ဦးဝင်းတင် ကျန်းမာရေး တိုးတက်ပေမယ့် စိုးရိမ်ရဆဲ


NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် နာယက ဖြစ်သူ သတင်းစာ ဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေနေ တိုးတက်လာပေမယ့် စိတ်ချရပြီလို့ မပြောနိုင်သေးဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက် နေ့ကတည်းက စတင် ဆေးရုံတက်ပြီး ဆေးကုသမှု ခံနေရတာ ဖြစ်ပြီး အခုဆို အရက် ၂၀ ရှိပါပြီ။

ဆရာကြီး ဦးဝင်းတင်ကို လွန်ခဲ့တဲ့ သုံးရက် လောက်က ဝိတိုရိယဆေးရုံကနေ ရန်ကုန် ဆေးရုံကြီး နှလုံးရောဂါ အထူးကြပ်မတ် ကုသဆောင်မှာပြောင်းရွှေ့ ကုသ ပေးနေတာဖြစ်ပါတယ်။

မြန်မာ သမားတော် ကြီး ၁၁ ယောက်ပါတဲ့ အနီးကပ် ကြပ်မတ် ကုသပေး နေတဲ့ အဖွဲ့က မတ်လ ၃၁ ရက်နေ့က ဆွေးနွေးခဲ့ကြ အပြီး မိသားစု ဆရာဝန် ဒေါက်တာမြင့်သိန်းက ဆရာကြီး ဦးဝင်းတင်ရဲ့ အခြေ အနေ တိုးတက် လာပေမဲ့ စိတ် မချရသေးဘူးပြောပါ တယ်။

လူနာရဲ့ အခြေ အနေအရ ပြည်ပကို သွားရောက် ဆေးကုသ ဖို့ထက် ရန်ကုန် ဆေးရုံကြီးမှာပဲ ဆက်လက် ကုသဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ဆရာဝန်ကြီးတွေက ပြောပါတယ်။

ပြီးခဲ့တဲ ရက်ပိုင်း ကတော့ ၇၂ နာရီ စောင့်ကြည့်ရမယ် အခြေအနေလို့ သူ့ကို စောင့်ရှောက် သူတွေကပြောခဲ့ကြ ပါတယ်။

အနီးကပ်စောင့် ရှောက်မှု ပေးနေတဲ့ ဦးဇော် မျိုးအောင်ကတော့ အခု အခြေ အနေ အတိုင်း ဆက်ရှိမယ် ဆိုရင် အသက်ရှုစက် ventilator နဲ့ တွဲထားတဲ့ ပိုက်ကို ဖြုတ်နိုင်မယ်၊ ပုံမှန် အခြေ အနေပြန်ရောက် နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဆရာကြီး ဦးဝင်းတင်ဟာ ကီလီ ဝါးတန်းလမ်းက Green Cross ဂရင်း ကရော့ ဆေးရုံမှာ ပထမဆုံး တက်ရောက် ကုသခဲ့တာ ဖြစ်ပြီး အဲဒီမှာ ၁၂ ရက် ကြာခဲ့ပါတယ်။

တခါ ဝိတိုရိယ ဆေးရုံကို ပြောင်းရွှေ့ခဲ့ပြီး နောက် နှစ်ရက် အကြာမှာမှ ရန်ကုန် ဆေးရုံကြီးကို ပြောင်းရွှေ့ တင်ခဲ့တာပါ။

ဦးဝင်းတင်ကို ဆရာတော် အရှင်ဆေကိန္ဒ၊ ကိုမိုးသီဇွန်၊ မင်းဇေယျနဲ့ တခြား နိုင်ငံရေး အကျဉ်းသားဟောင်းတွေ လာရောက် သတင်းမေးခဲ့ကြ ပါတယ်။

အမျိုးသား ဒီမိုကရစီ အဖွဲ့ချုပ်ဝင် တွေလည်း သွားရောက် သတင်း မေးခဲ့ကြ ပါတယ်။

နိုင်ငံရေး အကျဉ်းသား လူငယ် ၆ ယောက်လောက် လောက်ကတော့ ဦးဝင်းတင်ကို နေ့ည မပြတ် စောင့်ရှောက်နေကြ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဦးဝင်းတင် ကျန်းမာရေး ကောင်းလာ စေဖို့ လူအများ ဆုတောင်းနေ

ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြပွဲတွေ အရှိန်မြှင့်


ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရေးအတွက် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေက မြန်မာပြည် အနှံ့အပြား ဆန္ဒပြတောင်းဆိုနေကြရာမှာ ဒီကနေ့မှာတော့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်အတွင်း တက်ကြွလှုပ်ရှားသူ ၅၀၀ နီးပါး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ဥပဒေအတိုင်း လွှတ်တော်တွင်း ဆောင်ရွက်ချက်တွေဟာ လက်ရှိအခြေအနေမှာ အားရကျေနပ်စရာမရှိဘူးလို့လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းနေသူတွေက ယူဆနေကြပါတယ်။ ဒီအခြေအနေတွေကိုတော့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက စုံစမ်းမေးမြန်း တင်ပြထားပါတယ်။

စမ်းချောင်းမြို့မှာ ဒီကနေ့လုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြပွဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဦးဆောင်တဲ့ တက်ကြွလှုပ်ရှားသူ ၅၀၀ လောက်ပါဝင်ပြီး စမ်းချောင်းမြို့နယ်တွင်း နေရာအတော်များများကို ဒီညနေပိုင်း ချီတက်ဆန္ဒပြခဲ့ကြတာပါ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး…(တို့အရေး၊ တို့အရေး)
….
ပုဒ်မ ၅၉၊ (အလိုမရှိ၊ အလိုမရှိ)

ဆန္ဒပြပွဲအတွက်လုပ်ဖို့ သက်ဆိုင်ရာကို ကြိုတင် ခွင့်ပြုချက်တောင်းခံပြီး လူ ၂၀၀ ပဲ ခွင့်ပြုခဲ့ပေမယ့် အခု ဆန္ဒပြတော့ လူ ၅၀၀ ကျော်ခဲ့ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာအာဏာပိုင်ဘက်က တစုံတရာ တားဆီးတာမျိုးတော့ မရှိခဲ့ပါဘူး။ ဒီမတိုင်ခင်ရက်တွေကတည်းက ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒပြမှုတွေဟာ မြန်မာနိုင်ငံနေရာအတော်များများမှာ နေ့စဉ်လိုလို ဖြစ်နေပါတယ်။ အခုလို ဆန္ဒပြမှုတွေကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းဆောင်ရွက်မှုကို ဖိအားသဘောဖြစ်စေမယ်လို့ ဆန္ဒပြသူအချို့က မျှော်လင့်ပါတယ်။

ဒီကနေ့ ဆန္ဒပြသူတဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကျော်ဆန်းကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒပြသူတွေရဲ့ သဘောထားကို လေးစားဆောင်ရွက်ကြလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောပါတယ်။

“တိုင်းပြည်တကယ်ကောင်းဖို့ ဒီဥပဒေတွေကို ပြင်ဖို့ လိုအပ်တယ်ဆိုရင်တော့ ဒီဥပဒေတွေကို ပြုပြင်ပေးတာ အကောင်းဆုံးပေါ့နော်၊ တိုင်းပြည်အတွက်ကော၊ အားလုံးအတွက်ကောပေါ့နော်။ တကယ်လို့ ဒီအသွင်ကူးပြောင်းရေးကာလမှာ ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီဘက်ကို ဦးတည်ပြီး သွားနေတယ်ဆိုလို့ရှိရင်လည်း ပြည်သူလူထုက မကြိုက်တဲ့၊ ပြည်သူလူထု မလိုလားတဲ့ ဒီဖွဲ့စည်းပုံ ဥပဒေတွေကိုတော့ ပြင်ပေးရမယ်လို့ ကျနော်တို့က ယုံကြည်တယ်ခင်ဗျ။”

ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စရပ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းတို့အကြား တွေ့ဆုံညှိနှိုင်းပြီးတဲ့နောက် ဖွဲ့စည်းပုံပြင်ရေးလမ်းပေါ် ဆန္ဒပြမှုတွေ ခပ်စိပ်စိပ် ဖြစ်လာပါတယ်။ အချို့နေရာတွေမှာဆိုရင် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ကြတာပါ။ အခု လမ်းပေါ်ဆန္ဒပြမှုတွေဟာ ပြည်သူ့ဆန္ဒအမှန် ဖြစ်တယ်လို့ ယူဆတဲ့ အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဗဟိုကော်မတီဝင် ဦးကိုနီက ပြောပါတယ်။

“အဖွဲ့ချုပ်ရဲ့ အခန်းကဏ္ဍက အသစ်ရေးမလား၊ သို့မဟုတ် လက်ရှိ ၂၀၀၈ (ဖွဲ့စည်းပုံအခြေခံဥပဒေ) ကို ပြင်မလားဆိုတာကို လူထုဆန္ဒခံယူမယ်ဆိုပြီး အောက်တိုဘာလနဲ့ နိုဝင်ဘာလထဲမှာ ကျနော်တို့ လုပ်ခဲ့တယ်။ ဒါ အဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုပါပဲ။ အဲဒီလိုလုပ်တဲ့အခါမှာ ကျနော်တို့ အဖွဲ့ချုပ်ကနေပြီးတော့ ပြည်နယ်နဲ့တိုင်း (၁၄) ခုလုံးကို ပြင်ဆင်ရေး ဗဟိုကော်မတီဝင် ၇ ဦးကနေပြီး ကွင်းဆင်းပြီးတော့မှ ဟောပြောပွဲတွေလုပ်တယ်။ ပြည်သူ့ဆန္ဒတွေကို ယူတယ်ပေါ့ဗျာ။ အဲဒီတော့ အဲဒီမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်တွေကို တော်တော်များများကို ဒီမိုကရေစီစံနှုန်းနဲ့ မညီတဲ့အချက်တွေကို ကျနော်တို့က ပြည်သူလူထုကို ရှင်းပြနိုင်ခဲ့တယ်။ အဲဒီမှာ ပြည်သူလူထုကလည်း ကောင်းကောင်း သဘောပေါက်သွားတယ်။ သဘောပေါက်သွားတဲ့နောက်ပိုင်း အခုလို လမ်းတွေပေါ်မှာ ထွက်ပြီးဆန္ဒပြတာတွေဟာ ဒါ ပြည်သူ့ဆန္ဒ ဖြစ်သွားပြီ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဝင်ခဲ့တဲ့အချိန်မှာကတည်းက ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်သွားမယ်ဆိုတာကို မဲဆွယ်စည်းရုံးမှု ကတိကဝတ်အနေနဲ့ ပြောဆိုထားခဲ့တာပါ။ ဒါပေမယ့် ဒီကြားကာလထဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ လက်တွေ့ပြောရင် လွှတ်တော် အကောင်အထည်ဖော်ရေး ကော်မတီ ပေါ်လာတာပဲ ရှိပါသေးတယ်။ ဦးကိုနီကတော့ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်းအခြေအနေကို အားရမှုမရှိတာ တွေ့ရပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေးကော်မတီကို ၁၀၉ ဦးနဲ့ဖွဲ့တယ်။ ၄ လကျော်၊ ၅ လကျော် အချိန်ကြာသွားပြီးတော့မှ ဘာအဖြေမှ ထွက်မလာဘဲနဲ့ ပြည်သူ့ဆန္ဒတွေကို Data တွေအဖြစ် ပြောင်းပြီးတော့ ထောက်ခံတာက ဘယ်သူ၊ မထောက်ခံတာက ဘယ်လောက်၊ ဘယ်ပုဒ်မကို ပြင်ချင်တယ်၊ မပြင်ချင်ဘူးဆိုပြီးတော့ Data တွေကိုပဲ စုဆောင်းပြီးတော့ လွှတ်တော်ကို တင်ပြထားတာ တွေ့ရတယ်။ အဲဒီ ၁၀၉ ဦးကော်မတီက ဖွဲ့စည်းပုံကို ပြင်သင့်ပါတယ်၊ ဘယ်ပုဒ်မတွေကို ပြင်သင့်ပါတယ်၊ ဘယ်နည်းဘယ်ပုံ ပြင်သင့်ပါတယ်ဆိုတဲ့ သဘောထားမှတ်ချက်ပေးတာကို ကျနော်တို့က မတွေ့ရဘူး၊ အဲဒါ ဘာတုန်းဆိုတော့ ကျနော်တို့ရဲ့ အချိန် ၅ လလောက်ဟာ ရှုံးသွားတယ်၊ ရှုံးနိမ့်သွားတယ်ဆိုတာ ဒီလိုပဲ ခံစားရတယ်။

"နောက်တခါ ဒုတိယတချက်အနေနဲ့ ပြင်ဆင်ရေးကော်မတီဆိုပြီးတော့ ၃၁ ဦးနဲ့ထပ်ပြီးတော့ ဖွဲ့တယ်။ ကျနော်တို့အဖွဲ့ချုပ်ကလည်း ၂ ယောက်တော့ ပါတယ်ပေါ့ဗျာ။ ဒါပေမယ့်လို့လည်း ဒီအဖွဲ့ဟာ လွှတ်တော်က ဖွဲ့ပေးထားတဲ့အတွက် သူက လွှတ်တော်ကိုတာဝန်ခံပြီး လုပ်နေရတဲ့အဖွဲ့သာ ဖြစ်တယ်။ အဲဒီတော့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို ကြည့်လိုက်လို့ရှိရင် သူ့ရဲ့လုပ်ပိုင်ခွင့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေထက် ကျော်ပြီး သူတို့ ဘာမှ လုပ်လို့မရဘူး”

ဖွဲ့စည်းပုံပြင်ရေးအတွက် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်နာယက သုံးဦးတို့နဲ့ လေးပွင့်ဆိုင် တွေ့ဆုံလိုတယ်ဆိုပြီး ကမ်းလှမ်းထားပေမယ့် သမ္မတရုံး ဘက်ကတော့ အချိန်မကျသေးဘူးဆိုပြီး ငြင်းထားတာပါ။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ တပ်မတော်နေ့ မိန့်ခွန်းမှာလည်း လက်ရှိဖွဲ့စည်းပုံကို အကာအကွယ်ပေးရမယ်လို့ ပြောသလို ပြင်ဆင်မယ်ဆိုရင်လည်း ဖွဲ့စည်းပုံပါ ပြဌာန်းချက်အတိုင်း ပြင်မယ်လို့ အဖြေပေးထားတာကြောင့် အတိုက်အခံလှုပ်ရှားသူတွေ တောင်းဆိုနေတဲ့ ဖွဲ့စည်းပုံပြင်ရေးဟာ လက်တွေ့မှာ လွှတ်တော်တွင်း ဆောင်ရွက်နိုင်ဖို့ အကန့်အသတ်တွေ အခက်အခဲတွေ ရှိနေတုန်းပါပဲ။

ကိုသားညွှန့်ဦး

ဗွီအိုအေ (မြန်မာဌာန)


 

ရခိုင်ပဋိပက္ခ ဘန်ကီမွန်းနဲ့ သမ္မတဦးသိန်းစိန် တယ်လီဖုန်းနဲ့ ဆွေးနွေး


ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေက ဝန်ထမ်းတွေ တိုက်ခိုက်ခံနေရမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မတ်လ ၃၀ ရက်နေ့မှာ သမ္မတဦးသိန်းစိန်ထံ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောကြားခဲ့တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်နဲ့အညီ လိုက်နာဆောင်ရွက်ပေးဖို့နဲ့ အဲဒီဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း တည်ဆဲ သဘောတူညီချက်တွေနဲ့အညီ ကာကွယ်စောင့်ရှောက်ပေးဖို့ အတွင်းရေးမှူးချုပ်က တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ထိခိုက်စေမယ့်လုပ်ရပ်ကို လုပ်ဆောင်သူတွေအပေါ် အပြစ်ပေး အရေးယူခြင်း မရှိတာမျိုး မဖြစ်စေသင့်တဲ့အကြောင်းနဲ့ အရပ်သားအားလုံးကို အကာအကွယ်ပေးပြီးတော့ တရားဥပဒေကို လေးစားလိုက်နာဖို့အတွက်လည်း အဲဒီ တယ်လီဖုန်းနဲ့ ပြောဆိုမှုအတွင်းမှာ တောင်းဆိုခဲ့ပါတယ်။

စစ်တွေ ပဋိပက္ခအတွက် အာဏာပိုင်တွေဘက်က လက်ရှိအခြေအနေအထိ ဆောင်ရွက်ချက်တွေအပေါ်မှာ ကြိုဆိုကြောင်းလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထည့်သွင်းပြောဆိုသွားကြောင်း ကြေညာချက်မှာ ဖော်ပြထားတာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေမှုနဲ့ လူ့အခွင့်အရေး အခြေအနေအပေါ် စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ကုလသမဂ္ဂနဲ့ တခြား အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အဲဒီဒေသမှာ အင်အားကောင်းစွာ တည်ရှိနေရေးအတွက် အစိုးရအနေနဲ့ ဆောင်ရွက်သင့်ကြောင်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ သန်းခေါင်စာရင်းကောက်ယူမှုအပေါ်မှာ မတူညီတဲ့လူမျိုးစုတွေကြား စိုးရိမ်မှုတွေ ရှိနေတာကြောင့် အခုလိုမျိုး အရေးကြီးတဲ့ကိစ္စမျိုးကို ငြိမ်းချမ်းစွာနဲ့ ယုံကြည်တဲ့ကိုင်တွယ်မှုမျိုးဖြစ်အောင် သတိထားဆောင်ရွက်ဖို့ အတွင်းရေးမှူးချုပ်က ထည့်သွင်းပြောသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝှန်းမှာ ကောက်ယူနေတဲ့ သန်းခေါင်စာရင်းဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ နည်းပညာပိုင်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိအောင် ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

နိဂုံးချုပ်အနေနဲ့တော့ မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အပြုသဘောဆောင်တဲ့ဘက်က ကုလသမဂ္ဂအနေနဲ့ ဆက်လက်ပြီးတော့ ပံ့ပိုးပေးသွားမှာဖြစ်တဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထည့်သွင်းပြောဆိုသွားခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)


ရာသီဥတု အပြောင်းအလဲကြောင့် ဆိုးကျိုးတွေ ကြုံနေ


လူသားတွေဟာ ရာသီဥတု ပြောင်းလဲခြင်း ဒဏ်ကြောင့် ဖြစ်ပေါ်နေတဲ့ ဆိုးကျိုးတွေကို ခံစားနေရကြောင်း အထောက်အထားတွေ အများကြီး တွေ့ရတယ်လို့ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်လိုက်တဲ့ နိုင်ငံတကာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စကို အရေးတကြီး သဘောထား၊ မကိုင်တွယ်ဘူး ဆိုရင် ပိုမို ဆိုးရွားလာဖို့ ရှိတယ် လို့လည်း အဲဒီ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းကြဖို့ နိုင်ငံတကာ အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ IPPC ဆိုတဲ့ ကုလသမဂ္ဂ အဖွဲ့က ဒီ အစီရင်ခံစာကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာကြီးရဲ့ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ရေကြီးမှုတွေ၊ အစာရေစာ ပြတ်လပ်မှုတွေနဲ့၊ လူသားတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်တွေ ပိုမို မြင့်မားလာတယ်လို့ အစီအရင်ခံစာက ဆိုပါတယ်။

ဒါပေမယ့် လူသားတွေ အနေနဲ့ အပြောင်းအလဲ အများစုကို လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်စွမ်း ရှိကြတယ်လို့ အစီရင်ခံစာထဲ ထည့်သွင်း ရေးသားထားပါတယ်။

တကယ်လို့ လူသားတွေရဲ့ ကာဘွန် ထုတ်လုပ်မှုကို လျင်လျင်မြန်မြန်သာ လျှော့ချနိုင်မယ် ဆိုရင် အဆိုးဆုံး အခြေအနေ ရောက်မလာနိုင်ဘူးလို့လည်း ဆိုပါတယ်။

ဒီ အစီအရင်ခံစာကို ပါဝင် ရေးသားသူ တစ်ဦးကတော့ အစီအရင်ခံစာ နောက်ဆုံးမူကြမ်းဟာ လူတွေ ကြုံနေရ ပြီးနှင့်တဲ့ ပြဿနာတွေကို ရေးထားတာမို့ တင်ကြို သတိပေးရာ မရောက်ဘူးလို့ ပြောခဲ့ပါတယ်။

