ပြင်ချင်ချင်၊ မပြင်ချင်ချင် ရွေးကောက်ပွဲ ကော်မရှင် ပြင်ဖွဲ့ပါ

 ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ၏လွတ်လပ်မှုနှင့် တရားမျှတမှုသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သမာသမတ်ရှိမှု၊ကြားနေမှု၊ဘက်မလိုက်မှုတို့နှင့် များစွာဆက်စပ်နေသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကြားနေအဖွဲ့အစည်းတစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းနိုင်ခြင်း မရှိလျှင် လာမည့်ရွေးကောက်ပွဲများ၏ လွတ်လပ်မှုနှင့် တရားမျှတမှုသည် စိုးရိမ်ရေမှတ် အလွန်တွင်ရှိနေမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံးသည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်စွဲပါ အမိန့်အမှတ်- ၃/၂၀၁၁ ကို ထုတ်ပြန်လျက် ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈ (က)နှင့် ပြည်ထောင်စုအစိုးရအ ဖွဲ့ဥပဒေပုဒ်မ၁၆(ခ)(၃)အရ သမ္မတဦးသိန်းစိန်သည် ဦးတင်အေးကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ အဆိုပါ ခန့်အပ်မှုသည် အခြေခံ ဥပဒေ၏ ဘောင်ထဲတွင်ရှိသော် လည်း နိုင်ငံရေးရှုထောင့်မှ ကြည့် လျှင် အရုပ်ဆိုးအကျည်းတန်လွန်း သည်ဟု သုံးသပ်နိုင်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေး သည် ဒုတိယဗိုလ်ချုပ်ကြီး(အငြိမ်း စား)ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဆင့် မြင့်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ တံတား ဦးမြို့နယ် မဲဆန္ဒနယ်မှ ပြည်ခိုင် ဖြိုးပါတီကိုယ်စားပြု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ခဲ့သည်။

  အဆိုပါ မှတ်တမ်းများ အရ သမ္မတဦးသိန်းစိန်သည် ဦးတင်အေးကို ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းသည် နိုင်ငံရေးလွဲချော်မှုကြီးပင် ဖြစ် သည်။ အဆိုပါ လွဲချော်မှုကြီးကို ကြိုတင်စီမံ၊ ပြင်ဆင်ဆောင်ရွက် ခဲ့သည်ဆိုလျှင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ နောက်ကွယ် မှ နိုင်ငံရေးကောက်ကျစ်မှုတစ်ခု ဟုပင် သတ်မှတ်နိုင်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈(ခ)အရ နိုင်ငံတော်သမ္မတ သည် ဦးတင်အေးကို ထင်ပေါ် ကျော်ကြားသည့် ဂုဏ်သတင်းရှိ သော ပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ သိက္ခာသမာဓိနှင့် ပြည့်စုံပြီး၊ အတွေ့အကြုံရင့်ကျက်သူအဖြစ် လည်းကောင်း သတ်မှတ်လျက် ပုဒ်မ ၃၉၈ (က)အရ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဟောင်း နှင့် နိုင်ငံတော်သမ္မတသည် ပြည် ခိုင်ဖြိုးပါတီ၏ ထိပ်တန်းခေါင်း ဆောင်တစ်ဦးကို သမာသမတ်ရှိ ရှိ ကြားနေရန် မြင့်မြင့်မားမား လိုအပ်သော ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ဥက္ကဋ္ဌအ ဖြစ် ခန့်အပ်မှုသည် မြန်မာ့ဒီမိုက ရေစီအပြောင်းအလဲကို နောက် ကျောမှဓားနှင့် ထိုးခြင်းဟုပင် ကောက်ချက်ပြုနိုင်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော် ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့ စည်းထားသော ပြည်ထောင်စု လွှတ်တော်အနေဖြင့် ကြားလူ မဟုတ်သော ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်တန်းခေါင်းဆောင်ဟောင်း တစ်ဦးကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ခန့်အပ်နိုင်ရန် အတည်ပြုထောက်ခံ ခဲ့ခြင်းသည်လည်း မီးကျိုးမောင်း ပျက်နိုင်ငံရေး၏ ပြယုဂ်ပင် ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီ၏ လွှတ် တော်ကိုယ်စားလှယ်များအနေ ဖြင့် သမာသမတ်ရှိသော ကြား လူတစ်ဦးဦးကို ဥက္ကဋ္ဌအဖြစ် တာ ၀န်ပေးခန့်အပ်နိုင်ရေး နိုင်ငံတော် သမ္မတကို တိုက်တွန်းအဆိုပြုရန် ပျက်ကွက်ခဲ့ခြင်းနှင့် လွှတ်တော် အတွင်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်တိုင်းရင်းသားနိုင်ငံ ရေးပါတီများအပါအ၀င် နိုင်ငံ ရေးအတိုက်အခံများ၏ တရားဝင် ကန့်ကွက်သံများကို မကြားရခြင်း တို့သည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ ဆိုးကွက်များပင်ဖြစ်သည်။

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအဖြစ်ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဦးသာဦး၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်နှင့် ဦးညွန့်တင်တို့ကို ၂၀၁၁ ခုနှစ်မတ်လ ၃၀ ရက်တွင် တာဝန်ပေးခန့်အပ်ခဲ့ပြီး ဦးဝင်းကိုအား ကော်မရှင်၏ အတွင်းရေးမှူးအဖြစ် တာဝန်ပေးခဲ့သည်။ အဖွဲ့ဝင်များအားလုံးသည် ၂၀၁၀ ပြည့်နှစ် မတ်လ ၁၁ ရက်တွင် ဖွဲ့စည်းခဲ့သော   ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်အဖွဲ့ဝင်များဖြစ်သည်။

