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အကျိုး ကို ကူညီဆောင်ရွက်မည်’’ဆိုတဲ့ အခြေခံမူကို ချမှတ်အကောင် အထည်ဖော်ရမယ့်အစား လူမှန် နေရာမှန် (Meritocracy)ကို တာဝန်ပေးအပ်မှုမပြုလုပ်တာ ကြောင့် တိုင်းပြည်ရဲ့ ပညာရေး အဆင့်အတန်းကတော့ ဒေသ တွင်း နိုင်ငံများထက် အောက်နား နောက်နားက ဓားမနောက်ပိတ် ခွေးဖြစ်နေဦးမှာ အသေအချာ ပေါ့ခင်ဗျာ။

သွားလေသူ ပညာရေးဝန် ကြီးလက်ထက်ကလည်း CPU ဆို တဲ့ စကားခေတ်စားခဲ့သဗျ။ CPU ဆိုတာ ကွန်ပျူတာက central processing unit လို့တော့ အထင်မှတ် မမှားကြပါနဲ့ခင်ဗျ။ C ဆိုတာ Chemistry၊ P ဆိုတာ Psy-chology၊ နောက်ဆုံး U ဆိုတာကတော့ Upper Myanmar ကို ပြောကြတာပါခင်ဗျ။ ဝန်ကြီးရဲ့ မေဂျာဖြစ်တဲ့ Chemistry၊ ဝန်ကြီးကတော်ရဲ့ မေဂျာဖြစ်တဲ့ Psy-chology နဲ့ အထက်မြန်မာပြည် Upper Myanmar က အပေါင်းအသင်းရောင်းရင်း တပည့်လက်သားများကို သွားလေသူကြီးကဝန်ကြီးဖြစ်သခိုက် ဖေးမကြည့်ရှုတော်မူခဲ့တာကိုးခင်ဗျ။

  ခုဝန်ကြီးလက်ထက်မှာ တော့ ‘‘စီးပွားရေးတစ်ခေတ်ဆန်း သစ်လာပြီ’’လို့ ဆိုရတော့မယ် ထင်ပါရဲ့ခင်ဗျ။ ဒီမင်း၊ ဒီစိုး၊ ဒီသူခိုး၊ ဒီမိုး၊ ဒီလှေ ဒီလူတွေနဲ့က တော့ဖြင့် တိုင်းပြည်ပညာရေး ချောက်ထဲက ဆွဲတင်ဖို့အရေး ဝေလာဝေးပါလို့ ပညာရေးလောကမှ ဆရာ၊ ဆရာမများကပြော ကြပါတယ်ခင်ဗျ။ မောင်ကဲတစ်ယောက် ခုလိုပြောနေတာတွေဟာ ပုဂ္ဂိုလ်ရေးအမြင်အပေါ် အခြေခံခြင်းမဟုတ်ပါဆိုတာတော့ အာမခံပါရဲ့ဗျာ။လွဲမှားနေတယ်လို့ထင်မြင်ယူဆလို့ထောက်ပြ ပြောဆိုရခြင်းပါ။

 တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍအသီးသီးက တာဝန်ရှိသူ တွေအနေနဲ့ ပညာရေးဝန်ကြီးဌာန အာဏာပိုင်များရဲ့ တိုင်းပြည် ပညာရေးကို စေတနာမဲ့စွာ ရည် ရွယ်ချက်ရှိရှိလုပ်ဆောင်မှုတွေကို အချိန်မီပြန်လည်ကုစားနိုင်ဖို့နဲ့ အများပြည်သူလူထုက အမှန်ဖြစ် ပျက်နေသမျှကို သိစေနိုင်ဖို့ တင် ပြနေခြင်းသာဖြစ်ပါတယ်ခင်ဗျ။
ခုကိစ္စမှာ မောင်ကဲအတွေး တစ်ချက်မှားနေတယ်ဆိုရင်တော့ မောင်ကဲ ထောင်ထဲမှာ နေရုံပေါ့ ခင်ဗျာ........
(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)

Author: ကျောင်းဆရာ မောင်ကဲ
7DAY DAILY


မူကြိုထဲမှာ သားကိုမထားခဲ့နဲ့

 ကျွန်မတော်တော် စိတ်ဆင်း ရဲပါတယ်။ ဒီတာဝန်ကို အလွယ်တကူ ခေါင်းညိတ် လိုက်မိတာကိုက ကျွန်မရဲ့အမှား။ ဒီလောက်ခက်ခဲမယ်မှန်းမှ မသိခဲ့ဘဲ။ အခုတော့ ရုပ်ပျက်ဆင်းပျက် ဣနြေ္ဒမဲ့။ ကျွန်မ ထဘီစကိုမလွှတ်တမ်း ကျစ်ကျစ်ပါအောင်ဆွဲထားပြီး မျက်ရည်တွေနှပ်တွေနဲ့ ငိုယိုနေတဲ့ကျွန်မတူလေး။

‘‘ကြီးကြီး သားကိုမထားခဲ့နဲ့။ ပြန်လိုက်မယ်။ မူကြိုထဲမှာ သား ကိုမထားခဲ့နဲ့’’စိတ်ညစ်လိုက်တာ။ ဆရာမတွေကို အားနာလို့အတင်း အဓမ္မထားခဲ့ပြီး ကျောင်းပြင်ရောက် ခဲ့ပေမယ့် မြင်ကွင်းတွေကမျက်စိ ထဲကမထွက်။ တူတော်မောင်ငို နေသလို အရင်ရောက်နှင့်နေတဲ့ ကလေးတွေ အတော်များများ လည်း အငိုမျက်နှာတွေနဲ့။ မနေ့ကသူ့အမေလာပို့တုန်းကလည်း အဲဒီ လိုငိုလို့ ကြီးတော်ဆိုရင်ကြောက် တော့ ငိုရဲမှာမဟုတ်ဘူးဆိုပြီး ကျွန်မလက်အပ်လိုက်တာ။ မထူး ပါဘူး။ ကလေးမှမပျော်ဘဲ။ သူမှ မသွားချင်ဘဲ။

တကယ်တော့ ဒီကလေးသုံး နှစ်ပြည့်တာ တစ်ပတ်ပဲရှိသေး တယ်။ မိဘနဲ့ခွဲပြီး နေရာအသစ် မှာ လူစိမ်းတွေနဲ့ ဘယ်နေချင်ပါ့ မလဲ။ အိမ်မှာက အိပ်ချင်တဲ့အချိန် အိပ်၊ ဆော့ချင်သလိုဆော့၊ စား ချင်တာပူဆာ။ ကျောင်းဆိုတာက အချိန်နဲ့ကျွေး။ အချိန်တန်အိပ်။ ဆော့ရမယ့်အချိန်ဆော့ အချိန် ဇယားနဲ့။ ခက်တာက မိဘတွေ ခမျာလည်း လင်ကိုယ်မယားနှစ် ယောက်လုံးဝန်ထမ်းတွေ။ တစ်လလုပ်တစ်လစား အလျဉ်မီရုံ။ အိမ် မှာကလေးထိန်းတွေ၊ အိမ်ဖော်တွေနဲ့မထားနိုင်တော့ သုံးနှစ် မပြည့်ခင် ကလေးကို နှစ်ဖက်မိဘအိမ်တစ်လှည့်စီ အကူအညီတောင်းထိန်းခိုင်း။ သုံးနှစ်ပြည့်တာနဲ့ မူကြိုကျောင်းပို့ကြရတော့တယ်။

အခုခေတ် ရန်ကုန်မြို့မှာ လူလာဖြစ်ရတဲ့ကလေးတွေဟာ အတော်သနားစရာ ကောင်းပါ တယ်။ လူဖြစ်မယ်မကြံသေးဘူး။ ကျောင်းအပို့ခံရပြီ။ အဘိုး၊အဘွား ရင်ခွင်မရှိ။ ညအိပ်ရာဝင်ပုံပြင်ဆို တာ ဘာမှန်းမသိ။ နေရတဲ့အိမ်ကို က စာကလေးအသိုက်လိုခေါင်း လွတ်ရုံ တစ်ဝဂူတိုက်ခန်းကျဉ်း လေးတွေ။ မူကြိုကျောင်းတွေ ကလည်း အစိုးရမူကြိုကလွဲရင် တိုက်ခန်းတွေထဲမှာဖွင့်ကြတာ များတယ်။ ဆိုင်၊ မဆိုင်တော့ မသိပေမယ့် တွေးမိတယ်။ အခုခေတ်လူငယ်တွေ  တစ်ကိုယ်ကောင်းဆန်လာတာ၊ မေတ္တာ တရားတွေခေါင်းပါးလာတာ၊ အတွေးအခေါ်တွေကျဉ်းမြောင်းလာတာ ဒီလိုတိုက်ခန်းထဲက မူကြိုတွေဆီမှာများ မြစ်ဖျားခံလာသလားလို့။

ကျွန်မတို့ငယ်ငယ်ကတော့ ကျောင်းဆိုတာ ငါးနှစ်ကျော်မှ တက်ရတာ။ တချို့သူငယ်ချင်း တွေ ခြောက်နှစ်ကျော်မှ။ မြန်မာ့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဆို မောင်နှမကိုးယောက်ထဲမှာအငယ်ဆုံးမို့ မိခင်ဒေါ်စုကအချစ်ဆုံး။ အမေချစ်သားမို့ အမေ့နား ကပ်ချွဲနေတာတဲ့။ မောင်အောင်ဆန်းကိုကျောင်း ထားတော့ အသက်ရှစ်နှစ်လို့ဖတ်ဖူးပါတယ်။

အခုမျက်မှောက်ခေတ် ကျွန်မတို့ကလေးလေးတွေကို ကြည့်လိုက်စမ်းပါ။ အိမ်ထောင်တစ်ခုမှာ မဖြစ်မနေ လိုချင်လို့ယူ လည်း ကလေးတစ်ယောက်ထက် ပိုမမွေးဘူး။ အဘက်ဘက်က ကျပ်တည်းနေတဲ့ကာလကြီးမှာ မွေးချင်းမောင်နှမမရှိ။ မနက်လင်းတာနဲ့ မိဘနှစ်ပါးကအလုပ်သွား၊ ကလေးက မူကြိုကားပေါ်ပါသွား။ သနားစရာလေးတွေ။ အစိုးရမူကြိုကျောင်းတွေကတော့ ကျယ်ဝန်း ပါရဲ့။ ဒါပေမဲ့ ကျောင်းအရေ အတွက်နဲ့ ကျောင်းသားမမျှတော့ လိုအပ်ချက်အရ ရပ်ကွက်တွေထဲ  ပုဂ္ဂလိကမူကြိုကျောင်းတွေ မှိုလိုပေါက်လာတော့တယ်။

မူကြိုဆိုတာထက် ကလေး ထိန်းကျောင်းဆိုရင်ပိုမှန်ပါလိမ့် မယ်။ အိမ်မှာထိန်းပေးမယ့်သူမရှိ တဲ့ကလေးတွေကို ထိန်းပေးနေတဲ့ ကျောင်းတွေပါ။ လူနေအိမ်တွေ ကလည်းတိုက်ခန်း။ မူကြိုလို့ဆိုင်း ဘုတ်တင်ထားတဲ့ကျောင်းတွေက လည်း တိုက်ခန်း။ ဘယ်မလဲ ကလေးတစ်ယောက်လွတ်လပ်  ပေါ့ပါးစွာပြေးလွှားဆော့ကစား စရာနေရာ။

ပြီးခဲ့တဲ့ရုံးပိတ်ရက်မှာ ခရီး တစ်ခုထွက်ဖြစ်တယ်။ နယ်ကဟို တယ်ကြီးတစ်ခုရဲ့ မြက်ခင်းပြင် ကျယ်ပေါ်မှာ မူကြိုအရွယ်ကလေး သုံးယောက် ပြေးလွှားဆော့ကစားနေကြတဲ့မြင်ကွင်းကို စိတ်ကြည် နူးစွာမြင်ခဲ့ရတယ်။ အပြန်အလှန် ပြေးကြလိုက်ကြ။ ဒူးထောက်လျက်လဲလိုက်။ ဖင်ထိုင်လျက်လဲ လိုက်။ လဲကျလည်းမငို ပြန်ကုန်းရုန်းထ။ ဆက်ဆော့။  ကလေးတွေရဲ့အပြစ်ကင်းတဲ့ရယ်သံလေး တွေနဲ့ မြက်ခင်းပြင်ကြီးတစ်ခုလုံး ကျက်သရေရှိလိုက်တာ။ မြက် ခင်းပေါ်ဆိုတော့ ဒဏ်ရာရမှာ ပူစရာမလိုဘူးလေ။ တစ်နိုင်ငံလုံးက အဲဒီအရွယ်ကလေးတွေကို ဒီလိုမျိုးပေးဆော့နိုင်ရင် ဘယ် လောက်များကောင်းလိုက်မလဲ။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စု လောက်ဆီက ဂျပန်မှာအလုပ် သွားလုပ်တဲ့သူငယ်ချင်းစုံတွဲနဲ့ စကားပြောဖူးတာလေးသွားသတိ ရမိတယ်။ သူတို့က ဂျပန်ရောက်မှ သားသမီးထွန်းကားတယ်။ နှစ် ယောက်။ ကျွန်မက မွေးကတည်း က တံခါးပိတ်ဝါဒကျင့်သုံးတဲ့တိုင်းပြည်မှာ လူဖြစ်လာသူဆိုတော့ ပြင်ပကမ္ဘာအကြောင်းဘာမှမသိ။ နိုင်ငံခြားဆိုတာကြောက်စရာကြီး လို့တောင်ထင်နေတဲ့သူ။ သမားရိုး ကျအကြံပေးမိတယ်။ ကလေး တွေကငယ်ပါသေးတယ်။ မြန်မာ ပြည်မှာကျောင်းထား၊ အရွယ် ရောက်မှ ဟိုကိုခေါ်ပါလားဆို တော့ ဘာမှပြန်မပြောဘဲ သူ့ ကလေးတွေကျောင်းစထားတဲ့မူကြိုကျောင်းလေးအကြောင်း ပြောပြတယ်။ ဗဟုသုတနည်းတဲ့ကျွန်မ အတွက်တော့ တန်ဖိုးရှိတဲ့အဖြေ ပါပဲ။

မနက်မိုးလင်းတာနဲ့ကလေး ကိုကျောင်းကားနဲ့လာခေါ်သွား တယ်။ ကျောင်းရောက်တာနဲ့ ကျောင်းရဲ့ ကစားကွင်းထဲမှာ ကလေးတွေကို စိတ်ကြိုက်ဆော့  ခိုင်းတယ်။ မြက်ခင်းပေါ်။ သဲတွေပေါ် ကြိုက်သလိုဆော့။ အချိန် တစ်နာရီလောက် ကလေးတွေဆော့လို့ဝတော့မှ ကျောင်းက ရေချိုးသန့်စင်ပေး၊ ကျောင်းဝတ်စုံဝတ်။ ကျောင်းအစီအစဉ်နဲ့ မနက်ခင်းစာကျွေးပြီးမှ မူကြို သင်ခန်းစာတွေစတယ်။ ညနေ ကျောင်းဆင်းရင်လည်းကိုယ်ကာယလေ့ကျင့်ခန်းလိုကစားနည်းမျိုး ပေးကစား။ ရေမိုးချိုးပြီးမှ မနက်ကမိဘအိမ်ကဝတ်ပေးလိုက်တဲ့အဝတ်ကိုဝတ်ပြီး အိမ်ပြန်ပို့တယ်။

ဟုတ်လိုက်လေ။ ဒါကြောင့် တစ်ချိန်က ‘ဂျပန်ငပု’လို့ကျွန်မတို့ ဗမာတွေက ကင်ပွန်းတပ်ခဲ့တဲ့ ဂျပန်လူမျိုးတွေ။ အခု ကျွန်မတို့ ကပြန်မော့ကြည့်နေရပြီ။ ကျွန်မ တို့ကတော့ ပုညှက်တွေဖြစ်လို့။ အဲဒီလို မူကြိုကျောင်းကစလို့ အထက်တန်းကျောင်းတွေအထိ ကလေးတွေရဲ့ကာယဉာဏတွေ ဖွံ့ဖြိုးတိုးတက်ဖို့ စီမံကိန်းတွေနဲ့ စနစ်တကျ အကောင်အထည် ဖော်လိုက်တာ ရလဒ်က ဂျပန်နိုင် ငံဟာ ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ဖြစ်သွားပြီ။ ဂျပန်လူမျိုးဟာ ကမ္ဘာ့လူတော်စာရင်းဝင်သွားပြီ။

ဒီမှာကတော့ ကလေးကို မူကြိုစပို့တာနဲ့ စာသင်ခိုင်းတော့ တာပဲ။ တကယ်တော့ ငါးနှစ်မ ပြည့်သေးတဲ့ကလေးရဲ့ဦးနှောက် ဟာ စာသင်ဖို့အတွက် အဆင် သင့်မဖြစ်သေးဘူး။  သုံးနှစ် ကလေးရဲ့ဦးနှောက်ဟာ ငါးနှစ် ကလေးရဲ့ဦးနှောက်လိုမဖွံ့ဖြိုး သေးဘူးဆိုတာလောက်တော့ မိဘတွေသိသင့်ပါတယ်။ သူငယ် တန်းစတက်တာနဲ့ ကိုယ့်ကလေး ဟာ သင်ခန်းစာတွေကို အာဂုံ ဆောင်နိုင်တယ်။ အတန်းထဲမှာ အတော်ဆုံးဆိုတဲ့ဂုဏ်တုဂုဏ် ပြိုင်စိတ်တွေနဲ့ အရွယ်မရောက် သေးတဲ့ကလေးကို အတင်းနင်း ကန် စာတွေသင်တော့တာပဲ။

သနားပါတယ်။ လွတ်လပ် စွာဆော့ပါစေဦး။ အပူအပင်ကင်း စွာအိပ်ပါစေဦး။ သိချင်စိတ်ပြင်း ပြစွာစပ်စုပါစေဦး။ ကျွန်မအထင် မူကြိုအရွယ်မှာ အချုပ်အချယ် ကင်းကင်းကြီးပြင်းရတဲ့ ကလေး တွေဟာ ကိုယ်ရည်ကိုယ်သွေး တွေပိုထက်မြက်ကြသလားလို့။ သိပ္ပံမောင်ဝရဲ့ဇာတ်လိုက် မောင် လူအေးလိုပေါ့။ သူ့အဖေကိုမေး တယ်လေ။ ‘‘ဖေဖေက သူ့ကိုတော့နေမကောင်းဖြစ်မှာစိုးလို့ ခြေ ထောက်အေးရင် ဖျားမှာစိုးလို့ဖိ နပ်မစီးဘဲ မြေကြီးပေါ်မဆင်းခိုင်း ဘူး။ အိမ်ရှေ့မှာ အစာလာစားတဲ့ စာကလေးကျတော့ ဘာဖြစ်လို့ဖိ နပ်မစီးတာလဲ’’ဆိုတဲ့ အဖေဖြေရ ကျပ်တဲ့အမေးမျိုး အဲဒီအရွယ် လေးကတည်းကတွေးတတ်တာ။