အချို့ကတော့ ဒီ အစီရင်ခံစာဟာ လူသားတွေရဲ့ ကာဘွန် ထုတ်လုပ်မှု လျှော့ချရေးအတွက် နိုင်ငံတကာ အစိုးရတွေ အကြား ဘုံသဘောတူမှု တစ်ခု ရရှိလာအောင် အဓိက တွန်းအားပေးနိုင်တဲ့ အရာအဖြစ်လည်း ရှုမြင်နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကာဘွန်ထုတ်လုပ်မှုကို အမြန်ဆုံး လျှော့ချဖို့ လိုအပ်

 

တောင်နဲ့ မြောက်ကိုရီးယား အပြန်အလှန် ပစ်ခတ်

တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံဟာ သူတို့ရဲ့ ရေပြင် နယ်နမိတ်တွေကို ကျော်ဖြတ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။

မြောက်ကိုရီးယားတို့ စစ်ရေး လေ့ကျင့်ရာက ဗုံးဆန်တွေ တောင်ကိုရီးယား ရေပိုင်နက်ထဲ ကျရောက်ခဲ့ရာကနေ အခုလို အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ် ခဲ့တာလို့ တောင်ကိုရီးယား ဘက်က ဆိုပါတယ်။

သူတို့ ရေပိုင်နက်ထဲကို ဗုံးဆန်တွေ ကျရောက် လာလို့ သူတို့လည်း တစ်ဘက်ကို ပြန်လည် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

အခင်းဖြစ်ပွားရာ နယ်နိမိတ် စည်းအနီးအနားမှာ နေထိုင်တဲ့ လူတွေကို သတိ တင်ကြို ထားတဲ့ အနေနဲ့ ဗုံးခိုကျင်းတွေထဲ သွားနေဖို့ တောင်ကိုရီးယား အာဏာပိုင်တွေက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီ နယ်နိမိတ် အပိုင်းအခြားကို မြောက်ကိုရီးယားက အသိအမှတ် ပြုထားခြင်း မရှိဘဲ အဲဒီ နယ်စည်း အနီး အခုလို ဖြစ်ရပ်တွေ မကြာခဏ ဖြစ်ပေါ်လေ့ ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)



နယ်စည်းအနီး အခုလို ဖြစ်ရပ် မကြာခဏ ဖြစ်ပေါ်

ကယားပြည်နယ်မှာ ကလေးတွေ ၀မ်းပျက်ဝမ်းလျှောဖြစ်နေ

ကယားပြည်နယ်က မြို့နယ်တွေမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ ၀မ်းပျက်ဝမ်းလျှော ဖြစ်နေကြတယ်လို့ ဒေသန္တရ ကျန်းမာရေး တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

နွေရာသီ အပူရှိန်ပြင်းပြီး သောက်သုံးရေ မသန့်တာကြောင့် ကယားပြည်နယ် လွိုင်ကော်၊ ဒီမော့ဆိုး၊ ဖရူးဆိုး စတဲ့ မြို့နယ်အတွင်းက ကျေးရွာတွေမှာ အသက် ၅ နှစ်အောက် ကလေးငယ်တွေ ၀မ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားနေတာပါ။

ဒီမော့ဆိုးမြို့နယ်ဆေးရုံက လက်ထောက်ဆရာဝန် ဒေါက်တာထက်မြက်ထွဋ် ကတော့ ခုရက်ပိုင်း အတွင်း ၀မ်းလျောဝမ်းပျက်ရောဂါနဲ့ ဆေးရုံမှာ လာရောက် ဆေးကုသတဲ့ ကလေးငယ်တွေ နေ့စဉ်လို လိုရှိနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

မြို့နယ်တွေမှာ ဖြစ်နေတဲ့ ကျန်းမာရေး အခြေအနေတွေကို ပြည်နယ်ကျန်းမာရေးဦးစီးဌာနကို အမြဲတင်ပြနေပြီး လတ်တလော ကလေးငယ်တွေဝမ်းပျက်ဝမ်းလျှော ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ဒေါက်တာထက်မြတ်ထွဋ်က ပြောပါတယ်။

ဒါပေမယ့် ဆေးရုံကို ရောက်လာတဲ့ကလေးငယ်တွေ အသေအပျောက်ရှိတယ်ဆိုတဲ့ သတင်းတွေ ကတော့ မကြားသိရသေးပါဘူး။ ကယားပြည်နယ်အတွင်းဝေးလံတဲ့ကျေးရွာတွေမှာ နှစ်စဉ်လိုလို နွေရာသီရောက်တိုင်း ဒေသခံတွေဟာ ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတာပါ။

ကယား ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းအောင်ကြည်ကတော့ ပြည်နယ်တွင်း က လက်ရှိ ဖြစ်နေတဲ့ ကျန်းမာရေး အခြေအနေနဲ့ ဆောင်ရွက်ပေးမှုတွေကိုတော့ ဒီဗွီဘီကို ပြောပါတယ်။

ကယားပြည်နယ် အတွင်းမှာ ၀မ်းလျောဝမ်းပျက်ရောဂါဖြစ်ပွားနေတဲ့ကလေးငယ် အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

By ပိုင်စိုး (ဒီဗွီဘီ)

အပြည့်အစုံ နားဆင်နိုင်ပါတယ်။




ဆေးလိပ်မသောက်ရ နယ်မြေ မီးခိုးငွေ့များ ကွယ်မထားစေလို


ဟွန်းသံ ကင်းမဲ့ ဇုန်များတွင် ကားဟွန်းသံ တညံညံကို ကြားရသည်။ ဤနေရာတွင် အမှိုက်မပစ်ရ ဆိုင်းဘုတ်အောက်တွင် အမှိုက်များ ပုံနေ သည်။ ဈေးမရောင်းရ ဆိုင်းဘုတ်ရှေ့က ဈေးသည်များ။ မျဉ်းကြား မဟုတ် သောနေရာများမှ လူတို့သွားလာ ကူးလူးနေကြသည်။

စည်းကမ်း ဆိုသည်မှာ ဥပဒေကဲ့သို့မ ဟုတ်သော်ငြား လူတစ်ဦး ချင်းစီ၏ တာဝန်သိမှု၊ စိတ်ဓာတ်နှင့် အဓိက သက်ဆိုင်သော အထိန်း အကွပ် ဘောင်ဖြစ်သည်။ ထို့ပြင် တားမြစ်ချက်ကို လှောင်ပြောင်ကာ ဆန့်ကျင်ပြုလုပ်ခြင်း အတွက် သူရဲကောင်းတော့ မဖြစ်နိုင်၊ အရှက်မဲ့ လူသာဖြစ်ပါမည်။ ထို့ထက်မူ အများပြည်သူ ကျန်းမာရေးနှင့် သက်ဆိုင်ပါက စောင့်ထိန်းလိုက်နာ မည် လား၊ ဖောက် ဖျက် ကျူးလွန်ပါမည်လား။ မိမိ၏ ပြုမူမှုတစ်ခုသည် မိမိ တစ်ဦးတည်းနှင့်သာ သက်ဆိုင်ပါက ပြဿနာမရှိ။ သို့သော် မိမိလူမျိုး၊ တိုင်းပြည် အတွက်ပါ သက်ရောက်စေနိုင် ပါက ခြွင်းချက် ထား၍ သင့်မည်မဟုတ်ပါ။

ယခုလည်း အသက်အရွယ် မရွေး သောက်သုံးမှု များပြား လာသော ဆေးလိပ်။ ကန့်သတ်ချက် မရှိ၊ နေရာအနှံ့ မီးခိုး တလူလူ။ ထို့ကြောင့် ပတ်ဝန်းကျင် အတွက် ကိုယ်တိုင် မသောက်သော်လည်း Second Smoker အဖြစ်သို့ မဝယ်ဘဲ ရောဂါရနေ သူများက နည်းမည် မဟုတ်။ ထို့ကြောင့် ဆေးလိပ်မသောက်ရ ကန့်သတ် နယ်မြေနှင့်စည်းကမ်း ဆိုလျှင် တည်သည်မရှိသော တာဝန်ယူမှု အားနည်းချက် များအပေါ် လွတ်လပ်စွာ အမြင်များ ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

ဦးစိုးဝင်း
(လမ်းမတော် -၂ ကိုယ်စားလှယ်)

မလွယ်ဘူး ဆိုပေမယ့် ထိထိရောက် ရောက်လုပ်ရင် အောင်မြင်မယ်လို့ ယုံ ကြည်ပါတယ်။ နိုင်ငံသားတွေ အနေနဲ့ ဥပဒေကို လိုက်နာ ကျင့်သုံးမှု အားနည်း ခဲ့တာရယ်၊ စည်းကမ်း ရှိမှု အားနည်းခဲ့ တာတွေရယ်ကြောင့် ထိထိရောက်ရောက် ဆောင်ရွက်မှသာ အောင်မြင်မှာပါ။ ဥပဒေ ကရှိပြီးသား ဆိုတော့ အမိန့်(သို့မဟုတ်) ညွှန်ကြား ချက်တွေ လိုမှာပါ။

ဥပမာ တားမြစ်ချက်ကို လိုက်နာရန် ပျက် ကွက်ပါက (ထိရောက်မျှတသော) ဒဏ် ငွေ ဘယ်လောက် ပေးဆောင်ရမယ်၊ ဘယ်နှကြိမ် ကျူးလွန် ရင် ထောင်ဒဏ် ဘယ်လောက် သို့မဟုတ် ထောင်ဒဏ်၊ ငွေဒဏ်နှစ်ရပ် စလုံး ဆိုတာမျိုးပါ။ အ စိုးရဘက် ကလည်း ဒီ ညွှန်ကြားချက် တွေကို ပျံ့နှံ့အောင် ကြေညာပေးဖို့ လို ပါတယ်။ ဆေးလိပ်ရဲ့ ဆိုးကျိုးတွေ ကို ပညာပေး အစီအစဉ်တွေနဲ့ ပြည်သူသိ အောင် ပညာပေးဆောင်ရွက် ဖို့လည်း လိုပါမယ်။ မြန်မာနိုင်ငံ မှာ မိန်းကလေး အများစု နဲ့ အရွယ် မရောက်သေးတဲ့ က လေးအများစုက ဆေးလိပ် မသောက်ကြဘူး။ အဲဒီတော့ Step Smoker တွေ (သို့မဟုတ်) ဆေးလိပ်ငွေ့ ရှူရှိုက်ရတဲ့ လူတွေက ပိုများ တယ် ဆိုတာ မဆန်းပါ ဘူး။ သူတို့မှာ သူတို့ မလုပ်ရပါဘဲ (ဆေး ပညာအရပေါ့လေ) ရောဂါရနေသလို ဖြစ်နေတယ်။

ဒါ မဖြစ်သင့်ပါဘူး။ ဒါ့ ကြောင့် မိသားစု တွင်းမှာ၊ မိမိ အိမ် အတွင်းမှာလည်း စည်းကမ်း ရှိဖို့လိုတယ်။ ဒါကိုလည်း မီးမောင်း ထိုးပြပြီး စည်း ကမ်းရှိဖို့ တိုက်တွန်းပေး ရမယ်။ တဖြည်း ဖြည်း နဲ့ Smoker နည်းပါး သွားလေလေ Step Smoker နည်းသွားလေလေပေါ့။ ဆေးလိပ်၊ စီးကရက် ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ရောင်းချခြင်းနဲ့ ပတ် သက်တဲ့ အခွန်တွေလည်း တိုးမြှင့်ရပါ မယ်။ ဥပမာ စင်ကာပူ လိုပေါ့။ တန်ဖိုး မြင့်ပြီး တင်သွင်းရ ခက်တော့ သောက် သုံးမှု အင်မတန် နည်းပါးတယ်လို့ သိရ တယ်။ ထင်မြင် ယူဆချက် ကလေးတွေ ပြော ရရင်တော့ ဒီကိစ္စက လက်ရှိ ဆေး လိပ်သောက် သုံးနေသူ လူကြီးပိုင်းတွေ အနေနဲ့ တော်တော် အခက်တွေ့စေမှာ ပါ။

ဒါပေမဲ့ ဆေးလိပ်ရဲ့ ဆိုးကျိုး၊ ပတ် ဝန်းကျင် အတွက် လူသားဆန်မှု၊ ကိုယ် ချင်းစာ မှုလေးတွေကို နှလုံးသွင်းဆင် ခြင်မယ်ဆိုရင် မဖြစ်နိုင်စရာ မရှိဘူး ထင် ပါတယ်။ အဲဒီလို လူကြီးပိုင်းက ဆေး လိပ်သောက် သုံး မှု လျှော့ချနေ တဲ့ အ ချိန်မှာ (အထူးသဖြင့်) လူငယ်ပိုင်းကို လည်း ဆေးလိပ်သောက်ခြင်း ကို လက် တည့် မစမ်းမိစေဖို့ ပညာပေးဟောပြော ပွဲတွေ များများ လုပ် ပြီး ပြစ် ဒဏ် သက် ရောက်မှုတွေကို ရှင်းပြပြီး တားဆီးရ မယ်။ မီဒီယာ အကူအညီ များများလို အပ်လိမ့်မယ် ထင်ပါတယ်။ ရုံး၊ ဌာန၊ ကုမ္ပဏီတွေမှာ တင် မဟုတ်ဘူး။ ကျောင်း (တက္ကသိုလ် ကောလိပ်သင်တန်း) မိသားစု အတွင်းမှာလည်း လုပ်ရမယ်။ ဂျပန်က အကြောင်းလေး ကိုယ့်တူပြော ပြတာလေး ပြန်ပြောချင် လို့ပါ။

ဂျပန်မှာ ဆေးလိပ် မသောက် ရ နယ်မြေကန့် သတ်ထားတာ ရှိတယ်။ ကိုယ့်တူက တစ်နေ့တော့ ညစ်ပြီး အဲဒီနေရာမှာ စီးကရက် ထိုင်သောက်နေတယ်။ သိ လျက် နဲ့ တမင်သောက်တာ။ အဲဒီတော့ ဘာဖြစ်လဲ ဆိုတော့ ဘယ်ရဲကမှ မဖမ်း ပါဘူးတဲ့။ ဘယ်သူ ကမှလည်း ဘာမှ မပြောပါဘူးတဲ့။ ဒါပေမဲ့ လူ့အဖွဲ့အစည်း အပြင်က လူတစ်ယောက် ကို မြင်လိုက် ရသလို ထူးဆန်းတဲ့ ရှုတ်ချတဲ့ အထင် သေးတဲ့၊ နိုင်ငံနဲ့ မတန်ဘူး (နိုင်ငံသား မပီသဘူး)လို့ အဓိပ္ပာယ် သက်ရောက် စေတဲ့၊ အကြည့် မျိုးစုံနဲ့ ကြည့်ခြင်းကို တော့ ခံခဲ့ ရပါတယ်တဲ့။ စည်းကမ်း ချိုး ဖောက်ရင် သိပ်ပြီး အောက်တန်းကျ တယ် ဆိုတဲ့ အယူအဆက သူတို့နိုင်ငံ တွေမှာ အရိုးထဲအထိ စွဲနေပြီ။ ကိုယ်တို့ နိုင်ငံမှာလည်း အဲဒီ လိုဖြစ်အောင် mind set တွေကို ပြင်ရမှာ။ ဒါ့ကြောင့် ဘယ်နေရာ ပဲဖြစ်ဖြစ် ဖယောင်းလေး တွေလိုဖြစ်နေတဲ့ လူငယ်တွေက အရေး ကြီးတယ်။

ဦးမြင့်ဦး (အဖွဲ့ဝင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့)

တကယ် လိုအပ်တဲ့ ပြဋ္ဌာန်းချက် ပါ။ တကယ်အရေး မယူနိုင်ဘဲနဲ့တော့ အမိန့်တွေ ထုတ်နေရင် ဘယ်သူမှ လေးစားမှာ မဟုတ်ဘူး။ မန္တလေး သွား တုန်းက ဟိုတယ်တစ်ခု မှာ ဓာတ်လှေ ခါးထဲ ကျောက်မျက် လုပ်ငန်းလုပ်တဲ့ သူတွေ ဆေးလိပ်သောက်ရော သူတို့ တွေကို ဆေးလိပ် မသောက်ရ စာကပ် ထားတာပြပြီး မသောက် ဖို့ပြော၊ ဟို တယ် တာဝန်ရှိသူတွေ ကိုလည်း ပြော တော့ သူတို့က Long stay နေနေတာ တဲ့။

အဲဒါကြောင့် သူတို့ မပြောချင်ကြ ဘူး။ အဲသည် အချိန်က ဟိုတယ်တွေက ခုလို ဧည့် မများသေးတော့ သူတို့က ဖောက်သည် ပျက်မှာ ကြောက်နေ တယ်။ နောက်ပြီး တို့လူတွေက Air con ခန်း ထဲ ဆေးလိပ် အင်မ တန်သောက် ကြတယ်။ မြန်မာပြည်မှာ စည်းကမ်း တစ်ခုကို လူ တွေ လိုက်နာရကောင်းမှန်း မသိကြဘူး။ အဲဒါ တိုင်းပြည်ရဲ့ အဆင့်ကို ပြနေတာ။ အဲဒါကို လူတွေက အမျိုးမျိုး အကြောင်း ပြကြတယ်။ ဆင်းရဲ မွဲတေမှု ဆိုပြီး ကျွန် တော်ကတော့ သိပ်မဆိုင်ဘူးလို့ ထင် တယ်။

တကယ်လို့ ဆေးလိပ်မသောက်ရ လို့ ကန့်သတ် ထားတဲ့နေရာမှာ တစ်ဦး တစ်ယောက် ဆေး လိပ်သောက်တာကို ဦးက ဘယ်သူ့ကို တိုင်ရမလဲ။ ရဲတိုင်လို့ အဲဒီရဲက အရေး မယူရင် ဘာလုပ်ရ မလဲ။ ရဲ ကရော ဆေး လိပ်သောက်နေ တာ တွေ့ရင် တိုင်တဲ့သူ မရှိလည်း အရေး မယူဘူးလား။ အဲဒီဥပဒေကို တာဝန်ရှိ သူတွေ ကိုယ်တိုင်က အရေးကြီးပါတယ် လို့ ခံယူထားဖို့ လိုတယ်။

ဒါမှမဟုတ်ရင် ဆေးလိပ်သောက်တဲ့ ကိစ္စ ကို ရေးကြီး ခွင်ကျယ် လာလုပ်နေတယ်လို့ ထင်ကြ မှာ။ အမှန်က လူတွေကို အရေးယူတဲ့ အဆင့် မရောက်ဘဲ ပညာပေးနိုင်မှပါ။ နောက်ပြီး အရေး ယူတဲ့ အဆင့် မရောက် ဘဲ ပညာပေးနိုင်အောင် TV၊ စာနယ် ဇင်းအားလုံးကနေ ဝိုင်းဝန်း ပါဝင်ပေးဖို့၊ ရေးသားဖော်ပြပေးဖို့ လိုပါတယ်။

ဦးမင်းဇော်ထွန်း (ဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒေသကြီး ဂျူဒိုဆပ်ကော်မတီ)

အဲဒါက စားသုံးသူပဲ အရေးကြီး တယ်။ ဒီဥပဒေက ထုတ်တာက တပ်မ တော် အစိုးရ လက်ထက် ကတည်းက ထုတ်တာလေ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ် တိုင် ဆေးလိပ် မသောက်ရ ဧရိ ယာဆိုပြီး သတ်မှတ်တယ်။ ဦးကလည်း ဆေးလိပ်ကို မကြိုက်တဲ့ သူဆိုတော့ အရမ်း ဝမ်းသာတယ်။ ဒါပေမဲ့ အခုအ ချိန်ထိ အဲဒါက အကောင် အထည်မဖော် နိုင်သေးဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဆေး လိပ်မသောက်ရ နေရာ၊ ဆေးလိပ်သောက် ခွင့်ပြုတဲ့နေရာ၊ နောက်တစ်ခုက ဆေး လိပ် လုံးဝ မသောက် ရ ဆိုတာမျိုးကို အဖြူမှာ အနက်နဲ့ ၁၈ လက်မ၊ ၁၂ လက်မ အရွယ်အစားနဲ့ ကပ်ထားမယ်။ နောက်တစ်ခု က မသောက်ရတဲ့ နေရာ မှာသောက် ရင် ထိရောက်စွာ အရေးယူ မယ်။ အဲဒီဟာက တစ်ခုတော့ ရှိတယ်။ ဘယ်သူက အရေး ယူမှာလဲ။ ရဲက ဖမ်း မှာလား၊ ကျန်းမာရေး ဌာနက ဖမ်းမှာ လား၊ ကျန်းမာရေး ဌာနက ရဲမဟုတ်တဲ့ အတွက် ဘယ်လို ဖမ်းမှာလဲ။ အဲဒါ လွဲနေတာပဲ။ အဲဒီ ထုတ်ပြန်တဲ့ ဥပဒေ ကို အောင်မြင်ဖို့ အတွက် တစ်နည်းရှိ တာက အခု ဆေးလိပ်၊ ဆေးရွက်ကြီး အဲဒါတွေကို အခွန် တင်ထားတယ်။ အရက် ကိုလည်း အခွန်တင်ထားတယ်။ အခွန်တင်ပြီးရင် တင်းတင်း ကျပ်ကျပ် အခွန်ကောက်ရင် အခွန်ကောက်တဲ့ အတွက်ကြောင့် ဒီပစ္စည်းတွေ က ဈေး တက်သွားမယ်။ ဈေးပေါပေါ နဲ့မရောင်း နိုင်တော့ဘူး။

