၂၁ ကြိမ်မြောက် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ် မှ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို (ရုပ်/သံ-ဓါတ်ပုံ)


၂၁ ကြိမ်မြောက် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ် မှ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို (ဓါတ်ပုံ)

ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆို (ရုပ်/သံ)


မြန်မာဟာ အာဆီယံအတွက် အရေးပါတဲ့အဖွဲ့ဝင်နိုင်ငံဖြစ်သလို ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာတာကိုလဲ အာရှသာမက ကမ္ဘာ့နိုင်ငံတွေကပါ ကြိုဆိုပါကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်စူဝန်က ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ် မေ၃၁ မြင်ကွင်းတွေကို ဦးပီတာအောင်က တိုက်ရိုက်သတင်းပေးပို့ ထားပါတယ်။ (ရိုက်ကူး ကိုသက်)
ဒီဗွီဘီ
ဓါတ်ပုံ (AP)
 

ယနေ့ ဒေါ်အောင်ဆန်းစုကြည်မှ ထိုင်း ဒု-၀န်ကြီးချုပ်တို့ တွေ့ ဆုံဆွေးနွေး

ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဒု-၀န်ကြီးချုပ်တို့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။

- ရွေ့ပြောင်းမြန်မာလုပ်သားများ၏ ကလေးများ ထိုင်းကျောင်းများသို့ တက်ခွင့်ရရေး
- လက်မှတ်မရှိသော ရွှေ့ပြောင်းလုပ်သားများကိစ္စ
- အလုပ်ရှင်များက လုပ်သားများ၏ ပတ်စပို့စ်များကို သိမ်းထားခြင်း ကိစ္စ
- အလုပ်ရှင်များမှ အလုပ်တွင် ထိခိုက်ဒဏ်ရာရရှိပါက တာဝန်ယူကုသပေးရန်

အစရှိသည်တို့ကို ဆွေးနွေးပြောကြားသွားကြောင်း အတူလိုက်ပါနားထောင်ခွင့်ရခဲ့သည့်
ထိုင်း သတင်းထောက် Natty Tangmeesan က သတင်းပေးပို့ပါသည်။

Nobel Peace Prize winner Aung San Suu Kyi and Deputy Prime Minister of Thailand ... Police Captain Dr. Chalerm Yubamrung discuss about Burmese migrant workers & refugees issues and how to improve their lives, during that meeting Chalerm said ASSK: children of migrant workers can enter Thai schools.
Chalerm promises to DASSK to do his best to help Burmese migrant workers.
Thai duty prime minister explain that, Burmese migrant workers in TH are around 2 millions but only 800,000 documented.
The government approved 30 baht health fund & 300 baht daily minimum wage for documented migrant workers.
ASSK: asked what about the undocumented workers?
Chalerm answered MM govt needs to verify 1.2 mil undocumented ones.
ASSK: told Chalerm : problems are 1. employers take migrant's passports
2. if injured while working, employers don't pay for doctors.
ASSK: asked Chalerm to make sure that employers take care of their migrant employees.
quoting cover conversation by Thai Reporter (Natty Tangmeesan)

သမ္မတနှင့် လွှတ်တော်မှ တောင်းဆိုလျှင် ဖုန်းဈေး လျှော့ရောင်းမည်

မိုဘိုင်းဖုန်းတန်ဖိုး နှုန်းထားများကို နိုင်ငံတော် သမ္မတကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ ဈေးနှုန်း လျှော့ချခိုင်းမည် ဆိုပါက အရှုံးခံ၍ လျှော့ချပေးမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိတွင် မိုဘိုင်းတန်ဖိုး နှုန်းထားများအား ဇူလိုင် လကုန်ခန့်တွင် ကျပ်နှစ်သိန်းဖုန်းထက် လျော့နည်းသည့် ကျပ်တစ်သိန်းဖုန်းနှင့် ကျပ်ရှစ်သောင်းဖုန်းများ ထွက်ပေါ်လာတော့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းအပေါ် မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နယာချုပ် တစ်ဦးက အထက်ပါအတိုင်း ပြောခဲ့သည်။ “ဆက်သွယ်ရေးက ချမှတ်ထားတဲ့ စနစ်ဆိုရင် ဒီနှစ်ထဲမှာ ဖုန်းတန်ဖိုးနှုန်းထားတွေ လျှော့ချပေးဖို့ မရှိပါဘူး။ လာမည့်နှစ်ကျမှ ထပ်မံ လျှော့ချပေးမှာပါ။ ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သမ္မတကြီးက လျှော့ချခိုင်းမှု ပြုလာရင်တော့ အရှုံးခံပြီး လျှော့ပေးမှာပါ” ဟု ၎င်းကပြောသည်။

မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းတန်ဖိုး နှုန်းထားများက ငါးနှစ်အတွင်း နိုင်ငံတကာ နှုန်းထားများအတိုင်း ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ထားပြီး လက်ရှိတွင် ကျပ်နှစ်သိန်းတန် ဖုန်းများကို ရောင်းချပေးနေသည်။ “အခု ချထားပေးထားတဲ့ နှစ်သိန်းနှုန်းထားက တကယ် ကုန်ကျခဲ့တဲ့ နှုန်းထားနီးပါးလောက် ရှိပါတယ်။ ဒီနှုန်းထားထက် လျှော့ချပေးရင်တော့ အရှုံးပေါ်မှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ လက်ရှိ ရောင်းချပေးသည့် ဖုန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး စက်ပစ္စည်း ဝယ်ယူခြင်း၊ တာဝါတိုင် စိုက်ထူခြင်းနှင့် ဖုန်းရောင်းချခြင်းများကို ပုဂ္ဂလိက ကုမ္ပဏီများကသာ ဆောင်ရွက်နေခြင်း ဖြစ်သည်။ “မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် Elite Tech မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးမင်းသက်ပိုင်က ဖုန်းဈေးနှုန်း သတ်မှတ်တာက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ဆက်သွယ်ရေးနဲ့ပဲ ဆိုင်တယ်။ ကျွန်တော်တို့ဘက်က ပိုက်ဆံစိုက်ထုတ်ပြီး စက်ပစ္စည်းတွေ ဝယ်တယ်။ ပြီးရင် ဆက်သွယ်ရေးကို ပြန်ရောင်းပေးတယ်။ ဆက်သွယ်ရေးကလည်း ဖုန်းတန်ဖိုးလျှော့ချလို့ စက်ပစ္စည်းကို လျှော့မဝယ်ဘူး။ နိုင်ငံတကာ နှုန်းထားအတိုင်းပဲ ဝယ်တယ်၊ လုပ်ပိုင်ခွင့် အနေနဲ့ တာဝါတိုင်စိုက်ပြီး ဖုန်းရောင်းရတာပဲ ရှိပါတယ်။ ဈေးနှုန်းတွေ လျှော့ချပေးတယ် ဆိုတာကတော့ လက်ရှိ ဆက်သွယ်ရေးက Operator ဖြစ်တဲ့အတွက် သူ့မှာပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် လက်ရှိတွင် ဖုန်းဆင်းကတ် တန်ဖိုးနှုန်းထားများမှာ နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက များစွာ မြင့်မားလျက်ရှိနေပြီး ယင်းသို့ မြင့်မားနေခြင်းမှာ လိုအပ်သည့် အခြေခံ အဆောက်အအုံ စတင် အချိန်ယူ တည်ဆောက်မှုစရိတ် ကြီးမြင့်မှုအပေါ် မူတည်ခြင်းကြောင့်ဟု ဆက်သွယ်ရေးမှ ထုတ်ပြန်ထားသည်။ “နိုင်ငံတကာ နှုန်းထားထက် ဈေးနှုန်းတွေ မြင့်နေတာကတော့ ကျွန်တော်တို့နိုင်ငံမှာ Second Operator မရှိဘူး။ သူများ နိုင်ငံတွေမှာက ပုဂ္ဂလိက Operator အများကြီး ရှိတယ်။ ဒီတော့ ကုမ္ပဏီတွေ အပြိုင် ဖြစ်လာတော့ ဈေးနှုန်းကလည်း သူ့ထက်ငါ အပြိုင်အဆိုင် လျှော့တာတွေ၊ Promotion လုပ်တာတွေ ရှိနေတော့ မြန်မာနိုင်ငံထက် ဖုန်းတန်ဖိုး ဈေးနှုန်း လျော့နေတာပါ” ဟု လူကြီးမင်း ဖုန်းဆိုင်မှ မိုဘိုင်း ကျွမ်းကျင်ပညာရှင် ဦးကိုကိုအောင်က ပြောသည်။ မြန်မာနိုင်ငံ၌ ဆက်သွယ်ရေး ကဏ္ဍတွင် Second Operator အဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့် ပေးနိုင်ရန် ဥပဒေ လိုအပ်မည်ဖြစ်ကြောင်း ယင်းဥပဒေရှိမှသာလျှင် Operator အဖြစ် ခွင့်ပြုပေးနိုင်မည် ဖြစ်ကြောင်း၊ ဥပဒေကိုလည်း ယခုနှစ်အတွင်း အပြီးသတ် ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။