နတ်မောက်သားလေးမောင် အောင်ဆန်း မူကြိုအရွယ်က လည်း အဲဒီလိုပဲလေ။ မိခင်ဒေါ်စု ကိုမေးသတဲ့။ မိုးရာသီကိုတော့ ‘မိုးတွင်း’။ ဆောင်းရာသီကိုလည်း ‘ဆောင်းတွင်း’။ နွေရာသီကျတော့ ဘာဖြစ်လို့ ‘နွေတွင်း’မခေါ်သလဲ တဲ့။ တန်းတူညီမျှခြင်းမရှိတဲ့ကိစ္စ ကို ကျွန်မတို့အမျိုးသားခေါင်း ဆောင်ကြီး စဉ်းစားမိတာ မူကြို အရွယ်ကလေးဘဝကတည်းက။

မိခင်လောင်းတွေကိုယ်ဝန် ဆောင်တဲ့အခါ ကိုယ်ဝန်တစ်လ ကနေ သုံးလလောက်ကာလကို သားဖွားမီးယပ်ပါရဂူတွေက အထူးဂရုစိုက်ရမယ့်ကာလလို့ ပြောပါတယ်။ အဲဒီကာလဟာ သန္ဓေသားရဲ့  ဦးနှောက်တည်ဆောက်တဲ့ကာလမို့ မိခင်ရဲ့အနေအထိုင်၊ အစားအသောက်၊ စိတ်ခံစားမှုအားလုံးကို ဂရုစိုက်ခိုင်းပါတယ်။ ကျန်တဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် ဦးနှောက်ဟာ အဓိကကျ အရေးကြီးလို့။

အဲဒီသဘောတရားပါပဲ။ လူ့ဘဝကြီးရဲ့ပညာရှာချိန်ပထမ အရွယ်မှာ အရေးကြီးဆုံးကာလဟာမူလတန်းပါ။ မူလတန်းပညာရဲ့အဓိကပံ့ပိုးမှုက မူကြိုအရွယ်။ မူလတန်းကျောင်းတက်ချိန်တွေ အထူးကောင်းမွန်ဖို့ မူကြိုအရွယ်ကိုကောင်းမွန်မှန်ကန်စွာ ဖြတ်သန်းခဲ့ရမှာ။ အိမ်မှာဆော့လွန်းလို့။ထိန်းပေးမယ့်သူမရှိလို့။ အဖော်မရှိလို့။ ကျောင်းပျော်အောင်လို့။ ဘယ်လိုအကြောင်းတွေနဲ့ပဲ မူကြိုပို့ပို့ မိဘများစဉ်းစားရမှာက ကလေးနေပျော်ရဲ့လား ဆိုတာပါပဲ။ကိုယ့်ကလေးငယ်ငယ်လေးကို စိတ်ချလက်ချထားခဲ့ရမယ့်ကျောင်းရဲ့ပရဝဏ်ကလည်း ထည့်စဉ်းစားရမယ့်အချက်ပါပဲ။

ဇွန်လဆန်းဆိုရင် အခြေခံ ပညာကျောင်းတွေ တစ်နိုင်ငံလုံး တစ်ပြိုင်တည်းဖွင့်တော့မယ်။ ရန် ကုန်မြို့ကြီးကလည်း သူမတူစွာ ကားလမ်းမထက်မှာ ကားတွေ ပြည့်ကျပ်ညပ်နေတော့မယ်။ အဖြူ၊ အစိမ်းနဲ့ကျောင်းကားတွေ ကြားထဲမှာ ကျောပိုးအိတ်ကလေး တွေကိုယ်စီနဲ့ အိပ်ငိုက်နေတဲ့ မူ ကြိုကျောင်းကားပေါ်က ကလေး လေးတွေကို သနားစရာကောင်း စွာမြင်ကြရတော့မယ်။ သူတို့လေးတွေအတွက် လွတ်လပ်ပျော်ရွှင် အပူအပင်ကင်းစွာ ကစားခွင့်ရ မယ့်စနစ်ကျနအဆင့်မြင့်တဲ့ မူကြို ကျောင်းတွေများစွာ ဖန်တီးပေးရ ရင် ဘယ်လောက်များကောင်း မလဲ။ အခုတော့ ကြည့်ပါဦး ကျွန်မတူလေးက မူကြိုထဲမှာသားကို မထားခဲ့နဲ့တဲ့။     ။

Author: ဂျေလှသင်
7DAY DAILY



ဂျေလှသင်

အာဆီယံအမျိုးသမီး အခွင့်အရေးဆိုင်ရာ ဖိုရမ်တွင် မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး ဆွေးနွေး

 ချင်းမိုင်၊ မဇ္ဈိမ။ ။ မျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ အာရှပစိဖိတ် အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသူများ ဖိုရမ် (Asia-Pacific Feminist Forum) တွင် မြန်မာနိုင်ငံက အမျိုးသမီးများက ထည့်သွင်း ဆွေးနွေးမည်ဟု Gender quality Network ၏ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူက ပြောသည်။

မေလ ၃ဝ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Impress Hotel တွင် စတင်ကျင်းပနေသော အာရှဖိစိတ်ဖိတ် နိုင်ငံပေါင်း ၃ဝ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးနေသော ဖိုရမ်တွင် အဆိုပါ မျိုးစောင့်ဥပဒေအား အလုပ်ရုံဆွေးနွေးပွဲတခုအဖြစ် ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်သည်။

“ကျွန်မတို့ကတော့ အဓိက မြန်မာနိုင်ငံမှာ မျိုးစောင့်ဥပဒေပေါ့နော်။ ဒါနဲ့ပတ်သက်ပြီး regional မှာ ရှိနေတဲ့ အမျိုးသမီးကွန်ယက်တွေနဲ့ ချိတ်ဆက်မယ်လို့ ယူဆတဲ့အတွက်ကြောင့် ကျွန်မတို့ လာတာပါ။ ကျွန်မတို့က ဒီမှာ မြန်မာပြည်မှာရှိတဲ့ women movementကို နယ်မြေဒေသနဲ့ဆိုင်တဲ့ သူတို့တွေကရော ဘယ်လို ကူညီပံ့ပိုးပေးလို့ ရမလဲ။ အဲဒါကို လာပြီးချိတ်တာပါ”ဟု မမေစံပယ်ဖြူက ပြောသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ Gender quality network မှ ကိုယ်စားလှယ် ၄ ဦး၊ မြန်မာလူငယ် ညီလာခံမှ လူငယ် မသဉ္ဇာရွှန်းလဲ့ရည်၊ အခရာအမျိုးသမီးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ထားထားနှင့် ကိုယ်စားလှယ် ၄ ဦး တက်ရောက်နေပြီး WLB မှ မဌေးဌေးတို့က အဆိုပါ ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း အမျိုးသမီး အခွင့်အရေး ချိုးဖောက်ခံရမှုများ ဆက်လက် များပြားနေသော်လည်း မှန်ကန်သော သတင်းအချက်အလက်များ ရယူခွင့် မရှိခြင်း၊ အမျိုးသမီးအခွင့်အရေး ဆွေးနွေးပွဲကျင်းပမှုကိုလည်း အစိုးရ၏ အကန့်အသတ်များ ရှိနေသည်ဟု သူက မဇ္ဈိမကို ပြောသည်။

“တရက်မှာ ကလေးတယောက်နှုန်း အဓမ္မပြုကျင့်ခံရတယ်။ ဒါပေမဲ့ အမျိုးသမီး ချိုးဖောက်ခံရမှုတခုကို သုသေတန လုပ်ဖို့ လုပ်ခွင့် မရှိဘူးဆိုတော့ ပြောဖို့ ခက်တယ်။ အခုဆို မီဒီယာတွေမှာ အရမ်းပေါ်လာပြီ။ မီဒီယာမှာ ဘယ်သူ့ကို အဓမ္မပြုကျင့် လိုက်ပါပြီဆိုတာပဲ ရှိတယ်။ ဒါပေမဲ့ ဘယ်လို အရေးယူလိုက်ပါတယ်ဆိုတာ မရှိဘူး။ အခု မျိုးစောင့် ဥပဒေကို ဘာသာရေး အရောင်ပြပြီးတော့ နိုင်ငံရေး လှည့်ကွက်ကြီးလို့ဘဲ ယူဆတယ်။ ဒါက မိန်းမတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ခံရတဲ့ လှည့်ကွက်ဖြစ်နေလို့ ကျွန်မတို့ လက်မခံနိုင်ဘူး”ဟု အခရာမျိုးသမီးအဖွဲ့မှ မထားထားက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများမှ ဆွေးနွေးပွဲ ကျင်းပရေးကို သက်ဆိုင်ရာ မြို့နယ်သို့ တလကြိုတင်ခွင့်ပြုချက် တောင်းခံရခြင်း၊ ဆွေးနွေးပွဲတွင် သုံးမည့်စကားလုံးများ၊ သွားမည့် လူဦးရေ ကန့်သတ်မှုများ ရှိသလို၊ ကျင်းပမည့် နေရာဟိုတယ်များကိုလည်း ခွင့်ပြုချက် ကြိုတင်တောင်းခံရသည်ဟု ၎င်းက ဆိုသည်။

မေလ ၃ဝ ရက်က ကျင်းပသော ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံနယ်စပ်တလျှောက်မှ တိုင်းရင်းသား အမျိုးသမီး ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB မှ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသော ဒေါ်တင်တင်ညိုက မြန်မာအမျိုးသမီးများ၏ လှုပ်ရှားမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အမျိုးသမီးများ ပါဝင်လာရန်၊ နိုင်ငံရေးအခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်လာခြင်းဖြင့် တရားမျှတမှုများ၊ အကြမ်းဖက် တွန်းအားပေးသည့် ဥပဒေများ တားဆီးနိုင်မည် စသည့် အချက်များကို ပြောဆိုခဲ့ကြောင်း အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုက မဇ္စျိမကို ပြောသည်။

“ကျွန်မတို့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အခြေအနေ အောင်မြင်မှုတွေ၊ စိန်ခေါ်မှုတွေ၊ ပြည်တွင်း ပြည်ပ အမျိုးသမီးတွေ ကြားမှာ စုစည်းနိုင်ခဲ့တဲ့ အနေအထားတွေကနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ချမှတ်လာနိုင်တယ်။ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပြောတယ်။ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အကြမ်းဖက်မှု အကုန်လုံးကို လုံးဝ ကျွန်မတို့ လက်မခံဘူး။ ဆန့်ကျင်သွားမယ်။ အဲဒီမှာ အဓမ္မပြုကျင့်မှုတွေ အဓိကထားလုပ်ဆောင်သွားဖို့ရှိတယ်”ဟု သူက ပြောသည်။

မြန်မာနိုင်ငံအတွင်း လယ်ယာမြေသိမ်းခံရမှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှုများရှိနေမှုများကို တစ်နိုင်ငံချင်း လုပ်ဆောင်ပါက ဆောင်မြင်မှုမရှိသဖြင့် အာရှပစိဖိတ် လှုပ်ရှားမှု အမျိုးသမီးများ အနေဖြင့် ဦးဆောင် လုပ်ဆောင်ရန် အကြံပြု ပြောဆိုခဲ့သည်ဟု သူက ဆက်ပြောသည်။

အဆိုပါ အာရှပစိတ်ဖိတ် အမျိုးသမီးများ လှုပ်ရှားမှု ဖိုရမ်ကို မေလ ၃ဝရက်မှ ဇွန်လ ၁ ရက်အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်ပြီး နိုင်ငံပေါင်း ၃ဝ ကျော်မှ ကိုယ်စားလှယ် ၂ဝဝ ကျော် တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။

Written by ဖနိဒါ
Mizzima - News in Burmese

ပုဒ်မ ၄၃၆ပြင်ရေး လက်မှတ်ထိုးစာရင်းများ တောင်းယူခြင်းသည် ရပ်ရွာတည်ငြိမ်အေးချမ်းရေး အတွက်ဟု ဦးရဲထွဋ်ပြော

 ပြည်၊ မဇ္ဈိမ။ ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ မှတ်တမ်းများစစ်ဆေးခြင်းနှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသည့် စာရင်းများကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ ရဲဝန်ထမ်းများက တောင်းယူ ကြည့်ရှုခြင်းများသည် ရပ်ရွာ တည်ငြိမ် အေးချမ်းရေး အတွက် ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးရဲထွဋ်က မေလ ၃ဝ ရက်တွင် ပြောသည်။

"ဒီလိုဟောပြောမှုတွေက လှုံ့ဆော်ရာ ဖြစ်သွားမလား။ မဖြစ်ဘူးလား။ ကိုယ့်အယူအဆနဲ့ ကိုယ် ထုတ်ဖော်ပြောတာလား။ ကိုယ့်အယူအဆနဲ့ ကိုယ် ပြင်းပြင်းထန်ထန် stronging ပြောတာ ပြသနာမရှိပါဘူး။ ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ဖျက်စီးအောင် လုပ်တာတွေလည်းရှိမယ်" ဟု ဦးရဲထွဋ်ကဆိုသည်။

မေလ ၃ဝရက် ညနေ(၄)နာရီက ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြည်မြို့ခံ သတင်းသမားများ နှင့် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် "ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲများကို ပြည်ထဲရေးဌာနက ဥပဒေ နှင့် ညီမညီစစ်ဆေးနေခြင်း လက်မှတ်ထိုးစာရင်းများ တောင်းယူနေခြင်းများကို အစိုးရက မည်သို့ဖြေရှင်းမည်" ကို သတင်းထောက်တစ်ဦးက မေးမြန်းခြင်းကို ဦးရဲထွဋ်က ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

၎င်းတွေ့ဆုံပွဲတွင် "SB (သတင်းတပ်ဖွဲ့)နှင့် နယ်မြေခံရဲတပ်ဖွဲ့များက နေ့စဉ်လက်မှတ်ထိုးစာရင်းများကို တောင်းယူခဲ့ရာ မပေးလိုက်ကြောင်းနှင့် လက်မှတ်ထိုးစာရင်းများ တောင်းယူခြင်းကို သမ္မတရုံးက ညွှန်ကြားချက် ပေးထားပါသလား" ဟု ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဒင်က မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းချက်ကိုဦးရဲထွဋ်က "ကျွန်တော်တို့က ဒါတွေပိတ်ပင်တားဆီးဖို့မရှိပါဘူး။ သဘောတူတဲ့လူနဲ့ မတူတဲ့လူကြား ပြသနာမဖြစ်အောင် အခြေအနေ စောင့်ကြည့်တာပဲ ရှိတယ်။ တောင်းတာက သူ့သဘောနဲ့သူ တောင်းတာ ဖြစ်ပါလိမ့်မယ်။ ပေးချင်တယ်ဆိုလည်းရတယ်။ မပေးချင်လည်း ရတယ်။ ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်မှုကို ပြည်သူကိုလည်း အသိပေးရမယ့်အတူတူ မထူးပါဘူးဆိုပြီး ပေးလိုက်လည်းရတယ်" ဟုပြန်ဖြေသည်။

ရဲဝန်ထမ်းများသည် အစီရင်ခံစာတွင် ပြည့်စုံစေလိုသည့် သဘောဖြင့် သတင်းအချက်အလက် ပိုမိုရယူခြင်းဖြစ်နိုင်ပြီး သန်းကောင်စာရင်း မဟုတ်သည့် အတွက် တစ်နေ့ မည်မျှ လက်မှတ်ထိုးသည်ကို ရယူရန်မလိုကြောင်း ဦးရဲထွဋ်က ဆက်ပြောသည်။

ပြည်မြို့ပေါ် ရဲ စခန်း(၃)ခု နှင့် နယ်ရဲစခန်းများဖြစ်သော ပေါင်းတလည်၊ ဝက်ထီးကန် ရဲစခန်းများသည် NLD ရပ်ကျေးရုံးများကို နေ့စဉ်လက်မှတ်ထိုးသူ အရေအတွက် လက်မှတ်ထိုးသူအမည် နေရပ်လိပ်စာ၊ ရာထူး၊ အဖွဲ့အစည်း စသည်တို့ကို တောင်းခံထားကြောင်းလည်း ပြည်ခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး မြင့်သန်းထွန်းက မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး နှင့် ပတ်သတ်ပြီး သမ္မတကြီး၏ သဘောထားမည်သို့ရှိသည်ကို မဇ္ဈိမသတင်းဌာနက မေးမြန်းရာ "ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတွေကော လွှတ်တော်ကော သဘောတူရင် ပြင်နိုင်ပါတယ်။ ပြင်တဲ့အတိုင်း သူလက်ခံပါတယ်လို့ သမ္မတကြီးက အရင်စပြောခဲ့တာ "ဟု ပြောသည်။

ရေခဲ(ပြည်)
Mizzima - News in Burmese

 ပုဒ်မ ၄၃၆ပြင်ရေး လက်မှတ်ထိုးနေစဉ်


ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် (၂)ရက် အတွင်း (၃) သိန်း နီးပါးရရှိ

                     အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့ အဖွဲ့ အစည်းတို့ ပူးပေါင်း ကောက်ယူသော ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် အရေ အတွက်မှာ နှစ်ရက် အတွင်း သုံးသိန်း နီးပါး ရရှိ ခဲ့ကြောင်း NLD  မှ သတင်းရရှိသည်။ လက်ရှိ အချိန်ထိ ရန်ကုန်တိုင်း ဒေသကြီး၊  မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် တို့တွင် ကောက် ခံရရှိခဲ့ပြီး ဖြစ်ပြီး၊ လက်မှတ်ပေါင်း နှစ်သိန်း ရှစ်သောင်းကျော် ရရှိ ခဲ့ကြောင်း သိရသည်။ ပြည်နယ် နဲ့ တိုင်းဒေသကြီးမှာ ရှိတဲ့ ကျေးရွာတွေ ကတော့ လက် မှတ်ရေးထိုးတာ တစ်ရက် နောက်ကျတော့ ချက်ချင်း လက်မှတ်တွေ စာရင်းစစ်ဖို့တော့ ခက်ခဲတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ မှာရှိတဲ့ ကျေးရွာတွေ တော်တော် များများကိုတော့ စာအုပ်တွေ ပေးပို့ထားတယ်  ဟု  အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD ဗဟို ပြန်ကြားရေး အဖွဲ့ ဝင် ဦးထင်လင်းဦးက The Messenger သတင်းစာသို့  ပြောသည်။

                         ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးမှု ပထမနေ့တွင်ပင် လက်မှတ်ပေါင်း တစ်သိန်းကျော်ရှိခဲ့ပြီး၊ ဒုတိယ မြောက် နေ့တွင် အစိုးရ ၀န်ထမ်း များလည်း ပါဝင် လက်မှတ် ရေးထိုးခဲ့ကြောင်း NLD  မှ သိရသည်။ အစိုးရ ၀န်ထမ်းများတွင် ကျောင်း ဆရာ၊ ဆရာမများ အများစု ပါဝင်ကြောင်း သိရသည်။

                       ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် ဒေသများတွင် လက်မှတ် ကောက်ခံရန် အတွက် လည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့ အစည်း နှင့် တိုင်းရင်းသား အဖွဲ့ အစည်း များက အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။  ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် များအား ကောက်ခံရာတွင် လက်မှတ်အရေ အတွက်ကို မည်မျှရရှိရမည်ဟု သတ်မှတ်ထားခြင်း မရှိဘဲ ရရှိလာသော လက်မှတ်စာရင်းများ အား နေ့စဉ် စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်းနှင့် NLDတို့ ပူးပေါင်း ကောက်ခံမှုကို မေလ (၂၇) နေ့မှ ဇူလိုင်လ (၁၉) ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ၄၃၆ ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် အနုပညာရှင်များ ကိုယ် တိုင် လက်မှတ်ရေးထိုးခဲ့ကြသည်။