ဝယ်ယူသုံးစွဲသူ ကလည်း သိပ်မသုံးနိုင်တော့ဘူး။ ဆိုလိုတာက ဧ ရိယာ ကျဉ်းသွားမယ်။ ဒါပေမဲ့ အဲဒီ လို ပြောလိုက်တဲ့ အခါကျတော့ အဲဒီစကား သည် ဘယ်သူတွေ အတွက် ရန်သူဖြစ် သွားလဲဆိုတော့ ဆေးလိပ်ရောင်းတဲ့ သူ၊ ကွမ်းယာရောင်းတဲ့သူ အတွက်တော့ ရန်သူဖြစ် သွားမယ်။ ဦး ဆိုလို့ရှိရင် ကွမ်းမစားရ၊ ဆေးလိပ် မသောက်ရဆိုတဲ့ ဆိုင်းဘုတ် ကပ်ထားတယ်။ ကွမ်းစားရင် သွားဖုံး ကင်ဆာဖြစ်တယ်။ ပတ်ဝန်းကျင် ညစ်ပတ်တယ်။

လူထုကို အသိပညာ ပေး လက်ကမ်း စာစောင် မျိုးကို ဖြန့်ဝေ ပေးဖို့ အဲဒါမျိုးတွေ လုပ်ဆောင်ပေးသင့် တယ်။ ထိထိရောက်ရောက် ဆောင် ရွက်နိုင်ရင် ဒါမျိုးတွေက ပပျောက် သွား မှာပဲ။ ဆေးလိပ်သောက်၊ မသောက်နဲ့ မဟုတ်ဘူး။ အများမရှိတဲ့ နေရာမှာ ကိုယ့်ဟာကို တစ်ယောက် တည်းေ သာက်။ ဒါပဲ ဦးက မဆန့်ကျင် ဘူး။ မပုတ်ခတ် ဘူး။ ရန်ဘက်မလုပ် ဘူး။ ဒါပေမဲ့ သူ့ စည်း ကိုယ့်စည်းနဲ့ အများမထိခိုက် အောင် လုပ်ရင် ရတယ်။

ရဲမင်းသူ၊ ဒဂုံအရှေ့ပိုင်း၊ MRTV-4 Forever Group

လူတွေပေါ် မူတည်ပါတယ်။ အဲဒီ လိုမျိုး လုပ်တာက ပြော ရင်တော့ မြန်မာ နိုင်ငံက လူတွေက စည်းကမ်း မရှိကြဘူး။ မသောက်ရ နယ်မြေဆို ပိုသောက်ချင် ကြတယ်လေ။ လူတွေ စည်းကမ်းရှိရင် အောင်မြင် မှာပါ။ စည်းကမ်း ထက်စာ ရင်တော့ Smoking Zone လိုနေရာမျိုး များများ ထားပေးမယ်။ ဥပမာ Bang-kok မှာလို ကားမှတ်တိုင် လိုနေရာ မျိုး တွေ၊ ကျောင်းကန်တင်းတွေ၊ အလုပ် ကန်တင်းတွေမှာ Smoking areaလို တွေထားပေးစေ ချင်တယ်။ တကယ် အဲဒီနေရာ မဟုတ်ဘဲ တခြား တားမြစ် နယ်မြေတွေ မှာသောက်ရင် ဒဏ်ငွေကို ဖိဖိစီး စီး ကောက်သင့်တယ်။ အရေးယူ မယ့်သူတွေ ကလည်း
အမြဲစောင့်ကြည့်ဖို့ လိုတာပေါ့။

Air-con ခန်းထဲ မှာတော့ ဆေးလိပ် မသောက်ရတာ လူတော် တော်များများ သိတဲ့အတွက် သိပ်ပြော စရာမလိုဘူး ထင်တာပဲ။ အခုလည်း တားမြစ် တဲ့ နေရာတွေ မှာ ဆေး လိပ် သောက်နေ ကြတာတော့ မမြင်မိပါဘူး။ အရင်ကဆို ကျွန်တော်လည်း ဆေးလိပ် မသောက်ရ တဲ့နေရာတွေဖြစ်တဲ့ နေရာ တွေမှာ သောက်မိတယ်။

မနှစ်က ဘန် ကောက် သွားတုန်းက အဲဒီ ဆိုင်းဘုတ်ကြီး ကြည့်ပြီး ထိုင်သောက်မိတာ။ စည်း ကမ်း လိုက်နာတာကို ပြောရရင် ဒီ့ထက် ပိုပြီး စည်းကမ်း တင်းကျပ်ရမယ်။ ကျွန် တော် ဆိုလည်း အခု လောလောဆယ်ဆို လိုက်နာဖို့ မလွယ်ဘူးလေ။ အချိန် တစ်ခုမှာတော့ ဒီလိုကိစ္စတွေ ကအောင် မြင်မှာပါ။ အဲဒီလို သတ်မှတ်လိုက်တဲ့ ကိစ္စ မျိုး လုပ်တာ ကောင်းပါတယ်။

ကိုဇွဲရန်နိုင် (မြန်မာနိုင်ငံလူငယ်များ အ စည်းအရုံး ဥက္ကဋ္ဌ)

ဆေးလိပ် မသောက်ရ နယ်မြေ သတ်မှတ်တယ်ဆိုရင် တကယ်ကို တိကျ သေချာတဲ့ နေရာမျိုး၊ သတ်မှတ်ချက် မျိုးဖြစ်သင့်တယ်။ ”ဤနေရာတွင် ဆေး လိပ်မသောက်ရ” လို့ ကပ်ထားရုံနဲ့ ဆေး လိပ်မသောက်တဲ့ နေရာဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီ အတွက် တိကျသေချာ တဲ့ စည်းကမ်းချက်တွေ ပြစ်ဒဏ်တွေ ထုတ်ပြန်သင့်တယ်။

ထုတ်ပြန် ထားတဲ့ စည်းကမ်း အပေါ် လူတွေ ဘယ်လောက် လိုက်နာမှု ရှိလဲဆိုတာ ပြန်ကြည့်သင့် တယ်။ ပြစ်ဒဏ် ကိုလည်း ထိုက် သင့်တဲ့ ပြစ်ဒဏ်မျိုးတွေ သတ်မှတ် သင့် တယ်။ ထောင်ဒဏ် ချည်းသတ်မှတ်တာမျိုး၊ ငွေ ဒဏ်ချည်း သတ်မှတ်တာမျိုး မဖြစ်သင့် ဘူး။ သူ့ပြစ်ဒဏ်နဲ့ သူလိုက်လျော ညီထွေ ဖြစ်ဖို့လည်း အရေးကြီးတယ်။ နောက် ပြီး ဆေးလိပ် မသောက်ရ ဆိုတဲ့နေရာမှာ တကယ်ရော လိုက်နာမှုတွေ ရှိနေရဲ့ လားဆိုတာ စောင့်ကြည့်ရေးတွေ ထားသင့်တယ်။

ဒါပေမဲ့ ကျွန်တော် တို့ နိုင်ငံ က ဖွံ့ဖြိုးဆဲ တိုင်းပြည်ဖြစ်လို့ နေရာ တိုင်းမှာ CCTV တွေ တပ်ထားဖို့တော့ လွယ်ဦးမှာ မဟုတ်သေးဘူး။ ဒါပေမဲ့ ဆေးလိပ် မသောက်ရနေရာတွေ မှာ လိုက်နာမှု ရှိ၊ မရှိ ဆိုတာကိုလည်း စစ် တမ်းကောက် သင့်တယ်။ ပြီးရင် အဲဒါကို ပညာရှင်တွေ နဲ့ ပူးပေါင်းပြီး ဆေး လိပ်ကင်းစင် နယ်မြေတကယ်ဖြစ်အောင် ဘယ်လို လုပ်မလဲ ဆိုတာ အဖြေ ရှာသင့်တယ်။ ဒါကို ကျန်းမာရေး ဝန်ကြီးဌာနက သာမက လွှတ်တော် ကနေလည်း ရှိနှင့်ပြီးသား ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထိန်းချုပ်ရေး ဥပဒေကို ပြန်လည်ပြင် ဆင်မှုတွေ လုပ်သင့်တယ်။ အဲဒီ ဥပဒေ နဲ့ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသင့်တယ်။

ဆေးလိပ် မသောက်ရ နယ်မြေတွေ လုပ်သလို ဆေးလိပ်သောက်မယ့် လူတွေ အတွက်လည်း နေရာ ရှိသင့်တယ်။ သက် ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုး ရအဖွဲ့အနေနဲ့ရော သမ္မတ ရုံးအနေနဲ့ပါ။ အမိန့်ကြေ ညာချက် မျိုး ထုတ်ပြန်သင့် တယ်။ ဒီလိုဖြစ်ဖို့ သုံးလေးနှစ် အချိန်ယူ ပြီး သတ်သတ်မှတ်မှတ်နဲ့ တကယ်စိမ့်ဝင် ပျံ့နှံတဲ့ လုပ်ဆောင်မှု မျိုးဖြစ်အောင် လုပ် သင့်တယ်လို့ မြင်တယ်။ နောက် ဒီမှာက အားလုံး သိတဲ့ အတိုင်း ဆေးလိပ်၊ ကွမ်းယာ၊ ဆေးရွက်ကြီးတွေကလမ်းမှာ၊ လက် ဘက်ရည်ဆိုင် မှာ အလွယ်တကူ ရနေ တော့ အဲဒါတွေကို ပါ စနစ်တကျ ထိန်း သိမ်းအရေးယူ သင့်တယ်။

ထက်ထက်မိုးမြင့်၊ ခိုင်နွယ်ဦး
Popular Myanmar News Journal


သန်းခေါင်စာရင်းကောက် ဆရာမတစ်ဦး မြွေကိုက်ခံရ


ဆိုက်ကျင်၊ သုံးခွ၊ မတ်-၃၀

ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အမှတ်(၄)ရပ်ကွက်၌ သန်းခေါင် စာရင်း ကောက်ယူ ရေး အဖွဲ့ဝင်တစ်ဦး သန်းခေါင်စာရင်းစစ် တာဝန် ထမ်းဆောင်စဉ် မတ် ၃၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့် က အမှတ်(၄)ရပ်ကွက် အောင်ဇေယျလမ်း ဥက္ကံဝတံတား အနောက်ဘက် ခြမ်းလမ်းတွင် ၀ဲဘက်ခြေမျက်စိ၌ မြွေကိုက်ခံခဲ့ရကြောင်း သိရသည်။

မြွေကိုက်ခံရသော ဆရာမ ဒေါ်သီတာခိုင် (၄၉)နှစ်အား သုံးခွမြို့နယ် ပြည်သူ့ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူရာ မြို့နယ်ဆရာဝန်၏ ညွှန်ကြားချက်အရ ၂၄ နာရီ စောင့်ကြည့်ရမည် ဖြစ်ကြောင်း လောလောဆယ် အခြေအနေ၌ စိုးရိမ်စရာ မရှိကြောင်း သိရပြီး စာရင်းစစ် ဒေါ်သီတာခိုင်ကိုယ်စား စာရင်းစစ် ဒေါ်ဇာခြည်လွင်က အစားထိုးကောက်ယူလျက်ရှိသည်။

မြွေကိုက်ခံရသော ဆရာမဒေါ်သီတာခိုင်ထံသို့ သုံးခွမြို့နယ် သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်းနှင့် အတွင်းရေးမှူး ဦးရှာမွေလတို့က မြို့နယ်ဆေးရုံသို့ သွားရောက်ပြီး လိုအပ်သည်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူ နေပုံ 

သန်လျင်မြို့ ဘုရားပူဇော်ပွဲနဲ့ မီးနင်းပွဲ (ဓာတ်ပုံ)


ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် စရီမာမယ်တော် သတ်သတ်လွတ်ဘုရားကျောင်းမှာ ဘုရားပူဇော်ပွဲနဲ့ မီးနင်းပွဲကို မတ် ၃၀ ရက်နေ့ ညနေပိုင်းမှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြီးကျယ်ဆုံး မီးနင်းပွဲတော်လို့ ပြောလို့ရပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပလာတာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီး ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအ၀င် မီးနင်းသူပေါင်း ၄၃၇ ယောက် ရှိပါတယ်။

မီးနင်းဖို့အတွက် ၇ ရက်အလို သို့မဟုတ် ၁ လ အလိုလောက်တည်းက သီလ ဆောက်တည် ရပါတယ်။ ခေါင်းမှာ ရွက်ထားတဲ့ အိုးတွေက ပဲပင်တွေ ဖြစ်ပြီး မီးနင်းပွဲ မစခင် ၁၀ ရက်အလိုမှာ ပဲစေ့တွေကို အိမ်မှာ ဆုတောင်း အဓိဋ္ဌာန်နဲ့ စိုက်ကြတာပါ။

ပဲပင်တွေ ပေါက်လာရင် အပင် သန်သန်စွမ်းစွမ်း ပေါက်လေလေ ဆုတောင်းပြည့်လေလို့ ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကြပါတယ်။

By ဒီဗွီဘီ

ဓာတ်ပုံ – ယမင်းဦး




သန်လျင် ခရိုင် ရဲကင်း ယာဉ်တိုက်မှု နှစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ မတ် ၃၁

၃၀.၃.၂၀၁၄ ရက်နေ့ ၂၃၅၅ အချိန် သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်းအတိုင်း သန်လျင်နာရီစင်ဘက်မှ ကျိုက်ခေါက်ဘုရား ဘက်သို့ ယာဉ်မောင်း နေ၀င်းအောင်(၃၃)နှစ်၊ (ဘ)ဦးကြည်းဝင်း၊ အုပ်ဖိုစုရပ်ကွက်၊ သန်လျင်မြို့နယ်နေသူမောင်းနှင်သည့် ၁စ/---AD VANအဖြူ ရောင်ကိုယ်ပိုင်ယာဉ်သည် တောင်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ တောင်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဝင်း လုံခြုံရေးကင်းတဲအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ထိုသို့တိုက်မိမှုကြောင့် ကင်းတဲအတွင်း၌ လုံခြုံရေး တာဝန် ဆောင်ရွက်နေသော ရဲတပ်သား ဇော်ဇော်တွင် ယာမျက်လုံးဖူးရောင်ညိုမဲ၊ နှုတ်ခမ်းအပေါ်၊ အောက်ညိုမဲ ဒဏ်ရာများရရှိပြီး သန်လျင်ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ) အဖြစ်လည်းကောင်း၊ ၎င်းယာဉ်၏ နောက်ခန်းတွင်စီးနင်းလိုက်ပါလာသူ ဦးစိုးမိုးတွင် ယာလက်ကောက်ဝတ်ကျိုးဒဏ်ရာရရှိသဖြင့် သန်လျင်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် လည်းကောင်း တက်ရောက်ကုသမှု ခံယူခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်သူ ယာဉ်မောင်း နေ၀င်းအောင်အား သန်လျင်မြို့မရဲစခန်းယာဉ်(ပ) ၅၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မြန်မာအလုပ်သမား ၂၅ ဦးပါ ကားတစ်စီး မတော်တဆ ထိခိုက်မှုဖြစ် ၁ ဦး သေဆုံး


ထိုင်းနိုင်ငံတောင်ပိုင်း ပရကျုတ်ခီရိခန်ခရိုင်မှာ မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစီး သစ်ပင်နဲ့ ၀င်ဆောင့်မိတာကြောင့် ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ သွားတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထပ်ဆကယ်မြို့နယ် အန်ထောင်းရပ်ကွက်ထဲမှာ မတ် ၃၁ ရက် ဒီနေ့မနက် ၆ နာရီလောက်က ယာဉ် မတော်တဆထိခိုက်မှု ဖြစ်ပွားကြောင်း သတင်းရရှိတဲ့အတွက် ရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေပါ အခင်းဖြစ်ပွားရာနေရာကို သွားရောက် စစ်ဆေးခဲ့တယ်လို့ တာဝန်ကျရဲမှူး ဖိုင်းရတ်ခ်ျ ဖားခယိုက သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးတွေ့ရှိချက်အရ အန်ထောင်းကျောင်းတိုက်အရှေ့က သစ်ပစ်တပင်ကို ၀င်တိုက်တဲ့ အဖြူရောင် မစ်ဆူဘီရှီ ဟိုင်းလပ်ကား ၁ စီးကို တွေ့ရကြောင်း၊ ယာဉ်မောင်းသူမှာ ကားစတီယာရင်ကြား ညှပ်မိပြီး ဦးခေါင်းမှာ ဒဏ်ရာ ပြင်းထန်ကြောင်း ၊ ကားနောက်ခန်းမှာတော့ လူ ၁ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရတယ်လို့ ရဲမှူးးက ပြောပါတယ်။

အဲဒီထဲမှာ ယာဉ်မောင်းတဦးတည်းသာ ထိုင်းနိုင်ငံသား ဖြစ်ပြီး ကျန်သူအားလုံး မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၀ ဦး ၊ ယောက်ျားလေး ၄ ယောက် ၊ မိန်းကလေး ၁ ယောက်တို့ ပါဝင်ကြောင်း၊ အားလုံးကို ထပ်စကယ်ဆေးရုံ နဲ့ ပရကျုတ်ခီရိခန်ဆေးရုံး ၂ ခုမှာ တင်ထားရတယ် လို့ ပြောပါ တယ်။

သူတို့တတွေဟာ မြန်မာနိုင်ငံ ထားဝယ်နဲ့ မုဒုံဘက်က ဖြစ်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်မှာ ရာဘာစေးခြစ်တဲ့အလုပ်ကို သွားလုပ်ဖို့  ဖြစ်ကြောင်း လူ ၁ ဦးကို ဘတ် ၂ ထောင်စီ ပေးရကြောင်း၊ ဒီမနက် ၄ နာရီအချိန် ဆင်းခေါင်န်နယ်စပ်ကနေ ၀င်လာတာမှာ ယာဉ်မောင်းက ကားကို အမြန်မောင်းတဲ့အတွက် ခုလို ထိခိုက်မှုနဲ့ ကြုံရတာလို့ ကားပေါ်ပါလာသူ မွန်အလုပ်သမား နိုင်တေယက ထွက်ဆိုတယ်လို့ ဆိုပါတယ်။

လောလောဆယ် ထပ်စကယ်ရဲစခန်းက ယာဉ်မောင်းဖြစ်သူကို အများသူငှာ နာကျင်ထိခိုက်စေမှု၊ ယာဉ်စည်းကမ်းဖောက်ဖျက်မှုတွေနဲ့ အမှုဖွင့်ထားကြောင်း၊ မြန်မာ အလုပ်သမားတွေဟာ တရားဝင် ၀င်ရောက်လာခြင်း ရှိ၊ မရှိ ဆက်လက် စစ်ဆေးအရေးယူသွားမယ်လို့ ရဲမှူးက ပြောကြောင်း ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြသွားပါတယ်။

By ဒီဗွီဘီ

ဓာတ်ပုံ - khaosod.co.th


ပညာရေးတက္ကသိုလ်နှင့် ကောလိပ်မှဆရာများ အင်္ဂလိပ်စာသင်ကြားရန် ဗြိတိန် ပေါင်လေးသန်း ကူညီမည်


ဗြိတိသျှကောင်စီက မြန်မာနိုင်ငံရှိ ပညာရေး တက္ကသိုလ်များနှင့် ပညာရေး ကောလိပ်များရှိ ဆရာ၊ ဆရာမ များကို အင်္ဂလိပ်စာ သင်ကြားရေး နှစ်နှစ်စီမံချက်အတွက် ပေါင် ၄ ဒသမ ၂ သန်း ကူညီသွားမည်ဟု ပညာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောသည်။

