မိကျောင်းကန် သပိတ်စခန်း နံနက်လင်းအားကြီး အချိန်တွင် ဒုတိယအကြိမ် အင်အားသုံး ဖြိုခွဲ


ရန်ကုန် ၊ မတ် ၃၁

သိမ်းဆည်းခံမြေများပြန်လည် ရရှိရေးအတွက် ရန်ကုန်မြို့တော်ခန်းမအနီး ဗန္ဓုလပန်းခြံဘေးတွင် ဆန္ဒ ထုတ်ဖော်နေသော မိချောင်း ကန်သပိတ်စခန်း ကို မတ်လ၃၁ရက်နေ့ နံနက် ၃ နာရီတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ က ဒုတိယအကြိမ် အင်အားသုံး ဖြိုခွဲလိုက်ကြောင်း သပိတ်စခန်း ဦးဆောင် ဆန္ဒထုတ်ဖော်သူများ ကပြောကြားသည်။

အဆိုပါ သပိတ်စခန်းကို မတ်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း အချိန်တွင် ဖြိုခွဲခဲ့သော် လည်း သပိတ်စခန်းကို ဆက်ဖွင့်ထားသောကြောင့် အင်အားသုံး ပြီး ထပ်မံဖြိုခွဲခြင်း ဖြစ်ကြောင်း ၎င်းတို့ ကဆိုသည်။

သပိတ်စခန်းဖြိုခွဲရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရဲတပ်ဖွဲ့အပြင် အရပ်ဝတ် အမျိုးသား၊ အမျိုးသမီးနှင့် လူငယ် သုံးရာဝန်းကျင် အသုံးပြုခဲ့ပြီး သပိတ်စခန်းကို လေးဘက်လေးတန် ပိတ်ဆို့ဖြိုခွဲခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။

ယင်းသို့ဖြိုခွဲစဉ် ဆန္ဒပြသူများက သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ အမည်များကို ဟစ်အော်က အကူအညီတောင်းခံခဲ့ပြီး ညသန်းခေါင်ယံတွင် ဝင်ရောက်ဖြိုခွဲမှုအပေါ် လူမဆန်သော အကြမ်းဖက်မှုအဖြစ် စွပ်စွဲပြစ်တင်လိုက်သည်။


သပိတ်စခန်းနှစ်ခု၏ အမိုးအကာများမှာ စည်ပင်ဥပဒေနှင့် မညီညွတ်သောကြောင့် မတ်လ ၃၀ရက် နံနက် ၃ နာရီခွဲခန့်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရဲတပ်ဖွဲ့ ၊ စည်ပင်ဝန်ထမ်း ၊ အရပ်ဝတ် ပြည်သူများ လူရာနှင့်ချီကာ အဆိုပါ သပိတ်စခန်းတို့ကို ဖျက်သိမ်းခဲ့သော်လည်း ယင်းနေ့မွန်းလွဲပိုင်းတွင် ဆန္ဒထုတ်ဖော်သူများက အကြမ်းဖက်ဖြိုခွင်းမှု အလိုမရှိ ၊ မြေယာပြဿနာကို အစိုးရက ဖြေရှင်းပေးရေးတို့ကို ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ပြီး မြေသိမ်းပြဿနာကို ဖြေရှင်းပေးမည့် အာမခံချက်ရရှိမှသာ သပိတ်စခန်းကို ပိတ်သိမ်းပေးမည်ဖြစ်ကြောင်း သပိတ်စခန်း ဦးဆောင်သူများ ကပြောကြားသည်။

သင်္ဃန်းကျွန်းမြို့နယ် ၊ မိချောင်းကန်ရပ်ကွက်ရှိဒေသခံများ သိမ်းဆည်းခံမြေများ ပြန်ရရေးအတွက် မတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့လယ်ရှိ မဟာန္ဓုလပန်းခြံဘေးတွင် မြေသိမ်းဆည်းခံရသူ လူ ၃၀ကျော်က သပိတ်စခန်း ဖွင့်လှစ်ပြီး ဆန္ဒဖော်ထုတ်မှု တစ်ပတ်အကြာတွင် လည်းကောင်း၊ ဝါဝါဝင်း ကုမ္ပဏီက သိမ်းဆည်းခဲ့သော မြေယာများနှင့် ပတ်သက်၍ မြေသိမ်းခံရသူ လူ၄၀၀ခန့်က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သပိတ်စခန်း စတင်ဖွင့်လှစ်ပြီး နှစ်လအကြာတွင် လည်းကောင်း သပိတ်စခန်း ယင်းသို့ အကြမ်းဖက် ဖျက်သိမ်းခံရကြောင်း အဆိုပါသပိတ်စခန်းများထံမှ သိရှိရသည်။

အဆိုပါ သပိတ်စခန်းများမှာ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်း ခွင့်ပြုချက်မရဘဲ တိုင်ထောင်ခြင်း ၊ အမိုးအကာ ပြုလုပ်ခြင်းတို့ကြောင့် စည်ပင်သာယာဥပဒေနှင့် အညီ ဖျက်သိမ်းခြင်း ဖြစ်ကြောင်း ၊ သပိတ်စခန်း ဖွင့်လှစ်သူများက ဆက်လက်လုပ်ဆောင်ပါက စည်ပင်သာယာရေးဥပဒေနှင့် အရ ငွေဒဏ်နှင့် ထောင်ဒဏ်တို့ကို ချမှတ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၊ စီမံရေးရာဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly



မိကျောင်းကန် သပိတ်စခန်း နံနက်လင်းအားကြီး အချိန်တွင် ဒုတိယအကြိမ် အင်အားသုံး ဖြိုခွဲ မိကျောင်းကန် သပိတ်စခန်း နံနက်လင်းအားကြီး အချိန်တွင် ဒုတိယအကြိမ် အင်အားသုံး ဖြိုခွဲ Reviewed by သစ်ထူးလွင် on 07:17 Rating: 5
Powered by Blogger.