 ဆုမင်းကို
 Messenger News Journal


ငါးဖမ်းလှေပေါ်တွင် ရောင်းစားခံနေရသူ၂ဦးအားကယ်တင်

၂၀၁၄ မေလ ၃၁      

        ငါးဖမ်းလှေပေါ်တွင် တစ်လကျော် ကြာ ရောင်းစား ခံခဲ့ရသည့် မြန်မာအလုပ် သမား၂ဦးအား ထိုင်း နိုင်ငံ ရောက် မြန်မာ   နိုင်ငံ သားများ အဖွဲ့ MATနှင့် ပူးပေါင်းေ ဆာင်ရွက်သည့် အဖွဲ့များ က ယမန်နေ့ ညနေက ကယ်တင်နိုင်လိုက်သည်။

     ဧပြီလ၂၅ ရက်နေ့က ဘန်ကောက် မြို့ ဖလန်းဆောင်နယ်မြေ စကင်ငန် ၃၅/၁ တွင်နေထိုင်ကြသည့် နေမျိုးဝင်း   နှင့် မောင်ညွန့်ဝင်း တို့အား နေလင်း(ခေါ်) ပိုင်းဖြတ် ဆိုသူက စားသောက် ဆိုင်တွင် အလုပ်သွင်း ပေးမည်ဟုဆိုကာ အလုပ်သွင်းပေးခ ဘတ်ငွေ ၁၅၀၀ ယူဆောင်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဘူရီ ခရိုင် အချောင်လှေဆိပ်သို့ တစ်ဦး လျှင် ဘတ်ငွေ တစ်သောင်းငါးထောင်ဖြင့် ရောင်းစားခဲ့သည်။

       ခင်ပွန်းဖြစ်သူ နေမျိုးဝင်း လွတ်မြောက်ရေးအတွက် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ မစကားဝါသင်း နှင့် သာမညတောင်ခြေ ရွှေညောင်ပင်ရပ် ကွက်မှ ရောင်းစားခံရသူ မောင်ညွန့်ဝင်း ၏ညီမဖြစ်သူ မသန်းသန်းဝင်း တို့က   မေလ ၅ ရက်နေ့တွင် ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ   နိုင်ငံ  သားများအဖွဲ့ MATရုံးသို့ လာရောက်အကူညီတောင်းခံခဲ့သည်။

          MAT အဖွဲ့က ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေး ရှင်း FED နှင့်ညှိနှိုင်းလျှက် အချောင် ရွာလူကြီး ထံသို့ ရောင်းစားခံရသူများ၏ ဓါတ်ပုံနှင့် လှေနံပါတ် ၁၄၈၇၄  လှေအရောင် အဖြူနှင့် အပြာ လှေနံမည် (ပိုင်ခေါ်)  စသည့် အချက်အလက်များအား ပေးပို့ခဲ့သည်။

            MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက “ထိုင်းငါးဖမ်းလှေတွေနဲ့ ပင်လယ်အစားအစာထုတ်လုပ်တဲ့လုပ်ငန်းခွင်ထဲမှာ မြန်မာတွေ လူကုန်ကူးခံနေရပါတယ်။ ဒါကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိုင်းနဲ့မြန်မာ အစိုးရ တွေပါ သိပါတယ်။ လာတဲ့လမ်းကြောင်း၊ လူကုန်ကူးခံရတဲ့နေရာ၊ လူကုန်ကူးခံရ သူတွေ၊ အချက်အလက် တွေကို ကျနော်တို့ တင်ပြပါတယ်။ ဒါပေမယ့်   မြန်မာလူငယ်တွေ နေ့တိုင်း ဒီနေရာတွေမှာ လူကုန်ကူးခံ နေကြရတယ်။   နိုင်ငံတကာလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေ၊ ထိုင်းနဲ့မြန်မာအစိုးရ လူကုန် ကူးမှုတိုက် ဖျက်ရေးအဖွဲ့တွေဟာ အယင်မူတွေအတိုင်း ဆက်လုပ်နေလို့ ကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးက ဟိုတယ် အစည်းဝေးပွဲတွေမှာပဲ အချက်အလက်တွေပြောနေကြတာနဲ့ပဲ အဆုံးသတ်နေပါမယ်။ လက်တွေ့   အောင် မြင်ကြ မှာမဟုတ်ဘူး” ဟုပြောသည်။

    ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံခဲ့ရသည့် မြန်မာအလုပ်သမားများမှာ ထိုင်းအစိုးရနှင့် မြန်မာအစိုးရ တို့သာမက နိုင်ငံတကာအဖွဲ့အစည်းများကပါ ဂရုစိုက်မှုအထူးနည်းပါးသည်။ ပြီးခဲ့သည့် ၂၀၁၄ ခု မတ်လ ၃ ရက်ညဥ့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၆၄ အကွာ၊ မလေးရှားနယ်စပ် ကတန်မြို့ ဝှေ့မင်းလှေဆိပ်လှေ အမှတ်(၁) KTHAVEESIMပေါ်တွင်ရောင်း စားခံနေရသည့် ရခိုင်အလုပ် သမား၆ဦးအား MAT,FEDနှင့်နယ်မြေခံရဲတပ်ဖွဲ့တို့က ထိုင်းရေတပ်သင်္ဘောဖြင့် သွားရောက် ကယ်ထုတ်ခဲ့ သည်။

           ၎င်းတို့သည်တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့်  ထောင်ဒဏ် ၄၉ ရက်ချမှတ်ခံခဲ့ရပြီး အလုပ်သမား များ၏ ငွေကြေး၊ဖုန်းနှင့် အ၀တ်အထည်များ အားလုံးတို့အား အကျဉ်းထောင်နှင့် ရဲစခန်းတို့မှ ယူဆောင် ထားလိုက်သဖြင့် ကိုယ်လုံးတီးသဘောမျိုးဖြင့်လွတ်မြောက်လာခဲ့ရသည်။  မေလ ၆ ရက်နေ့တွင် ရနောင်း လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းသို့ ကတန် ရဲစခန်းမှ လာရောက်ပို့ ဆောင်ခဲ့သည်။ ထိုအလုပ်သမား များအား ကော့သောင်း ဘက်သို့ အမြန်ပို့ရန် အတွက် တစ်ဦးလျှင် ဘတ်ငွေ ၁,၀၀၀ စီတောင်းခံပါသည်။   အလုပ်သမား၅ဦးတို့အား မေလ ၁၈ ရက်နေ့တွင် ကော့သောင်း ဘက်သို့ ပို့ဆောင် ခဲ့ရာ ငွေမပေးနိုင်သဖြင့် ကင်းမွန် မီးထွန်းလှေသို့ ဘတ်ငွေ ၇,၀၀၀ ဖြင့်ရောင်းချလိုက်ကြောင်း ကျန်နေခဲ့သည့် အလုပ်သမား ခေါင်းေ ဆာင် ကိုအောင်တင်ဇေါ်က ပြောသည်။

      သူက“ကျနော် ဘတ်တစ်ထောင်ပေးခဲ့ရပါတယ်။ ကျနော်တို့ လူကုန်ကူးခံ ခဲ့ရသူတွေကို ထိုင်းအစိုးရက မြန်မာအစိုးရလက်ထဲကို သေသေချာချာ အပ်နှံ ပြီးတော့ လူကုန်ကူးတဲ့သူတွေ ဖေါ်ထုတ်တာမျိုးမရှိဘူး။ ကျနော်တို့ကို အိမ် တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးတာမျိုးတို့မရှိဘူး။ ကျနော်တို့ကိုရောင်း စားလိုက်တဲ့ ပွဲစားကိုရော၊ ခု ပြန်လာပြီးမှ ရောင်းစား လိုက်တဲ့ လှေသမား ကိုရော ကျနော် ပြချင်ပါတယ်။ လူကုန်ကူးတဲ့ သူတွေကို ပြင်းပြင်ထန်ထန် အရေးယူလိုက်မှ လူကုန်ကူးမှုတွေ လျှော့နည်းလာ မယ်လို့ကျနော်ထင်ပါ တယ်။ မြန်မာအစိုးရ ကျနော့်ကို ဆက်သွယ်လာဖို့ ကျနော်စောင့်နေပါတယ်။ အခု ကျနော် ကော့သောင်းမြို့က ရခိုင်ဘုန်းတော်ကြီးကျောင်းမှာ ကပ်နေ ပါတယ်” ဟုပြောသည်။

         အလားတူ ထိုင်းနိုင်ငံအတွင်း အဆိုးဝါးဆုံး ကတန်လူကုန်ကူးသူလက် ထဲမှ MAT နှင့်ပူးပေါင်းအဖွဲ့တို့ ကယ်ထုတ်ခဲ့သည့် အလုပ်သမား ၁၅ ဦးတို့မှာ လုပ်အားခပင် ပြည့်ပြည့်စုံစုံမရရှိပဲ ရနောင်းကယ်ဆယ်ရေး စခန်းထဲတွင် တစ်နှစ်နှင့် သုံးလတိုင်တိုင် အချိန်ကုန်ခဲ့ရသည်။   စခန်းတာဝန်ခံများရိုက်နှက်မှုများကို အကြိမ် ကြိမ်ခံခဲ့ကြရသည်။ ၎င်းတို့အား    မေလ ၂၂ ရက်နေ့က မြန်မာနိုင်ငံဘက်သို့ ထိုင်းအစိုးရက ပြန်ပို့ ပေးခဲ့ သည်။  မြန်မာအစိုးရက အဆိုပါအလုပ်သမားများအား ကော့သောင်း ကယ်ဆယ်ရေးစခန်းသစ်ထဲတွင် လက်ခံခဲ့သည်။ သို့ရာတွင် လူမှုဝန်ထမ်းပြန် လည်နေရာချထားရေးဌာနက စနစ်တကျ လက်ခံ၍ ၎င်းတို့ အားမိသားစုများ ထံသို့ ရောက်ရှိအောင် ပြန်လည်ပို့ဆောင်ခြင်းမျိုးမရှိ ခဲ့ကြောင်း အလုပ်သမား များ ပြော ပြချက်အရ သိရှိရသည်။

ကိုတီး
Golden Worker



ပြင်ချင်ချင်၊ မပြင်ချင်ချင် ရွေးကောက်ပွဲ ကော်မရှင် ပြင်ဖွဲ့ပါ

 ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ၏လွတ်လပ်မှုနှင့် တရားမျှတမှုသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သမာသမတ်ရှိမှု၊ကြားနေမှု၊ဘက်မလိုက်မှုတို့နှင့် များစွာဆက်စပ်နေသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကြားနေအဖွဲ့အစည်းတစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းနိုင်ခြင်း မရှိလျှင် လာမည့်ရွေးကောက်ပွဲများ၏ လွတ်လပ်မှုနှင့် တရားမျှတမှုသည် စိုးရိမ်ရေမှတ် အလွန်တွင်ရှိနေမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံးသည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်စွဲပါ အမိန့်အမှတ်- ၃/၂၀၁၁ ကို ထုတ်ပြန်လျက် ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈ (က)နှင့် ပြည်ထောင်စုအစိုးရအ ဖွဲ့ဥပဒေပုဒ်မ၁၆(ခ)(၃)အရ သမ္မတဦးသိန်းစိန်သည် ဦးတင်အေးကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ အဆိုပါ ခန့်အပ်မှုသည် အခြေခံ ဥပဒေ၏ ဘောင်ထဲတွင်ရှိသော် လည်း နိုင်ငံရေးရှုထောင့်မှ ကြည့် လျှင် အရုပ်ဆိုးအကျည်းတန်လွန်း သည်ဟု သုံးသပ်နိုင်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေး သည် ဒုတိယဗိုလ်ချုပ်ကြီး(အငြိမ်း စား)ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဆင့် မြင့်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ တံတား ဦးမြို့နယ် မဲဆန္ဒနယ်မှ ပြည်ခိုင် ဖြိုးပါတီကိုယ်စားပြု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ခဲ့သည်။

  အဆိုပါ မှတ်တမ်းများ အရ သမ္မတဦးသိန်းစိန်သည် ဦးတင်အေးကို ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းသည် နိုင်ငံရေးလွဲချော်မှုကြီးပင် ဖြစ် သည်။ အဆိုပါ လွဲချော်မှုကြီးကို ကြိုတင်စီမံ၊ ပြင်ဆင်ဆောင်ရွက် ခဲ့သည်ဆိုလျှင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ နောက်ကွယ် မှ နိုင်ငံရေးကောက်ကျစ်မှုတစ်ခု ဟုပင် သတ်မှတ်နိုင်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈(ခ)အရ နိုင်ငံတော်သမ္မတ သည် ဦးတင်အေးကို ထင်ပေါ် ကျော်ကြားသည့် ဂုဏ်သတင်းရှိ သော ပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ သိက္ခာသမာဓိနှင့် ပြည့်စုံပြီး၊ အတွေ့အကြုံရင့်ကျက်သူအဖြစ် လည်းကောင်း သတ်မှတ်လျက် ပုဒ်မ ၃၉၈ (က)အရ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဟောင်း နှင့် နိုင်ငံတော်သမ္မတသည် ပြည် ခိုင်ဖြိုးပါတီ၏ ထိပ်တန်းခေါင်း ဆောင်တစ်ဦးကို သမာသမတ်ရှိ ရှိ ကြားနေရန် မြင့်မြင့်မားမား လိုအပ်သော ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ဥက္ကဋ္ဌအ ဖြစ် ခန့်အပ်မှုသည် မြန်မာ့ဒီမိုက ရေစီအပြောင်းအလဲကို နောက် ကျောမှဓားနှင့် ထိုးခြင်းဟုပင် ကောက်ချက်ပြုနိုင်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော် ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့ စည်းထားသော ပြည်ထောင်စု လွှတ်တော်အနေဖြင့် ကြားလူ မဟုတ်သော ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်တန်းခေါင်းဆောင်ဟောင်း တစ်ဦးကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ခန့်အပ်နိုင်ရန် အတည်ပြုထောက်ခံ ခဲ့ခြင်းသည်လည်း မီးကျိုးမောင်း ပျက်နိုင်ငံရေး၏ ပြယုဂ်ပင် ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီ၏ လွှတ် တော်ကိုယ်စားလှယ်များအနေ ဖြင့် သမာသမတ်ရှိသော ကြား လူတစ်ဦးဦးကို ဥက္ကဋ္ဌအဖြစ် တာ ၀န်ပေးခန့်အပ်နိုင်ရေး နိုင်ငံတော် သမ္မတကို တိုက်တွန်းအဆိုပြုရန် ပျက်ကွက်ခဲ့ခြင်းနှင့် လွှတ်တော် အတွင်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်တိုင်းရင်းသားနိုင်ငံ ရေးပါတီများအပါအ၀င် နိုင်ငံ ရေးအတိုက်အခံများ၏ တရားဝင် ကန့်ကွက်သံများကို မကြားရခြင်း တို့သည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ ဆိုးကွက်များပင်ဖြစ်သည်။

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအဖြစ်ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဦးသာဦး၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်နှင့် ဦးညွန့်တင်တို့ကို ၂၀၁၁ ခုနှစ်မတ်လ ၃၀ ရက်တွင် တာဝန်ပေးခန့်အပ်ခဲ့ပြီး ဦးဝင်းကိုအား ကော်မရှင်၏ အတွင်းရေးမှူးအဖြစ် တာဝန်ပေးခဲ့သည်။ အဖွဲ့ဝင်များအားလုံးသည် ၂၀၁၀ ပြည့်နှစ် မတ်လ ၁၁ ရက်တွင် ဖွဲ့စည်းခဲ့သော   ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်အဖွဲ့ဝင်များဖြစ်သည်။

တပ်မတော်အငြိမ်းစား အရာရှိတစ်ဦးဖြစ်သော ဦးတင်ထွန်းသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လက်ရှိအတွင်းရေးမှူးဖြစ်သည်။

 အင်ဒိုနီးရှား အထွေထွေ ရွေးကောက်ပွဲကော်မရှင်သည် စိတ်ဝင်စားဖွယ်၊ အတုယူဖွယ်၊ လေ့လာဖွယ်ဖြစ်သည်။ သမ္မတ ဆူဟာတိုပြုတ်ကျပြီးနောက် ၁၉၉၉ ခုနှစ် အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့ဝင် ၅၃ ဦးဖြင့်အောက်လွှတ်တော်၏ ဥပဒေနှင့်အညီ ဖွဲ့စည်းခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဟောင်းသည် ကော်မရှင်ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ လူထုတောင်းဆိုမှုကြောင့် လူသိများသော လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ၊ တရားလွှတ်တော်တရားသူကြီးဟောင်း၊ နိုင်ငံရေးလေ့လာသုံးသပ်သူ အပါအ၀င် ကြားလူငါးဦးကို ကော်မရှင်တွင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်ခဲ့သည်။ ၂၀၀၄ ခုနှစ် အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်ကို ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၏ ကိုယ်စားလှယ်များဖြင့် ၂၀၀၁ ခုနှစ် ဧပြီလ ၁၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် အောက်လွှတ်တော်သည် ငါးနှစ် သက်တမ်းရှိသော ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့စည်းရန် ကော်မရှင် အဖွဲ့ဝင်များကို ရွေးချယ်ရေး ကော်မတီမှ မဲဆန္ဒပေးရွေးချယ် ရန်တို့ပါဝင်သော ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ အင်ဒိုနီးရှားရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင် ခုနစ်ဦးတွင် တက္ကသိုလ်ကထိက တစ်ဦးနှင့် ရွေးကောက်ပွဲပြုပြင် ရေးဆိုင်ရာ အင်န်ဂျီအို၏ အမှု ဆောင်ညွှန်ကြားရေးမှူးတစ်ဦးတို့ ပါဝင်လျက်ရှိသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည် သီးခြားလွတ် လပ်သော အဖွဲ့အစည်းအဖြစ် ရပ်တည်ရမည်ဖြစ်သည့် အား လျော်စွာ နိုင်ငံတော်သမ္မတ၏ ဗဟိုရုံးများအောက်၌ ပါဝင်နေ ခြင်းသည် ကြောင်းကျိုးဆီလျော် မှု မရှိဟု သုံးသပ်နိုင်သည်။ ထို့ အတူအငြိမ်းစား တပ်မတော်အ ရာရှိကြီးများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်ရုံး အဆင့်ဆင့်တွင် တာဝန်ပေး ခန့်အပ်ခြင်းသည်လည်း ကော်မရှင်၏အလွဲများပင် ဖြစ်သည်။ ကော်မရှင်သည် အစိုးရနှင့် သီးသန့်ခွဲရပ်တည်နိုင်ရန် တပ်မတော်အငြိမ်းစား အရာရှိများကို တာဝန်မှ ရပ်ဆိုင်းရန် မဖြစ်မနေ လိုအပ်သည်။