“ဗြိတိန်နဲ့ မြန်မာက ပညာရေး ပူးပေါင်းဆောင်ရွက်မှုတွေရှိပေမယ့် အခုလို နားလည်မှုစာချွန်လွှာ ထိုးတာ ကတော့ ဒါ ပထမဦဆုံးပါ”ဟု ပြောသည်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ဗြိတိသျှကောင်စီနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ မတ်လ ၂၈ ရက်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစာချုပ်အရ အင်္ဂလန်နိုင်ငံသား ဆရာများသည် ပညာရေးတက္ကသိုလ် နှစ်ခု၊ ပညာရေးကောလိပ် ၁၉ ခုနှင့် မာလာဆောင် အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာနတို့မှ ဆရာ၊ ဆရာမပေါင်း ၁၃၀၀ ခန့် ကို ၂၀၀၄ ခုနှစ် စက်တင်ဘာလမှ ၂၀၁၆ ခုနှစ် သြဂုတ်လအထိ သင်ကြားသွားမည်ဟု စာချွန်လွှာတွင်ပါ ရှိသည်။

လာရောက်သင်ကြားမည့် ဆရာ ၅၀ ဦးတွင် ကြီးကြပ်ကွပ်ကဲသူ ခြောက်ဦး ပါဝင်မည်ဖြစ်ပြီး အင်္ဂလိပ်စာ သင်ကြားရေးစနစ် တိုးတက်စေရေးနှင့် မြန်မာ့ပညာရေး မြင့်မားစေရန် ပူးပေါင်းလုပ်ကိုင်မည်ဖြစ်ကြောင်း အခမ်းအနားတက်ရောက်သူ မိတ္ထီလာပညာရေးကောလိပ်မှ ကျောင်းအုပ်ဆရာကြီး ဦးဗိုလ်မြင့်က ပြော သည်။

ပညာရေးဝန်ကြီးဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင်က “ative Speaker တွေနဲ့ အတူနေ၊ အတူစားပြီး သင်ကြမယ်ဆိုတော့ အင်္ဂလိပ်စာစွမ်းရည် အများကြီး တိုး တက်လာမှာပါ။ သူတို့တွေ ပြန်သင်တဲ့အခါမှာလည်း မှန်ကန်တဲ့ အင်္ဂလိပ်စာတွေ ဖြစ်လာမှာပေါ့”ဟု မှတ် ချက်ပြုသည်။

အင်္ဂလိပ်ဘာသာစကား သင်ကြားရေးနှင့်ပတ်သက်၍ ဗြိတိသျှကောင်စီသည် မြန်မာနိုင်ငံအတွင်း အင်္ဂ- လိပ်စာလိုအပ်ချက်ရှိသော နေရာများတွင် သင်ကြားရေးစင်တာများကို အကန့်အသတ်မရှိ ဖွင့်လှစ်ခွင့်ရ မည်ဖြစ်ကြောင်း အဆိုပါစာချွန်လွှာတွင် ပါရှိသည်။

ဗြိတိသျှကောင်စီမှCountry Director Kevin Mackenzie က “ကျွန်တော်တို့အနေနဲ့ ဒီစာချုပ်ကို နှစ်နှစ် နေပြီးရင် Review ပြန်လုပ်မယ်။ အခုလောလောဆယ်တော့ ဒါကို အောင်မြင်ဖို့ပဲ အာရုံထားပါတယ်”ဟု ပြောသည်။

ဝင်းကိုကိုလတ်၊ အောင်သူရထွန်း

Mizzima - News in Burmese



ဓားစာခံများကို ကယ်တင်ခြင်း


ဒီတစ်လအတွက် ငိုစရာအကောင်းဆုံးဟာသတစ်ခုကိုပြောပြပါမည်။

ဒီမိုကရေစီရေချိန်ဘယ် လောက်မြင့်သလဲအပေါ်မူတည် ပြီးမှ တပ်မတော်သားများ လွှတ် တော်တွင်းမှ ထွက်ခွာသွားမည် ဆိုသည့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ (ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း) ဦးတင်အေး၏ စကား ဖြစ်ပါသည်။ တပ်မတော်က မြန်မာ့နိုင်ငံရေးအာဏာကို သိမ်း ယူချုပ်ကိုင်ပြီး ၅၂ နှစ်နီးပါး အကြာမှာ ဗိုလ်ချုပ်ဟောင်းတစ် ဦးက ပြောလိုက်သည့် စကား လည်းဖြစ်သည်။

မရယ်ပါနှင့်။ ငိုရမည့်အချိန် ဖြစ်ပါသည်။ ငိုရမည့်အကြောင်း ကတော့ ဒီမိုကရေစီ၏ အသက် သွေးကြောဖြစ်သည့် ရွေးကောက် ပွဲများကို ဦးဆောင်ကြီးကြပ်ရသူ က ရွေးကောက်ပွဲမလိုဘဲ အော် တိုမက်တစ် ခန့်အပ်ခံရသူများ ဘက်က ကာကွယ်ပြောဆိုခြင်း ကြောင့်ဖြစ်ပါသည်။ ဒီမိုကရေစီ ရေချိန်မြင့်လာဖို့ တပ်မတော်သား များ လွှတ်တော်အတွင်းမှာ လို အပ်နေဟု ပြောခြင်းဖြစ်သည်။

ဒီမိုကရေစီမြင့်မားလာမှုနှင့် လွှတ်တော်အတွင်းမှ စစ်သားများ နေရာယူမှုအကြားက ဆက်စပ်မှု ကို ကြိုးစားတွေးခေါ်ကြည့်ကြရ အောင်ပါ။ ဒီနေရာမှာ မေးခွန်း သုံးခုကို ကျွန်တော်တို့အဖြေထုတ် ကြည့်မည်။

မေးခွန်းအမှတ်(၁)က လွှတ် တော်အတွင်းမှာ တပ်မတော်သား များရှိနေခြင်းက ဒီမိုကရေစီမြင့် မားလာမှုကို ဘယ်လိုအထောက် အကူပြုသလဲဆိုသည့် မေးခွန်း ဖြစ်သည်။

ဂရိဘာသာစကားက ဆင်း သက်လာသည့် ‘ဒီမိုကရေစီ’ဆို သည့်စကားသည် Demos နှင့် Kratos ဆိုသည့်စကားလုံးနှစ်လုံး ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ Demos ကို ‘ပြည်သူ’ (People) ဟုအနက်ဖွင့်ပြီး Kratos ကို ‘အုပ် ချုပ်မှု’(Rule)ဟု အဓိပ္ပာယ်ဖွင့်ကြ သည်။ နှစ်ခုပေါင်းလိုက်လျှင် ဒီမို ကရေစီကို ‘ပြည်သူလူထု၏ အုပ် ချုပ်မှု’ဟု ဆိုရမည်။

သို့ဆိုလျှင် ဒီမိုကရေစီစနစ် မှာ ပြည်သူလူထုကိုယ်တိုင်က တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်ပါ သလဲ။ ရှင်းပါသည်။ ပြည်သူလူ ထုက ရွေးကောက်ပွဲများမှတစ် ဆင့် သူတို့နှစ်သက်ရာကိုယ်စား လှယ်များကိုရွေးချယ်ပြီး အုပ်ချုပ် စေခြင်းဖြစ်ပါသည်။ ဒီလိုနဲ့ ရွေး ကောက်ပွဲများသည် ဒီမိုကရေစီ၏ အခြေခံယန္တရားများဖြစ်လာကြ သည်။ ရွေးကောက်ပွဲများ လွတ် လပ်ပြီးတရားမျှတလာလေ လွှတ် တော်အတွင်းမှာ စစ်မှန်သည့် ပြည်သူ့ကိုယ်စားလှယ်များ နေရာ ရလာလေ ဒီမိုကရေစီထွန်းကား လာလေဖြစ်သည်။

ဒီမိုကရေစီထွန်းကားလာဖို့ အတွက် ပြည်သူ့ကိုယ်စားလှယ် များကို ရွေးကောက်တင်မြှောက် ပေးဖို့ တာဝန်ရှိသူက ပြည်သူ့ မဲဆန္ဒမလိုအပ်ဘဲ ရီမုတ်ကွန်ထရိုး ဖြင့် ခန့်အပ်သည့် တပ်မတော် သားကိုယ်စားလှယ်များဘက်က ကာကွယ်ပြောဆိုခြင်းသည် မြန်မာ့နိုင်ငံရေးတစ်စုံတစ်ရာ မှားယွင်းနေသည်ကို ပြသလိုက် ခြင်းဖြစ်သည်။

ဒီမိုကရေစီမြင့်မားမှ တပ် မတော်သားကိုယ်စားလှယ်များ လွှတ်တော်အတွင်းမှ ထွက်ပေးရ မှာလား။ (သို့မဟုတ်) ဒီမိုကရေစီ မြင့်မားဖို့အတွက် လွှတ်တော် အတွင်းမှ တပ်မတော်သားကိုယ် စားလှယ်များထွက်ပေးရမှာလား ဆိုသည်ကို ဗိုလ်ချုပ်ကြီးဟောင်း များ ဖြေဖို့လိုပါသည်။

မေးခွန်းအမှတ်(၂)က ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ စကားသည် သူ၏ ‘ကြားနေမှု’ကို ဘယ်လောက်ထိပါးစေသလဲဆို သည့် မေးခွန်းဖြစ်သည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က သူရီမုတ်ကွန်ထရိုးဖြင့် ညွှန်ကြား သည့် တပ်မတော်သားကိုယ်စား လှယ်များဘက်က ကာကွယ်ပြော ဆိုနိုင်သည်။ သို့မဟုတ် ‘ဗိုလ်ချုပ် ဟောင်းများကလပ်’ ဖြစ်သည့် ကြံ့ခိုင်ရေးပါတီက တပ်မတော်သားကိုယ်စားလှယ်များဘက်က ထောက်ခံနိုင်သည်။ နိုင်ငံရေး သမား (သို့မဟုတ်) လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦးကလည်း အလားတူမှတ်ချက်မျိုးပြုကောင်း ပြုနိုင်သည်။

သို့သော် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌတစ်ဦးအနေနှင့် တော့ အခြေခံဥပဒေပြင်ဆင်ဖို့ စောနေသေးကြောင်းနှင့် လွှတ် တော်တွင်း တပ်မတော်သားကိုယ် စားလှယ်များလိုအပ်နေသေး ကြောင်းကို မပြောမီနောက်တစ် ကြိမ် ပြန်စဉ်းစားသင့်သည်။

မေးခွန်းအမှတ်(၃)က ပြီးခဲ့ သည့် ၅၂ နှစ်သည် တပ်မတော် အတွက် တိုင်းပြည်ကို အုပ်ချုပ် ခွင့်နှင့် ဥပဒေရေးဆွဲခွင့်အာဏာ ကို ချုပ်ကိုင်ဖို့ မလုံလောက်သေးဘူးလားဆိုသည့် မေးခွန်းဖြစ်သည်။

တက္ကသိုလ်မှာတော့ ၂ နှစ် ဆက်တိုက်ကျလျှင် အပြင်ဖြေဆို ခွင့်လျှောက်ထားရပြီး သုံးနှစ်ဆက် တိုက်ကျလျှင် ကျောင်းမှထွက်ရ သည်။ ၅၂ နှစ်သည် တစ်စုံတစ် ယောက်၏ မအောင်မြင်မှုကို သက်သေပြဖို့ ကောင်းကောင်း ကြီးလုံလောက်သော အချိန် အတိုင်းအတာဖြစ်သည်။

၅၂  နှစ်အတွင်း ဒီမိုကရေစီ ဇီးရိုးဖြစ်ခဲ့သည်။ စီးပွားရေးချွတ် ခြုံကျသွားသည်။ ဗိုလ်ချုပ်ကြီး များ၏ အိတ်ကပ်ဖောင်းကား ပေါက်ကွဲထွက်လာသည်။ မြန်မာ့ မူးယစ်ဆေးဝါးကမ္ဘာကို လွှမ်းစေ ခဲ့သည်။ တိုင်းရင်းသားအချင်း ချင်း စိတ်ဝမ်းကွဲမှု အစိတ်စိတ် အမြွှာမြွှာဖြာသွားသည်။ အဆိုး ဆုံးကတော့ တပ်မတော်ကို လူ တစ်စုက ၅၂ နှစ်ကြာ ပြန်ပေး ဆွဲသွားခဲ့ခြင်းဖြစ်သည်။

စာမေးပွဲစကားနှင့်ပြောရ လျှင် ဒီမိုကရေစီ၊ စီးပွားရေး၊ ခြစားမှု၊ ရာဇဝတ်မှု၊ ပြည်ထောင် စုစိတ်ဓာတ်နှင့် လုံခြုံရေးဆိုသည့် ခြောက်ဘာသာလုံးမှာ ဘာသာစုံ ကျသည်ဟု ပြောရမည်။

တပ်မတော်၏ ဂုဏ်သိက္ခာ အကြောင်းပြောရသည့်အခါများ မှာ တိုင်းပြည်ကို အမှန်တကယ် ချစ်သည့် တပ်မတော်သားများ၏ ဂုဏ်သိက္ခာနှင့် စိတ်ဓာတ်များကို တွေးမိပြီး ရင်နာရပါသည်။ တပ်မတော်ကို ပြန်ပေးဆွဲသွားသူ များနှင့် ပြန်ပေးဆွဲခံရသူ တပ် မတော်သားများဟု ခွဲခြားရှုမြင်ပါ သည်။

တပ်မတော်ကို နိုင်ငံရေး နယ်ပယ်မှ လွတ်ကင်းအောင် ပြုလုပ်ဖို့ကြိုးစားခြင်းသည် တပ် မတော်သားများကို ၎င်းတို့နှင့် ထိုက်တန်သည့်ဂုဏ်သိက္ခာပြန် လည်ရရှိရန်အတွက် အားထုတ် ခြင်းဖြစ်ပါသည်။

တပ်မတော်ကို ပြန်ပေးဆွဲ သွားခဲ့သူများက ဓားစာခံများကို နေရာတော်တော်များများမှာ ဖြန့် ကြက်ချုပ်နှောင်ထားခဲ့ကြသည်။ ပထမဦးဆုံး ကယ်တင်ကြရမည့် ဓားစာခံများကတော့ လွှတ်တော် အတွင်းမှာ ချုပ်နှောင်ထားခံကြရ သည့် တပ်မတော်သားများဖြစ်ပါ သည်။

ဓားစာခံများကို ကယ်တင်ဖို့ အတွက် ပြည်သူလူထု၏ ဆန္ဒကို အမှန်တကယ်ဖော်ထုတ်နိုင်ဖို့ လိုအပ်ပါသည်။ ပြည်သူ့ဆန္ဒကို အမှန်တကယ်ဖော်ထုတ်နိုင်ဖို့ အတွက် လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲများလိုအပ် သည်။ ရွေးကောက်ပွဲများ လွတ် လပ်ပြီး တရားမျှတဖို့အတွက် ဘက်မလိုက်သန့်ရှင်းသည့် ရွေး ကောက်ပွဲကော်မရှင်တစ်ခုလို အပ်သည်။

သို့မဟုတ်လျှင်တော့ ထင် ရှားသည့် အမေရိကန်သတင်းစာ ဆရာကြီး အိတ်ခ်ျအယ်လ်မန်ကန် ပြောခဲ့သလိုသာဖြစ်လိမ့်မည်။

‘‘ရွေးကောက်ပွဲဆိုတာ ခိုးရာ ပါပစ္စည်းတွေ လေလံတင်တဲ့ပွဲ ပါပဲ’’။။

Author: ရဲမိုး

7DAY DAILY


ရန်ကုန်မြို့တော်တွင် လျှပ်စစ်မီး ပြတ်တောက်မှုများ မကြာခဏဖြစ်


ရန်ကုန်၊ မတ် ၃၀

မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး နေထိုင်သည့် ရန်ကုန်မြို့တော်၌ ယခုနှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရန် လုပ်ဆောင် သွားမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မတ်လ ၇ ရက်နေ့က အတည်ပြု ပြောကြားခဲ့သော်လည်း ရန်ကုန်မြို့တော်တွင် မတ်လ တတိယပတ်မှ စတင်ကာ မီးပြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း မြို့ခံများကပြောကြားသည်။

ရန်ကုန်မြို့တော် မြို့နယ်များတွင် မတ်လ ၂၆ ရက်နေ့ နောက်ပိုင်းမှစ၍ တစ်ရက်လျှင် အနည်းဆုံး တစ်ကြိမ်မှ သုံးကြိမ်အထိ နေ့စဉ် လျှပ်စစ်မီး ပြတ်တောက်မှု ဆိုးဝါးလာနေကြောင်း ၎င်းတို့က ပြောကြားသည်။

“မီတာခ တိုးကောက်တာကို ဖယောင်းတိုင်ကိုင် ဆန္ဒပြတဲ့ မတ်လ ၂၆ ရက်နေ့က ကျောက်တံတား မြို့နယ်မှာ ညဦးပိုင်းက မီးပြတ်နေတယ်” ဟု ၃၈ လမ်းတွင်နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုသည် သက်ဆိုင်ရာ မြို့နယ်များတွင် သစ်ပင်များ ခုတ်ခြင်း၊ ဓာတ်အားတိုင်များ လဲလှယ်ခြင်းနှင့် ဓာတ်ကြိုး အသစ်များ သွယ်တန်းခြင်းများကြောင့် ဖြစ်နိုင်ပြီး ယခင်နှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ရှိခဲ့သော်လည်း ယခုနှစ်တွင် ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာ မရှိတော့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဒီကိစ္စက သက်ဆိုင်ရာ မြို့နယ်တွေရဲ့ လျှပ်စစ်ဓာတ်အားပေး ဌာနတွေနဲ့ပဲ ဆိုင်တယ်။ ကျွန်တော်တို့ဆီကတော့ အလုံအလောက် ပေးထားတာပဲ” ဟု ရန်ကုန်မြို့ကို အဓိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

အချို့ မြို့နယ်များတွင် တစ်ကြိမ်ပျက်လျှင် သုံးနာရီခန့်ပင် ကြာမြင့်တတ်ပြီး ထမင်းဟင်း ချက်ပြုတ်ရာနှင့် အခြားသော နေထိုင်ရေး ကိစ္စများတွင် အခက်အခဲများ ဖြစ်ရကြောင်း မြောက်ဥက္ကလာပမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူများက ဆိုသည်။

“တစ်ခါပျက်ရင် တစ်နာရီလောက် ကြာတယ်။ မနက်ပိုင်း၊ နေ့ပိုင်း၊ ညပိုင်း သုံးခါ ပျက်တယ်” ဟု မြောက်ဒဂုံမြို့နယ် ၃၁ ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် ၉၀၀ မဂ္ဂါဝပ်အထိ ရှိပြီး လျှပ်စစ်ဓာတ်အား စုစုပေါင်းပမာဏ ၄၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သေးကြောင်း၊ လိုအပ်သော လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ ၂၃၀ KV ဓာတ်အားလိုင်းဖြင့် ရယူသုံးစွဲပေးလျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် မတ်လ ၇ ရက်နေ့က ပြုလုပ်သော ၁၃ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့ကို လျှပ်စစ်ဓာတ်အား လုံလောက်စွာ ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်တွင် ၁၂၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ (Combined Cycle Power Plant)၊ သာကေတ၊ ရွာမနှင့် လှော်ကားတွင် ၅၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ (Gas Engine Power Plant) တစ်ရုံစီ တည်ဆောက်လျက်ရှိရာ ပြီးစီးခါနီး ဖြစ်သောကြောင့် ယခုနှစ်အတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်မည်ဟုလည်း ၎င်းက ဆိုခဲ့သေးသည်။

လျှပ်စစ်ဓာတ်အား သုံးစွဲခများကို လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ တိုးမြှင့်သတ်မှတ်ရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီးနောက်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့သည်။

The Voice Weekly


တပ်မတော်မှ နံပတ်(၃) အဆင့် ဗိုလ်ချုပ်ကြီးတစ်ဦး မောင်တောကိုရောက်စဉ် တိုင်းရင်းသားတစ်ဦး သတ်ဖြတ်ခံရ


မြန်မာတပ်မတော်မှ နံပတ် (၃) အဆင့်ရှိ ဗိုလ်ချုပ်ကြီး လှဌေးဝင်းအပါအ၀င် နိုင်ငံတော် အစိုးရ ခေါင်းဆောင်များ မောင်တောမြို့သို့ ရောက်ရှိစဉ် နာရီပိုင်း အနည်းငယ် အတွင်း သက်လူမျိုး တိုင်းရင်းသား တစ်ဦးသတ်ဖြတ်ခံခဲ့ရသည်။