အောင်ဇော် - ပေါ်ပြူလာဂျာနယ်
 

မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရမူကို မကျေနပ်သော ရမ်းဗြဲလူထု ဆန္ဒပြ

ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသည့် မသီတာထွေး
ရမ်းဗြဲ လူထု ၇၀၀ ကျော်ခန့်သည် မသီတာထွေး ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသည့် အပေါ် မကျေနပ်သည့် အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထိ ချီတက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

" ကျွန်တော်တို့ မေလ ၃၀ ရက်နေ့ နေ့လည်ဘက်မှာ ရမ်းဗြဲမြို့ စောမဲကျီလမ်း၊ ရုံးတက်လမ်း၊ ရဲစခန်းထိ ချီတက်ပြီး အဲဒီက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထိ ချီတက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ တောင်းဆိုချက်တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်" ဆန္ဒပြရာတွင် ပါဝင်သော ရမ်းဗြဲ ဒေသခံ တစ်ဦးက ပြောသည်။

ဆန္ဒပြသူများသည် နယ်မှ စက်လှေများနှင့် ရမ်းဗြဲမြို့သို့ ချီတက်လာပြီး မြို့ခံ လူထုနှင့် ပူးပေါင်းကာ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

" ကျွန်တော်တို့ တောင်းဆိုတာက အခု ဖမ်းဆီးထားတဲ့ ကုလား ကောင်လေးတွေဟာ အမှန်တကယ် တရားခံ အစစ်အမှန်တွေ ဟုတ်မဟုတ် လူထုကို ပြသရန်၊ ဘာဖြစ်လို့ ဒီလိုတောင်းဆိုရသလဲ ဆိုရင် ဒီက အာဏာပိုင်တွေဟာ အမှန် တကယ် ပြစ်မူ ကျူးလွန်သူတွေဆီက ပိုက်ဆံတွေ အမြောက်အမြား ယူပြီး သူတို့ကို မဖမ်းဘဲ ပြစ်မူ မကျူးလွန်တဲ့ သူတွေကို ဖမ်းပြီး တရားစွဲဆိုတတ်တဲ့ အကျင့်ရှိတဲ့ အတွက် ဒီလူငယ် သုံးဦးဟာ အမှန်တကယ် ပြစ်မူ ကျူးလွန်တဲ့ သူတွေ ဟုတ်မဟုတ်ကို သူတို့ကို သိရှိထားတဲ့ ဒေသခံ ပြည်သူတွေကို ထုတ်ဖေါ်ပြသပေးပါဆိုပြီး ပထမ အချက် အနေနဲ့ တောင်းဆိုပါတယ်။"