  အချုပ်အားဖြင့်ဆိုသော် အင်ဒိုနီးရှားရွေးကောက်ပွဲ ကော် မရှင်ကဲ့သို့ ပညာရှင်များ၊ အင်န် ဂျီအိုကိုယ်စားလှယ်များနှင့် အ စိုးရအရာရှိကြီး အငြိမ်းစားများ ပါဝင်ပြီး အစိုးရနှင့် လုံးဝမပတ် သက်သော သီးခြားလွတ်လပ် သည့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်း သင့်သည်။ ပြည်သူဗဟိုပြု အစိုးရ နှင့် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံကို ဖော်ဆောင်မည့် လွှတ်တော်တို့ သည် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအ၀င် ကော်မရှင် ခြေဆုံးခေါင်းဆုံး ပြင် ဆင်ဖွဲ့စည်းနိုင်ရေးကို ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲမတိုင်မီ အသက်သွင်းနိုင်မှသာ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုကိုလည်း အတိုင်းအတာတစ်ခုအထိ အာမခံနိုင်မည် ဖြစ်သည်။လွှတ်တော်တွင်း၊ လွှတ်တော် ပြင်ပ ဟန်ချက်ညီညီဖြင့် ရွေးကောက်ပွဲကော်မရှင်ပြင်ဆင်ဖွဲ့စည်းရေး လူထုအခြေပြုလှုပ်ရှား မှုများကို မဖြစ်မနေ အကောင်အထည်ဖော်သင့်ပါကြောင်း တိုက်တွန်းအကြံပြုလိုက်ရပါသည်။  ။

Author: ဒေါက်တာ ရန်မျိုးသိမ်း
7DAY DAILY


နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေ ထွက်ပေါ်မှ ဖွဲ့စည်းပုံပြင်သင့်ဟု သမ္မတပြော

  သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ရလာဒ်တွေ ထွက်ပေါ်လာမှ ဖွဲ့စည်းပုံပြင်ဖို့ လုပ်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

မေလ ၃၁ ရက် သူ့ရဲ့ လစဉ် တိုင်းပြည်ကိုပြောကြားတဲ့ ရေဒီယိုမိန့်ခွန်းမှာ အခုလို ပြောကြား လိုက်တာဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဆက်လျဉ်းပြီး ကျနော့်ရဲ့ သဘောထား ရပ်တည်ချက်ကို ထပ်လောင်းပြောကြားလိုပါတယ်။ ပထမအချက်ကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် မဖြစ်မနေ ပြုလုပ်ရမယ့် နိုင်ငံရေး ဆွေးနွေးပွဲများမှ ပေါ်ပေါက်လာသော သဘောတူညီချက်များကို မူတည်ပြီး လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်။”

ဒုတိယအချက်အနေနဲ့ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူ အားလုံးရဲ့ အမျှော်အမြင်ကြီးမှု၊ ဉာဏ်ပညာကြွယ်ဝမှုနှင့် စိတ်ရင်း စေတနာ မှန်ကန်မှုတို့နဲ့သာ ပြင်ဆင်သင့်တယ်။

တတိယအချက်အနေနဲ့ မည်သည့်နိုင်ငံသား၊ တိုင်းရင်းသား တဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်အား ကန့်သတ်တားမြစ်ထားခြင်းမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေး စေတနာရှိသလို တဖက်တွင်လည်း မိမိတို့ အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သော အကာအကွယ်ပေးနိုင်တဲ့ အခြေခံများရှိရန် လိုအပ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့တာပါ။

သမ္မတရဲ့ ဖွဲ့စည်းပုံပြင်ရေး သဘောထား ပထမအချက်နဲ့ ပတ်သက်ပြီး ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုဂျင်မီက သမ္မတစကားဟာ လက်တွေ့မကျဘူးလို့ သုံးသပ်ပြောဆိုပါတယ်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာက Process လေဗျာ။ နှစ်အပိုင်းအခြားအလိုက် ပြီးရမယ့် ကိစ္စက ပြီးမယ်။ မပြီးသေးတဲ့ ကိစ္စကို ဆက်ဆွေးနွေးရမယ်။ အဲဒီတော့ ၁ နှစ် ၂ နှစ်နဲ့ ပြီးမယ့်ဟာတွေလည်း ရှိဦးမှာပေါ့။ မပြီးတာတွေလည်း ကျန်နေဦးမှာပေါ့။ နောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုတာလည်း Process တမျိုးပဲဗျ။ ကျနော်တို့က အခုအချိန်မှာ ပြင်လို့ရတဲ့ ကိစ္စတွေ ပြင်ရမှာပေါ့ဗျာ။ ကျနော်တို့ပြောနေတာ ရှင်းရှင်းလေး ပုဒ်မ ၄၃၆ ကို ပြင်ရဆင်ရ လွယ်ကူအောင် လုပ်ပေး။ နောင်လာနောင်သားတွေက အလွယ်တကူ ပြင်ချင်တယ်ဆိုရင် ပြင်လို့ရအောင် လုပ်ပေး။ အဓိက ပြောနေကြတာ ဒီကိစ္စပဲ။ အဲဒီတော့ သမ္မတ ပြောတဲ့ ငြိမ်းချမ်းရေး Process ပြီးမှဆိုရင် ဒါ လက်တွေ့မကျဘူး။ အခုအချိန်မှာ ပြင်လို့ရတာ ပြင်ထားမယ်၊ ငြိမ်းချမ်းရေး Process တခုပြီးတိုင်း လိုအပ်တဲ့ဟာတွေ ဆက်ပြင်မယ်။ ဒီလိုသွားမှ ရမှာပေါ့။”

သမ္မတရဲ့ ဒီတကြိမ်ရေဒီယိုမိန့်ခွန်းထဲမှာ မြန်မာအာဆီယံဥက္ကဋ္ဌကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ လူသေဆုံးမှုတွေအတွက် ၀မ်းနည်းမိကြောင်းတွေ ပါဝင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလှုပ်ရှားမှုတွေ အရှိန်အဟုန်နဲ့ ပြုလုပ်နေတုန်း သမ္မတရဲ့ ဖွဲ့စည်းပုံပြင်ရေးသဘောထား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)


ဘင်္ဂလားဒေ့ရှ်သို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်း လွှဲပြောင်းပေး

 မြန်မာပိုင်နက်နယ်စပ်ခြံ စည်းရိုးအနီးသို့ ခိုးဝင်လာသော ကြောင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်စဉ် ကျဆုံးသွားသော လက်နက်ကိုင်၏ ရုပ်အလောင်း နှင့်သေနတ်ကို ဘင်္ဂလားဒေ့ရှ်နယ် ခြားစောင့်တပ်သို့ မေလ ၃၀ ရက် ညနေတွင်ပြန်လည်လွဲအပ်လိုက် ပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ယူနီဖောင်း အ၀ါရောင်ပဲ ၀တ်ထားပြီး တပ်ဖွဲ့တံဆိပ်မပါ တော့ သူတို့နယ်ခြားစောင့်တပ်ဖွဲ့ ၀င်လို့ပြောပေမယ့် လက်မခံပါ ဘူး။ ဒါပေမဲ့ မိတ်မပျက်စေချင်လို့ အ လောင်းရော၊ သေနတ်ရော ဒီနေ့ ပဲပြန်ပေးလိုက်ပြီ’’ဟု ဒုတိယရဲ မှူးကြီးအဆင့်ရှိ နယ်ခြားစောင့် လုံခြုံရေးရဲတပ်ဖွဲ့အရာရှိတစ်ဦး ကပြောသည်။

မြန်မာဘက်မှ မောင်တော မြို့နယ်ခြားစောင့်လုံခြုံရေးရဲတပ်ရင်း ဒုတိယရဲမှူးကြီး မိုးညိုဦး ဆောင်သော အဖွဲ့နှင့် ဘင်္ဂလား ဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့(BGB) တို့ မေ ၃၀ ရက် နေ့လယ်က မောင်တောမြို့နှင့် နယ်ချင်းစပ် နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နတ် ချောင်းစရီနယ်ခြားစောင့်ရဲစခန်း တွင် ဆွေးနွေးမှုများပြုလုပ်၍ ပြန် လည်လွှဲပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရဲအရာရှိကြီးကပြောသည်။

ယင်းဆွေးနွေးပွဲသို့ မြန်မာ ဘက်မှ အရာရှိနှင့် ရဲတပ်ဖွဲ့ဝင် ဆယ်ဦးခန့် သွားခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ဖွဲ့ကမူ နတ်ချောင်းစရီနယ်ခြား စောင့်ရဲစခန်းအနီးတွင် တင့်ကား ခြောက်စီးဝန်းရံ၍ အင်အားပြ သည့် ပုံစံမျိုး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သို့သော်ဘင်္ဂလားဒေ့ရှ်တပ် သားတစ်ဦးကို မြန်မာနယ်ခြား စောင့်တပ်က ပစ်ခတ်ပြီး အ လောင်းကို ဆွဲယူသွားခဲ့သည်ဆို သည့် သတင်းများကြောင့် နယ် စပ် အခြေအနေ တင်းမာနေပြီး သောကြာနေ့ ညနေ ၄ နာရီမှစ ကာ ၄၅ မိနစ်ကြာ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အကြီးအကဲ ဗိုလ်မှူးကြီး အာဇစ်ကို ကိုးကား ကာ Fianncial Express သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်ဖွဲ့(BGB) က ၎င်းတို့  ၏ တပ်ဖွဲ့ဝင်ပါဟု ပြောကာ ပြန် တောင်းသွားသည့် ရုပ်အလောင်း နှင့် သေနတ်မှာ မေလ ၂၉ ရက် က မြန်မာပိုင်နက် နယ်စပ်အနီး သို့ လက်နက်ကိုင်ဆောင်လျက် ခိုးဝင်လာသောကြောင့် ကင်းပုန်းဝပ်နေသည့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ ၀င်အချို့က ပစ်ခတ်လိုက်စဉ် သေဆုံးသွားခဲ့သူဖြစ်သည်။

‘‘ဗျူဟာမှူးက တစ်ဆင့် ဆွေးနွေးဖို့တောင်းဆိုတာပါ။ သ ဘောရိုးမှန်ရင် သောင်းကျန်းသူရှိ နေတဲ့နေရာကို ၀င်လာစရာ အ ကြောင်းမရှိဘူးလေ။ မတည်မငြိမ်ဖြစ်နေတဲ့ နေရာကို ၀င်လာတာ ကြောင့် နယ်စပ်လုံခြုံရေးအရ ပစ်ခဲ့ပြီး သေဆုံးတော့မှသာ သူ တို့လူပါလို့ ပြောတာပါ’’ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ ရဲမှူးကြီး မင်းအောင်က ပြော ကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာနက မေလ ၂၉ ရက်တွင် ဒါကာရှိ မြန်မာသံအမတ် ကြီး ဦးမျိုးမြင့်သန်းကို ဆင့်ခေါ်၍ ၎င်းတို့၏ နယ်ခြားစောင့်တပ်ဖွဲ့ ၀င် Nayek M Mizanur Rahman ကို ချက်ချင်းပြန်လွှတ်ပေးရန် စာကို ပေးအပ်ခဲ့သည်။ မြန်မာ နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအ မတ်ကြီး မူစတာ ဖာကာမယ်က လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနထံ ယင်းစာကို ထပ်မံပေး အပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်က ကျဆုံးသွားပြီဖြစ်သော လက်နက်ကိုင်တပ်ဖွဲ့ဝင်ကို ဖမ်းဆီးထားသော ၎င်းတို့တပ်ဖွဲ့ဝင်ကို ပြန်လွှတ်ပေးရန်ဟု သုံးနှုန်းခဲ့ခြင်းဖြစ်သည်။

‘‘ဒီစာကို ရထားပါတယ်။ အရေးယူဆောင်ရွက်မှု ပြုနေပါ တယ်။ အခု အခြေအနေက အ ရမ်းရှုပ်ထွေးနေပါတယ်။ သူတို့ စာထဲမှာက သူတို့တပ်ဖွဲ့ဝင်လို့ ပြောထားပေမယ့် ဟုတ်၊ မဟုတ် စိစစ်ဆောင်ရွက်ရမှာပါ။ မြေပြင် အခြေအနေသတင်းတွေစုပြီး စစ် ဆေးပြီးမှ ရှေ့တစ်ပတ်ထဲမှာ အကြောင်းပြန်ကြားရမှာ ဖြစ်ပါ တယ်။ လောလောဆယ်တော့ စာရတဲ့အထိပဲ ပြောလို့ရပါတယ်’’ ဟု နိုင်ငံရေးရာ ဦးစီးဌာန (ဘင်္ဂ လားဒေ့ရှ်နိုင်ငံ) မှ ဒုတိယညွှန် ကြားရေးမှူးတစ်ဦးက ပြောကြား သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရပေးပို့ သည့် စာထဲတွင် ၎င်းတို့၏ တပ် ဖွဲ့ဝင်ကို ပြန်လွှတ်ပေးရန်အပြင် မြန်မာ−ဘင်္ဂလားဒေ့ရှ် နယ်စပ် တွင် ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက် မှုပြဿနာများ ရေရှည်တွင် ထပ် မံမဖြစ်ပွားရန် ယခု ပစ်ခတ်တိုက် ခိုက်မှုကို စုံစမ်းစစ်ဆေးဖော် ထုတ်ပေးရန် တောင်းဆိုထား ကြောင်း ယင်းစာပါ ဖော်ပြချက် အရ သိရသည်။

‘‘သူတို့ တပ်ဖွဲ့ဝင် ဟုတ်၊ မဟုတ်ကတော့ ဒီအချိန်မှာ ဘာ မှမပြောနိုင်သေးပါဘူး’’ ဟု နယ် ခြားစောင့် ကွပ်ကဲရေးတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက ပြောသည်။

Author: အောင်သစ်လွင် / အေးသူစံ
7DAY DAILY


မုံရွာအကျဉ်းထောင်မှ အကျဉ်းသားတစ်ဦး ထောင်လွတ်ပြီး ၂ နာရီခန့်အကြာတွင် သေဆုံး

မုံရွာ၊ မေ ၃၀

အကျဉ်းထောင်မှ အကျဉ်းသားတစ်ဦးသည် ထောင်မှလွတ်ပြီး ၂ နာရီခန့်အကြာတွင် သေဆုံးသွားသည့် အတွက် ထောင်မှူး ဦးစီးအရာရှိမှ ရဲစခန်းသို့သွားရောက်၍ သေမှုသေခင်းရေးဖွင့်လိုက်ရသည့် ဖြစ်စဉ်တစ် ရပ်အား မေလ ၂၉ ရက်နေ့မနက် ၁၀ နာရီက မုံရွာမြို့တွင်ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးမှ သိရသည်။

ထောင်မှလွတ်မြောက်ပြီး ၂ နာရီခန့်အကြာတွင် သေဆုံးသွားခဲ့ရသည့် အကျဉ်းသားလူထွက်မှာ ထောင်ဝင် အမှတ် မရ/ ၁၃/၀၀၉၃၀/(က) ကိုသိန်းဇော် အသက်(၂၆)နှစ် ဆိုသူဖြစ်ကြောင်း သိရသည်။ ထိုသူသည် မုံ ရွာမြို့နယ် တရားရုံး၏ အမှုအမှတ် ၁၀၂၇/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၆၃ အရ အလုပ်နှင့်ထောင်ဒဏ်(၁)ကျခံစေ ရန် စီရင်ချက် ချမှတ်ခြင်းခံထားရသူတစ်ဦးဖြစ်ကြောင်း အကျဉ်းထောင်၏ အကျဉ်းသားမှတ်တမ်းများတွင် ဖော်ပြထားသည်။

ထိုသူသည် မေလ ၂၉ ရက်နေ့ မနက် ၈ နာရီအချိန်တွင် မုံရွာအကျဉ်းထောင်၌ ကျခံရန်အလုပ်နှင့်ပြစ်ဒဏ် များ ကုန်ဆုံးခဲ့သည့်အတွက် အကျဉ်းထောင်မှ လွတ်ပေးလိုက်ခြင်းဖြစ်သည်။ ၎င်းမှာ ထောင်မှလွတ်မြောက် ပြီးနောက် ကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့်အတွက် အကျဉ်းထောင် တာဝန်ရှိသူများက မုံရွာပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသခွင့်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သို့သော် အဆိုပါ အကျဉ်းသားလူထွက်သည် မုံရွာပြည်သူ့ဆေးရုံကြီးပေါ်တွင် ဆေးကုသမှုခံယူနေရင်း မနက် ၁၀ နာရီအချိန်တွင် သေဆုံးသွားခဲ့သည်ဟု မှုခင်းဆေးစာဌာနရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ မဇ္ဈိမသို့ ပြောပြသည်။
“ သေဆုံးသူ သိန်းဇော်မှာက ထောင်ကလွတ်မြောက်လာပေမဲ့လည်း သူ့ရဲ့ မိဘဆွေမျိုးတွေနဲ့ သူ့မှာ အဆက်အသွယ်မရခဲ့ဘူးလေ..” ဟု မုံရွာ အကျဉ်းထောင်ရှိ တာဝန်ကျ ထောင်ဝန်ထမ်းတစ်ဦးမှ ပြောပြ သည်။

ထောင်မှလွတ်ပြီးနောက် ၂ နာရီခန့်အကြာတွင် သေဆုံးသွားခဲ့ရသည့် ထောင်လွတ်အကျဉ်းသားတစ်ဦးနှင့် ပတ်သက်၍ သေဆုံးရခြင်းအကြောင်းတရားအား သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်နိုင်ရန် ထောင်မှူး ဦးစီးအရာရှိ ဦးမောင်ထွေးက မုံရွာမြို့မရဲစခန်းတွင် တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၄/၂၀၁၄အရ ရေးဖွင့်၍ မှုခင်းဆေးပညာများအရ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရသည်။

သတင်း၊ ကိုတိုးကြီး (facebook)


ဟုမ္မလင်းမြို့နယ်တွင် ရွှေမျှောတိုက်ရာမှ မြေပြိုကျသဖြင့် သားအဖသုံးယောက် မြေပိ၍သေဆုံး

ဟုမ္မလင်း၊ မေ ၃၀

ဖိအားပြင်း ရေထိုး ပိုက်ကြီးများဖြင့် တောင်ကမ်းပါး ရံကြီးများကို ဖြိုချ၍ ရွှေမျှောတိုက်လျက်ရှိသော ရွှေတူး ဖော်ရေး လုပ်သားကြီး သုံးဦးသည် ရုတ်တရက် မြေပြိုကျသဖြင့် မြေပိကာ သေဆုံးသွားခဲ့ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ညောင်ကုန်း ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် ရာအိမ်မှူး ဦးကျော် နိုင်မှ မေလ ၂၉ ရက်နေ့ မနက် ၈ နာရီခွဲအချိန်က မိုင်းကိုင်း နယ်မြေရဲစခန်းသို့ လာရောက်အကြောင်းကြား ခဲ့သည်ဟု သိရသည်။

