ရိုဟင်ဂျာဟုဖြေသော ဘင်္ဂါလီများကို သန်းခေါင်စာရင်းမကောက်


ဒုသမ္မတ ရခိုင်လိုက်သွားပြီး ရိုဟင်ဂျာအသုံးအနှုန်း လက်မခံကြောင်း ထုတ်ပြန်မှ ရခိုင်တိုင်းရင်းသားများ သပိတ်လှန်၍ သန်းခေါင်စာရင်းကောက်ယူနိုင်

အစိုးရက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို လက်မခံနိုင်ကြောင်း တရားဝင် စာထုတ်ပြန်လိုက်သောကြောင့် ရခိုင်ပြည်သူများက သပိတ်လှန်လိုက်၍ သန်းခေါင်စာရင်း ကောက်ယူနိုင်သော်လည်း ဘင်္ဂါလီအများစုက ရိုဟင်ဂျာဟုသာ ဖြေဆို၍ မကောက်ယူခဲ့ကြောင်း သတင်းရရှိသည်။

ဒုတိယသမ္မတ ဦး ဉာဏ်ထွန်းသည် မတ်လ ၃၀ ရက်တွင်  စစ်တွေမြို့သို့ ရောက်ရှိလာပြီး ပြည်ထောင်စုအစိုးရ ညွှန်ကြားချက်ဖြင့် ရခိုင်ပြည်နယ်၌ အဖျက်အမှောင့်လုပ်လိုသူ အုပ်စုအချို့ သည် နိုင်ငံတော်အစိုးရ လက်မခံသည့် လူမျိုးအမည်ဖြစ်သည့် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို သုံးစွဲရန် လုပ်ဆောင်နေပြီး တရားမ၀င်လူမျိုးဖြစ်သည့်အတွက် လက်မခံပါကြောင်း ပြည်သူလူထုသို့ အသိပေးတင်ပြချက် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု မထည့်သွင်းဟု အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်မရ၍ သပိတ်မှောက်ထားသော ရခိုင်ပြည်နယ်တွင် မတ်လ ၃၀ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်မှသာ သပိတ်လှန်သောကြောင့် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်၌ ရခိုင်တိုင်းရင်းသားများ နေအိမ်များတွင် သန်းခေါင်စာရင်း စတင်ကောက်ခံနိုင်ခဲ့သည်။

‘‘ခိုင်မာတဲ့ တရားဝင်တဲ့ အကြောင်းပြန်ချက်လို့ ယူဆတဲ့အတွက် သပိတ်ပြန်လှန်လိုက်တာ ဖြစ်တယ်’’ဟု စစ်တွေမြို့မိမြို့ဖအ ဖွဲ့ဝင် ဦးသန်းထွန်းကဆိုသည်။

စစ်တွေမြို့ အနောက်စံပြ၊ ဘာဆာရာ ကျေးရွာတွင် သန်းခေါင်စာရင်းကို လုံခြုံရေးတင်းကျပ်စွာဖြင့် စတင်ကောက်ယူခဲ့ပြီး ဘင်္ဂါလီလူမျိုးအများစုမှာ လူမျိုးအမည် ဖြည့်စွက်ရန် ငြင်းဆန်ခြင်း၊ ရိုဟင်ဂျာဟုသာ ဖြေဆိုခဲ့ကြခြင်းများ ကြုံတွေ့ခဲ့သည်။

‘‘ရိုဟင်ဂျာလို့  အော်နေသရွေ့ကတော့ ကျွန်တော်တို့က ကောက်ယူမှာမဟုတ်ပါဘူး’’ ဟု ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်ကပြောကြားသည်။

ဘာဆာရာဘင်္ဂါလီကျေးရွာတွင် သန်းခေါင်စာရင်းကောက်ယူရာ၌ လုံခြုံရေးတာဝန်ယူခဲ့သော ပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိငယ်တစ်ဦးကလည်း ယင်းကျေးရွာတွင် အများစုမှာ ရိုဟင်ဂျာဟုသာ ပြောဆိုနေခဲ့ကြခြင်းကြောင့် မကောက်ယူခဲ့ရမှုများရှိကြောင်း ပြောသည်။