ဒုတိယ တောင်းဆိုချက်ကိုလည်း သူက ယခုလို ပြောကြားသည်။

"ကျွန်တော်တို့ ဒုတိယ တောင်းဆိုတာက ဒေသက အာဏာာပိုင်တွေရဲ့ ဥပဒေကို မလိုက်နာတဲ့ အတွက် ခုလို မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာရတယ်။ ဒါကြောင့် အနာဂတ်မှာ ဒါတွေကို မပြုလုပ်ဖို့ တောင်းဆိုကြတယ်။ ခုလို ကြီးကျယ်တဲ့ မုဒိမ်းမူ၊ လူသတ်မူ မဖြစ်ခင်မှာ လမ်းသွားလမ်းလာ မိန်းခလေးတွေ၊ ကျောင်းသူတွေကို ဒီဒေသပတ်ဝန်းကျင်မှာ ရှိတဲ့ ကုလားရွာတွေက တချို့ ဆိုးသွမ်းတဲ့ လူတွေဟာ အမျိုးမျိုး နှောင့်ယှက်တာတို့၊ စော်ကားတာတို့ အကြိမ်ကြိမ် ရှိခဲ့တယ်။ ဒါကို ဒေသမှာ ရှိတဲ့ အာဏာပိုင်တွေကို တိုင်ကြားကြတယ်။ ဒါပေမယ့် သူတို့က ပိုက်ဆံတွေယူပြီး အရေးမယူဘဲ လျစ်လျူရှု့ခဲ့ကြတဲ့ အတွက် အမူအငယ်ကနေ ခုလို အမူကြီးထိ ဖြစ်လာရတာ ဖြစ်ပါတယ်။ ဒါမျိုး တွေကို အာဏာပိုင်တွေ အနေနဲ့ နောက်ထပ် မပြုလုပ်ကြဖို့ တောင်းဆိုကြပါတယ်။" ဟု သူက ပြောသည်။

ရမ်းဗြဲ ပြည်သူများ ဆန္ဒပြ တောင်းဆိုသော မေလ ၃၀ ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူး အပါအ၀င် တစ်ခြား လူကြီးများ လူသတ်မူ ဖြစ်ပွားရာ ကျောက်နီမော် ကျေးရွာသို့ ရောက်ရှိနေသဖြင့် တစ်ခြား မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိုသူများက ပြည်သူများ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးမည် ဟု ကတိပြုခဲ့ကြောင်း သူက ဆိုသည်။

" အာဏာပိုင်တွေဘက်က တုန့်ပြန် ပြောကြားတာက ဒေသအတွင်းက အရပ်လူကြီး ၅ ဦးနဲ့ ဖမ်းထားတဲ့ သူတွေဟာ လူသတ် တရားခံတွေကို တွေ့ပေးမယ်။ ကျန်တဲ့ တောင်းဆိုချက်တွေကိုလည်း နောက်ပိုင်းမှာ ဖြေရှင်းပေးမယ်ဆိုပြီး ပြောပါတယ်" ဟု သူက ဆက်ပြောသည်။

နယ်မှ တက်လာသူ လူပေါင်း ၂၀၀ ခန့်သည် သူတို့ တောင်းဆိုချက် ပြည့်ဝစွာ မရရှိသဖြင့် နယ်သို့ မပြန်ကြသဖြင့် ရမ်းဗြဲ အထက်တန်းကျောင်းတွင် နေရာချပေးထားကြောင်း သိရသည်။

" ကျွန်တော်တို့ ဆန္ဒ မပြည့်ဝဘူးလို့ ထင်ပါတယ်။ တောင်းဆိုတာတွေကို အပြည့်အ၀ မရသေးဘူး။ လူကြီးတွေလည်း မရှိ ဖြစ်နေတယ်လေ။ ဒါကြောင့် လိုအပ်ရင် ဆက်လက် ဆန္ဒပြဖို့ ရွာကို မပြန်ဘဲ ဒီမှာ (ရမ်းဗြဲ)မှာ နေနေတာ ဖြစ်ပါတယ်" ဟု ကျောက်နီမော် ဒေသခံ တစ်ဦးက ပြောသည်။

ရမ်းဗြဲ ကျောက်နီမော် ဒေသတွင် တာဝန်ကျနေသူ ရဲတပ်ဖွဲ့ တာဝန်ရှိသူများအား ယခု လူသတ်မူ မဖြစ်ခင်ကတည်းက အဆိုပါ ဒေသတွင် မွတ်ဆလင် တချို့မှ ကျောင်းသူ ကျောင်းသားများ၊ ဈေးသွား ဈေးလာများကို နှောင့်ယှက်မူများ ရှိခဲ့သဖြင့် တိုင်ကြားမူများ ရှိခဲ့သော်လည်း ပိုက်ဆံ ယူပြီး အရေးမယူဘဲ နေခဲ့ကြောင်း၊ သို့အတွက် ယခုလို ပြစ်မူကြီးများ ဆက်လက် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ယူဆကာ ရဲအရာရှိများကို အထူး ပြစ်တင် ဝေဖန်လျှက် ရှိကြောင်း ကျောက်နီမော် ဒေသခံ ပြောဆိုသည်။