ရာအိမ်မှူး ဦးကျော်နိုင်၏ အကြောင်းကြားချက်များအရ မိုင်းကိုင်းနယ်မြေရဲစခန်းမှူး ရဲအုပ် ဇော်ဝင်းနှင့်အဖွဲ့ သည် ညောင်ကုန်းကျေးရွာအနီး ရွှေတူးဖော်ရေးလုပ်ကွက်ရှိရာအရပ်သို့သွားရောက်ခဲ့ကြပြီး သေဆုံးသူ များနှင့် ပတ်သက်၍ မှတ်တမ်းများရယူရာတွင် မေလ ၂၈ ရက်နေ့က ဦးသာညို အသက်(၄၆)နှစ်၊ မောင် ကျော်ဆန်းဦး အသက်(၁၉)နှစ်၊ မောင်သန်းဇော်ဦး အသက်(၁၆)နှစ် ၎င်းတို့ သားအဖသုံးယောက်နှင့် ကိုသန်းလွင် ဆိုသူတို့သည် တစ်လုံးထိုးအင်ဂျင်စက်တစ်လုံးဖြင့် ရွှေတူးဖော်နေရာတွင် ၎င်းတိုးအနီးရှိ တောင်ကမ်းပါးရံမှ ရုတ်တရက်မြေများပြိုကျလာပြီး မြေပိကာ ဦးသာညိုတို့ သားအဖသုံးယောက်မှာ မြေပိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ၎င်းမြေပြိုကျချိန်တွင် ကိုသန်းလွင် ဆိုသူမှာ အလျင်အမြန်ထွက်ပြေး တိမ်း ရှောင်နိုင်သည့်အတွက် အသက်ဘေးမှလွတ်မြောက်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မြေပိ၍ သားအဖသုံးယောက်သေဆုံးခဲ့ရခြင်းနှင့်ပတ်သက်၍ မှုခင်းဆေးပညာအရ ဆက်လက်ပြီး စစ်ဆေးဆောင်ရွက်နိုင်ရန် ရာအိမ်မှူး ဦးကျော်နိုင်မှ တရားလိုပြုလုပ်ကာ မိုင်းကိုင်းနယ်မြေရဲစခန်း၌ တိုင် တန်းခဲ့သဖြင့် နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၉/ ၂၀၁၄)အရ အမှုရေးဖွင့်ဆောင်ရွက်လျက် ရှိကြောင်း ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (facebook)


မင်္ဂလာဆောင်မှ ဒံပေါက် စားမိရာမှ လူဦးရေ ၁၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

မြစ်သား မေ ၃၁

မြစ်သားမြို့နယ်၊ ငါးဆူးကျေးရွာတွင် မေလ(၃၁)ရက်နေ့ မင်္ဂလာဆောင်မှ ဒံပေါက်စားမိ၍ လူဦးရေ (၁၂၂)ဦး အစာအဆိပ်သင့်မှုဖြစ်ပွားကာ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ ကူမဲမြို့ပြည်သူ့ဆေးရုံ၊ ငါးဆူးကျေးရွာ ရွာဦးကျောင်းတွင် ပြုစုရေး စခန်းများဖွင့်လှစ်ကာ ဆေးကုသမှုခံယူလျှက် ရှိကြောင်းသိရသည်။

အစာအဆိပ်သင့်မှုကြောင့် အော့အံခြင်း၊ ခေါင်းမူခြင်း၊ ဝမ်းလျောခြင်းများဖြစ်ပွားကာ ဆေးရုံဆေးခန်းများသို့ တာဝန်ရှိသူများမှ ပို့ဆောင်ခဲ့သလို မိမိတို့ အစီအစဉ်ဖြင့်လည်း ဆေးရုံဆေးခန်းများတွင်လည်း တက်ရောက် ကုသလျှက်ရှိကြောင်း သိရသည်။

အစာအဆိပ်သင့်မှုဖြစ်ပွားသူများအား တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လိုအပ်သည့်ကူညီမှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အနီးကပ်ပေးလျှက်ရှိကြောင်း သိရှိရသည်။ အစာအဆိပ်သင့်ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar


ကမ်းပြိုအိမ်ထောင်စု ၂၇၃စု ပြောင်းရွှေ့နေထိုင်ရန် မြေနေရာခက်ခဲ

ပခုက္ကူ၊ မေ ၃၀

မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ် ညောင်တောအုပ်စု ရှစ်အိမ်တန်း ကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုဒုက္ခသည် အိမ်ထောင်စု ၂၇၃ စု၊ အိမ်ခြေ ၁၅၀ အတွက် လူနေ အိမ်မြေနေရာ ရရှိရန် ခက်ခဲလျက် ရှိကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ၂၀၁၂ ခုနှစ်တွင် ကမ်းပြိုခဲ့သဖြင့် အိမ်ခြေ ၁၅၀ အတွက် သက်ဆိုင်ရာက ရွာတည်နိုင်သော မြေနေရာမပေးခဲ့ဘဲ ကမ်းနှင့်နီးသော ၉ ဒသမ ၀၉ ဧကရှိသော မြေကို ကွက်စိပ်ရိုက်ကာ ပေးခဲ့ကြောင်း၊ ရှစ်အိမ်တန်းကျေးရွာရှိ ကမ်းပြို အိမ်ထောင်စုများ နေထိုင်ရန် ညောင်တော အုပ်စုရှိ အောင်မြင့်မိုရ် သမဝါယမ လီမိတက်ပိုင် မြေ ၃၂ ဒသမ ၇၆ ဧကကို တောင်းဆို ခဲ့သော်လည်း ယနေ့အထိ မရသေးသဖြင့် အိမ်ထောင်စု အားလုံးအတွက် မြေနေရာ အခက်အခဲများ ဖြစ်နေခြင်း ဖြစ်ကြောင်း ရှစ်အိမ်တန်းရွာမှ မြေရရှိရေးဦးဆောင် လှုပ်ရှားသူ ဦးနီတွတ်က ပြောကြားသည်။

“အိမ်ထောင်စုတွေအတွက် မြေနေရာရဖို့ တောင်းခဲ့တာကြာပြီ။ အတော်များများက နီးစပ်ရာ ယာရှင်တွေဆီမှာ မိသားစုတစ်စုနေဖို့ တစ်နှစ်ကို ပိုက်ဆံနှစ်သောင်း၊ ငါးသောင်းလောက်ထိ ပေးပြီး နေရတယ်” ဟု ၎င်းကဆိုသည်။

ညောင်တောရှိ ရွာတည်နိုင်သည့် မြေအတွက် ရှစ်အိမ်တန်းရွာမှ မြေနုကျွန်းနှင့် လဲလှယ်ခဲ့ကြောင်း၊ ဆက်လက်၍ မြို့နယ် အုပ်ချုပ်ရေးမှူးက တစ်ဧကလျှင် ကျပ်သိန်း ၃၀ တောင်းသဖြင့် အိမ်ထောင် စုများဘက်မှ ဒေသပေါက်ဈေး ကျပ် ၁၆ သိန်း ပေးခဲ့သော်လည်း အိမ် ၉၂ အိမ်သာ ဆောက်လုပ် နေထိုင်ရန် ရွာတောင်ဘက်ရှိ ကမ်းနှင့်နီးသော မြေကိုသာ ပေးခဲ့ကြောင်း အောင်မြင့်မိုရ် သမဝါယလီမိတက် မြေတွင် လာရောက် နေထိုင်သူ ရှစ်အိမ်တန်း ရွာဦးကျောင်း ဆရာတော် ဦးခေမိန္ဒက မိန့်ဆိုသည်။

“၂၀၁၂ တည်းက ရွာလုံးကျွတ် နီးစပ်ရာ ယာရှင်တွေဆီမှာ ကျပ်နှစ်သောင်းကနေ ကျပ်ငါးသောင်းအထိ ပေးပြီး နေရပေမယ့် ယာတွေပေါ်မှာ ရေတွင်းတူးတာ၊ အိမ်သာဖော်တာ လုပ်လို့မရခဲ့ဘူး၊ အခုဆို ပုံစံ ၇ ထုတ်ပေးနေလို့ ယာရှင်တွေက ယာခင်းမှာ နေထိုင်ခွင့် မပြုတော့ဘူး။ ဒါကြောင့် ရှစ်အိမ်တန်းတောင်ဘက် ညောင်တောအုပ်စု အများပိုင် တောင်သူ ၂၂ ဦး လုပ်ကိုင်စားနေတဲ့ အောင်မြင့်မိုရ် သမဝါယမ လီမိတက်မြေမှာ ဝင်နေထိုင်ရတာပါ” ဟု ဒေသခံများက ရှင်းပြသည်။

၂၀၁၂ ခုနှစ်က ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် အိမ် ၉၅ လုံးကို ၉ ဒသမ ၀၉ ကွင်းတွင် ပေ ၆၀၊ ၈၀ ကွက်စိပ် ရိုက်ပေးထားသော်လည်း နေထိုင်ခြင်း မရှိကြောင်း၊ ကမ်းပြို ဒုက္ခသည်များဘက်မှ ညောင်တော အုပ်စုက အောင်မြင့်မိုရ် သမဝါယမ လီမိတက် မြေပေါ်တွင် နေထိုင်လိုကြောင်း ပြောလာသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြခဲ့ရာ လုပ်စားကွင်းဖြစ်၍ ခွင့်မပြုသဖြင့် သမအသင်းသား ၂၂ ဦး သဘောတူသည့် ၉ ဒသမ ၀၉ ဧကမြေတွင် နေထိုင်ရန် လက်ရှိတွင် အိမ်ထောင်စု ၁၁ စုကို ပြောင်းရွှေ့ပေးပြီး ဖြစ်ကြောင်း၊ ရေစကြိုမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းက ပြောကြားသည်။

ချင်းတွင်းမြစ်ရေသည် ၁၉၉၇ ခုနှစ်မှ စတင်ကာ ရှစ်အိမ်တန်းရွာကို တိုက်စားခဲ့ပြီး လုပ်စားမြေ ဧက ၃၀ ကျော်နှင့် မြေလွတ်မြေရိုင်းများ ဆုံးရှုံးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်မှစ၍ နီးစပ်ရာ ယာရှင်များထံတွင် အိမ်ထောင်စု တစ်စုအတွက် တစ်နှစ် ကျပ်နှစ်သောင်းမှ ကျပ်ငါးသောင်းထိပေးကာ နေထိုင်ရကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။

The Voice Weekly


ဒေသတွင်း သြဇာကြီးနိုင်ငံ တနိုင်ငံ မြန်မာဖြစ်ဖို့ ကန်မျှော်လင့်

 အာရှပစိဖိတ်ဒေသတွင်းက သြဇာကြီးမားလာနေတဲ့နိုင်ငံတွေထဲမှာ တနေ့နေ့ တချိန်ချိန်ကျရင် မြန်မာနိုင်ငံလည်း ပါဝင်လာနိုင်ဖို့ မျှော်လင့်တယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ အမေရိကန် အစိုးရရဲ့ အာရှပစိဖိတ်ဒေသ ဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး Baltimore နိုင်ငံခြားရေးကောင်စီမှာ မေလ ၂၉ ရက်နေ့က အခုလို ပြောလိုက်တာပါ။

ဒေသတွင်းက သြဇာကြီးမားလာနေတဲ့နိုင်ငံတွေနဲ့ထိတွေ့ဆက်ဆံတဲ့နေရာမှာ အစဉ်အလာအားဖြင့် အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို ထိတွေ့ဆက်ဆံခဲ့ပြီး ၊ အခုအခါမှာတော့ အဲဒီနိုင်ငံတွေထဲမှာ မလေးရှား နဲ့ ဗီယက်နမ်နိုင်ငံတွေကိုလည်း ထည့်သွင်းရမှာဖြစ်သလို၊ တချိန်ချိန်မှာ မြန်မာနိုင်ငံလည်း ပါလာဖို့မျှော်လင့်တယ်လို့ အရှေ့အာရှ နဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel က ပြောပါတယ်။

အမေရိကန်အစိုးရက အာရှပစိဖိတ်ဒေသကို အာရုံစိုက်လာနေတာနဲ့ အမျှ ဒေသတွင်းမှာ အင်အားချိန်ခွင်လျှာညှိတဲ့အနေနနဲ့ မဟာမိတ် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်တာ၊ ဒေသတွင်း အဖွဲ့အစည်းတွေ တည်ဆောက်တာ နဲ့ သြဇာကြီးမား လာနေတဲ့နိုင်ငံတွေနဲ့ ထိတွေ့ ဆက်စပ်တာတွေ လုပ်လာနေတာဖြစ်ပါတယ်။

ဒါ့အပြင် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်လို ဒေသတွင်းမှာ အကူအညီပေးနေတဲ့ အစီအစဉ်တွေက မြန်မာ အပါအ၀င် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နဲ့ ဗီယက်နမ်နိုင်ငံတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ အတူလက်တွဲလုပ်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေတယ်လို့ သူကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

အမေရိကန်သမ္မတ နဲ့ မြန်မာသမ္မတ အိမ်ဖြူတော် တွင် တွေ့ဆုံစဉ်။ (မေ ၂၀၊ ၂၀၁၃)

နေထီးဆောင်းခြင်း

ဒီကနေ့ ပြည်မြို့ ဘက်မှာ နေထီး ဆောင်း တာကို တွေ့ကြရတော့ လူတွေ အမျိုးမျိုး ပြောနေကြတယ် လို့ သတင်း မီဒီယာ ဌာန ကြီးတစ် ခုက အသိ တစ်ယောက်က ဖုန်း ဆက် ပြောလာ ပါတယ်။

နောက်ပြီး တော့လည်း မေး လာသေးတယ်။ အဲဒါကို လူတွေ က နိုင်ငံရေး၊ တိုင်းရေး၊ ပြည်ရေး နဲ့ ပတ်သက်ပြီး နိမိတ်ကောက် အမျိုးမျိုး ပြောနေကြတာ ဆရာ ဘယ်လိုသဘောရပါသလဲတဲ့။

နေထီးဆောင်းခြင်းကို Gr-eek ဘာသာစကားနဲ့ Halo လို့ ခေါ်ပါတယ်။ တကယ်တော့ Haloဟာ အမြင်ဆိုင်ရာဖြစ်စဉ် (Opt-ical Phenomena) တစ်ခုသာ ဖြစ်ပါတယ်။ အလင်းဆိုတာ ပြန်နိုင်တယ် (Reflection)၊ ယိုင် နိုင်တယ် (Refraction) ၊ ကွေ့နိုင် တယ် (Diffraction)၊ သန့်နိုင် တယ် (Rarefaction)၊ လွင့်စဉ် နိုင်တယ် (Scattering)၊ ကွဲနိုင် တယ် (Dispersion)၊ အလင်း လှိုင်းထပ်နိုင်တယ် (Diffraction) စတဲ့ ၀ိသေသဖြစ်စဉ်တွေ ရှိကြ ပါတယ်။

အချို့ဖြစ်စဉ်တွေကို လှိုင်း သဘာဝနဲ့ ရှင်းပြလို့ရတယ်။ အချို့သဘာဝတွေကတော့ အမှုန်သဘာဝနဲ့မှ ရှင်းပြလို့ရတယ်။ ဒါကြောင့် အလင်းဟာ တစ်ခါတစ်ရံမှာ လှိုင်းသဘာဝ ဆောင်ပြီး တစ်ခါတစ်ရံမှာတော့ အမှုန်သဘာဝဆောင်တယ်လို့ ဆိုပါတယ်။ဒါကို အလင်းရဲ့ ဒွိသဘာဝ (D-ualistic Nature of Light) လို့ ခေါ်ဝေါ်ကြပါတယ်။

ဒီလို သဘာဝရှိတဲ့ အလင်း တန်းတွေဟာ နေမှတစ်ဆင့် ကမ္ဘာဆီကို တိုးဝင်လာကြပါ တယ်။ အဲဒီအခါမှာ ကမ္ဘာ့လေ ထုကို ဖြတ်ကြရပါတယ်။ အဲဒီ အခါမှာ ကမ္ဘာ့လေထုထဲမှာ ရှိနေ ကြတဲ့ ဖုန်အမှုန်(Dust)၊ ရေအ မှုန် (Water Drplets)၊ ရေပေါက် တွေ (Water Drops)၊ ရေခဲအ မှုန်တွေ (Ice Crystals) တွေကို ဖြတ်သန်းကြတဲ့အခါ စောစောက ပြောခဲ့တဲ့ အလင်းပြန်တာ၊ ယိုင် တာစတဲ့ ဖြစ်စဉ်တွေ ဖြစ်ကြတဲ့ အခါ လူတွေအတွက် အမြင်အာ ရုံဆိုင်ရာဖြစ်စဉ်တွေ (Optical Phenomena) တွေ ဖြစ်လာကြ ရပါတယ်။ ဥပမာ-သက်တန့် (Rainbow)၊ ကောင်းကင်ပြာ၊ ကောင်းကင်နီ၊ တိမ်ပြာ၊ တိမ်နီ၊ တိမ်ဝါ၊နေထီးဆောင်း၊ လထီး ဆောင်း၊ တံလျှပ်၊ ကော်ရိုနာ၊ နေပုံပျက်ခြင်း၊ လပုံပျက်ခြင်း၊ နေ အစင်းများစွာနဲ့ လအစင်းများစွာ ထွက်ခြင်းစတဲ့ဖြစ်စဉ်တွေ ကမ္ဘာ ပေါ်မှာ တွေ့လာကြရပါတယ်။ အံ့သြရပ်သပ်ရှုမောဖွယ်ရာတွေ ချည်းပါပဲ။

နေထီးဆောင်းတာကို အ များဆုံးမြင်တွေ့ရတဲ့ ပုံသဏ္ဌာန် ကတော့ နေကိုဗဟိုပြုပြီး နေကို ၀န်းရံနေတဲ့ စက်ဝန်းသဏ္ဌာန် ကွင်းတွေကို မြင်တွေ့ကြရခြင်း ဖြစ်ပါတယ်။ အများအားဖြင့် အဖြူရောင် အဆင်းရှိတဲ့ ကွင်း တွေကိုတွေ့ကြရပေမယ့် တစ်ခါ တစ်ရံတော့လည်း ကွင်းတွေကို အရောင်တွေခွဲခြား တွေ့မြင်ကြရ ပါတယ်။ အရောင်တွေခွဲခြား မြင် ရရင်တော့ အခြေခံအရောင် ခုနစ် မျိုးဖြစ်တဲ့ VIBGYOR (Violet, Indigo, Blue, Green, Yellow,Orange and Red) တွေက အစဉ်အတိုင်း တွေ့ကြရပါတယ်။  အ တွင်းဘက်အကျဆုံးမှာ အနီရောင်ကို တွေ့ကြရပါတယ်။

တစ်ခါတစ်ရံတော့လည် နေ (သို့မဟုတ်) လရဲ့ အနီးအနား မှာ မတွေ့ရဘဲ ဆန့်ကျင်ဘက် ကောင်းကင်ပြင်မှာတွေ့ကြရပါ တယ်။ နေထီးဆောင်း (Halo) ဖြစ်စဉ်ဟာ နေရောင်ခြည် အ လင်းတန်းက လေထဲမှာရှိနေတဲ့ အနား ခြောက်ဖက်ပါတဲ့ Hexa-gonal ရေခဲပုံဆောင်ခဲ (Ice Cry-stal) ကို ဖြတ်သန်းတဲ့အခါ အလင်းယိုင်ခြင်း (Refraction) ကြောင့်ဖြစ်ပေါ်လာရတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။