သတ်ဖြတ်ခံရသူမှာ မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာနေ သက်လူမျိုး ဦးထွန်းအောင်စိန်(၄၉) နှစ် (ဘ) ဦးထွန်းဇံ ဖြစ်ကြောင်း  မောင်တောမြို့ လေးမိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမိုးမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ သတ်ဖြတ်သွားတာက ဘင်္ဂလီတွေပါ။ လည်လှီးပြီး သတ်သွားပါတယ်။ သူက သူ့ရဲ့ တောင်ယာစိုက်ခင်းမှာ နွားကျောင်း၊ ရေလောင်း၊ ပေါင်းမြက်တွေကို နုတ်နေစဉ်မှာ ၀င်ရောက် သတ်ဖြတ်သွားတာပါ” ဟု ဆိုသည်။

အခင်း ဖြစ်ပွားရာ နေရာမှာ မကျည်းကုန်းကျေးရွာ အရှေ့မြောက်ဘက် တစ်မိုင်ခန့် အကွာတွင် ဖြစ်ကြောင်း၊ သုံးမိုင် လုံထိန်းရဲတပ်ရင်းနှင့် ချောင်းတစ်ဖက်ခြားသော နေရာတွင် ဖြစ်ကြောင်း၊ မတ်လ ၂၉ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သူက ဆက်ပြောသည်။

“ အဲဒီနေ့က နိုင်ငံတော်က အကြီးအကဲတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ တို့ မောင်တောမြို့ကို ရောက်ရှိနေပြီး ခရိုင်ရုံးမှာ အစည်းအဝေး လုပ်နေကြပါတယ်။ အဲဒီနေ့မှာ သတ်သွားတာ ဖြစ်ပါတယ်” ဟု အမည်မဖေါ်လိုသူ အစိုးရ ၀န်ထမ်း တစ်ဦးကပြောသည်။

သတ်ဖြတ်သွားသူများမှာ ယခုအချိန်ထိ လွှတ်မြောက်နေသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာ နေရာများကို ပိတ်ဆို့ရှာဖွေနေသည်ဟု ဦးလှမိုးက ဆက်ပြောသည်။

“ တရားခံတွေကို မမိသေးပါဘူးခင်ဗျား။ ရဲတပ်ရင်း (၂) နဲ့ အမှတ် (၅၆၁) တပ်ရင်းက အခု သူတို့ကို ရှာဖွေနေပါတယ်။ လောလောဆယ်တော့ ဖမ်းမိတဲ့ အသံ မကြားရသေးပါဘူး” ဟု သူက ဆက်ဆိုသည်။

ဦးထွန်းအောင်စိန်သည် ခါတိုင်းသွားနေကျ အတိုင်း ၎င်းနေ့နံနက်က သူ့၏ တောင်ယာစိုက်ခင်းသို့ ထွက်သွားခဲ့ကြောင်း၊ သို့သော်လည်း နေ့လယ် ထမင်းစားချိန်ထိ ပြန်မရောက်လာသဖြင့် သမီးဖြစ်သူ နှစ်ဦးမှ လိုက်လံရှာဖွေရန် သွားစဉ် ယာခင်းထဲတွင် သတ်ဖြတ်ခံရပြီး သေဆုံးနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

သူ့၏ အလောင်းအနီးမှ ပလတ်စတစ် အပြာရောင်ဖြင့် ရစ်ပတ် ချည်နှောင်ထားသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ ငွေစက္ကူ တစ်ရာတန် တစ်ရွက်၊ နှစ်ဆယ်တန် တစ်ရွက်၊ သွေးစွန်းနေသော စိမ်းပြာရောင် ယောင်္ကျားဝတ် လက်ရှည် အင်္ကျီတစ်ထည်၊ ယင်းအကျီ်အိတ်ထဲမှ ဗလီတက်စဉ် အသုံးပြုသည့် ဦးထုပ် အဖြူရောင် တစ်လုံး၊ လူသေအလောင်း ၉ ပေခန့်အကွာတွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံထုတ်စီကရက် အပိုင်းတစ်ခုကို တွေ့ရသည်ဟု သိရသည်။

မောင်တောမြို့မှ ရဲစခန်းမှ ရဲအုပ်ကံလှက ၎င်းရဲစခန်းတွင်ပင် သေမူသေခင်း အမှတ်  (ပ) ၅၆/ ၂၀၁၄  ဖြင့် ယခုအခါ အမူဖွင့်ထားသည်ဟု သတင်း ရရှိသည်။

(နိရဉ္စရာ- ၃၁ မတ်လ ၂၀၁၄)

အသတ်ခံရသူအား မှတ်တမ်းတင်ထားစဉ်။ (ဓါတ်ပုံ- Share Arakan News)

မန္တလေးမြို့လယ်တွင် မူးယစ်တရားခံ ဖမ်းရာ၌ သေနတ်ပစ်ဖောက်ခြောက်လှန့်


မန္တလေးမြို့လယ် တစ်နေရာတွင် မူးယစ်ဆေးဝါး ရောင်းချနေသူတစ်ဦးကို ရဲတပ်ဖွဲ့တာဝန်ရှိသူများက အရပ်ဝတ်ဖြင့် ဖမ်းဆီးစဉ် ထွက်ပြေးရန် ပြင်ဆင်ခဲ့သည့်အတွက် သေနတ်ပစ်ဖောက်၍ ခြောက်လှန့် ခဲ့ရကြောင်း သတင်းရရှိသည်။

မတ်လ ၃၀ ရက်က အောင်မြင်သာစံမြို့နယ် (၁၉) လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားနေရာတွင် ညနေ ၆ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါနေရာသို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက  ဆေးပြားများဝယ်ယူရန် အရပ်ဝတ်ဖြင့် ဆေးပြားရောင်းချမည့် အမျိုးသားနှင့် သွားရောက်တွေ့ဆုံစဉ် ဆေးပြားရောင်းသူက ရိပ်မိခဲ့ပြီး ကားချင်းတိုက်မည့်အနေအထား ပြင်လိုက်သည့်အတွက်  အရပ်ဝတ်ရဲတာဝန်ရှိသူက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရသည်။ ထိုသို့သေနတ်ပစ်ဖောက်ကာ ဖမ်းဆီးရန် ပြင်ဆင်ခဲ့သော်လည်း  မူးယစ်ဆေးလာရောက်ရောင်းချသူမှာ လွတ်မြောက်သွားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ထိုနေ့ နေ့လယ်က မန္တလေးမြို့ရှိ ဟိုတယ်တစ်ခုအတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူများကို ရဲတပ်ဖွဲ့တာဝန်ရှိသူများက ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ ရရှိသည့် အချက်အလက်များနှင့်  ကွင်းဆက်အနေဖြင့် အဓိကမူးယစ်ဆေးဝါး ရောင်းချနေသူကို ဖမ်းဆီးရန်စီစဉ်ခဲ့ရာမှ ယခုကဲ့သို့ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင့် တိုင်းရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဇော်မင်းဦးကပြောသည်။

‘‘သူတို့ဘက်က ရဲတွေမှန်း ရိပ်မိသွားပြီး ကားချင်းတိုက်ဖို့လုပ်လိုက်တော့ ခြောက်လှန့်ပစ်ဖောက်လိုက်ရတာပါ’’ ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။

ရဲများမှာ အရပ်ဝတ်ဖြင့် သေနတ်ပစ်ဖောက်ခဲ့ခြင်းကြောင့် အနီးတွင်ရှိသူများက အချင်းချင်း ကားဖြင့်ပြိုင်ပြီး သေနတ်ပစ်ခတ်မှုဖြစ်ပွားသည်ဟု ထင်မှတ်ကာ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း ဖြစ်ပွားခဲ့သည့် နေရာအနီး နန်းရှေ့အရပ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။

လွတ်မြောက်သွားသည့် မူးယစ်ဆေးဝါးရောင်းချသူ အမျိုးသားအား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး မှုခင်းအကူရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်နေကြောင်း ဒုတိယရဲမှူးကြီး ဇော်မင်းဦးကဆိုသည်။

Author: အေးမွန်ရာပြည့်

7DAY DAILY


နှိပ်စက်ခံရမှုကြောင့် အသက် ၁၄ နှစ်အရွယ် အိမ်ဖော်မိန်းကလေး ပုသိမ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူ


ပုသိမ်၊ မတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ ဒေါ်သီရိကိုကိုနိုင်၏ နေအိမ်တွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသော မထက်ထက် အသက် (၁၄) နှစ်သည် အိမ်ရှင်၏ အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ပုသိမ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရကြောင်း ဧရာဝတီတိုင်းဒေသကြီး ခရစ်ယာန်သာသနာ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရစ်ယာန်သာသနာ အမျိုးသမီးရေးရာ အဖွဲ့က မတ်လ ၂၉ ရက်နေ့တွင် ပုသိမ်မြို့ ကိုးသိန်း အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာ ပုသိမ်မြို့တွင် ဖြစ်ပျက်ခဲ့ခြင်း မဟုတ်၍လည်းကောင်း၊ ကာယကံရှင် မိဘများကသာ တိုင်ကြား အမှုဖွင့်ရမည် ဖြစ်၍ လည်းကောင်း အမှုဖွင့်ပေးခဲ့ခြင်း မရှိဟု ၎င်းကဆိုသည်။

“ဒီလို အမှုမျိုးက ရဲလက်စွဲအရ တိုင်ချက်ဖွင့်ပေးရမယ်။ နောက်မှ သက်ဆိုင်ရာ ရဲစခန်းကို တိုင်ချက် ပို့ပေးရမှာ” ဟု ရဲဝန်ထမ်းဟောင်း တစ်ဦးက မှတ်ချက်ပြုသည်။

တစ်လလျှင် လစာ နှစ်သောင်းခွဲ ရရှိပြီး အလုပ်စဝင်သည့် နေ့ရက်ကို မမှတ်မိသော်လည်း သုံးလခန့် ရှိပြီဟု ထင်ကြောင်း၊ အိမ်ရှင်၏ခွေး လည်ကြိုးပတ်ပြီး သေသည်ကို တွေ့၍ ခေါ်ပြရာ အိမ်ရှင်၏ အမျိုးသားဖြစ်သူက ညာဘက်မျက်နှာကို လက်သီးဖြင့် နှစ်ချက်၊ ဘယ်ဘက်ကို တစ်ချက် ထိုးခဲ့သည်ဟု မထက်ထက်က ပြောကြားသည်။

“ပထမနေ့က ဝက်သားဟင်းအိုး တူးလို့ဆိုပြီး အဲဒီဟင်းအိုး အပူထဲကို လက်နှစ်ဖက်လုံး စိမ်တယ်။ ကတ်ကြေးနဲ့လည်း ထိုးတယ်။ အိမ်ရှင်အမျိုးသမီးက ခြေထောက်တွေကို ရိုက်ပြီး ပလာယာနဲ့ ညှပ်ပြီး ကြိုယူထားတဲ့ နှစ်လစာ ပြန်မဆပ်တော့နဲ့လို့ ပြောပြီး ပြန်ခိုင်းတယ်။ ပုသိမ် မပြန်ခင် အခန်းတစ်ခုထဲမှာ ပိတ်ထားပြီး ရေတစ်ပုလင်းနဲ့ ထမင်းသက်သက်ပဲ ကျွေးတယ်” ဟု မထက်ထက်က ပြောဆိုသည်။

“ကျွန်တော့်သမီးက ဒီကလေးကို လာခေါ်ဖို့ ပြောပြောချင်း ရုံးအလုပ်တွေနဲ့ ချက်ချင်း မသွားနိုင်ခဲ့ဘူး။ သမီးအိမ်မှာ ခုလို ဖြစ်သွားတာကိုလည်း မသိလိုက်ဘူး။ ကိုယ်ချင်းစာမိပါတယ်။ ဒါ့ကြောင့် ကလေးကိုခေါ်ပြီး ပုသိမ်ဆေးရုံကြီးမှာ ဆေးကုပေးတယ်။ ကလေးကျန်းမာရေး ကောင်းတဲ့အထိ တာဝန်ယူ ကုပေးပါ့မယ်” ဟု အိမ်ရှင် ဒေါ်သီရိကိုကိုနိုင်၏ ဖခင်ဖြစ်သူ တိုင်းဒေသကြီး ဆိပ်ကမ်းအရာရှိ ဦးကိုကိုနိင်ကို ပုသိမ်မြို့နယ် အမှတ် (၂) ရဲစခန်းက ခေါ်ယူစစ်မေးစဉ် ထွက်ဆိုခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဥပဒေ၏ တရားမျှတမှုကို နစ်နာသူမှ ခံစားနိုင်ရေးအတွက် ပုသိမ်မြို့ရှိ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကွန်ရက်၊ လူမှုကွန်ရက်များ၊ လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက်များက လိုက်ပါ ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

ယင်းအမှုကို အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၄/၃၂၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ရမည် ဖြစ်ရာ နစ်နာသူ ကာယကံရှင်၏ မိဘများက တိုင်ကြား အမှုဖွင့်ရမည် ဖြစ်၍ မှတ်တမ်းသာ ယူထားသည်ဟု ပုသိမ်မြို့ အမှတ် (၂) ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောဆိုသည်။

The Voice Weekly


သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေ စောင့်ကြည့်နေဆဲ


ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ အရေးပေါ်လူနာအဖြစ် ကုသမှုခံယူနေရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယကအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေဟာ စောင့်ကြည့်ရမယ့် အခြေအနေမှာပဲ ရှိသေးတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဒီနေ့ ဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး မိသားစုဝင်တစ်ဦးဖြစ်သူ ကိုပေါက်က အခုလိုပြောပါတယ်။

"ဆရာဝန်အပိုင်းတွေ ပြောတာတော့ ကျနော်လည်း ဆေးပညာစကားတွေတော့ နားမလည်ဘူးပေါ့၊ ကျနော်တို့ နားလည်အောင်ပြောတာကတော့ မနေ့ကထက်တော့ တိုးတက်လာတယ်လို့ သူတို့သုံးသပ်တယ်ပေါ့၊ ဒါပေမဲ့ စိတ်ချရတယ်လို့ မပြောနိုင်သေးဘူးပေါ့၊ လူငယ်တစ်ယောက်လို မြန်မြန်ဆန်ဆန် ပြန်အားပြည့်ဖို့က အရမ်းခက်တယ်ပေါ့၊ သူကလူကြီးဖြစ်တဲ့အတွက် တိတိကျကျ သူတို့မပြောရဲဘူးတဲ့"

ဆရာဦးဝင်းတင်ဟာ အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က လမ်းမတော်မြို့နယ် Green Cross ဆေးရုံမှာ ဆေးကုသမှု ခံယူနေရာကနေ မတ်လ ၂၇ ရက်နေ့က ဝိတိုရိယဆေးရုံကို ပြောင်းရွှေ့လိုက်တာဖြစ်ပြီး အခု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြောင်းရွှေ့ဆေးဝါးကုသမှု ခံယူနေတာပါ။

RFA Burmese


မော်တော်ယာဉ် စလစ်စနစ် ဖျက်သိမ်းမည်ဟု သမ္မတရုံးဝန်ကြီး ပြောကြား


ရန်ကုန်၊ မတ် ၃၀

မော်တော်ယာဉ်အို ယာဉ်ဟောင်းများကို မော်တော်ယာဉ်သစ်များဖြင့် အစားထိုး လဲလှယ်ရေး စီမံချက်အရ ထုတ်ပေးနေသော စလစ်စနစ်ကို ဖျက်သိမ်းမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ရန်ကုန်မြို့တော် မြန်မာငြိမ်းချမ်းရေး စင်တာ၌ မတ်လ ၂၉ ရက်နေ့က နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“ကားဟောင်းက တော်တော်များများ ကုန်သွားပြီ။ အခု Showroom (အရောင်းပြခန်း) တွေ ရောက်လာပြီ။ ကြိုက်တဲ့ အချိန်မှာ ဝယ်လို့ရပြီ” ဟု ဦးအောင်မင်းက ပြောဆိုသည်။

စလစ်စနစ်ကို ထားရှိခြင်းမှာ ယာဉ်အိုယာဉ်ဟောင်း ပိုင်ဆိုင်သူများ အရင်းအနှီး မပျက်စေရန် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ သို့သော် စလစ်စနစ် ဖျက်သိမ်းမည့် အချိန်အတိအကျကိုမူ ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။

စလစ်ကပ်၍ မော်တော်ယာဉ် တင်သွင်းခြင်းကို ဖျက်သိမ်းမည် ဆိုပါက မော်တော်ယာဉ် ဈေးနှုန်းများ ထပ်မံကျဆင်းဦးမည် ဖြစ်ကြောင်း မော်တော်ယာဉ် ရောင်းဝယ်သူ အချို့က ပြောကြားသည်။

“တကယ်သာ စလစ် ဖျက်သိမ်းမယ်ဆိုရင် ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး အသစ်ပြန်သွင်းရတဲ့ ကားတွေကို ဘယ်လိုလုပ်မလဲ။ အက္ခရာ နံပါတ်တွေက အများကြီး ကျန်နေပါတယ်။ ဒီလိုသာဆိုရင် ကားတင်သွင်းရတာ ကမောက်ကမ ဖြစ်သွားနိုင်ပါတယ်” ဟု သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ မော်တော်ယာဉ် ဝယ်ရောင်း ဦးအောင်ကျော်စိုးက ပြောဆိုသည်။

စလစ် ဖျက်သိမ်းပါက စလစ်ဖြင့် တင်သွင်းရသော မော်တော်ယာဉ် ဈေးနှုန်းများ ကျဆင်းနိုင်သော်လည်း မော်တော်ယာဉ်ဈေးနှုန်း အတက်အကျ ဖြစ်ခြင်းမှာ ဂျပန်လေလံ ဈေးကွက်ပေါ် မူတည်ကြောင်း ၎င်းကဆိုသည်။

“ကားဈေးက နောက်ပိုင်း အကျဘက်ပဲ ဦးတည်နေတာပါ။ ဘယ်ကား အမျိုးအစား၊ ဘယ်မော်ဒယ်လ်ပဲ ဖြစ်ဖြစ် ဒီထက်ဈေးကျဖို့ပဲ ရှိပါတယ်” ဟု ဝါရင့် မော်တော်ယာဉ် ဝယ်ရောင်း ဦးကျော်စိုးက သုံးသပ် ပြောကြားသည်။

လက်ရှိတွင် စလစ်ဈေးနှုန်းများ ကြီးမြင့်နေခြင်းကို ညှိနှိုင်းပေးရန် မြန်မာနိုင်ငံ မော်တော်ယာဉ် လုပ်ငန်းရှင်များ အသင်းက မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေး ကော်မတီထံသို့ တောင်းဆိုထားကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

The Voice Weekly



မြန်အောင်တွင်ရောင်းသည့် ငါးပိများ၌ အန္တရာယ်ရှိ ဆိုးဆေးများပါနေဟု ဧရာဝတီတိုင်း FDA ပြော


ဧရာဝတီတိုင်း    မြန် အောင်မြို့နယ်အတွင်း ဖြန့်ချိ ရောင်းချနေသော ငါးပိများတွင် ကျန်းမာရေးအတွက်အန္တရာယ် ဖြစ်စေသောဆိုးဆေး Rohdamine -B ပါဝင်နေသည်ဟု  ဧရာဝတီ တိုင်းဒေသကြီး အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှသတင်းရရှိသည်။

လုပ်ငန်းရှင်ငါးဦးတင်သွင်း ဖြန့်ချိသော ငါးပိအမျိုးအစား ၁၇ ခုကိုစစ်ဆေးရာ Rohdamine-B ဆိုးဆေးအသုံးပြုထားသော အမျိုးအစား ၁၆ ခု  စစ်ဆေး တွေ့ရှိခဲ့ကြောင်း ဧရာဝတီတိုင်း FDA မှ   ဒေါက်တာပြည့်ဖြိုးက  ပြော သည်။

‘‘မြန်အောင်ငါးပိက ဒေသ ထွက်အရင်းအမြစ်မဟုတ်ပါဘူး။ အကြမ်းဖျင်းပြောရရင် ပုသိမ်နဲ့ သင်္ဃန်းကုန်းဘက်ကလာတာ များတယ်။ မူလလုပ်တဲ့နေရာမှာပဲ ဆိုးဆေးသုံးသလား၊ ဒါမှမဟုတ် ကုန်သည်လက်ထဲရောက်မှဆိုး သလားဆိုတာပြောလို့မရပါဘူး။ အစားအသောက်တွေမှာ အခုလို တွေ့တဲ့ဆိုးဆေးကို ခွင့်မပြုထား ပါဘူး။ ကင်ဆာဖြစ်စေတဲ့အဆိပ် အတောက်ရှိလို့ပါ’’ဟု ဒေါက်တာ ပြည့်ဖြိုးကပြောသည်။

