မူကြိုထဲမှာ သားကိုမထားခဲ့နဲ့

 ကျွန်မတော်တော် စိတ်ဆင်း ရဲပါတယ်။ ဒီတာဝန်ကို အလွယ်တကူ ခေါင်းညိတ် လိုက်မိတာကိုက ကျွန်မရဲ့အမှား။ ဒီလောက်ခက်ခဲမယ်မှန်းမှ မသိခဲ့ဘဲ။ အခုတော့ ရုပ်ပျက်ဆင်းပျက် ဣနြေ္ဒမဲ့။ ကျွန်မ ထဘီစကိုမလွှတ်တမ်း ကျစ်ကျစ်ပါအောင်ဆွဲထားပြီး မျက်ရည်တွေနှပ်တွေနဲ့ ငိုယိုနေတဲ့ကျွန်မတူလေး။

‘‘ကြီးကြီး သားကိုမထားခဲ့နဲ့။ ပြန်လိုက်မယ်။ မူကြိုထဲမှာ သား ကိုမထားခဲ့နဲ့’’စိတ်ညစ်လိုက်တာ။ ဆရာမတွေကို အားနာလို့အတင်း အဓမ္မထားခဲ့ပြီး ကျောင်းပြင်ရောက် ခဲ့ပေမယ့် မြင်ကွင်းတွေကမျက်စိ ထဲကမထွက်။ တူတော်မောင်ငို နေသလို အရင်ရောက်နှင့်နေတဲ့ ကလေးတွေ အတော်များများ လည်း အငိုမျက်နှာတွေနဲ့။ မနေ့ကသူ့အမေလာပို့တုန်းကလည်း အဲဒီ လိုငိုလို့ ကြီးတော်ဆိုရင်ကြောက် တော့ ငိုရဲမှာမဟုတ်ဘူးဆိုပြီး ကျွန်မလက်အပ်လိုက်တာ။ မထူး ပါဘူး။ ကလေးမှမပျော်ဘဲ။ သူမှ မသွားချင်ဘဲ။

တကယ်တော့ ဒီကလေးသုံး နှစ်ပြည့်တာ တစ်ပတ်ပဲရှိသေး တယ်။ မိဘနဲ့ခွဲပြီး နေရာအသစ် မှာ လူစိမ်းတွေနဲ့ ဘယ်နေချင်ပါ့ မလဲ။ အိမ်မှာက အိပ်ချင်တဲ့အချိန် အိပ်၊ ဆော့ချင်သလိုဆော့၊ စား ချင်တာပူဆာ။ ကျောင်းဆိုတာက အချိန်နဲ့ကျွေး။ အချိန်တန်အိပ်။ ဆော့ရမယ့်အချိန်ဆော့ အချိန် ဇယားနဲ့။ ခက်တာက မိဘတွေ ခမျာလည်း လင်ကိုယ်မယားနှစ် ယောက်လုံးဝန်ထမ်းတွေ။ တစ်လလုပ်တစ်လစား အလျဉ်မီရုံ။ အိမ် မှာကလေးထိန်းတွေ၊ အိမ်ဖော်တွေနဲ့မထားနိုင်တော့ သုံးနှစ် မပြည့်ခင် ကလေးကို နှစ်ဖက်မိဘအိမ်တစ်လှည့်စီ အကူအညီတောင်းထိန်းခိုင်း။ သုံးနှစ်ပြည့်တာနဲ့ မူကြိုကျောင်းပို့ကြရတော့တယ်။