ဒါကြောင့် Halo ဖြစ်စဉ် ဖြစ် ပေါ်တဲ့အခါတိုင်း လေထဲမှာ ရေ ခဲပွင့်တွေ ရှိနေတာကြောင့် Halo တွေကို တိမ်မြင့်အမျိုးအစားဖြစ် တဲ့ Cirrostratus Cloud (Cs) တိမ်နဲ့ ဖြစ်ပေါ်လေ့ရှိပါတယ်။ Halo တွေမှာ 22.Halo 46.Halo ဆိုပြီး နှစ်မျိုးရှိရာ 22. Halo ကို နေ့ခင်းပိုင်း အချိန်အခါများတွင် တွေ့ရတတ်လေ့ရှိပြီး 46.Haloကိုတော့ နံနက်ခင်းနဲ့ ညနေစောင်းလို နေမြင့်ထောင့်နည်းတဲ့ ကာလတွေမှာတွေ့ရလေ့ ရှိပါတယ်။

ထူးခြားတာကတော့ Halo တွေကို နေ(သို့မဟုတ်) လတွေကို ဗဟိုပြုပြီး ၀န်းရံနေတဲ့ စက်ဝိုင်းများအဖြစ် တွေ့ကြရသလို လူ၊ သစ်ပင်၊ အဆောက်အအုံ၊ ဘုရားကျောင်းစတာတွေကိုလည်း ဗဟိုပြုပြီး ၀န်းရံနေတဲ့ စက်ဝိုင်းများအဖြစ်လည်း တွေ့ရတတ်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ အခါမှာ လူတွေရဲ့ ဘာသာရေးယုံကြည်မှုများ လွန်ကဲမှုများ ကြောင့် သဘာဝလွန်ဖြစ်စဉ်များ (Super Natural Phen-omena) အဖြစ် ပြောဆိုလာတတ်ကြပါတယ်။

ပြည်မြို့မှာ ဒီကနေ့ တွေ့ခဲ့ ကြရတဲ့ နေထီးဆောင်းဖြစ်စဉ်က တော့မုတ်သုံကာလကြီးမှာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ လေအေးတွေ ရေခဲအမှုန်တွေ တိုးဝင်လာရောက်ဖြစ်ပေါ်နေတာကို သိလာရတော့ မြောက်ဘက်က လေလေးတွေ အားကောင်းနေတာကို ပြသနေပြီး တောင်ဘက်က မုတ်သုံလေကတော့ မတိုးနိုင်ဘဲ အား လျော့နေတာကိုလည်း ပြသနေပါတယ်။

နေထီးဆောင်းရင်တော့ မကြာမီ မိုးရွာတတ်တယ်လို့ မိုးလေ၀သခန့်မှန်းရေးမှာတော့ ယူဆထားကြောင်းပါဗျာ။  ။

Author: မောင်ထွန်းလွင် (မိုးလေ၀သ)

7DAY DAILY

ကမ္ဘာတစ်ဝန်း နေထီးဆောင်း၊ လထီးဆောင်းပုံသဏ္ဌာန်များကို တွေ့ရစဉ်

ဧရာဝတီဘဏ်မှ ငွေကျပ် သိန်း ၅၀ ပိုထုတ်သွားမှု စတင်အမှုဖွင့်

ရန်ကုန်၊ မေ ၃၀

ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ ဧရာဝတီဘဏ်ခွဲတွင် လွန်ခဲ့သော နှစ်လခန့်က အမျိုးသမီးတစ်ဦးက ငွေကျပ် သိန်း ၅၀ ကို ပိုထုတ်ယူသွားပြီး ဘဏ်ကို ပြန်ပေးသွင်းခြင်း မရှိသောကြောင့် မေလ ၂၉ ရက်နေ့က ကျောက်တံတားမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

ပန်းဆိုးတန်းလမ်း အပေါ်ဘလောက် ရှိ ဧရာဝတီဘဏ်ခွဲတွင် မတ်လ ၇ ရက် မွန်းလွဲ ၁ နာရီခွဲက ကျောက်တံတားမြို့နယ် ၃၆ လမ်းတွင် နေထိုင်သူ အမျိုးသမီးမှာ ငွေစာရင်း ဖွင့်ကာ ငွေကျပ် သိန်း ၅၀ ပေးသွင်းစဉ် ဘဏ်၏ လက်ခံကောင်တာ၌ အသုံးပြုနေသော စက်မှားယွင်းမှု (Software Error) ကြောင့် ယင်းအမျိုးသမီး၏ ငွေစုစာအုပ်ထဲသို့ ငွေကျပ် သိန်း ၅၀ ကို နှစ်ကြိမ် စာရင်း ဝင်ရောက်ခဲ့ကြောင်း ယင်းဘဏ်ခွဲမန်နေဂျာ ဒေါ်မြင့်မြင့်ခိုင်က ပြောကြားသည်။

“သူ့ငွေစာရင်းကို စက်မှာ Enter လုပ်နေချိန် Connection ကျချိန်နဲ့ တစ်ပြိုင်တည်း ဖြစ်သွားတာ။ ပြီးတော့ ခြောက်စက္ကန့်ပဲ ကြာတယ်၊ Connection ပြန်တက်လာတော့ ဝန်ထမ်းက စာရင်း မဝင်သေးဘူး ထင်ပြီး စက်မှာ သူ့ငွေစာရင်းကို Enter ထပ်ခေါက်လိုက်တော့ ငွေစာရင်း နှစ်ကြိမ် ဝင်သွားခဲ့တာ။ ခြောက်စက္ကန့် အတွင်းမှာ ငွေစာရင်းသွင်းတာ နှစ်ခုကို စက်က မလုပ်ပေးနိုင်ဘူး။ ဒါကို ဘဏ်ဝန်ထမ်းတွေက သေချာ Check ပြန်မလုပ်ခဲ့တာကြောင့် ခုလို ငွေစာရင်း မှားပါသွားခဲ့ရတာ” ဟု ၎င်းက ရှင်းပြသည်။

ယင်းကဲ့သို့ ငွေစာရင်းသွင်း မှားယွင်းမှုကြောင့် ဘဏ်ငွေစု စာအုပ်တွင် ငွေကျပ် သိန်း ၁၀၀ စာရင်း ဝင်ရောက်ခဲ့ပြီး မိနစ် ၂၀ ခန့်အကြာ၌ အဆိုပါ အမျိုးသမီးက ဗိုလ်အောင်ကျော်လမ်းရှိ ဧရာဝတီဘဏ်ခွဲသို့ သွားရောက်ကာ ငွေကျပ် သိန်း ၁၀၀ ကို ထုတ်ယူသွားခဲ့သည်ကို ဘဏ်ငွေစာရင်း စစ်ချိန် ညနေ ၄ နာရီတွင် သိရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“Software Error ဆိုပေမယ့် အဓိက ဖြစ်ခဲ့ရတာက Connection ကြောင့်ပါ။ ဘဏ်ရဲ့ Software က Save ဖြစ်ကြောင်း အာမခံရဲတယ်။ ဘဏ်က အင်တာနက်နဲ့ ချိတ်ဆက် လုပ်နေရတာကြောင့် အင်တာနက်လိုင်း မကောင်းချိန် ဖြစ်ခဲ့တာ။ ဝန်ထမ်းတွေ ပြန် Check မလုပ်လို့ ဖြစ်ခဲ့တာကြောင့် ပေါ့လျော့မှု ထပ်မဖြစ်အောင် သွန်သင် ဆုံးမထားပါတယ်” ဟု ပန်းဆိုးတန်းလမ်းရှိ ဧရာဝတီဘဏ်ခွဲ မန်နေဂျာ ဒေါ်မြင့်မြင့်ခိုင်က ရှင်းပြသည်။

အဆိုပါ ငွေကျပ် သိန်း ၅၀ ပိုထုတ်ယူသွားသူ အမျိုးသမီးကို ဘဏ်တာဝန်ရှိသူများက ငွေများ ပြန်လည်ပေးသွင်းရန် ပြောဆိုခဲ့သောကြောင့် ယင်းအမျိုးသမီးက ၎င်းပိုထုတ်ယူခဲ့သည့် ငွေကျပ် သိန်း ၅၀ ကို ဘဏ်အား အရစ်ကျ ပြန်လည် ပေးသွင်းမည်ဟု သဘောတူခဲ့သော်လည်း ယနေ့အချိန်ထိ ပြန်လည်ပေးသွင်းခြင်း မရှိကြောင်း၊ ယင်းကြောင့် ဥပဒေအတိုင်း ဖြေရှင်းရန် မေလ ၂၉ ရက်နေ့က ကျောက်တံတားမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရှိရသည်။

အဆိုပါ ကျပ်သိန်း ၅၀ ပိုထုတ်ယူမှုကြောင့် အမှုဖွင့် တိုင်ကြားခံရသူ အမျိုးသမီး၏ နေအိမ်သို့ သွားရောက် မေးမြန်းခဲ့ရာ နေအိမ် သော့ပိတ်ထားသဖြင့် မေးမြန်းစုံစမ်းခွင့် မရရှိခဲ့ပေ။

ငွေကျပ် သိန်း ၅၀ ပိုထုတ်ယူခဲ့သူဟု တိုင်ကြားခံရသူ အမျိုးသမီးကို ကျောက်တံတားမြို့မ ရဲစခန်းက (ပ) ၂၁၈/၁၄၊ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဧရာဝတီဘဏ်မှ ဘဏ်ခွဲများနှင့် မီနီဘဏ်များ အပါအဝင် စုစုပေါင်း ဘဏ် ၂၁ ခုဖြင့် ဘဏ်လုပ်ငန်း တာဝန်များ ဆောင်ရွက်လျက် ရှိရာ Software Error ကြောင့် ငွေစုစာအုပ်တွင် မှားယွင်းကာ ငွေစာရင်း ပိုသွင်းမိသည့် ဖြစ်ရပ်မှာ ယခု ပထမဆုံးအကြိမ် ဖြစ်ကြောင်း အဆိုပါဘဏ်မှ သိရှိရသည်။

The Voice Weekly


ထိုင်း နိုင်ငံရေး လမ်းပြမြေပုံ ကြေညာ

 ထိုင်း နိုင်ငံရေး ပြုပြင်ရေးနဲ့ ရွေးကောက်ပွဲတွေ လုပ်နိုင်ဖို့ တနှစ်ကျော် ကြာနိုင်တယ်လို့ စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ကျန်းအိုးချားက ပထမဆုံး လူထုမိန့်ခွန်းမှာ ပြောပါတယ်။

နိုင်ငံရေး လမ်းပြမြေပုံ ပထမ အဆင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို မိသားစုအဆင့် ကနေ ရပ်ကွက်ကျေးရွာ ကအစ နိုင်ငံတော်အဆင့် အထိ လုပ်ဆောင်သွားမယ်။ အနည်းဆုံး အချိန် ၂ လ ၃ လလောက်တော့ ကြာမြင့်မယ်။ ပြီးရင်တော့ ဥပဒေပြုရေး အဖွဲ့ကို ဖွဲ့စည်းပြီး ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းမယ်။

လွှတ်တော်ဖွဲ့ပြီး ဖွဲ့စည်းပုံ ရေးဆွဲရေးနဲ့ နိုင်ငံရေးပြုပြောင်းလဲရေးကို အများအတွက် အကောင်းဆုံး အသင့်တော်ဆုံး ဖြစ်အောင် လုပ်ဆောင်မယ်။

အဲ့ဒါ အချိန် တနှစ်လောက်ကြာမယ်။ ဒီထက် မြန်မလား ကြာမလားက တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနဲ့ အားလုံး ပါဝင်မှုပေါ် မူတည်တယ်။

အဲ့ဒီနောက်မှာ တရားမျှတဲ့ ရွေးကောက်ပွဲတွေ လုပ်သွားမယ်လို့ ပြောသွား ပါတယ်။

၉ နှစ်ကြာ နိုင်ငံရေးတင်းမာမှု ပပျောက်အောင် ပြည်တွင်း လုံခြုံရေး တပ်ဖွဲ့က အမျိုးသား ပြန်လည်သင့်မြတ်ရေး ဌာနတွေ ဖွင့်သွား မယ်လို့ ဗိုလ်ချုပ်ကြီး က ပြောသွားပါတယ်။

ပြန်လည်သင့်မြတ်ရေး ဌာတွေကို စစ်တပ်က ထိုင်းတောင်ပိုင်းမှာ လုပ်ခဲ့ ပေမယ့် မအောင်မြင်ဘူး လို့ ပြောလို့ ရပါတယ်။

ဒါကို နိုင်ငံတော်အဆင့် လာသုံးမှာက အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာ ပြောဖို့တော့ စောပါတယ်။ ဒါပေမဲ့ လူပုဂ္ဂိုလ်တွေကြောင့် နိုင်ငံရေး တင်းမာမှု ဖြစ်တယ်ဆိုတာ စစ်တပ်က ယုံကြည်ပုံ ရပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ် အာဏာသိမ်း တုန်းက မူဝါဒ ဖွဲ့စည်းပုံကို ပဲ အဓိက ပြင်ပြီး ကန့်သတ် ချုပ်ချယ် ခဲ့ပါတယ်။ လူပုဂ္ဂိုလ် သင့်မြတ်ရေး မလုပ်ခဲ့လို့ အခု နိုင်ငံရေး တင်းမာမှုက သက်သေ ပြခဲ့ပါတယ်။

နိုင်ငံရေး တည်ငြိမ်ဖို့ ဆင်းရဲသားနဲ့ ချမ်းသာသူ ကြား တန်းတူညီမျှ အခွင့်အရေးရှိဖို့နဲ့ ဗဟို ချုပ်ကိုင်မှုတွေ လျှော့ပြီး အောက်ခြေ အုပ်ချုပ်ရေး အဖွဲ့အစည်း တွေကို လုပ်ပိုင်ခွင့်၊ ဘတ်ဂျက်ငွေ ခွဲဝေသုံးစွဲခွင့်တွေ ပိုပေးရမယ်။

လူတိုင်းအတွက် တရားမျှတမှု ရှိတယ်လို့ ခံစားရ မှပဲ တည်ငြိမ် နိုင်မယ်လို့ ကျူလာလောင်ကောင်း တက္ကသိုလ် နိုင်ငံရေးနဲ့ လုံခြုံရေး ဆိုင်ရာ သိပ္ပံ ဌာနက ပညာရှင် ဒေါက်တာ ပနိထမ်း ဝပ်ထနာ့ယားကောန်က ပြောသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

 ထိုင်းနိုင်ငံရေး တင်းမာမှု ပြေလျော့ဖို့ မလွယ်သေး

၃ နှစ်အရွယ်မိန်းကလေးအား မုဒိမ်းကျင့်ခဲ့ကြောင်း သံသယရှိနေသည့် သက်ကြားအိုကို မှတ်လောက်သားလောက် ဖြစ်စေရန် ငယ်ပါဖြတ်အပြစ်ပေး

နေရာဒေသတစ်ခုတွင် ရာဇ၀တ်မှု မကြာခဏ ဖြစ်ပွားနေခြင်း သည် ယင်းဒေသ၏ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေခြင်းကို ဖော်ပြ နေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ရာဇ၀တ်မှုများ လျော့ကျသွားစေလို လျှင် ရာဇ၀တ်ကောင်များ မှတ် လောက်သားလောက်ဖြစ်စေမည့် တင်းကျပ်ပြင်းထန်သော ပြစ်ဒဏ် များ မဖြစ်မနေ ပြဋ္ဌားန်ချမှတ် ရ မည်ဖြစ်သည်။ မုဒိမ်းမှုကျူးလွန်သူ တစ်ဦးအတွက် အထိုက်တန်ဆုံး ပြစ်ဒဏ်ချမှတ်ရန် ကမ်္ဘာအရပ်ရပ်၌ လူထုဆန်္ဒခံယူပွဲ ကျင်းပခြင်းမျိုး မရှိသေးသော်လည်း ဘရာဇီးလ်နိုင် ငံ၊ ဆော်ပေါ်လိုမြို့၊ ဆာဗာရင်းနီး ယားကျေးရွာတွင်မူ ကျေးရွာဥပဒေ ထိန်းသိမ်းရေးအဖွဲ့က သံသယရှိ မုဒိမ်းကောင်အား နှောင်းလူများ မုဒိမ်းမှုရှောင်ရှားစေရန် ရည်ရွယ် ချက်ဖြင့် ပြင်းပြင်းထန်ထန် အပြစ် ပေးခဲ့သည်။

ကျေးရွာမှ မြေးအရွယ် မျှရှိသည် အသက် ၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအား မုဒိမ်းကျင့် ခဲ့ကြောင်းသံသယရှိသဖြင့်သက်ကြား အို ဖရန်ဆစ်္စကိုဒီဆူဇာဒီ ကက်စ် ထရို ၆၆နှစ်၏ငယ်ပါကို ပိုင်းဖြတ် လိုက်ကြခြင်းဖြစ်ပြီး ထိုပြစ်ဒဏ် ကြောင့်ဆာဗင်းရင်းနီးယားကျေးရွာ တွင်နောက်နောင်မုဒိမ်းမှုပပျောက် သွားတော့ဖွယ်ရှိကြောင်း ဒေသခံ များကသုံးသပ်နေကြသည်။ ငယ် ပါအဖြတ်ခံခဲ့ရရုံမက လက်ချောင်း ၃ ချောင်းလည်း ပိုင်းဖြတ်ခံခဲ့ရ သေးသည်။ ဒဏ်ရာပြင်းပြင်းထန် ထန်ရရှိသွားသည့် ကက်စ်ထရိုကို အနီးအနား ဘာရက်စ်တိုးစ်မြို့Santa Casade Misericordia ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ခဲ့ကြ ရာ ငယ်ပါအား ပြန်ဆက်ပေးရန် ကြိုးစားခဲ့ကြသော်လည်း မအောင် မြင်ခဲ့ချေ။ ထို့ပြင် လက်ချောင်း များကိုလည်း ပြန်ဆက်ပေးနိုင်ခြင်း မရှိခဲ့သဖြင့် အသက်ကြီးမှ ရာဂ စိတ်ထကြွသောင်းကျန်းခဲ့သော ကက်စ်ထရိုအတွက်လူညွန့်တုံးကိန်း ဆိုက်စေခဲ့သည်။

ကက်စ်ထရိုသည် ကျေးရွာရှိ ၎င်းင်းအလုပ်လုပ်နေသည့် မွေးမြူရေးခြံတွင် အရွယ်မရောက် သေးသူ မိန်းကလေးတစ်ဦးကို မေ လ ၇ ရက်နေ့က သားမယားပြု ကျင့်ခဲ့ကြောင်း၊ ထိုနေ့ည နေအိမ် သို့ပြန်လာသည့် သမီးငယ်၏ ခန်္ဓာ ကိုယ်တွင်း မသင်္ကာစရာလက်္ခဏာ များ တွေ့ရှိခဲ့ပြီးနောက် မိခင်က သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ ကက်စ်ထရို၏ငယ်ပါကို မည်သူ တို့ ဖြတ်ခဲ့ကြကြောင်း မသိရသေး ချေ။ထိုသို့တိုက်ခိုက်ခံရစဉ် ကက်စ် ထရိုမှာ သတိရှိနေခဲ့သည်ဟု ရဲချုပ် မာဆယ်လိုပူပိုကပြောကြားခဲ့သည်။ မုဒိမ်းကျင့်ခံခဲ့ရသူ မိန်းကလေး၏ ဆေးစစ်မှုရလဒ်များကို မထုတ်ပြန် သေးသော်လည်း မုဒိမ်းကျင့်ခံခဲ့ရ ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ကယုံကြည် နေသည်။