Rohdamine-B ဆိုးဆေး သည်ကင်ဆာဖြစ်စေသောဓာတ် ရှိသဖြင့်   ကုန်ပစ္စည်းများတွင် အသုံးပြုပါက အဆိုပါဆိုးဆေး အသုံးပြုထားကြောင်းသတိပေး စာပါရှိရမည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက သတိပေးမှုပြု လုပ်ထားသည်။

ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ် ကွဲရေးဦးစီးဌာန (FDA) ကို ယခုနှစ်ဖေဖော်ဝါရီအတွင်း ဖွဲ့ စည်းပုံအရ ဝန်ထမ်းအင်အား ၁၅ ဦးဖြင့် ပုသိမ်မြို့၌ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Author: ရဲနောင်

7DAY DAILY



ရိုဟင်ဂျာဟုဖြေသော ဘင်္ဂါလီများကို သန်းခေါင်စာရင်းမကောက်


ဒုသမ္မတ ရခိုင်လိုက်သွားပြီး ရိုဟင်ဂျာအသုံးအနှုန်း လက်မခံကြောင်း ထုတ်ပြန်မှ ရခိုင်တိုင်းရင်းသားများ သပိတ်လှန်၍ သန်းခေါင်စာရင်းကောက်ယူနိုင်

အစိုးရက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို လက်မခံနိုင်ကြောင်း တရားဝင် စာထုတ်ပြန်လိုက်သောကြောင့် ရခိုင်ပြည်သူများက သပိတ်လှန်လိုက်၍ သန်းခေါင်စာရင်း ကောက်ယူနိုင်သော်လည်း ဘင်္ဂါလီအများစုက ရိုဟင်ဂျာဟုသာ ဖြေဆို၍ မကောက်ယူခဲ့ကြောင်း သတင်းရရှိသည်။

ဒုတိယသမ္မတ ဦး ဉာဏ်ထွန်းသည် မတ်လ ၃၀ ရက်တွင်  စစ်တွေမြို့သို့ ရောက်ရှိလာပြီး ပြည်ထောင်စုအစိုးရ ညွှန်ကြားချက်ဖြင့် ရခိုင်ပြည်နယ်၌ အဖျက်အမှောင့်လုပ်လိုသူ အုပ်စုအချို့ သည် နိုင်ငံတော်အစိုးရ လက်မခံသည့် လူမျိုးအမည်ဖြစ်သည့် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို သုံးစွဲရန် လုပ်ဆောင်နေပြီး တရားမ၀င်လူမျိုးဖြစ်သည့်အတွက် လက်မခံပါကြောင်း ပြည်သူလူထုသို့ အသိပေးတင်ပြချက် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု မထည့်သွင်းဟု အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်မရ၍ သပိတ်မှောက်ထားသော ရခိုင်ပြည်နယ်တွင် မတ်လ ၃၀ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်မှသာ သပိတ်လှန်သောကြောင့် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်၌ ရခိုင်တိုင်းရင်းသားများ နေအိမ်များတွင် သန်းခေါင်စာရင်း စတင်ကောက်ခံနိုင်ခဲ့သည်။

‘‘ခိုင်မာတဲ့ တရားဝင်တဲ့ အကြောင်းပြန်ချက်လို့ ယူဆတဲ့အတွက် သပိတ်ပြန်လှန်လိုက်တာ ဖြစ်တယ်’’ဟု စစ်တွေမြို့မိမြို့ဖအ ဖွဲ့ဝင် ဦးသန်းထွန်းကဆိုသည်။

စစ်တွေမြို့ အနောက်စံပြ၊ ဘာဆာရာ ကျေးရွာတွင် သန်းခေါင်စာရင်းကို လုံခြုံရေးတင်းကျပ်စွာဖြင့် စတင်ကောက်ယူခဲ့ပြီး ဘင်္ဂါလီလူမျိုးအများစုမှာ လူမျိုးအမည် ဖြည့်စွက်ရန် ငြင်းဆန်ခြင်း၊ ရိုဟင်ဂျာဟုသာ ဖြေဆိုခဲ့ကြခြင်းများ ကြုံတွေ့ခဲ့သည်။

‘‘ရိုဟင်ဂျာလို့  အော်နေသရွေ့ကတော့ ကျွန်တော်တို့က ကောက်ယူမှာမဟုတ်ပါဘူး’’ ဟု ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်ကပြောကြားသည်။

ဘာဆာရာဘင်္ဂါလီကျေးရွာတွင် သန်းခေါင်စာရင်းကောက်ယူရာ၌ လုံခြုံရေးတာဝန်ယူခဲ့သော ပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိငယ်တစ်ဦးကလည်း ယင်းကျေးရွာတွင် အများစုမှာ ရိုဟင်ဂျာဟုသာ ပြောဆိုနေခဲ့ကြခြင်းကြောင့် မကောက်ယူခဲ့ရမှုများရှိကြောင်း ပြောသည်။

စစ်တွေမြို့ သဲချောင်း၌ သန်းခေါင်စာရင်းကောက်ယူရာတွင် ဘင်္ဂါလီလူမျိုးများ မကျေမနပ်ဖြစ်၍ အော်ဟစ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သက်ဆိုင်ရာက အတည်ပြုချက်မပေးပေ။

‘‘ကျွန်တော်တို့ဘက်မှာ ဒီနေ့ ဘာမှမဖြစ်ပါဘူး။ ဒီနေ့က ဘာဆာရာဘက်မှာ ကောက်တာ။ ဒါပေမဲ့ ဘင်္ဂါလီတွေကတော့ လှုပ်လှုပ်လှုပ်လှုပ် ဖြစ်နေတယ်’’ဟု သဲချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းဆွေက ပြောသည်။

 ဘင်္ဂါလီလူဦးရေ အများစုဖြစ်သော မောင်တာဒေသ၌လည်း သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီး ပုံမှန်အတိုင်း ဆောင်ရွက်နေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလွင်က ပြောကြားသည်။

ထို့အပြင် မောင်တောနယ်စပ် သန်းခေါင်စာရင်းကောက်သော ကာလတွင် လုံခြုံရေးကို တိုးမြှင့်ထားကြောင်း သတင်းရရှိသည်။

‘‘ဘင်္ဂါလီနေအိမ်တွေကိုတော့ မကောက်ဖြစ်သေးပါဘူး။ မြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွေဖြစ်တဲ့ ဗဟိုကျောင်း၊ အလိုတော်ပြည့် ပရဟိတကျောင်းနဲ့ အလိုတော်ပြည့်ကျောင်းတွေကို သွားကောက်ခဲ့ပါတယ်။ ပြီးတော့ မြို့သစ်၊ မြို့ဦးရွာနဲ့ ဝိမလရပ်ကွက်မှာ ကောက်ဖြစ်ခဲ့ပါတယ်’’ ဟု သန်းခေါင်စာရင်းကောက်ယူသည့် ကျောင်းဆရာမတစ်ဦးကပြောသည်။

စစ်တွေမြို့ပေါ်၌ လမ်းဆုံလမ်းခွများ၊ ဘင်္ဂလားဒေ့ရှ်သံရုံး ရုံးခွဲ၊ ဘင်္ဂါလီကျေးရွာများ၌ လုံခြုံရေးကို အထူးတင်းကျပ်ထားပြီး တပ်မတော်၊ ရဲတပ်ရင်းနှင့် နယ်မြေခံရဲတပ်ဖွဲ့များ နေရာယူထားသည်ကို တွေ့ရသည်။

ရခိုင်ပြည်သူများက သပိတ်လှန်ပြီးနောက် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်လေးခုခန့်တွင် မတ်လ ၃၀ ရက် နေ့လယ်မှ စတင်၍သန်း ခေါင်စာရင်း ကောက်ယူခဲ့သည်ကိုလည်း မြင်တွေ့ရသည်။

 ‘‘အေးအေးဆေးဆေးပဲ ကျောင်းတက်လမ်းဘက်မှာ စတင်ကောက်နေတယ်ကြားတယ်’’ဟု စစ်တွေဒေသခံ ကိုထွန်းမြက ပြောကြားသည်။

Author:  အောင်ခိုင် / အောင်သစ်လွင် / မောင်ကံ

7DAY DAILY

စစ်တွေမြို့အနီး မွတ်စလင်လူမျိုးအများစုနေထိုင်ရာ ကျေးရွာတစ်ရွာတွင် သန်းခေါင်စာရင်းကောက်ယူမည့် သန်းခေါင်စာရင်း စာရင်းစစ်နှင့် စာရင်းကောက်များအား လုံခြုံရေးအပြည့်ဖြင့် မတ်လ ၃၀ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)

ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း သပိတ်လှန်၊ ဘင်္ဂါလီများ စတင် သပိတ်မှောက်


ရန်ကုန်၊ မတ် ၃၀

နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကောက်ယူသည့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည်ကို ထည့်သွင်းခွင့် မပြုဟု အစိုးရက တရားဝင် ထုတ်ပြန်သဖြင့် ရခိုင်တိုင်းရင်းသားများ သပိတ်မှောက်မှုကို ရုပ်သိမ်းလိုက်သော်လည်း ဘင်္ဂါလီများက စတင် သပိတ်မှောက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

မတ်လ ၃၀ ရက်နေ့တွင် စတင် ကောက်ယူသည့် သန်းခေါင်စာရင်းကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကိုယ်တိုင် စစ်တွေမြို့သို့ လာရောက်ကာ ကြီးကြပ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို တာဝန်လွှဲချက်အရဟု ဆိုကာ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ နိုင်ငံတော်အစိုးရက လက်မခံသည့် ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံကြောင်း တရားဝင် စာထုတ်ပြန်လိုက်သဖြင့် လဝက်ခန့်ကြာ သပိတ်မှောက်ထားမှုကို ရပ်ဆိုင်းလိုက်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေးကော်မတီ (စစ်တွေ) မှ ပြန်ကြားရေး ဦးခင်မောင်ကြီးက ဆိုသည်။

အဆိုပါ စာထုတ်ပြန်မှုကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း စစ်တွေမြို့သို့ ရောက်ရှိပြီး တစ်နာရီခန့် အကြာတွင် တရားဝင် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ တရားဝင် ထုတ်ပြန်ချက်သည့် လုံလောက်သည့် ကတိကဝတ် ဖြစ်သည်ဟု ယူဆသဖြင့် သပိတ်လှန်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။

“အိမ်တွေမှာ ကပ်ထားတဲ့ စာရွက် (သန်းခေါင်စာရင်း သပိတ်မှောက်သည့် စာရွက်) တွေကို ဖြုတ်ဖို့၊ သန်းခေါင်စာရင်း အကောက်ခံဖို့ စစ်တွေမှာ အဖွဲ့လေးဖွဲ့ ဖွဲ့ပြီးပြီ၊ ကားတွေနဲ့ လိုက်လံ အသိပေးနေတယ်။ အခြားမြို့နယ်တွေကိုလည်း အသိပေးထားပြီ” ဟု အဆိုပါ ကော်မတီမှ ကော်မတီဝင် တစ်ဦးက ဆိုသည်။

သန်းခေါင်စာရင်း သပိတ်မှောက်မှုကို ရခိုင်တိုင်းရင်းသားများ ရပ်တန့်လိုက်ပြီ ဖြစ်သော်လည်း ဘင်္ဂါလီများကမှု သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းကောက်ခံခြင်း မပြုသဖြင့် သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်နေကြောင်း ရိုဟင်ဂျာဟု ဆိုသူများက ပြောဆိုကြသည်။

“ကျွန်တော်တို့က ရိုဟင်ဂျာလို့ ထည့်ချင်တယ်။ စာရင်းကောက်တွေက ရိုဟင်ဂျာလို့ အထက်က ထည့်ခွင့် မပြုထားဘူးလို့ ပြောတယ်။ ရိုဟင်ဂျာလို့ ထည့်ခွင့်မရလို့ အကောက်မခံဘူး” ဟု စစ်တွေမြို့ ဘင်္ဂါလီများ နေထိုင်သည့် အနောက်စံပြကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးမောင်မောင်တင်က ဆိုသည်။

အလားတူ စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် သဲချောင်းကျေးရွာမှ ဦးမောင်မောင်ကလည်း သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မရပါက သန်းခေါင်စာရင်း အကောက်မခံကြောင်း၊ သို့သော်လည်း အကြမ်းဖက်သည့် နည်းလမ်းဖြင့် တုံ့ပြန်သွားမည် မဟုတ်ကြောင်း ပြောကြားသည်။

မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင်လည်း သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်ခွင့်မရသဖြင့် ဘင်္ဂါလီများက သန်းခေါင်စာရင်း အကောက်မခံကြောင်း၊ စာရင်းကောက် အဖွဲ့လည်း တိုက်ခိုက်ခံရမှု မရှိသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဘူးသီးတောင် မြို့ပေါ်မှာရော၊ နယ်မှာရော ရိုဟင်ဂျာလို့ ထည့်ခွင့်မရလို့ ဘင်္ဂါလီတွေ စာရင်းအကောက်မခံဘူး” ဟု ဘူးသီးတောင်မြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးထွန်းအောင်သိန်းက စာရင်းကောက် အဖွဲ့များထံမှ ရရှိသည့် သတင်းကို ကိုးကားပြန်လည် ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် သန်းခေါင်းစာရင်း ကောက်ယူရာတွင် လုံခြုံရေး အင်အားကို အပြည့်အဝ ချထားပြီး လုပ်ပိုင်ခွင့်များလည်း ပေးထားကြောင်း၊ စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် ဘာဆာကျေးရွာတွင် သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီများက ဘင်္ဂါလီဟု စာရင်းကောက်ခံခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် မတ်လ ၃၀ ရက်နေ့ နေ့လယ် တစ်နာရီမှ စတင်ကာ သန်းခေါင်စာရင်း ကောက်ယူနေပြီ ဖြစ်ကြောင်း ဦးဝင်းမြိုင်က ပြောဆိုသည်။

“ဒုတိယသမ္မတ ကိုယ်တိုင် ဘင်္ဂါလီရွာတွေ၊ ဒုက္ခသည် စခန်းတွေကို သွားပြီး သန်းခေါင်စာရင်း အကောက်ခံဖို့ အားပေးတယ်” ဟု ၎င်းကဆိုသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မတ်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် စစ်တွေမြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်လျှင် ထည့်သွင်းကောက်ယူမည် မဟုတ်ဟု နှုတ်ဖြင့်သာ ပြောဆိုခဲ့ပြီး တရားဝင်စာ မထုတ်ပြန်သဖြင့် ယင်းပြောဆိုမှုမှာ ခိုင်လုံသော အထောက်အထား မဟုတ်ဟု ဆိုကာ ရခိုင်တိုင်းရင်းသားများ သပိတ်မှောက်ရာမှ သပိတ်လှန်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly


ဝမ်ပေါင်ကုမ္ပဏီကဘွဲ့ရလုပ်သားတွေ လစာညိနှိုင်းမှု အဆင်မပြေ


လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ ဝင်ရောက် လုပ်ကိုင်ဖို့အတွက် ဝမ်ပေါင်ကုမ္ပဏီက စာတွေ့လက်တွေ့ သင်တန်းပေးခဲ့တဲ့ ဒေသခံ ကျေးရွာ ၂၆ ရွာက ဘွဲ့ရလုပ်သားတွေဟာ ကုမ္မဏီနဲ လစာညိနှိုင်းမှု အဆင်မပြေ ဖြစ်နေတာ သီတင်းတစ်ပတ် ကျော်လာပြီ ဖြစ်ပါတယ်။

မနေ့ ကတော့ ကုမ္ပဏီ ဖက်က လစာ ကို မူလ အမေရိကန် ဒေါ်လာ ၁၂၀ ကနေ တစ်လ ဒေါ် လာ ၁၈၀ အထိ တိုးပေးမယ် ဧပြီ ၂၁ ရက် နောက်ဆုံးထား အကြောင်းပြန်ပါလို့ ပြောပါတယ်။

ကုမ္မဏီအဆင်မပြေ ဖြစ်ခဲ့တဲ့ ဝန်ထမ်း ၂၃၀ ကျော် ရှိပါတယ်။

သင်တန်းသား ကိုဘိုဦး အပြောအရ တိုးပေးတဲ လစာက လူတိုင်းရမှာ မဟုတ်ဘဲ သင်တန်း နောက်ထပ် ၁၉ လ တက်ပြီး အရည်ချင်းစစ် စာမေးပွဲဖြေ စာမေးပွဲ အောင်မှ ဝမ်ပေါင်ကုမ္ပဏီက ပေးမှာလို့ ဆိုပါတယ်။

ဒီလို တိုးပေးမယ် ပြောလိုက်တာဟာ အဲဒီ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဧရိယာမှာ နေထိုင်ကြတဲ့ တောင်သူတွေရဲ့ သားသမီးတွေ တောင်းဆိုမှု တစ်လ ဒေါ် လာ ၂၄၀ မြန်မာ ကျပ်ငွေ နဲ့ ဆိုရင် နှစ်သိန်း သုံးသောင်းကျော် နဲ့ ကွဲလွဲ နေပါတယ်။

ဒါ့အပြင် စေ့စပ် ညိနှိုင်းမှု လုပ်တာ မဟုတ်ဘဲ ထုတ်ပြန်ချက် ပေးပြီး တုံ့ ပြန်တာဖြစ်တယ်လို့လည်း သင်တန်းသားတွေက ပြောပါတယ်။

အဲဒီ သင်တန်းသား ဝန်ထမ်း တွေက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဧရိယာမှာ နေထိုင်ကြတဲ့ တောင်သူတွေရဲ့ သားသမီးတွေဖြစ်ပြီး ကော်မရှင် အစီရင်ခံစာမှာ ပါတဲ့ အတိုင်း ဒေသခံ တွေကို ဝမ်ပေါင် ဘက်က ဦးစားပေးပြီးတော့ လက်ခံ ခဲ့တာ ဖြစ်ပါတယ်။

သင်တန်းသားပေါင်း ၂၃၀ ကျော် ဖြစ် ပြီး ဘွဲ့ရ အမျိုးသမီး ၈၀ နဲ ဘွဲ့ရ အမျိုးသား ၁၅၀ ကျော် ပါကြပါတယ်။

သူတို့ကို ပြီးခဲ့တဲ့ မေလ၂၆ ရက် ကစပြီး ဒီစီမံကိန်းမှာ လုပ်ဖို့ စပြီးတော့ သင်တန်းတွေ ပေးခဲ့တာ ဖြစ်ပါတယ်။

အခုသင်တန်းအပြီး စာချုပ် ချုပ်ဖို့ ပြင်တဲ့ အချိန်မှာတော့ လစာက နည်းတယ်ဆိုပြီး ညိနှိုင်းမရဖြစ်ကာ ပြဿနာတက်ကြတာ ဖြစ်ပါတယ်။

မနေ့ကတော့ ဒီပြဿနာကို လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က သွားရောက် ညိနှိုင်းပေးခဲ့ပေမဲ့ ကုမ္မဏီဘက် က တုံ့ပြန်မှုနဲ့ ပတ်သတ်လို့ အားမရတဲ့ အကြောင်း ပြောပါတယ်။

ဒေသခံ သင်တန်းသားတွေ ကတော့ ကုမ္ပဏီက ဒီလို တိုးပေးမှုကိုလက်ခံမှာ မဟုတ်ဘဲ သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေကို အဆင့်ဆင့် တောင်းဆို သွားမယ်လို့ ပြောပါတယ်။

ဝမ်ပေါင် ဘက်က အခုလိုမျိုး တုံ့ပြန်မှုတွေကြောင့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာကို ရှေ့လျှောတ် ကုမ္ပဏီ ဘက်က လိုက်နာပြီး အမှန်တကယ် အကောင်ထည်ဖော်ပါ့ မလား ဆိုတာကလည်း ဒေသခံတွေဘက်က မေးစရာ ဖြစ်နေပါတယ်။