အခုခေတ် ရန်ကုန်မြို့မှာ လူလာဖြစ်ရတဲ့ကလေးတွေဟာ အတော်သနားစရာ ကောင်းပါ တယ်။ လူဖြစ်မယ်မကြံသေးဘူး။ ကျောင်းအပို့ခံရပြီ။ အဘိုး၊အဘွား ရင်ခွင်မရှိ။ ညအိပ်ရာဝင်ပုံပြင်ဆို တာ ဘာမှန်းမသိ။ နေရတဲ့အိမ်ကို က စာကလေးအသိုက်လိုခေါင်း လွတ်ရုံ တစ်ဝဂူတိုက်ခန်းကျဉ်း လေးတွေ။ မူကြိုကျောင်းတွေ ကလည်း အစိုးရမူကြိုကလွဲရင် တိုက်ခန်းတွေထဲမှာဖွင့်ကြတာ များတယ်။ ဆိုင်၊ မဆိုင်တော့ မသိပေမယ့် တွေးမိတယ်။ အခုခေတ်လူငယ်တွေ  တစ်ကိုယ်ကောင်းဆန်လာတာ၊ မေတ္တာ တရားတွေခေါင်းပါးလာတာ၊ အတွေးအခေါ်တွေကျဉ်းမြောင်းလာတာ ဒီလိုတိုက်ခန်းထဲက မူကြိုတွေဆီမှာများ မြစ်ဖျားခံလာသလားလို့။

ကျွန်မတို့ငယ်ငယ်ကတော့ ကျောင်းဆိုတာ ငါးနှစ်ကျော်မှ တက်ရတာ။ တချို့သူငယ်ချင်း တွေ ခြောက်နှစ်ကျော်မှ။ မြန်မာ့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဆို မောင်နှမကိုးယောက်ထဲမှာအငယ်ဆုံးမို့ မိခင်ဒေါ်စုကအချစ်ဆုံး။ အမေချစ်သားမို့ အမေ့နား ကပ်ချွဲနေတာတဲ့။ မောင်အောင်ဆန်းကိုကျောင်း ထားတော့ အသက်ရှစ်နှစ်လို့ဖတ်ဖူးပါတယ်။

အခုမျက်မှောက်ခေတ် ကျွန်မတို့ကလေးလေးတွေကို ကြည့်လိုက်စမ်းပါ။ အိမ်ထောင်တစ်ခုမှာ မဖြစ်မနေ လိုချင်လို့ယူ လည်း ကလေးတစ်ယောက်ထက် ပိုမမွေးဘူး။ အဘက်ဘက်က ကျပ်တည်းနေတဲ့ကာလကြီးမှာ မွေးချင်းမောင်နှမမရှိ။ မနက်လင်းတာနဲ့ မိဘနှစ်ပါးကအလုပ်သွား၊ ကလေးက မူကြိုကားပေါ်ပါသွား။ သနားစရာလေးတွေ။ အစိုးရမူကြိုကျောင်းတွေကတော့ ကျယ်ဝန်း ပါရဲ့။ ဒါပေမဲ့ ကျောင်းအရေ အတွက်နဲ့ ကျောင်းသားမမျှတော့ လိုအပ်ချက်အရ ရပ်ကွက်တွေထဲ  ပုဂ္ဂလိကမူကြိုကျောင်းတွေ မှိုလိုပေါက်လာတော့တယ်။

မူကြိုဆိုတာထက် ကလေး ထိန်းကျောင်းဆိုရင်ပိုမှန်ပါလိမ့် မယ်။ အိမ်မှာထိန်းပေးမယ့်သူမရှိ တဲ့ကလေးတွေကို ထိန်းပေးနေတဲ့ ကျောင်းတွေပါ။ လူနေအိမ်တွေ ကလည်းတိုက်ခန်း။ မူကြိုလို့ဆိုင်း ဘုတ်တင်ထားတဲ့ကျောင်းတွေက လည်း တိုက်ခန်း။ ဘယ်မလဲ ကလေးတစ်ယောက်လွတ်လပ်  ပေါ့ပါးစွာပြေးလွှားဆော့ကစား စရာနေရာ။