၂၉-၅-၂၀၁၄ နေ့ထုတ် First Weekly News Journal မှ


တက္ကသိုလ်ဝင်တန်း အောင်စာရင်း ကြေညာမည့်ရက် ယခုရက်ပိုင်းအတွင်း ထုတ်ပြန်မည်

ရန်ကုန်၊ မေ ၃၀

ပညာရေး ဝန်ကြီးဌာနက ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ကြေညာမည့်ရက်ကို မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာနသို့ လာမည့် ဇွန်လဆန်းတွင် အကြောင်းကြားမည် ဖြစ်ပြီး ဇွန်လ ၇ ရက်နေ့တွင် အောင်စာရင်း ကြေညာနိုင်ဖွယ် ရှိကြောင်း ပညာရေး ဝန်ကြီးဌာန အသိုင်းအဝိုင်းက The Voice သို့ ပြောကြားသည်။

ယင်းအောင်စာရင်း ထုတ်ပြန်မည့်ရက်ကို ပညာရေး ဝန်ကြီးဌာနသို့ တင်သွင်းပြီး ဖြစ်သော်လည်း မေလ ၃၀ ရက်နေ့အထိ ပြန်လည် အကြောင်း မကြားသေးကြောင်း၊ အောင်စာရင်း ထုတ်ပြန်မည့် ရက်ကို ဇွန်လ ဒုတိယပတ် လျာထားကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ရန်ကုန်မြို့တော် ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က ပြောဆိုသည်။

“စာတင်ထားတုန်း ဆိုတော့ ၇ ရက်နေ့ ဆိုတာတောင် မသေချာဘူး။ ဒီတစ်ပတ်အတွင်း အကြောင်းပြန်မကြားရင် နောက်တစ်ပတ်လည်း ကူးနိုင်တယ်” ဟု မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က The Voice သို့ ထပ်လောင်း ပြောကြားသည်။

သို့သော် ပညာရေး ဝန်ကြီးဌာနက နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ဇွန်လ ဒုတိယပတ်တွင် ထုတ်ပြန် ကြေညာလေ့ ရှိသည်။

“၇ ရက်နေ့လို့လည်း ကြားတယ်။ ကျောင်းက ပြောတာတော့ မကြားသေးဘူး” ဟု ရန်ကုန်မြို့ရှိ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူ ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မဖြေဆိုမီက စာမေးပွဲ မေးခွန်းများနှင့် ပတ်သက်၍ အပြောင်းအလဲများ ပြုလုပ်မည့် သတင်းများ ထွက်ပေါ်နေသော်လည်း မတ်လ ၁၄ ရက် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မေးခွန်းပုံစံ ပြောင်းလဲခြင်း မရှိခဲ့ချေ။

၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြည်တွင်း၊ ပြည်ပ စာဖြေဌာနများမှ ဝင်ရောက်ဖြေဆိုသူ လေးသိန်းကျော် ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖြေဆိုသူ ကိုးသောင်းကျော် ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ဝင်ရောက် ဖြေဆိုသူ အများဆုံး ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly


မြန်မာနိုင်ငံသား နှစ်ဦးထံမှ ရှုပီး ၈ သိန်းကျော် တန်ဖိုးရှိ ဖောက်ခွဲပစ္စည်း ဖမ်းဆီ

 ပြီးခဲ့သည့် မေ ၂၇ ရက်နေ့က မီဇိုရမ်ပြည်နယ်ရှိ Mizoram Police CID (Crime) နှင့် Assam Rifles ပူးပေါင်းပြီး မြန်မာနိုင်ငံသားနှစ်ဦးထံ ရှုပီး ၈ သိန်းကျော်တန်ဖိုးရှိ ပေါက်ကွဲစေနိုင်သည့် ပစ္စည်း ဖမ်းဆီး ခဲ့တယ်လို့ သိရသည်။

ဖမ်းဆီးခဲ့သည့် အမျိုးအစားမှာ ဖေါက်ခွဲရာတွင် အသုံးပြုသည့် Special Ordinary Detonator cap 40000 ကျော်ဖြစ်ပြီး ပစ္စည်းပိုင်ရှင်ဟု ယူဆရသော ချင်းပြည်နယ် ဖလမ်းမြို့နယ်မှ Zabika (49) နှင့် ကလေးမြို့သား Thawnga (37) တို့နှစ်ဦးကိုပါ ဖမ်းဆီးခဲ့ပြီး အမှုဖွင့်ထားကြောင်းနဲ့ စစ်ဆေးမေးမြန်းဖို့ရန် ရဲလက်ထဲမှာ ရှိနေသေးတယ်လို့ ဒေသထုတ် သတင်းစာတွင် ဖော်ပြပါသည်။

ယခုဖမ်းဆီးထားသော လက်နက်အမျိုးအစားမှာ Gulf Oil Corporation Ltd. Explosive Division, Hyderabad ပြည်နယ်ရှိ ကုပ္မဏီမှ ထုတ်လုပ်ထားသည့် ပေါက်ကွဲစေသော စနက်တံဖြစ်သည်။

ယခုတလော တရားမ၀င်မှောင်ခိုပစ္စည်းများအနက် မြန်မာနိုင်ငံတွင် ရေပန်းစားနေသည်မှာ ဆူဒူဖီဒရင်စိတ်ကြွ ဆေးပြားဟု သိရသော်လည်း  ဖောက်ခွဲရာတွင် အသုံးပြုသော စနက်တံ ဟာလည်း  မှောင်ခို ရေပန်းစာလာတယ်လို့ အဆိုပါ သတင်းစာက ထပ်မံဖော်ပြထားပါသည်။

မီဇိုရမ်ရဲအရာရှိများ၏ ထွက်ဆိုချက်အရ ဒီလက်နက်အမျိုးအစားဟာ အိန္ဒိယနိုင်ငံမှ မီဇီုရမ်ပြည်နယ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံကို အကပ်လိုက်အကပ်လိုက် တရားမ၀င်တင်ပို့နေကြတယ်။ မြန်မာနိုင်ငံရှိ လက်နက်ကိုင် သူပုန်များ ထံသို့လည်း ရောင်း ချနေကြတယ်လို့ ပြောပါတယ်။

Detonator ဟာ ပေါက်ကွဲစေရာတွင်အသုံးပြုသည့် ပစ္စည်းတမျိုးဖြစ်သည်သာမဟုတ်၊ ဒီ ဒီတိုနီတာ ဟာ ပေါက်ကွဲမှု အားပြင်းတဲ့ လက်နက်တမျိုးဖြစ်ကြောင်း တတ်ကျွမ်းသူများက ပြောပါတယ်။

Khonumthung News Group.


နမ့်ခမ်းတွင် ဗုံးပေါက်ကွဲ၍ တစ်ဦးသေ တစ်ဦးဒဏ်ရာရ

 နမ့်ခမ်းမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွား ခဲ့ပြီးနောက် တစ်ဦးသေဆုံး၍ တစ်ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်မှ သတင်းရရှိသည်။

နမ့်ခမ်းမြို့နယ် နောင်ခမ် ကျေးရွာနှင့် ကောင်းဝိန်းကျေးရွာ ကြားတွင် အမည်မသိလက်နက် ကိုင်အဖွဲ့က  ထောင်ထားသော ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ မော်တော်ဆိုင်ကယ် စီးနင်းလာသော မူဆယ်မြို့နယ် နမ့်စန်ကျေးရွာမှ ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

၎င်းတို့ကို နမ့်ခမ်းပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကု သစေခဲ့သည်။ ၎င်းတို့နှစ်ဦးအ နက် ဒေါ်နန်းခင်ဌေးသည် မေလ ၂၉ ရက် ညက သေဆုံးသွားသည်ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ထိပ်တန်းအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

 နမ့်ခမ်းမြို့နယ်အတွင်း မကြာခဏ  ဗုံးပေါက်ကွဲမှုများ ဖြစ် ပွားနေသဖြင့်  လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေကြောင်း နယ်မြေခံတပ်မတော်စစ်ကြောင်းနှင့် နမ့်ခမ်းမြို့မပြည်သူ့စစ်အဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။

Author: အောင်ခိုင်
7DAY DAILY

17.10.2013 မနက်၇ နာ၇ီ အချိန်တွင် နမ့်ခမ်း မြို့ လည် ရှိ ဘုရားကြီး ရှေ့ ၌ ဗုံး တစ် လုံး ပေါက် ကွဲ ခဲ့စဉ်။

အိန္ဒိယ မုဒိမ်းမှု ရဲတွေ ကိုင်တွယ်ပုံ ဒေါသထွက်

 အိန္ဒိယ နိုင်ငံ မြောက်ပိုင်းမှာ အုပ်စုလိုက် အဓမ္မ ပြုကျင့်ခံခဲ့ရပြီး သစ်ပင်မှာ ဆွဲကြိုးချ အသတ်ခံခဲ့ရတဲ့ ဆယ်ကျော်သက် အရွယ် ဝမ်းကွဲ ညီအစ်မ ၂ ဦးအနက် တစ်ဦးရဲ့ ဖခင်ဖြစ်သူက ရဲကို သွားရောက် တိုင်ကြားရာမှာ ရဲအရာရှိတွေက သူ့ကို လှောင်ပြောင်ခဲ့တယ်လို့ ပြောပါတယ်။

အက်တာ ပရာဒက်ရှ် ပြည်နယ် ရွာတစ်ရွာက နေအိမ်ကနေ ညီအစ်မ ၂ ဦး ပျောက်သွားကြောင်း ဆွေမျိုးသားချင်းတွေက ရဲကို ဖုန်းဆက် အကူအညီ တောင်းဖို့ ကြိုးစားရာမှာလည်း ၁၂ နာရီကျော် ကြာအောင် ခေါ်မှ ရဲက ပြန်လည် ဖြေကြားခဲ့တယ်လို့ ဆွေမျိုးတွေက ဘီဘီစီကို ပြောပါတယ်။

အခုတော့ ဒီအမှုနဲ့ ပတ်သက်ပြီး အမျိုးသား ၃ ဦးကို ရဲက ဖမ်းဆီးထားတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။

အဖမ်းခံရတဲ့ အထဲမှာ ရဲသား တစ်ဦးလည်း ပါဝင်ပြီး သူ့ကိုတော့ တာဝန် ပျက်ကွက်မှုနဲ့ ဖမ်းထားတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

 ရဲတွေရဲ့ ကိုင်တွယ်ပုံကို ရွာသားတွေ ဒေါသထွက်

မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုသစ် မရှိကြောင်း မြန်မာငြင်းဆို

 မြန်မာ အစိုးရသစ် လက်ထက်မှာ မြောက်ကိုးရီးယား နိုင်ငံနဲ့ စစ်ရေး ဆက်ဆံရေး အသစ်တွေ မရှိတော့ပေမဲ့ အရင် မြန်မာ စစ်အစိုးရ ဟောင်းနဲ့ လုပ်ခဲ့တဲ့ စစ်ရေး ဆက်ဆံမှု အဟောင်းတွေတော့ ရှိနေဆဲ ဖြစ်တယ်လို့ မြန်မာ အကြီးတန်း အရာရှိ တဦးက ပြောပါတယ်။ မြန်မာနိုင်ငံဟာ မြောက်ကိုးရီးယားနဲ့ စစ်ရေး ဆက်ဆံရေး မပြတ်သေးတဲ့ အကြောင်း မနေ့ကဘဲ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ တဦးက ဗွီအိုအေကို ပြောဆိုခဲ့ပြီး နောက်နေ့မှာ မြန်မာ အစိုးရ အကြီးတန်း အရာရှိကြီးက အခုလို တုန့်ပြန် ပြောဆိုတာ ဖြစ်ပါတယ်။ အခြေအနေ အရပ်ရပ်ကို မသိဂီ င်္ထိုက်က တင်ပြပေးပါမယ်။

 မြန်မာနိုင်ငံဟာ မြောက်ကိုးရီးယားနဲ့ စစ်ရေး ဆက်ဆံမှု လုံးဝ မပြတ်သေးဘူး ဆိုတဲ့ သဘော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိ တဦးက ကြာသပတေးနေ့တုန်းက ဗွီအိုအေကို ပြောပါတယ်။ ဒါကို မြန်မာ အစိုးရဘက်က လည်း အတည်ပြုပါတယ်။

အရင် မြန်မာ စစ်အစိုးရ လက်ထက်တုန်းက နိုင်ငံတကာရဲ့ ဒဏ်ခတ် ပိတ်ဆို့မှု ခံရစဉ်တုန်း က မြောက်ကိုးရီးယား နိုင်ငံနဲ့ စစ်ရေး နည်းပညာပိုင်းဆိုင်ရာ ဆက်ဆံခဲ့ရတာတွေဟာ အခုချိန်ထိ မပြတ်သေးတဲ့ အကြောင်း မြန်မာ အကြီးတန်း အရာရှိ တဦးက ပြောပါတယ်။

 “နံပတ်တစ် အချက်က မြောက်ကိုးရီးယား-မြန်မာ ဆက်ဆံရေးက အရင်တုန်းက ကျနော်တို့ နိုင်ငံကို အားလုံးပိတ်ဆို့ထားတဲ့အချိန်မှာ ရှိခဲ့တယ်။ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတချို့ပေါ့နော်။ စစ်ရေးဆိုင်ရာဆိုတာ နည်းပညာ၊ လက်နက် တချို့ဟာတွေ ရှိခဲ့တယ်။ အဲ့ဒီ့အပေါ်မှာ Contract တွေ ရှိခဲ့တယ်။ နံပတ်(၂) အချက်က ဒီသမ္မတကြီးလက်ထက်မှာ မြောက်ကီုးရီးယားနဲ့ စစ်ရေးဆက်ဆံမှုတွေ မလုပ်တော့ဘူး ဆိုတဲ့ဟာမျိုး ဆောင်ရွက်ခဲ့ တယ်။ နောက်တချက်က ကျနော်တို့ လုံခြုံရေးကောင်စီ ၁၈၇၄ အပါအဝင် လုံခြုံရေးကောင်စီရဲ့ အဆုံးအဖြတ်တွေကို လိုက်နာတယ်။ သို့သော် တချက်က နံပတ်(၃) အချက်အနေနဲ့ အရင်တုန်းက ချုပ်ခဲ့တဲ့ စာချုပ်အဟောင်းတွေက အမျှင်မပြတ်တာတွေ၊ တချို့ ရှိကောင်းရှိလိမ့်မယ်။ အဲ့တာကိုလည်း သမ္မတကြီး အစိုးရလက်ထက်မှာ စာချုပ်အသစ် ချုပ်ဆိုခြင်းမရှိဘူး။ အသစ် နည်းပညာ၊ လက်နက် လွှဲပြောင်းခြင်း မရှိတော့ဘူး။”

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ဒီရက်ပိုင်း အတွင်းကဘဲ အမေရိကန် West Point စစ်တက္ကသိုလ်မိန့်ခွန်းထဲ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ သူ့မဟာမိတ်တွေနဲ့ ထိစပ်ဆက်ဆံဖို့ မြောက်ကိုရီးယားနဲ့ မိတ်ဖက် အဖြစ်ကနေ ခြေလှမ်းခွာလာပြီလို့တော့ ပြောဆိုခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံဟာ မြောက်ကိုးရီးယားတို့နဲ့ စစ်ရေး ဆက်ဆံရေး လုံးဝ ပြတ်သွားတာမျိုး မဟုတ်သေးဘူး ဆိုတဲ့သဘောပြောဆိုပြီး မြန်မာ အစိုးရ အနေနဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ လက်နက်ရောင်းဝယ်မှုတွေကို တားမြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၇၁၈၊ ၁၈၇၄၊ ၂၀၈၇ နဲ့ ၂၀၉၄ တို့ကို လေးစား လိုက်နာဖို့ဖြစ်တယ် လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဆိုပါတယ်။

ဒီ ကုလ ဆုံးဖြတ်ချက် အရ မြောက်ကိုးရီးယားနဲ့ ဘယ်လို အမျိုးအစား လက်နက် မဆို ကုလ အဖွဲ့ဝင် နိုင်ငံများ အနေနဲ့ ကုန်သွယ်မှုကို တားမြစ်ထား တာပါ။ မြန်မာအစိုးရ အကြီးတန်း အရာရှိတဦး ကလည်း မြန်မာ အနေနဲ့ မြောက် ကိုးရီးယားနဲ့ စစ်ရေး ဆက်ဆံမှု လက်ကျန် စာချုပ်တွေ အမြန်ဆုံး ပြီးပြတ်သွားဖို့ လုပ်ဆောင်နေပါတယ်လို့ ဆိုပါတယ်။

“အဲ့တော့ ခြုံပြီး ပြန်ပြောရရင်တော့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အပြည့်အဝ လိုက်နာလျက်ရှိတယ်။ အရင်တုန်းက မပြီးပြတ်သေးတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့လည်း အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုတွေ ထပ်တိုးပြီးတော့ လုပ်သွားတာတွေရှိတယ်။ အဲ့တော့ ခြုံပြီးပြောမယ်ဆိုရင် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို လိုက်နာတယ်။ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ထပ်မံ ဆောင်ရွက်ခြင်းမရှိဘူး။ စာချုပ်စာတမ်း အသစ်တွေ ထပ်မံချုပ်ဆိုခြင်း မရှိဘူး။ အလားတူပဲ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုံးဝ မရှိသလောက်ဖြစ်အောင် ဦးတည်ဆောင်ရွက်နေတယ်။”

မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒ ကျင့်သုံးပြီး ဆက်ဆံရေး ပြန်လည် လုပ်ဆောင်လာတဲ့ အမေရိကန် ပြည်ထောင်စုဟာ အရင်က ဒဏ်ခတ်ပိတ်ဆို့မှု တချို့ကို ဖြေလျှော့ပေးလာခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်တုန်း ကဘဲ မြောက်ကိုရီးယား နိုင်ငံကနေ စစ်သုံးပစ္စည်းတွေ မ၀ယ်ယူဖို့ ကန့်သတ်ထားတဲ့ ကုလသမဂ္ဂရဲ့ တားဖြစ်ချက်ကို ချိုးဖောက်တယ်ဆိုပြီး ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးရုံးရဲ့ အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးကို အရေးယူဒဏ်ခတ်မှု အသစ် ချမှတ်ခဲ့ပါသေးတယ်။

သိင်္ဂီထိုက် (ဗွီအိုအေ မြန်မာပိုင်း)

မြောက်ကိုရီးယား (Dumangang) သင်္ဘော ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှာ ဆိုက်ကပ်လာ။ ( ဇူလိုင် ၅၊ ၂၀၀၉၊ တနင်္ဂနွေ)။