စစ်တွေမြို့ သဲချောင်း၌ သန်းခေါင်စာရင်းကောက်ယူရာတွင် ဘင်္ဂါလီလူမျိုးများ မကျေမနပ်ဖြစ်၍ အော်ဟစ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သက်ဆိုင်ရာက အတည်ပြုချက်မပေးပေ။

‘‘ကျွန်တော်တို့ဘက်မှာ ဒီနေ့ ဘာမှမဖြစ်ပါဘူး။ ဒီနေ့က ဘာဆာရာဘက်မှာ ကောက်တာ။ ဒါပေမဲ့ ဘင်္ဂါလီတွေကတော့ လှုပ်လှုပ်လှုပ်လှုပ် ဖြစ်နေတယ်’’ဟု သဲချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းဆွေက ပြောသည်။

 ဘင်္ဂါလီလူဦးရေ အများစုဖြစ်သော မောင်တာဒေသ၌လည်း သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီး ပုံမှန်အတိုင်း ဆောင်ရွက်နေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလွင်က ပြောကြားသည်။

ထို့အပြင် မောင်တောနယ်စပ် သန်းခေါင်စာရင်းကောက်သော ကာလတွင် လုံခြုံရေးကို တိုးမြှင့်ထားကြောင်း သတင်းရရှိသည်။

‘‘ဘင်္ဂါလီနေအိမ်တွေကိုတော့ မကောက်ဖြစ်သေးပါဘူး။ မြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွေဖြစ်တဲ့ ဗဟိုကျောင်း၊ အလိုတော်ပြည့် ပရဟိတကျောင်းနဲ့ အလိုတော်ပြည့်ကျောင်းတွေကို သွားကောက်ခဲ့ပါတယ်။ ပြီးတော့ မြို့သစ်၊ မြို့ဦးရွာနဲ့ ဝိမလရပ်ကွက်မှာ ကောက်ဖြစ်ခဲ့ပါတယ်’’ ဟု သန်းခေါင်စာရင်းကောက်ယူသည့် ကျောင်းဆရာမတစ်ဦးကပြောသည်။

စစ်တွေမြို့ပေါ်၌ လမ်းဆုံလမ်းခွများ၊ ဘင်္ဂလားဒေ့ရှ်သံရုံး ရုံးခွဲ၊ ဘင်္ဂါလီကျေးရွာများ၌ လုံခြုံရေးကို အထူးတင်းကျပ်ထားပြီး တပ်မတော်၊ ရဲတပ်ရင်းနှင့် နယ်မြေခံရဲတပ်ဖွဲ့များ နေရာယူထားသည်ကို တွေ့ရသည်။

ရခိုင်ပြည်သူများက သပိတ်လှန်ပြီးနောက် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်လေးခုခန့်တွင် မတ်လ ၃၀ ရက် နေ့လယ်မှ စတင်၍သန်း ခေါင်စာရင်း ကောက်ယူခဲ့သည်ကိုလည်း မြင်တွေ့ရသည်။

 ‘‘အေးအေးဆေးဆေးပဲ ကျောင်းတက်လမ်းဘက်မှာ စတင်ကောက်နေတယ်ကြားတယ်’’ဟု စစ်တွေဒေသခံ ကိုထွန်းမြက ပြောကြားသည်။

Author:  အောင်ခိုင် / အောင်သစ်လွင် / မောင်ကံ

7DAY DAILY

စစ်တွေမြို့အနီး မွတ်စလင်လူမျိုးအများစုနေထိုင်ရာ ကျေးရွာတစ်ရွာတွင် သန်းခေါင်စာရင်းကောက်ယူမည့် သန်းခေါင်စာရင်း စာရင်းစစ်နှင့် စာရင်းကောက်များအား လုံခြုံရေးအပြည့်ဖြင့် မတ်လ ၃၀ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)

ရိုဟင်ဂျာဟုဖြေသော ဘင်္ဂါလီများကို သန်းခေါင်စာရင်းမကောက် ရိုဟင်ဂျာဟုဖြေသော ဘင်္ဂါလီများကို သန်းခေါင်စာရင်းမကောက် Reviewed by သစ်ထူးလွင် on 10:12 Rating: 5
Powered by Blogger.