ပြီးခဲ့တဲ့ရုံးပိတ်ရက်မှာ ခရီး တစ်ခုထွက်ဖြစ်တယ်။ နယ်ကဟို တယ်ကြီးတစ်ခုရဲ့ မြက်ခင်းပြင် ကျယ်ပေါ်မှာ မူကြိုအရွယ်ကလေး သုံးယောက် ပြေးလွှားဆော့ကစားနေကြတဲ့မြင်ကွင်းကို စိတ်ကြည် နူးစွာမြင်ခဲ့ရတယ်။ အပြန်အလှန် ပြေးကြလိုက်ကြ။ ဒူးထောက်လျက်လဲလိုက်။ ဖင်ထိုင်လျက်လဲ လိုက်။ လဲကျလည်းမငို ပြန်ကုန်းရုန်းထ။ ဆက်ဆော့။  ကလေးတွေရဲ့အပြစ်ကင်းတဲ့ရယ်သံလေး တွေနဲ့ မြက်ခင်းပြင်ကြီးတစ်ခုလုံး ကျက်သရေရှိလိုက်တာ။ မြက် ခင်းပေါ်ဆိုတော့ ဒဏ်ရာရမှာ ပူစရာမလိုဘူးလေ။ တစ်နိုင်ငံလုံးက အဲဒီအရွယ်ကလေးတွေကို ဒီလိုမျိုးပေးဆော့နိုင်ရင် ဘယ် လောက်များကောင်းလိုက်မလဲ။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စု လောက်ဆီက ဂျပန်မှာအလုပ် သွားလုပ်တဲ့သူငယ်ချင်းစုံတွဲနဲ့ စကားပြောဖူးတာလေးသွားသတိ ရမိတယ်။ သူတို့က ဂျပန်ရောက်မှ သားသမီးထွန်းကားတယ်။ နှစ် ယောက်။ ကျွန်မက မွေးကတည်း က တံခါးပိတ်ဝါဒကျင့်သုံးတဲ့တိုင်းပြည်မှာ လူဖြစ်လာသူဆိုတော့ ပြင်ပကမ္ဘာအကြောင်းဘာမှမသိ။ နိုင်ငံခြားဆိုတာကြောက်စရာကြီး လို့တောင်ထင်နေတဲ့သူ။ သမားရိုး ကျအကြံပေးမိတယ်။ ကလေး တွေကငယ်ပါသေးတယ်။ မြန်မာ ပြည်မှာကျောင်းထား၊ အရွယ် ရောက်မှ ဟိုကိုခေါ်ပါလားဆို တော့ ဘာမှပြန်မပြောဘဲ သူ့ ကလေးတွေကျောင်းစထားတဲ့မူကြိုကျောင်းလေးအကြောင်း ပြောပြတယ်။ ဗဟုသုတနည်းတဲ့ကျွန်မ အတွက်တော့ တန်ဖိုးရှိတဲ့အဖြေ ပါပဲ။

မနက်မိုးလင်းတာနဲ့ကလေး ကိုကျောင်းကားနဲ့လာခေါ်သွား တယ်။ ကျောင်းရောက်တာနဲ့ ကျောင်းရဲ့ ကစားကွင်းထဲမှာ ကလေးတွေကို စိတ်ကြိုက်ဆော့  ခိုင်းတယ်။ မြက်ခင်းပေါ်။ သဲတွေပေါ် ကြိုက်သလိုဆော့။ အချိန် တစ်နာရီလောက် ကလေးတွေဆော့လို့ဝတော့မှ ကျောင်းက ရေချိုးသန့်စင်ပေး၊ ကျောင်းဝတ်စုံဝတ်။ ကျောင်းအစီအစဉ်နဲ့ မနက်ခင်းစာကျွေးပြီးမှ မူကြို သင်ခန်းစာတွေစတယ်။ ညနေ ကျောင်းဆင်းရင်လည်းကိုယ်ကာယလေ့ကျင့်ခန်းလိုကစားနည်းမျိုး ပေးကစား။ ရေမိုးချိုးပြီးမှ မနက်ကမိဘအိမ်ကဝတ်ပေးလိုက်တဲ့အဝတ်ကိုဝတ်ပြီး အိမ်ပြန်ပို့တယ်။