ဘင်္ဂလား နယ်စပ် ပဋိပက္ခ မြန်မာအစိုးရ စုံစမ်းမည်

  ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နယ်စပ်မှာ ဒီသီတင်းပတ်ထဲ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးကို မြန်မာဘက်က ဖမ်းဆီး သွားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတဲ့ အကြောင်း မြန်မာ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တယောက် သေဆုံးကောင်း သေဆုံးသွားနိုင်တဲ့ အထိ ဖြစ်ခဲ့တဲ့ လုပ်ရပ်နဲ့ အပေါ်မှာတော့ ဘင်္ဂလားဒေ့ရှ်က ပြင်းပြင်းထန်ထန် သတိပေးခဲ့တာပါ။ အကြောင်းစုံကိုတော့ မအင်ကြင်းနိုင် ပြောပြမှာပါ။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ နယ်စပ်က မြန်မာတပ်ဖွဲ့ဝင်တွေရဲ့ စတင်ပစ်ခတ် မှုကြောင့် ပဋိပက္ခဖြစ်ပွားပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် တယောက်ပျောက် ဆုံးနေတဲ့ အတွက် မြန်မာနိုင်ငံကို ဖြေရှင်းပေးဖို့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ မြန်မာအစိုးရကတော့ ပြန်လည် စိစစ်နေတယ်လို့ ပြော ပါတယ်။ မြန်မာ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ မေလ (၂၈)ရက်နေ့က မောင်တောမြို့နယ် နယ်စပ် ပစ်ခတ်မှုမှာ လက်မောင်း တံဆိပ်မပါ အ၀ါရောင်ပြောက်ကျား ၀တ်ဆင်ထားတဲ့ သူ(၁)ဦးသေဆုံးပြီး လက်နက်တွေ သိမ်းဆည်း ရမိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ရှေ့တန်း ခမရ (၃၅၂) စစ်ကြောင်း (၁)က ဗိုလ်ဇော်မိုးအောင် ဦးဆောင်တဲ့ တပ်စိတ် တစ်စိတ်ဟာ လုံခြုံရေး ကင်းပုန်းဝပ်နေတဲ့ အချိန်မှာ ဘင်္ဂလီနှစ်ဦး က မြန်မာ နယ်စပ်ခြံစည်းရိုး ပေ (၈၀၀)လောက် အထိရောက်လာတဲ့အတွက် လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ စွပ်စွဲချက်ကို သက်ဆိုင်ရာက စတင်စုံစမ်းနေတဲ့ အကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တယောက်က ဗွီအိုအေကို ပြောပါတယ်။

"စီစစ်နေဆဲပါပဲ။ ဒီဟာကို ကျနော်တို့ကတော့ သတင်းစာထဲမှာ အဲ့ဒီ့ဖြစ်စဉ်နဲ့ မောင်တောမှာ ဖြစ်စဉ်နဲ့ လူတစ်ယောက်သေဆုံးပါတယ်။ ဘာညာတော့ ကျနော်တို့ သတင်း ထုတ်ပြန်ပြီးဖြစ်ပါတယ်။ အဲ့ဒီ့ဟာနဲ့ ပတ်သက်လို့ ကျနော်တို့ ထပ်ပြီးတော့ သူတို့ပြောတဲ့ စစ်သား ဟုတ် မဟုတ်ဆိုတာ ကျနော်တို့ စိစစ်နေဆဲ အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ကျနော်တို့က နှစ်ဖက်ဆက်သွယ်ပြီးတော့ ဒီကိစ္စတွေကို အရေးယူဆောင်ရွက်နေ ပါတယ်။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ သေဆုံးသွားဖွယ်ရှိတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်ကို ပြန်ပေးဖို့နဲ့ တိုက်ခိုက်မှုဟာ ရန်လိုတဲ့ လုပ်ရပ် အဖြစ်နဲ့ ပြင်းပြင်း ထန်ထန် တုန့်ပြန်ခဲ့ကြောင်းလည်း ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံရုံး တာဝန်ရှိသူတဦးကို ကိုးကားပြီး မြန်မာ တိုင်းမ်စ် သတင်းက ဖော်ပြခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေ ကင်းလှည့်နေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကို စတင်
ပစ်ခတ်ခဲ့တယ်လို့ ရန်ကုန်မြို့က ဘင်္ဂလားဒေ့ရှ်သံရုံး တာဝန်ရှိသူ က ပြောဆိုခဲ့တာပါ။ ဘင်္ဂလားဒေရှ့်ဘက်တော့ သူတို့ ရဲ့နယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးကို မြန်မာဘက်က ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ စွပ်စွဲထားပြီး သူ့ကို ပြန်ပေးဖို့ ဒါကာမြို့တော်က မြန်မာ သံအမတ်ကြီးကို အကြောင်းကြားထားတဲ့ အကြောင်း သတင်းမှာဖေါ်ပြထားပါတယ်။

ပဋိပက္ခဖြစ်ပွားပြီးနောက်မှာတော့ အခုအခါ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်မှာ လုံခြုံရေးတွေ တိုးမြှင့်ထားတယ်လို့လည်း ဒက္ကားမြို့ အခြေစိုက် ကုလားတန် သတင်းဋ္ဌာနရဲ့ အယ်ဒီတာ ကိုတင်စိုးကပြောပါတယ်။

"တင်းမာမှုတွေကတော့ ရှိတယ်။ တိုးလာတယ်။ အရင်ကတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ်ဘက် ကတော့ မြန်မာပြည်နဲ့ ချစ်ချစ်ခင်ခင်နဲ့ နေချင်တယ်ဆိုတာ လွန်ခဲ့တဲ့ လ အစည်းအဝေး ကွန်ဖရင့် လုပ်တုန်းကတော့ သူတို့ ပြောတယ်ဗျ။ သူတို့ ဘယ်လို လိုက်လျောမယ်။ မြန်မာက ဘယ်လိုလိုက်လျောမယ်။ နယ်စပ် လုံခြုံရေးကို ဘယ်လိုလုပ်မယ် ဆိုတာ အဲ့ဒီ့ဟာတွေကို သူတို့ပြောကြ တာ။ ပြောနေကြတယ် ဒီလိုဟာတွေကို ဒီလိုသိလာတော့ သူတို့လူကို သူတို့ လိုချင်တယ် ဆိုပြီး တောင်းနေကြတယ်ဆိုတော့ ဒီနယ်စပ် ဘက်က လူတွေက ကြောက်လန့်ပြီးတော့ ထွက်လာကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်တပ်ဘက်က တစ်ခုခုပစ်ရင် သူတို့ပဲ ခံနေရမယ်ဆိုပြီး သူတို့ရှောင်ပေးတဲ့ ပုံစံမျိုးပေါ့။ "

ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်ဒေသမှာ  နှစ်ဘက်တင်းမာမှုတွေမြင့်နေချိန်မှာ အခုလို မတော်တဆ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။ မေလ (၁၇)ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာကို တရားမ၀င် ခိုးဝင်လာတဲ့ လက်နက်ကိုင် တစ်စုကနေ မြန်မာ နယ်ခြားစောင့်တပ်ကို တိုက်ခိုက်ခဲ့ပါတယ်။

အင်ကြင်းနိုင် (ဗွီအိုအေ မြန်မာပိုင်း)

ဘင်္ဂလားဒေရှ် မောင်တောနယ်စပ် PB 51 and PB 52 ကြား စစ်ပွဲဖြစ်ခဲ့တဲ့ နယ်စပ်။

မြန်မာနဲ့ ဘင်္ဂ္လားဒေ့ရှ် နယ်စပ်မှာ တိုက်ပွဲထပ်ဖြစ်

 မေလ အတွင်းမှာမကြာခဏ တိုက်ပွဲတွေ ဖြစ်ခဲ့လို့ တင်းမာနေတဲ့ မြန်မာ နိုင်ငံ နဲ့ ဘင်္ဂ္လားဒေ့ရှ် နယ်စပ်မှာ မေလ ၃၀ ရက်နေ့ ညနေ က တိုက်ပွဲ ထပ်မံ ဖြစ်ခဲ့ပြန် ပါတယ်။

ဘင်္ဂ္လားဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်း ဘင်ဒရိုဘင် ခရိုင်မှာ ညနေ ၄ နာရီလောက်က အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဘင်္ဂ္လာဒေ့ရှ် နယ်ခြားစောင့် တပ်မှူး Col KM Saiful Islam ကို ကိုးကားပြီး ဘင်္ဂ္လာဒေ့ရှ် သတင်း မီဒီယာတွေမှာ ဖေါ်ပြပါတယ်။

တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာဟာ မြန်မာ ဘက်က မောင်တောမြို့နယ် မြောက်ပိုင်းမှာ ဖြစ်ပါတယ်။

တိုက်ပွဲက ၄၅ မိနစ်ခန့် ကြာပြီး အသေ အပျောက် သတင်းတွေနဲ့ ပတ်သက်လို့တော့ မသိရသေးပါဘူး။

သူတို့ဘက်က နယ်ခြား စောင့်တပ်ဖွဲ့ အရာရှိ တစ်ယောက် ပျောက်ဆုံး နေတယ်လို့ ဘင်္ဂ္လားဒေ့ရှ် နိုင်ငံက ပြောနေတဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မေလ ၂၈ ရက်နေ့က နှစ်ဘက် တိုက်ပွဲ ဖြစ်အပြီး အခုတဖန် တိုက်ပွဲ ဖြစ်ပွားတာပါ။

အဲဒီနေ့က တိုက်ပွဲမှာ မြန်မာ ဘက်က RSO သူပုန် အဖွဲ့က လို့ ယူဆရသူ တစ်ယောက်ကို အသေဖမ်း မိထားပြီး အလောင်း ကလည်း မြန်မာဘက်မှာ ရှိနေတယ်လို့ မြန်မာအစိုးရ ဘက်က ပြောပါတယ်။

အဲဒီ သေဆုံးသူနဲ့ ပတ်သက်လို့ နှစ်နိုင်ငံဘက်က ပြောဆိုမှုတွေ ကတော့ ကွဲလွဲနေပါတယ်။ သေဆုံးသူ အလောင်းကို စစ်ဆေးဖို့နဲ့ ပတ်သက်လို့ ဘင်္ဂ္လားဒေ့ရှ်ဘက်က မြန်မာ နယ်ခြား ကော်မီတီကို ဆက်သွယ် အကြောင်းကြားလာတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့ ဒုတိယ ညွှန်ကြားရေး မှူး ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။

အခုလို တိုက်ပွဲတွေ ဖြစ်ပွားတဲ့ အတွက် နှစ်ဖက် နယ်စပ် အခြေအနေ တင်းမာနေလို့ ဒေသခံတွေက စိုးရိမ်ပူပန် နေကြပေမဲ့ ရဲမှူးကြီး မင်းအောင်ကတော့ ဒီကိစ္စကို နယ်စပ် လုံခြုံရေး တာဝန်ခံတွေ ဖြေရှင်း လိုက်ရင် ပြေလည် သွားမှာပါလို့ ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

 RSO သူပုန် အဖွဲ့က မြန်မာနဲ့ ဘင်္ဂ္လားဒေ့ရှ် နယ်စပ်မှာ လှုပ်ရှား တယ်လို့ဆို

နိုင်ငံခြားသားတွေ မြန်မာအမည်ခံပြီး စီးပွားရေးလုပ်

 မြန်မာ နိုင်ငံမှာ နိုင်ငံသား အမည်ခံနဲ့ နိုင်ငံ ခြားသား ရင်းနှီး မြှုပ်နှံ သူတွေ ရှိနေ တာကို ဖေါ်ထုတ် အရေးယူ ပေးဖို့ ပြည်သူ့ လွှတ်တော်မှာ မေးခွန်း မေးမြန်း ခဲ့ပြီး၊ အစိုးရ တာဝန်ရှိသူက လာရောက် ဖြေကြားခဲ့ ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် အမတ် သူရ ဦးအောင်ကို ကနေ မေးခဲ့တာ ဖြစ်ပါတယ်။ ဒါကို ဘဏ္ဍဍာရေး ဝန်ကြီး ဦးဝင်းရှိန် ကနေ ပြန်လည် ဖြေကြား ခဲ့တာပါ။

စစ်ဆေးချက် အရ နိုင်ငံခြားသား ၉ ကနေ၂၁ ဦး အထိ ဟာ နိုင်ငံသား ပုံစံနဲ့ စီးပွားရေးတွေ လုပ်နေကြောင်း၊ အဲဒီ အတွက် သူတို့ကို နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှု အဖြစ် ပြန် မှတ်ပုံတင် ခိုင်းတယ်လို့ ဆိုပါတယ်။

အဲဒီ သူတွေဟာ မြန်မာ နိုင်ငံသား ပုံစံမျိုး လုပ်ကိုင် နေတာ ဖြစ်လို့ အခွန်ငွေ အများကြီး သက်သာ နေတာ ဖြစ်တယ်လို့ ပြန်သူ့ လွှတ်တော် အမတ် ဦးရဲထွန်းက ရှင်းပြ ပါတယ်။

သူတို့ဟာ အဝတ် အထည်ချုပ် လုပ်ငန်းတွေ အများဆုံး လုပ်ကိုင် တာကို တွေ့ရတယ် လို့လည်း သူက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

 မြန်မာ နိုင်ငံသား ပုံစံမျိုး လုပ်ကိုင် နေတာ ဖြစ်လို့ အခွန်ငွေ အများကြီး သက်သာ နေ

မှုခင်းကြိုတင်ကာကွယ်ရေးအတွက်ဟုဆိုကာ မိန်းမလျာများအား ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေး

မုံရွာ၊ မေ ၃၀

 စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ ရုံကြီးရပ်ကွက်၊ ကန္နားလမ်း၊ ကျောက်ဆောင် ဆိပ်ကမ်းနေရာ ချင်းတွင်း မြစ်ဘေးတွင် ညဦးယံအချိန်များ၌ လာရောက် အပန်းဖြေ အနားယူလျက်ရှိသော မိန်းမလျာများအား မှုခင်းကြို တင်ကာကွယ်ရေး လုပ်ငန်းများအတွက် လှည့်ကင်း ရဲအဖွဲ့များက ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း မုံရွာမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းမှ ပြောပြသည်။

ထိုသို့ ဆောင်ရွက်ရခြင်းမှာ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်နိုင်ဘွယ်ရာအကြောင်းများရှိသည့်အတွက် ယင်း ကဲသို့ခေါ်ယူစစ်ဆေးခဲ့ရခြင်းဖြစ်သည်ဟု ရဲမှူး ကြူအင်းမှ ဆိုသည်။

မုံရွာမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းမှ ညဦးပိုင်းလှည့်ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များစုပေါင်းကာ ပြစ်မှုကျူးလွန်းနိုင်ဘွယ်ရာ အခြေအနေရှိသည်ဟု ယူဆရသည့် မသင်္ကာသူများကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ရှေ့မှောက်တွင် ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြီးနောက် ပြန်လည်လွတ်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

လှည့်ကင်းရဲတပ်ဖွဲ့ဝင်များမှ မသင်္ကာဖွယ်ရာ အခြေအနေရှိသူများအား မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်း များအတွက် ခေါ်ယူစစ်ဆေးမေးမြန်းမှုများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သော်လည်း မုံရွာမြို့ပေါ်ရှိ ဖုန်းဟန်း စက် အရောင်းဆိုင်အချို့နှင့် နေအိမ်အချို့ ဖောက်ထွင်းခိုးယူခံရသည့် ပြစ်မှုဖြစ်စဉ်များအတွက် စုံးစမ်းဆဲ ကာလသာလျင်ဖြစ်ကြောင်း နယ်ထိန်းရဲအရာရှိတစ်ဦးထံမှ သိရသည်။

ထိုမျှမက ယာဉ်အချက်ပြ အယ်အီးဒီ မှိတ်တုတ် မီးခွက်များ ရိုက်ချိုးဖျက်စီးခံရသည့် အမှုများလည်း ဖော် ထုတ်အရေးယူနိုင်ခြင်းမရှိသေးကြောင်း အမှတ်(၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာတပ်ဖွဲ့ခွဲမှူးရုံးမှ သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး (Facebook)


မောင်တောမှ နာမည်ကြီး ဘင်္ဂါလီ ဓားပြခေါင်းဆောင်ကို လက်နက်နှင့်အတူ ဖမ်းမိ

 မောင်တောမြို့၌မေလ ၂၅ ရက်က ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် နာမည်ကြီးနေသော ဘင်္ဂါလီလူမျိုးဓားပြတစ်ဦးကို  သေနတ်နှင့် ကျည်ဆန်အပါအဝင်သက်သေ ခံပစ္စည်းများနှင့်အတူအလယ်သံကျော် ကျေးရွာရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။

 အဆိုပါဓားပြခေါင်းဆောင် အဒူလာကိန်းမှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေပိုင်နက်အတွင်း ကုန် သည်များနှင့် ငါးဖမ်းသူများအား စီးနင်းကာ ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းများအပြင် လူသတ်မှုနှင့် ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ပြီး ရဲတပ်ဖွဲ့ကလိုအပ်နေသူတစ်ဦးဖြစ်သည်။ မေလ ၂၃ ရက်က မောင်တောမြို့နယ် ဦးဒေါင်း ကျေးရွာအုပ်စု ဇုံမာကျေးရွာနေ ဘင်္ဂါလီလူမျိုးမာမောက်ရော်ဆိန်းဆိုသူထံ  ဓားပြခေါင်း ဆောင် အဒူလာကိန်းကဖုန်းဆက် ပြီး ငွေကျပ်နှစ်သိန်းပေးရန်နှင့် မပေးပါက မာမောက်ရော်ဆိန်း၏ မိသားစုကိုသတ်ပစ်မည်ဟု ခြိမ်း ခြောက်သည်ဟု ဆိုသည်။

သို့ရာတွင် ငွေမပေးနိုင်ဟု မာမောက်ရော်ဆိန်းက ပြန်လည် အကြောင်းပြန်သော်လည်း အဆို ပါဓားပြမှာ မေလ ၂၅ ရက်က နေအိမ်အထိလိုက်လာကာ ကျပ် နှစ်သိန်းကို မရမကတောင်းယူ ခဲ့သည်။ မာမောက်ရော်ဆိန်းက မောင်တောမြို့နယ် အလယ်သံကျော်ရဲစခန်းသို့ ယင်းကိစ္စကိုလာရောက်တိုင်ကြားသဖြင့်  သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူးအဖွဲ့က ၎င်းနေအိမ်သို့ ဝင်ရောက်ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။

အဆိုပါဓားပြခေါင်းဆောင် ၏ နေအိမ်အတွင်းမှ ပြောင်းအရှည် လေးလက်မခန့်ရှည်လျားသော လက်လုပ်တစ်တောင့်ထိုးကျည် သေနတ်တစ်လက်၊ GFL7.65MM စာတန်းပါကျည်ဆန်တစ်ထောင့်၊ ပွိုင့်32PMC တံဆိပ်ပါကျည်ဆန် တစ်တောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သုံး Gramee ဆင်းမ်ကတ်တစ် ကတ်တို့ကိုပါ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ ‘‘အသေးစိတ်စစ်ဆေး နေပါတယ်။ ဒါ့အပြင် သူ့ရဲ့ နောက်လိုက်တွေကိုလည်း ထပ်ဖမ်းနိုင်အောင် ဆက်လိုက်နေကြတယ်။ ဒီလူက အမှုပေါင်းစုံကို ကျူးလွန်ထားတာပါ’’ဟု အလယ်သံကျော်နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးက ပြောသည်။

Author: မောင်မိုးသက်
7DAY DAILY


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