တပ်မတော်အငြိမ်းစား အရာရှိတစ်ဦးဖြစ်သော ဦးတင်ထွန်းသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လက်ရှိအတွင်းရေးမှူးဖြစ်သည်။

 အင်ဒိုနီးရှား အထွေထွေ ရွေးကောက်ပွဲကော်မရှင်သည် စိတ်ဝင်စားဖွယ်၊ အတုယူဖွယ်၊ လေ့လာဖွယ်ဖြစ်သည်။ သမ္မတ ဆူဟာတိုပြုတ်ကျပြီးနောက် ၁၉၉၉ ခုနှစ် အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့ဝင် ၅၃ ဦးဖြင့်အောက်လွှတ်တော်၏ ဥပဒေနှင့်အညီ ဖွဲ့စည်းခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဟောင်းသည် ကော်မရှင်ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ လူထုတောင်းဆိုမှုကြောင့် လူသိများသော လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ၊ တရားလွှတ်တော်တရားသူကြီးဟောင်း၊ နိုင်ငံရေးလေ့လာသုံးသပ်သူ အပါအ၀င် ကြားလူငါးဦးကို ကော်မရှင်တွင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်ခဲ့သည်။ ၂၀၀၄ ခုနှစ် အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်ကို ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၏ ကိုယ်စားလှယ်များဖြင့် ၂၀၀၁ ခုနှစ် ဧပြီလ ၁၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် အောက်လွှတ်တော်သည် ငါးနှစ် သက်တမ်းရှိသော ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့စည်းရန် ကော်မရှင် အဖွဲ့ဝင်များကို ရွေးချယ်ရေး ကော်မတီမှ မဲဆန္ဒပေးရွေးချယ် ရန်တို့ပါဝင်သော ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ အင်ဒိုနီးရှားရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင် ခုနစ်ဦးတွင် တက္ကသိုလ်ကထိက တစ်ဦးနှင့် ရွေးကောက်ပွဲပြုပြင် ရေးဆိုင်ရာ အင်န်ဂျီအို၏ အမှု ဆောင်ညွှန်ကြားရေးမှူးတစ်ဦးတို့ ပါဝင်လျက်ရှိသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည် သီးခြားလွတ် လပ်သော အဖွဲ့အစည်းအဖြစ် ရပ်တည်ရမည်ဖြစ်သည့် အား လျော်စွာ နိုင်ငံတော်သမ္မတ၏ ဗဟိုရုံးများအောက်၌ ပါဝင်နေ ခြင်းသည် ကြောင်းကျိုးဆီလျော် မှု မရှိဟု သုံးသပ်နိုင်သည်။ ထို့ အတူအငြိမ်းစား တပ်မတော်အ ရာရှိကြီးများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်ရုံး အဆင့်ဆင့်တွင် တာဝန်ပေး ခန့်အပ်ခြင်းသည်လည်း ကော်မရှင်၏အလွဲများပင် ဖြစ်သည်။ ကော်မရှင်သည် အစိုးရနှင့် သီးသန့်ခွဲရပ်တည်နိုင်ရန် တပ်မတော်အငြိမ်းစား အရာရှိများကို တာဝန်မှ ရပ်ဆိုင်းရန် မဖြစ်မနေ လိုအပ်သည်။

  အချုပ်အားဖြင့်ဆိုသော် အင်ဒိုနီးရှားရွေးကောက်ပွဲ ကော် မရှင်ကဲ့သို့ ပညာရှင်များ၊ အင်န် ဂျီအိုကိုယ်စားလှယ်များနှင့် အ စိုးရအရာရှိကြီး အငြိမ်းစားများ ပါဝင်ပြီး အစိုးရနှင့် လုံးဝမပတ် သက်သော သီးခြားလွတ်လပ် သည့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်း သင့်သည်။ ပြည်သူဗဟိုပြု အစိုးရ နှင့် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံကို ဖော်ဆောင်မည့် လွှတ်တော်တို့ သည် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအ၀င် ကော်မရှင် ခြေဆုံးခေါင်းဆုံး ပြင် ဆင်ဖွဲ့စည်းနိုင်ရေးကို ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲမတိုင်မီ အသက်သွင်းနိုင်မှသာ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုကိုလည်း အတိုင်းအတာတစ်ခုအထိ အာမခံနိုင်မည် ဖြစ်သည်။လွှတ်တော်တွင်း၊ လွှတ်တော် ပြင်ပ ဟန်ချက်ညီညီဖြင့် ရွေးကောက်ပွဲကော်မရှင်ပြင်ဆင်ဖွဲ့စည်းရေး လူထုအခြေပြုလှုပ်ရှား မှုများကို မဖြစ်မနေ အကောင်အထည်ဖော်သင့်ပါကြောင်း တိုက်တွန်းအကြံပြုလိုက်ရပါသည်။  ။

Author: ဒေါက်တာ ရန်မျိုးသိမ်း
7DAY DAILY


ပြင်ချင်ချင်၊ မပြင်ချင်ချင် ရွေးကောက်ပွဲ ကော်မရှင် ပြင်ဖွဲ့ပါ   ပြင်ချင်ချင်၊ မပြင်ချင်ချင် ရွေးကောက်ပွဲ ကော်မရှင် ပြင်ဖွဲ့ပါ Reviewed by သစ်ထူးလွင် on 18:32 Rating: 5
Powered by Blogger.