ဟုတ်လိုက်လေ။ ဒါကြောင့် တစ်ချိန်က ‘ဂျပန်ငပု’လို့ကျွန်မတို့ ဗမာတွေက ကင်ပွန်းတပ်ခဲ့တဲ့ ဂျပန်လူမျိုးတွေ။ အခု ကျွန်မတို့ ကပြန်မော့ကြည့်နေရပြီ။ ကျွန်မ တို့ကတော့ ပုညှက်တွေဖြစ်လို့။ အဲဒီလို မူကြိုကျောင်းကစလို့ အထက်တန်းကျောင်းတွေအထိ ကလေးတွေရဲ့ကာယဉာဏတွေ ဖွံ့ဖြိုးတိုးတက်ဖို့ စီမံကိန်းတွေနဲ့ စနစ်တကျ အကောင်အထည် ဖော်လိုက်တာ ရလဒ်က ဂျပန်နိုင် ငံဟာ ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ဖြစ်သွားပြီ။ ဂျပန်လူမျိုးဟာ ကမ္ဘာ့လူတော်စာရင်းဝင်သွားပြီ။

ဒီမှာကတော့ ကလေးကို မူကြိုစပို့တာနဲ့ စာသင်ခိုင်းတော့ တာပဲ။ တကယ်တော့ ငါးနှစ်မ ပြည့်သေးတဲ့ကလေးရဲ့ဦးနှောက် ဟာ စာသင်ဖို့အတွက် အဆင် သင့်မဖြစ်သေးဘူး။  သုံးနှစ် ကလေးရဲ့ဦးနှောက်ဟာ ငါးနှစ် ကလေးရဲ့ဦးနှောက်လိုမဖွံ့ဖြိုး သေးဘူးဆိုတာလောက်တော့ မိဘတွေသိသင့်ပါတယ်။ သူငယ် တန်းစတက်တာနဲ့ ကိုယ့်ကလေး ဟာ သင်ခန်းစာတွေကို အာဂုံ ဆောင်နိုင်တယ်။ အတန်းထဲမှာ အတော်ဆုံးဆိုတဲ့ဂုဏ်တုဂုဏ် ပြိုင်စိတ်တွေနဲ့ အရွယ်မရောက် သေးတဲ့ကလေးကို အတင်းနင်း ကန် စာတွေသင်တော့တာပဲ။

သနားပါတယ်။ လွတ်လပ် စွာဆော့ပါစေဦး။ အပူအပင်ကင်း စွာအိပ်ပါစေဦး။ သိချင်စိတ်ပြင်း ပြစွာစပ်စုပါစေဦး။ ကျွန်မအထင် မူကြိုအရွယ်မှာ အချုပ်အချယ် ကင်းကင်းကြီးပြင်းရတဲ့ ကလေး တွေဟာ ကိုယ်ရည်ကိုယ်သွေး တွေပိုထက်မြက်ကြသလားလို့။ သိပ္ပံမောင်ဝရဲ့ဇာတ်လိုက် မောင် လူအေးလိုပေါ့။ သူ့အဖေကိုမေး တယ်လေ။ ‘‘ဖေဖေက သူ့ကိုတော့နေမကောင်းဖြစ်မှာစိုးလို့ ခြေ ထောက်အေးရင် ဖျားမှာစိုးလို့ဖိ နပ်မစီးဘဲ မြေကြီးပေါ်မဆင်းခိုင်း ဘူး။ အိမ်ရှေ့မှာ အစာလာစားတဲ့ စာကလေးကျတော့ ဘာဖြစ်လို့ဖိ နပ်မစီးတာလဲ’’ဆိုတဲ့ အဖေဖြေရ ကျပ်တဲ့အမေးမျိုး အဲဒီအရွယ် လေးကတည်းကတွေးတတ်တာ။

နတ်မောက်သားလေးမောင် အောင်ဆန်း မူကြိုအရွယ်က လည်း အဲဒီလိုပဲလေ။ မိခင်ဒေါ်စု ကိုမေးသတဲ့။ မိုးရာသီကိုတော့ ‘မိုးတွင်း’။ ဆောင်းရာသီကိုလည်း ‘ဆောင်းတွင်း’။ နွေရာသီကျတော့ ဘာဖြစ်လို့ ‘နွေတွင်း’မခေါ်သလဲ တဲ့။ တန်းတူညီမျှခြင်းမရှိတဲ့ကိစ္စ ကို ကျွန်မတို့အမျိုးသားခေါင်း ဆောင်ကြီး စဉ်းစားမိတာ မူကြို အရွယ်ကလေးဘဝကတည်းက။