စီမံကိန်းရပ်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေတဲ့ အချိန်မှာ ဒီလို ဒေသခံ ဝန်ထမ်းတွေ တစ်ဦးချင်းစီကိုတောင် လုံလောက်အောင် လစာမပေးနိုင်ရင်တော့ ဒီစီမံကိန်းဟာ ဒေသအတွက် အကျိုးရှိပါတယ် ဆိုတာဟာ ဒေသခံတွေအတွက် ပိုပြီး ဝေဖန် စရာ ဖြစ်လာနေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မနှစ်တုန်းက လက်ပံတောင်း စီမံကိန်း ဆန္ဒပြမှု

မိကျောင်းကန် သပိတ်စခန်း နံနက်လင်းအားကြီး အချိန်တွင် ဒုတိယအကြိမ် အင်အားသုံး ဖြိုခွဲ


ရန်ကုန် ၊ မတ် ၃၁

သိမ်းဆည်းခံမြေများပြန်လည် ရရှိရေးအတွက် ရန်ကုန်မြို့တော်ခန်းမအနီး ဗန္ဓုလပန်းခြံဘေးတွင် ဆန္ဒ ထုတ်ဖော်နေသော မိချောင်း ကန်သပိတ်စခန်း ကို မတ်လ၃၁ရက်နေ့ နံနက် ၃ နာရီတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ က ဒုတိယအကြိမ် အင်အားသုံး ဖြိုခွဲလိုက်ကြောင်း သပိတ်စခန်း ဦးဆောင် ဆန္ဒထုတ်ဖော်သူများ ကပြောကြားသည်။

အဆိုပါ သပိတ်စခန်းကို မတ်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း အချိန်တွင် ဖြိုခွဲခဲ့သော် လည်း သပိတ်စခန်းကို ဆက်ဖွင့်ထားသောကြောင့် အင်အားသုံး ပြီး ထပ်မံဖြိုခွဲခြင်း ဖြစ်ကြောင်း ၎င်းတို့ ကဆိုသည်။

သပိတ်စခန်းဖြိုခွဲရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရဲတပ်ဖွဲ့အပြင် အရပ်ဝတ် အမျိုးသား၊ အမျိုးသမီးနှင့် လူငယ် သုံးရာဝန်းကျင် အသုံးပြုခဲ့ပြီး သပိတ်စခန်းကို လေးဘက်လေးတန် ပိတ်ဆို့ဖြိုခွဲခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။

ယင်းသို့ဖြိုခွဲစဉ် ဆန္ဒပြသူများက သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ အမည်များကို ဟစ်အော်က အကူအညီတောင်းခံခဲ့ပြီး ညသန်းခေါင်ယံတွင် ဝင်ရောက်ဖြိုခွဲမှုအပေါ် လူမဆန်သော အကြမ်းဖက်မှုအဖြစ် စွပ်စွဲပြစ်တင်လိုက်သည်။


သပိတ်စခန်းနှစ်ခု၏ အမိုးအကာများမှာ စည်ပင်ဥပဒေနှင့် မညီညွတ်သောကြောင့် မတ်လ ၃၀ရက် နံနက် ၃ နာရီခွဲခန့်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရဲတပ်ဖွဲ့ ၊ စည်ပင်ဝန်ထမ်း ၊ အရပ်ဝတ် ပြည်သူများ လူရာနှင့်ချီကာ အဆိုပါ သပိတ်စခန်းတို့ကို ဖျက်သိမ်းခဲ့သော်လည်း ယင်းနေ့မွန်းလွဲပိုင်းတွင် ဆန္ဒထုတ်ဖော်သူများက အကြမ်းဖက်ဖြိုခွင်းမှု အလိုမရှိ ၊ မြေယာပြဿနာကို အစိုးရက ဖြေရှင်းပေးရေးတို့ကို ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ပြီး မြေသိမ်းပြဿနာကို ဖြေရှင်းပေးမည့် အာမခံချက်ရရှိမှသာ သပိတ်စခန်းကို ပိတ်သိမ်းပေးမည်ဖြစ်ကြောင်း သပိတ်စခန်း ဦးဆောင်သူများ ကပြောကြားသည်။

သင်္ဃန်းကျွန်းမြို့နယ် ၊ မိချောင်းကန်ရပ်ကွက်ရှိဒေသခံများ သိမ်းဆည်းခံမြေများ ပြန်ရရေးအတွက် မတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့လယ်ရှိ မဟာန္ဓုလပန်းခြံဘေးတွင် မြေသိမ်းဆည်းခံရသူ လူ ၃၀ကျော်က သပိတ်စခန်း ဖွင့်လှစ်ပြီး ဆန္ဒဖော်ထုတ်မှု တစ်ပတ်အကြာတွင် လည်းကောင်း၊ ဝါဝါဝင်း ကုမ္ပဏီက သိမ်းဆည်းခဲ့သော မြေယာများနှင့် ပတ်သက်၍ မြေသိမ်းခံရသူ လူ၄၀၀ခန့်က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သပိတ်စခန်း စတင်ဖွင့်လှစ်ပြီး နှစ်လအကြာတွင် လည်းကောင်း သပိတ်စခန်း ယင်းသို့ အကြမ်းဖက် ဖျက်သိမ်းခံရကြောင်း အဆိုပါသပိတ်စခန်းများထံမှ သိရှိရသည်။

အဆိုပါ သပိတ်စခန်းများမှာ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်း ခွင့်ပြုချက်မရဘဲ တိုင်ထောင်ခြင်း ၊ အမိုးအကာ ပြုလုပ်ခြင်းတို့ကြောင့် စည်ပင်သာယာဥပဒေနှင့် အညီ ဖျက်သိမ်းခြင်း ဖြစ်ကြောင်း ၊ သပိတ်စခန်း ဖွင့်လှစ်သူများက ဆက်လက်လုပ်ဆောင်ပါက စည်ပင်သာယာရေးဥပဒေနှင့် အရ ငွေဒဏ်နှင့် ထောင်ဒဏ်တို့ကို ချမှတ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၊ စီမံရေးရာဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly



သပိတ်စခန်း ဖျက်ဆီးမှု ဖြေရှင်းပေးဖို့ တင်ပြ


ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရောင် အိမ်ရာရှေ့မှာ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်း မနေ့ညက ဖျက်ဆီးခံရတဲ့ ကိစ္စအတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ဖြေရှင်းပေးဖို့ တင်ပြထားတယ်လို့ ဒဂုံဆိပ်ကမ်းမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်က ဒီနေ့ ပြောပါ တယ်။

အဲ့ဒီ သပိတ်စခန်းကို ဒီနေ့ ရောက်ရှိလာတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မျိုးအောင်က သပိတ်စခန်းဖွင့်ထားသူတွေကို အခုလို ပြောခဲ့တာပါ။

"သူတို့ဘက်က ကိုင်ရတွယ်ရခတ်နေတယ်၊ အခတ်အခဲရှိနေတယ်ဆိုရင် ဆရာက ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ပြည်သူဘက်က ပဲဖြစ်ဖြစ် အခုလည်း အဲ့ကိစ္စဆောင်ရွက်ဖို့အတွက် လွှတ်တော်ကိုလည်း တင်ပြထားတယ် ရန်ကုန်တိုင်းဒေသကြီး အစိုးရကိုလည်း တင်ပြထားတယ်"

ဒီကနေ့ မနက် ၃နာရီခွဲလောက်က စည်ပင်ဝန်ထမ်းတွေ၊ အရပ်ဝတ်တွေနဲ့ ရဲအင်အား စုစုပေါင်းအင်အား တစ်ထောင်ကျော်က ဝင်ရောက်ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။ မြန်မာ့ဂုဏ်ရောင် အိမ်ရာဆောက်လုပ်ထားတဲ့ မြေနေရာဟာ လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်က ရေတပ်စစ်တန်းလျား ဆောက်လုပ်ဖို့ သိမ်းယူခဲ့တဲ့မြေနေရာဖြစ်ပြီး စစ်တန်းလျားမဆောက်ဘဲ ဝါဝါဝင်းကုမ္ပဏီက မြန်မာ့ဂုဏ်ရောင်အိမ်ရာကို ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ဝ ရက်နေ့ကတည်းက မြန်မာ့ဂုဏ်ရောင်ရပ်ကွက်မှာ မူလနေထိုင်ခဲ့သူ ၅ဝဝ လောက်က အိမ်ရာဆောက်လုပ်ခဲ့တဲ့ ဝါဝါဝင်း ကုမ္ပဏီအနေနဲ့ မူလနေထိုင်ခဲ့သူတွေကို နစ်နာကြေးပေးဖို့ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေတာ ဖြစ်ပါတယ်။

RFA Burmese



ဆေးလိပ်မီးမှလောင်သောမီး ရွာလုံးကျွတ်ပြာကျ


မကွေးတိုင်း ဒေသကြီး မယ်ဇလီအုပ်စုတွင် မတ်လ ၂၈ ရက် ညနေက ဆေးလိပ်မီးမှ တစ်ဆင့် မီးလောင်ရာမှ တစ်ရွာလုံးရှိ လူနေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

 ညနေ ၄ နာရီခန့်တွင် မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး အသက်(၆၀)ကျော် အမျိုးသမီးကြီး တစ်ဦး နေအိမ်အတွင်း ဆေးလိပ်သောက်ရာမှ မီးလောင်မှု စတင်ခဲ့ခြင်းဖြစ်သည်ဟု မင်းတုန်းမြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

 ရာသီဥတုပူပြင်းချိန်လေတိုက်နေသောကြောင့် မိနစ်၂၀ ဝန်းကျင်ခန့်၌ပင် တစ်ရွာလုံးရှိလူ နေအိမ် ၃၄ လုံးမီးလောင်ဆုံးရှုံးခဲ့ ခြင်းဖြစ်သည်။

 ‘‘ကျွန်တော်တို့ရောက်တဲ့ အချိန်မှာတောင် အိမ်တိုင်တွေ လောက်ပဲကျန်တော့တယ်။ တစ်ရွာလုံးကျန်တာဆိုလို့ စာသင် ကျောင်းရယ်၊ ဘုန်းကြီးကျောင်း ရယ်၊ ဇရပ်တစ်ခုပဲ ကျန်တယ်’’ဟု မီးလောင်မှုတွင် ပါဝင်မီးငြှိမ်း သတ်ခဲ့သူတစ်ဦးက ပြောသည်။

မီးကြွင်းမီးကျန်များကို ည ၁၂ နာရီအထိ ဆက်လက်မီးငြှိမ်းသတ်ခဲ့ရပြီး မတ်လ ၂၉ ရက်အထိ ပါ ငြှိမ်းသတ်ခဲ့ရကြောင်းအထက်ပါတာဝန်ရှိသူက ပြောသည်။

မီးလောင်မှုကြောင့် လူဦးရေ ၁၂၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ ဘုန်းကြီးကျောင်း၌ ခေတ္တနေထိုင်နေကြပြီး အနီးဝန်းကျင်ရွာများမှ ထမင်းထုပ်များဝေငှပေးခဲ့သည်ဟု သိရသည်။

Author:  ဇွဲဉာဏ်

7DAY DAILY



သရက်မြို့မှ လက်ဝှေ့ပြိုင်ပွဲ ရုန်းရင်းဆန်ခတ်ဖြစ်ပွား


သရက်မြို့ သတ္တဌာန ဘုရားဝင်းအတွင်း ကျင်းပသည့် လက်ဝှေ့ပြိုင်ပွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့၍  သရက်မြို့မှ ဆယ်အိမ်မှူးတစ်ဦးကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသိုင်းအဖွဲ့များက သရက်မြို့ပေါ်ရှိ သိုင်းဆရာများ နှင့် ပူးပေါင်း၍ မတ်လ ၂၇ ရက်ည အချိန်က လက်ဝှေ့ပြိုင်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

ပွဲစဉ်တစ်ခုတွင် လက်ဝှေ့ သမားတစ်ဦး လဲကျနေစဉ် ပြိုင် ဘက်ဖြစ်သူ  တိုင်းအဆင့်ရှိ သရက်မြို့သားလက်ဝှေ့သမားက ခြေ ထောက်ဖြင့် ကန်သည်ဟုဆိုသည်။ ခြေဖြင့် ကန်သူကို ကြိုးဝိုင်းဒိုင်က ၀င်ဆွဲရာ ဒိုင်ကိုပါ ဆွဲလှဲချလိုက်သည်။ ထိုဖြစ်စဉ်ကို ပြည်မြို့သားတစ်ဦးက အောက်မှ အော်ဟစ်ကန့်ကွက်ရာ လက်ဝှေ့ပွဲသို့လာရောက်ကြည့်နေ သည့်သရက်မြို့ခံမိန်းမများနှင့် ယောက်ျားများက ၎င်းအား ၀ိုင်းဝန်းထိုးကြိတ်ကြကြောင်း ပြိုင်ပွဲတာဝန်ရှိသူတစ်ဦးက ပြောသည်။

 ‘‘သိုင်းသမားတွေပေါင်းပြီး လက်ဝှေ့ပွဲလုပ်ကြတာ။ ဆယ် ကျော်သက်လူငယ်တွေနဲ့ အပျော် ကြားပွဲတွေလည်း ထိုးခဲ့ကြတယ်။ လေးပွဲမြောက် နောက်ဆုံးပွဲမှာ ပွဲ ပြီးခါနီးမှ ရုန်းရင်ဆန်ခတ်ဖြစ်ကြ တာ’’ဟု အဆိုပါလက်ဝှေ့ပြိုင်ပွဲကိုကြည့်ခဲ့သူတစ်ဦးကပြောသည်။

  ‘‘ဟုတ်ကဲ့၊ ပွဲပြီးခါနီးကျ တော့ ပြည်သားနဲ့ သရက်သား တွေနဲ့ ရိုက်ကြပါတယ်ခင်ဗျာ။ ခုံ တွေနဲ့ ရိုက်ပါတယ်။ ခုံတွေ ကုန် တော့ ကန်တော့ပွဲတွေက အုန်း သီးတွေနဲ့ ထုပါတယ်ခင်ဗျာ။ အုန်းသီးကုန်သွားတော့ ဆိုင်းဝိုင်း က ဗုံတွေယူပြီးပစ်ပါတယ်ခင် ဗျာ။ ပတ်မကြီးနဲ့ ပေါက်ဖို့ ဖြုတ် နေတဲ့ အဆိုးဆုံးပုဂ္ဂိုလ်ကို ဖမ်းပြ တော့ သရက်သားတွေ ရှဲသွား ပါတယ်ခင်ဗျာ။ အဲဒီလူကတော့ သရက်မြို့တောင်မင်းတည်းရပ် ကွက်က ဆယ်အိမ်ခေါင်းပါတဲ့ ခင်ဗျာ’’ဟု ယင်းလက်ဝှေ့ပြိုင်ပွဲ ကို ကြည့်ရှုခဲ့သူ အမျိုးသားတစ် ဦးကလည်း ဟာသနှော၍ ပြော သည်။

ထို့ကြောင့် ပတ်မကြီးတစ် လုံး ထိုးဖောက်ခံရပြီး အသံချဲ့ စက် ဖွင့်စက်တစ်လုံးပျက်စီးကာ ပလတ်စတစ်ခုံ ၁၄ လုံးကျိုးခဲ့သည်။ပြည်မြို့ဒေသခံ အမျိုးသား တစ် ဦးဒဏ်ရာရကာ သရက်မြို့ တောင်မင်းတည်းရပ်ကွက်မှ ဆယ်အိမ်မှူးတစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်းသတင်းရရှိသည်။

အဆိုပါလက်ဝှေ့ပြိုင်ပွဲကို မတ်လ ၂၇ ရက်ည ၈နာရီတွင် စတင်ခဲ့ရာ ပရိသတ် ၃၀၀ ကျော်က ၀င်ကြေး ၁၅၀၀ ကျပ်စီပေးကာ ကြည့်ရှုခဲ့ကြပြီး ည ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် ရုန်းရင်းဆန် ခတ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Author:  သန်းဌေး

7DAY DAILY

သတ္တဌာနဘုရား


ပညာရေးဥပဒေ မူကြမ်းကို တ.က.သ. ကန့်ကွက် ဆန္ဒပြ


ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေ မူကြမ်းကို တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တ.က.သ) အဖွဲ့ဝင်တွေက ဒီကနေ့ ညနေပိုင်းက ကန့်ကွက် ဆန္ဒပြ ခဲ့ကြပါတယ် ။

ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံ ဦးထွန်းလင်းခြံလမ်းမှာ တ.က.သ အဖွဲ့ဝင်တွေ စုပေါင်းပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။

"ပြီးခဲ့တဲ့ရက်ပိုင်ကထွက်သွားတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်း လွှတ်တော်ကနေအတည်ပြုသွားတယ် ကျနော်တို့အနေနဲ့ အဲ့ဥပဒေကြမ်း သတင်းစာမှာမပါတဲ့ အစိုးရကလုပ်တဲ့ လွှတ်တော်ကနှစ်ခုပေါင်းလုပ်တဲ့ ဥပဒေကြမ်းကို ဆန္ဒပြဖို့ ဒီနေရာကို ကျနော်တို့ရောက်ရှိနေတာ ဖြစ်ပါတယ်၊ အစိုးရအနေနဲ့ အခုလုပ်နေတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကို ကျနော်တို့ လုံးဝအယုံအကြည်မရှိပါဘူး၊ ဒါပြီးလို့ရှိရင် ကျနော်တို့ ဆက်တိုက် ဆက်တိုက် ရှေ့ဆက်ဖို့ အများကြီးရှိပါတယ်၊ ကျနော်တို့အခုစပြီး ဆန္ဒပြခြင်းဖြင့် ကျနော်တို့တွေ အစိုးရကို ကျနော်တို့ အစိုးရကို ကနဦး ပထမဆုံး စိန်ခေါ်ခြင်းပဲ"

တက္ကသိုလ်တိုင်းမှာ ဆန္ဒပြဖို့ တ.က.သအဖွဲ့ဝင်တွေအနေနဲ့ ဆက်လက်ပြီး နှိုးဆော်သွားမယ်လို့ ဒီနေ့ ကန့်ကွက်ကြောင်း မိန့်ခွန်းပြောကြားခဲ့တဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဇေယျာလွင် က ပြောပါတယ်။

ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းဟာ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်ရေးကော်မတီနဲ့ အစိုးရပညာရေး ဝန်ကြီးဌာနတို့ ရေးဆွဲခဲ့တဲ့ ဥပဒေကြမ်းနှစ်ခုကို ပူးပေါင်းထားတာဖြစ်ပါတယ်။ အဲဒီဥပဒေကြမ်းကို နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက် NNER အဖွဲ့အနေနဲ့လည်း ကန့်ကွက်ကြောင်းအချက် ၁၃ ချက်ပါတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဆန္ဒပြရာမှာ အမျိုးသားပညာရေးကောင်စီ အလိုမရှိကြောင်း ၊ ပညာရေးလွတ်လပ်ခွင့်ရှိရေး နဲ့ ဗဟိုချုပ်ကိုင်မှုကင်းမဲ့ရေး ၊ ကျောင်းသား သမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့်ရရှိရေးနဲ့ ပညာရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ အတည်ပြု ပြဌာန်းရာမှာ လွှတ်တော် ၊ အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက် NNER အဖွဲ့တို့ သုံးပွင့်ဆိုင် ဆွေးနွေးရေးကို လည်း တောင်းဆိုခဲ့ကြပါတယ်။

အဲဒီ ဆန္ဒပြပွဲကို ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ် ၊နိုင်ငံခြား ဘာသာ တက္ကသိုလ် ၊ သူနာပြုတက္ကသိုလ် ၊ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်တို့က ကျောင်းသားတွေ ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပြီး ဆန္ဒပြပွဲကိုလည်း ခွင်ပြုချက်မယူဘဲ နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

RFA Burmese


ဟိုတယ်ရှေ့ ဗျောက်အိုးဖေါက် ဆန္ဒပြသူ အဖမ်းခံရ


လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲ ခံရမှု ၁၆ လပြည့် အနေနဲ့ ရန်ကုန်မြို့ ကုန်သည်ကြီး များ ဟိုတယ်ရှေ့မှာ ဒီကနေ့နေ့လည်ပိုင်း က ဗျောက်အိုးပစ်ဖေါက်ဆန္ဒပြခဲ့သူ ကိုအောင်ကိုဦး ကို ကျောက်တံတား ရဲစခန်းက အများပြည်သူ အထိတ်တလန့်ဖြစ်စေမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

အခုလို ဗျောက်အိုးပစ်ဖေါက်ခဲ့ရတာနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခေါ်ဆောင်နေချိန်မှာ ကိုအောင်ကိုဦး က သတင်းမီဒီယာတွေကို အခုလိုပြောခဲ့ပါတယ်။