မိခင်လောင်းတွေကိုယ်ဝန် ဆောင်တဲ့အခါ ကိုယ်ဝန်တစ်လ ကနေ သုံးလလောက်ကာလကို သားဖွားမီးယပ်ပါရဂူတွေက အထူးဂရုစိုက်ရမယ့်ကာလလို့ ပြောပါတယ်။ အဲဒီကာလဟာ သန္ဓေသားရဲ့  ဦးနှောက်တည်ဆောက်တဲ့ကာလမို့ မိခင်ရဲ့အနေအထိုင်၊ အစားအသောက်၊ စိတ်ခံစားမှုအားလုံးကို ဂရုစိုက်ခိုင်းပါတယ်။ ကျန်တဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် ဦးနှောက်ဟာ အဓိကကျ အရေးကြီးလို့။

အဲဒီသဘောတရားပါပဲ။ လူ့ဘဝကြီးရဲ့ပညာရှာချိန်ပထမ အရွယ်မှာ အရေးကြီးဆုံးကာလဟာမူလတန်းပါ။ မူလတန်းပညာရဲ့အဓိကပံ့ပိုးမှုက မူကြိုအရွယ်။ မူလတန်းကျောင်းတက်ချိန်တွေ အထူးကောင်းမွန်ဖို့ မူကြိုအရွယ်ကိုကောင်းမွန်မှန်ကန်စွာ ဖြတ်သန်းခဲ့ရမှာ။ အိမ်မှာဆော့လွန်းလို့။ထိန်းပေးမယ့်သူမရှိလို့။ အဖော်မရှိလို့။ ကျောင်းပျော်အောင်လို့။ ဘယ်လိုအကြောင်းတွေနဲ့ပဲ မူကြိုပို့ပို့ မိဘများစဉ်းစားရမှာက ကလေးနေပျော်ရဲ့လား ဆိုတာပါပဲ။ကိုယ့်ကလေးငယ်ငယ်လေးကို စိတ်ချလက်ချထားခဲ့ရမယ့်ကျောင်းရဲ့ပရဝဏ်ကလည်း ထည့်စဉ်းစားရမယ့်အချက်ပါပဲ။

ဇွန်လဆန်းဆိုရင် အခြေခံ ပညာကျောင်းတွေ တစ်နိုင်ငံလုံး တစ်ပြိုင်တည်းဖွင့်တော့မယ်။ ရန် ကုန်မြို့ကြီးကလည်း သူမတူစွာ ကားလမ်းမထက်မှာ ကားတွေ ပြည့်ကျပ်ညပ်နေတော့မယ်။ အဖြူ၊ အစိမ်းနဲ့ကျောင်းကားတွေ ကြားထဲမှာ ကျောပိုးအိတ်ကလေး တွေကိုယ်စီနဲ့ အိပ်ငိုက်နေတဲ့ မူ ကြိုကျောင်းကားပေါ်က ကလေး လေးတွေကို သနားစရာကောင်း စွာမြင်ကြရတော့မယ်။ သူတို့လေးတွေအတွက် လွတ်လပ်ပျော်ရွှင် အပူအပင်ကင်းစွာ ကစားခွင့်ရ မယ့်စနစ်ကျနအဆင့်မြင့်တဲ့ မူကြို ကျောင်းတွေများစွာ ဖန်တီးပေးရ ရင် ဘယ်လောက်များကောင်း မလဲ။ အခုတော့ ကြည့်ပါဦး ကျွန်မတူလေးက မူကြိုထဲမှာသားကို မထားခဲ့နဲ့တဲ့။     ။

Author: ဂျေလှသင်
7DAY DAILY



ဂျေလှသင်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