"ကျနော်တို့ ဒီနေ့ဆိုရင် လယ်တ်ီသိမ်ကြီးကို ဖျက်ဆီးတော့မယ်ဗျ ၊ဖျက်ဆီးမှာကို မကျေနပ်တဲ့ အတွက် ကျနော်ခုလို ဗျောက်အိုးဖေါက်ရတာ ပါ၊လက်ပံတောင်းမှာရှိနေတဲ့ လယ်တီ သိမ်ကို ဖျက်ဆီး ဖို့ကြိုးစားနေတယ်ဗျ၊ အဲ့ဒါကို မကျေနပ်လို့ပါဗျ"

ဒါအပြင် ဒီကနေ့မှာကျရောက်တဲ့ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရမှု (၁၆)လပြည့် အထိမ်းအမှတ်အနေနဲ့ ဒီမိုကရေစီအင်အားစုများအဖွဲ့ကလည်း ရန်ကုန်မြို့ မြို့တော် ခမ်းမ အနီး ဆန္ဒပြခဲ့ကြ သလို ကြေညာချက် တစ်စောင်လည်းထုတ်ပြန်ခဲ့ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာထဲမှာရှိတဲ့ သိမ်တော်ကို စီမံကိန်းနေရာနဲ့ လွတ်ကင်းရာ ကို ပြောင်းရွေ့ဖို့ အတွက် ဒေသအာဏာပိုင်တွေက နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကြီးရဲ့ ခွင့်ပြုချက်ကိုရရှိထားပြီးပြီလို့လည်း သိရပါတယ်။

RFA Burmese



လက်ပန်းတောင်း လယ်တီသိမ် ဖျက်သိမ်းရေးစတင်


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆက်ပြီး ဆောင်ရွက် နိုင်ဖို့ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်ထဲမှာရှိတဲ့ ရှေးဟောင်း ဗုဒ္ဓဘာသာ အမွေအနှစ်ဖြစ်တဲ့ လယ်တီသိမ်ကို ဖြိုဖျက်ဖို့ မတ်လ ၃၀ ရက်နေ့မှာ သံဃာအပါး ၃၀ နဲ့ သိမ်နုတ်တာကို စတင် ဆောင်ရွက်နေပြီ ဖြစ်တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ တနေ့တည်းမှာပဲ ရန်ကုန်မြို့မှာ လယ်တီသိမ်ဖျက်တာကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသူတွေကထဲက တဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံတွေ ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားကပဲ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့က စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်နေကြပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာမှုမရှိဘူးလို့ ဒေသခံတွေက ဆိုတာပါ။ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာတော့ စီမံကိန်းအတွင်းမှာရှိနေတဲ့ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ လယ်တီသိမ်ကို ဖြိုဖျက်ဖို့ သိမ်နုတ်တာကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း စမ်းမြဝတီကျောင်းတိုက်က ဆရာတော် ဦးအာလောက-က အခုလို မိန့်ပါတယ်။

“ဒီကနေ့မနက် ၅ နာရီကစပြီးတော့ သိမ်ကိုဖြိုဖျက်နိုင်ဖို့ သိမ်နုတ်တယ်ပေါ့ဗျာ။ ရဟန်းသံဃာ ၃၀ နဲ့စတင်နုတ်ပြီပေါ့ဗျာ။ မကြာခင် အတောအတွင်း သိမ်နဲ့ဘုရား ဖြိုဖျက်ခွင့်အတွက် ဦးပိုင်က ကြိုးစားနေပြီဖြစ်ပါတယ်။ အဟောင်းဖြစ်အောင် လုပ်ပစ်လိုက်တော့ သိမ်ပျက်သိမ်ဆွေးပေါ့နော်-အဲဒါမျိုးဖြစ်အောင် သိမ်ကိုနုတ်ပစ်ပါတယ်။ အဲလို သိမ်ပျက်သိမ်ဆွေးဖြစ်သွားပြီး သိမ်ရာ-သိမ်ပျက်သွားပြီပေါ့ဗျာ။ အဲလိုဆိုရင် သိမ်ဖျက်ဖို့ရာ မခဲယဉ်းတော့ပါဘူး။ အဲဒါကြောင့်မို့လို့ သိမ်ကိုအရင်နုတ်လိုက်ခြင်း ဖြစ်ပါတယ်။ ကြိုးဆွဲရာကနိုင်မယ့်ဘုန်းကြီးတွေပေါ့ဗျာ။ ငွေပေးရင်ရနိုင်မယ့် ဘုန်းကြီးတွေကို ခေါ်ပြီး ပင့်ဆောင်ပြီးတော့ ဦးဇင်းတို့ တကယ်ရွှေ့ပြောင်းခံရတဲ့ ဒေသခံ ဒီနားပတ်ဝန်းကျင်က ဘုန်းကြီးရဟန်းတွေ တစ်ပါးမှ မပါပါဘူး။ သိမ်ဆိုတဲ့အရာက ဖြစ်ဖို့ရာ အင်မတန်မှ ခဲယဉ်းပါတယ်။”

လယ်တီသိမ်စတင်ဖြိုဖျက်နေတဲ့ ကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာအတိုင်း လုပ်မလုပ် သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့

မေး။    ။ လက်ပံတောင်းတောင်မှာ သိမ်စနုတ်ပြီလို့ ကြားပါတယ်။ အဲဒါ ဟုတ်ပါသလားရှင့်။

ဖြေ။    ။ ဒါကတော့ သာသနာရေးဆိုင်ရာ ကိစ္စဆိုတော့ သီးခြား ဝန်ကြီး ဦးစိုးဝင်းလေ၊ သူတို့ရဲ့စီစဉ်ဆောင်ရွက်မှုဖြစ်ပါတယ်နော်၊

မေး။    ။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လုပ်တာလားရှင့်။

ဖြေ။    ။ သာသနာရေး ဒုတိယဝန်ကြီးကို မေးပါဗျာ။

သာသနာရေးဝန်ကြီးကိုတော့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

လယ်တီသိမ်ကို ဖြိုဖျက်ဖို့ ဆောင်ရွက်ခြင်းဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ကိုက်ညီမှုမရှိဘူးလို့ လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“အစီရင်ခံစာရဲ့ အဓိကပြောချင်တာကတော့ မူလအခြေအနေနဲ့ အနေအထားမပျက် ပြည်သူလူထုကနေ လက်ခံနားလည်လို့ရှိရင် မူလအခြေအနေမပျက် ပြောင်းရွှေ့ပေးရမယ်လို့တော့ ပြောထားတယ်။ ဒါပေမယ့် အခု သူတို့ပြောင်းရွှေ့မယ့်ပုံစံက အန်တီသိရတာတော့လေ- ဒီဟာကို ဖြိုပြီးတဲ့အခါကျတော့မှ ပြောင်းမယ်လို့ ပြောတယ်။ ကျမတို့ကတော့ အစီရင်ခံစာပေါ်မှာအတိုင်း တွက်ထားတဲ့လူတွေ ဖြစ်တယ်။ ဒါက
အစီရင်ခံစာအတိုင်း ကိုက်ညီမှု မရှိဘူးဆိုတာ သေချာတာပေါ့လေ။”

ညနေ ၃ နာရီကျော်မှာတော့ ကျောင်းသားလူငယ်တွေဟာ ရန်ကုန်တိုင်း၊ ကျောက်တံတားရဲစခန်းရှေ့က ကားလမ်းကို ပိတ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြနေတဲ့ ကျောင်းသားတစ်ဦးပြောပြတာက -

“ကျနော်တို့ကို ကျောင်းလမ်းကိုပိတ်ပြီးတော့ လယ်တီသိမ်နဲ့ သာသနိကအဆောက်အဦးတွေကို လူတစုရဲ့ အကျိုးစီးပွားအတွက် ဖျက်ဆီးမယ့် ကိစ္စကိုရပ်တန့်ပေးဖို့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ ဆိုင်းဘုတ်ကိုကိုင်ပြီး ကျနော်တို့ လူငယ် ၅ ယောက်တည်းနဲ့ လမ်းပိတ်ပြီးတော့ ကြွေးကြော်သံ ကြွေးကြော်ပြီးတော့ လာတာ။”

ဆန္ဒပြသူတွေထဲက ကျောင်းသားတစ်ဦးကို ကျောက်တံတားရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း ကျောက်တံတားရဲစခန်းကို သတင်းမေးဖို့ရောက်နေတဲ့ လယ်သမားအရေးလှုပ်ရှားသူ ဦးဝင်းချိုက ပြောပါတယ်။

“နာမည်က ကိုအောင်ကိုဦးပါဗျာ။ ၃ သုံးလုံး လှုပ်ရှားမှုလို့ အမည်တပ်ပြီးတော့ ဆူးလေအနီး ကျောက်တံတားရဲစခန်းရှေ့ကနေ မီးရှူးမီးပန်းဖောက်ပြီး ဆန္ဒပြတာပါ။ သူ့ကို အခုနောက်ဆုံး စွဲလိုက်တဲ့ပုဒ်မက ရန်ကုန်ရဲ အက်ဥပဒေပုဒ်မ ၄၂ လို့ ပြောပါတယ်။ အမြင့်ဆုံးပြစ်ဒဏ်က ဒဏ်ငွေ ၅၀ သို့မဟုတ် ထောင်ဒဏ် ၈ ရက်လို့ ပြောပါတယ်။”

လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကစပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် တောင်းဆိုဆန္ဒပြတာတွေ ဖြစ်ခဲ့ပြီးနောက် လက်ပန်းတောင်းတောင် လယ်တီသိမ်ကို ဖြိုဖျက်မှာကို ကာကွယ်ခဲ့တဲ့သံဃာတွေဟာ သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့ရာက မီးလောင်ဗုံးတွေနဲ့ ဖြိုခွဲခံခဲ့ရတာပါ။ အဲဒီတုန်းက သံဃာ ၅၀ ထက် မနည်းဟာ မီးလောင်ဒဏ်ရာများ ရရှိခဲ့ပါတယ်။ ဒီနောက် လက်ပန်းတောင်းတောင် စုံစမ်းရေးကော်မတီ ဖွဲ့ခဲ့ပါတယ်။ အခုအခါမှာ ကော်မတီရဲ့ အစီရင်ခံစာအတိုင်း လိုက်နာမှု မရှိဘူးဆိုပြီး ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဆက်လက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

မအေးအေးမာ (ဗွီအိုအေ မြန်မာပိုင်း)

လယ်တီသိမ်ဖြိုချပြောင်းရွှေ့မှုကို ဆန့်ကျင်ကွက်ကွက်မှုများ။ 

မတ်လ(၃၁)ရက်နေ့ ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာ


မတ်လ(၃၁)ရက်နေ့ ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 



မတ်လ(၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ


မတ်လ(၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 



မတ်လ(၃၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

မတ်လ(၃၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 

မတ်လ(၃၀)ရက်နေ့ ထုတ် The Reporter News Journal - Issue 63


မတ်လ(၃၀)ရက်နေ့ ထုတ် The Reporter News Journal - Issue 63

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 



ဆိပ်ကမ်းဗောတံတား ပျက်စီးနေမှုအား ပြန်လည်ပြင်ဆင် ပေးနိုင်ပါရန်


ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ရှိ ဧရာဝတီဆိပ်ခံ ဗောတံတားမှာ အလွန်အမင်း ပျက်ဆီးယိုယွင်းနေ ခြင်းကြောင့်ခရီးသည်များ၊ အလုပ်သမားများ၊ ဒေသခံပြည် သူများအနေဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရပါသည်။

ဆိပ်ခံဗောတံတား ပျက်စီးနေသည်မှာ ရက်သတ္တပတ် ကျော်လာသည်အထိ သက်ဆိုက်ရာမှ ပြုပြင်ပေးခြင်းမရှိခဲ့ပါ။ ကုန်တင်၊ ကုန်ချအ လုပ်သမားများမှာ စားဝတ်နေရေးအတွက် နေ့စဉ်လုပ်ကိုင် နေရသော လုပ်ငန်းခွင်တွင်ယင်းဗော တံတားပျက်စီးမှုကြောင့် အနှောင့်အယှက်၊ အခက်အခဲကြီး တစ်ခုသဖွယ် ဖြစ်နေပြီး အလုပ်ကိုပို မိုကြန့်ကြာစေကြောင်း၊ လူများနေဖြင့်လည်း ပိုမိုပင်ပန်း နေရကြောင်း ပြောကြားမှုများလည်းရှိနေ ပါသည်။

ခရီးသွားများ အနေဖြင့်လည်း ရေပြည့်လျှင် ၄င်းဗောတံတားမှာ ယခင်ကတည်းကရေလွှမ်း တတ်ရာ ယခုအလွန်အမင်း ပျက်စီးနေပြီ ဖြစ်သည့်အတွက် ရေယာဉ်ပေါ်သို့ တက်ဆင်းပြုလုပ်ရန် ပင်ခက်ခဲနေကြရသည်ကိုလည်းတွေ့မြင်နေရပါသည်။

သို့ပါသောကြောင့်ထိုပျက်စီးနေသော ဆိပ်ခံဗောတံတားအား သက်ဆိုင်ရာများအနေဖြင့် အမြန်ဆုံး ပြုပြင်ပေးနိုင်ပါရန်အကြောင်းကြား တင်ပြလိုက်ရပါသည်။


BY THIT HTOO LWIN



ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းရေး လမ်းလျှောက် အဖွဲ့များ ပြည်မြို့သို့ရောက်ရှိ ပြည်မြို့မှလည်း ပူးပေါင်းပါဝင်

ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေးကို နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ချုပ် မှ ဦးဆောင်၍ ရန်ကုန်မြို့ . မှေ မခ ၊ မလိခမြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော် နေသည့် အဖွဲ့များဟာ (၃၀ ၊ ၃ ၊၂၀၁၄)ရက်နေ့ တွင် ပြည်မြို့သို့ ရောက်ရှိနေပါပြီ။

ပဲခူးတိုင်း ဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့မှ နိုင်ငံရေး အင်အားစု များကလဲ ၀င်ရောက် လမ်းလျှောက်ပြီး ( မြစ်ဆုံဆည်စီမံကိန်း  အပြီးရပ် ၊ ဧရာဝတီကို ဖျက်ဆီးသူ  ဒို့ရန်သူ ၊ ဧရာဝတီကို ကယ်တင်ရေး  ဒို့အရေး) ဆိုတဲ့ ကြွေးကြော်သံ များဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ် ။

BY THIT HTOO LWIN



သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည် ထည့်ကောက်မည်ကို ရှမ်းပြည် လားရှိုးတွင် ကန့်ကွက် ဆန္ဒပြ

ယနေ့ ညဥ့် သန်းခေါင် ၁၂ နာရီ တိတိတွင် စတင် ကောက်ယူမည့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ အမည်ထည့်သွင်းမည့် အစီအစဉ်အပေါ် ရှမ်းပြည်နယ် လာရှိုးမြို့တွင် ယမန်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

“ လူအင်အား ၄၀၀ ခန့် ပါဝင်ပါတယ်။ နေ့လယ် တစ်နာရီကနေ လာရှိုး မြို့တော် ခန်းမအနီးမှာ ဆန္ဒပြကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု လားရှိုး ဒေသခံ ကိုအောင်ကျော်စိုးက ပြောသည်။

ဆန္ဒပြကန့်ကွက်သူများသည် မြို့တော်ခန်းမအနီးရှိ လမ်းမတော်လမ်းတွင် နေ့လယ် ၁ နာရီက မှ ၂ နာရီခွဲထိ ဆန္ဒပြခဲ့ကြသည်။

“ အဓိကတော့ မတ်လ ၂၉ ရက်နေ့ သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ  မြန်မာနိုင်ငံသားတွေ လုံးဝ လက်ခံလို့ မရတဲ့ ရိုဟင်ဂျာဆိုတဲ့  အမည်ကို ထည့်သွင်းကောက်ယူမှု မပြုလုပ်ရေး အတွက် ရခိုင်တစ်ပြည်နယ်လုံးက ထုတ်ဖေါ်ဆန္ဒပြနေမှုကို အပြည့်အဝ ထောက်ခံတဲ့ အတွက် ပြုလုပ်တာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ကန့်ကွက်သူများသည် ကြေညာချက် တစ်စောင်အားလည်း ထုတ်ပြန်ခဲ့ကြောင်း၊ ၎င်းကြေညာချက်ထဲတွင်  ရိုဟင်ဂျာဟူသောအမည်ဖြင့် သန်းခေါင်စာရင်းတွင် ထည့်သွင်းရန် လုပ်ဆောင်နေမှုအပေါ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တိုင်းရင်းသား၊ တိုင်းရင်းသူ ရဟန်းရှင်လူအများတို့က ကန့်ကွက်ကြောင်း၊ ၂၀၁၄ ခုနှစ် အိမ်ထောင်စုစာရင်းနှင့် သန်းခေါင်စာရင်းကောက်ယူရာတွင် “ရိုဟင်ဂျာ” ဟူသောအမည်ကို (၉၁၄)နံပါတ်ဖြင့် ထည့်သွင်းကောက်ခံမည်ကို တိုင်းရင်းသားညီနောင်ဖွား ရခိုင်တစ်ပြည်နယ်လုံးက ကန့်ကွက်သလို ယခု ဆန္ဒပြပြည်သူများက ထပ်မံ ထောက်ခံကန့်ကွက်ပါကြောင်း ဖေါ်ပြထားသည်။

ဆန္ဒပြသူများသည် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ရခိုင်ပြည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးကိုဖျက်ဆီးသူ့ မြန်မာ့ရန်သူ၊ မြန်မာ့သမိုင်းမှာ ရိုဟင်ဂျာ လုံးဝမရှိ၊ သမိုင်းလိမ်ညာ ရိုဟင်ဂျာ မောင်းထုတ်ပစ်၊ ရိုဟင်ဂျာကိုလက်ခံသူ မြန်မာ့ရန်သူ၊ ရိုဟင်ဂျာ အားပေးအားမြှောက် အမျိုးသားသစ္စာဖောက်၊ ဘင်္ဂလီ စာရင်းစစ် စာရင်းကောက် အလိုမရှိ၊ သန်းခေါင်စာရင်းမှတ်တမ်းမှာ ရိုဟင်ဂျာလက်မခံပါ၊ ပြည်တွင်းရေးကိုစွက်ဖက်သူ မြန်မာ့ရန်သူ၊ ရခိုင်ညီနောင်ဖွား ပြည်သူများ ဒို့တိုင်းရင်းသား စသည်တို့ကို ကြွေးကြော်သံများ ကြွေးကြော်ပြီး  ပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

(နိရဉ္စရာ- ၂၉ မတ်လ ၂၀၁၄)/ ခိုင်ထူးမြတ်



သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနေရင် လက်ပံတောင်း စီမံကိန်းကို ဆက်မလုပ်


ပြည်သူတချို့ ကန့်ကွက်နေဆဲ ဖြစ်တဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရဲ့ သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ESIA အစီရင်ခံစာ ပြုစုနေဆဲ ဖြစ်ပြီး တကယ်လို့ ဆိုးကျိုးသက်ရောက်မှု များနေရင်တော့ ရှေ့ဆက်ပြီး လုပ်ကိုင်ဖို့ မဖြစ်နိုင်ဘူးလို့ မြန်မာ ၀မ်ပေါင် ကြေးနီသတ္တုတူးဖော်ရေး လီမိတက်ရဲ့ ညွှန်မှူး မစ္စတာဂန်းရီက ပြောတယ်လို့ ကုမ္ပဏီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ ပေါ်ထွက်လာပြီးနောက် အစီရင်ခံစာပါအတိုင်း သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုရှိ မရှိ ဆန်းစစ်တဲ့ ESIA အစီရင်ခံစာ ပြုစုဖို့ တင်ဒါခေါ်ခဲ့ရာမှာ သြစတြေးလျ ကုမ္ပဏီ တခုဖြစ်တဲ့ Knight Pie’sold (ကေပီ) က တင်ဒါရပြီး လက်ရှိ အစီရင်ခံစာ ပြုစုနေပါတယ်။

အစီရင်ခံစာ အချောသတ် ဧပြီလကုန်မှာ ထွက်လာမယ်လို့ ခန့်မှန်းထားပြီး အစိုးရရဲ့ စီစဉ်မှုကို လေးစားလိုက်နာသွားမယ်လို့ ကုမ္ပဏီထုတ်ပြန်ချက်မှာ မစ္စတာဂန်းရီက ပြောဆို ထားပါတယ်။

By ဒီဗွီဘီ



အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