ကျောက်နီမော်ရဲစခန်းသို့ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သိရှိလိုသဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရာ ဖုံးလိုင်းမကောင်းဘူး၊ ဘာမှ မကြားရဘူး စသဖြင့် ပြောဆိုပြီး ဖုံးကို ချ ချသွားခဲ့သည်။

ကျောက်နီမော်မှ တစ်နေ့တာ စက်ချုပ် သင်ပြီး မိမိကျေးရွာ သပြေချောင်သို့ တစ်ဦးတည်း အပြန်တွင် မေလ ၂၈ ရက်နေ့က ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံရသူ မသီတာထွေးအား မေလ ၃၀ ရက်နေ့က သဂြိုလ်ခဲ့ကြောင်း သိရသည်။

ယခုအခါ ပြစ်မူကျူးလွန်သူဟု စွပ်စွဲခံထားရသူ ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ကို ဖမ်းဆီးထားကြောင်း သိရသည်။

မီးလောင်မှုအဖြစ်မှန်မှာ အသတ်ခံထားရသော အလောင်းကို မီးရှို့မှုဖြစ်နေ

မီးလောင်မှုကို သွားရောက်ငြိမ်းသတ်ရာမှ လူသတ်မှုဖြစ်ရပ်တစ်ခု မေလ ၃၀ရက်နေ့ နံနက် ၁၁နာရီခွဲခန့်တွင် လမ်းမတော်မြို့နယ် (၃)ရပ်ကွက် အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား အမှတ(၇၆)တတိယထပ်ညာဘက်ခန်း၌ ဖြစ်ပွားခဲ့သည်။

လူသတ်မှုဖြစ်နေ

ယင်းဖြစ်ရပ်တွင် အသက်(၁၆)နှစ်အရွယ် တက္ကသိုလ်ဝင်တန်းဖြေဆိုထားသော မစုစန္ဒီအောင်မှာ ဓားဒဏ်ရာဖြင့် မီးလောင်သေဆုံးနေခဲ့ခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ ´´ဖြစ်ရပ်ကိုကြည့်ပြီး  ဘယ်သူဖြစ်နိုင်လဲ၊ သက်သေပေါ်မူတည်ပြီး အတိအကျပြောလို့ရမှာပါ။ ဓားတို့ဘာတို့ပဲတွေ့ရတယ်။ တရားခံက အမှုကျူးလွန်ပြီး မျက်နှာသစ်ခွက် (Basin) စင်မှာ လက်ဆေးပြီး ဓားကို အဲဒီမှာ  ထားခဲ့တယ်။ နောက်တော့ အပေါ်ပြန်တက်ပြီး ပြန်ထွက်သွားတယ်လို့ ခန့်မှန်း၇တယ်။ အသေးစိတ်အားလုံးပြောလိုက်ရင် တရားခံပြေးမယ့်လမ်းကြောင်းကို ဖွင့်ပေးလိုက်သလိုဖြစ်သွားမှာ ။ တစ်ခုခုကျူးလွန်ခံထားရတာတွေတော့ မရှိဘူး။ မှုခင်းဆေးပညာအရ ခွဲစိတ်တော့မျ သေချာပြောလို့ရမှာ။  မရှိတာတော့ သေချာဖို့များတယ်။ အသတ်ခံရပြီးမှ မီးလောင်တဲ့သဘော၊ ဓားက ဦးခေါင်းခွံကို ခုတ်ထားတာက သေစေတဲ့အကြောင်းရင်းပဲ။ လူသတ်မှုပဲ၊ ပုဒ်မ ၃၀၂ပဲ၊ ဒီထက်ပိုတာလည်းရှိကောင်းရှိနိုင်တယ်´´ဟု ဒုတိယတိုင်းရဲတပ်မှူးက သတင်းသစ်သို့ ပြောပြခဲ့သည်။

ပြောင်းလာတာ တစ်ပတ်တည်းရှိ

´´လောလောဆယ်တော့ အတိအကျပြောလို့မရသေးဘူး။ ကိုယ်တစ်ခြမ်းလောင်သွားတယ်။ လူနာကသေပြီးသားကို မီးလောင်တာလို့ထင်ရတယ်။ မိသားစုဝင် ငါးဦးရှိတယ်။ အငယ်ဆုံးသမီးပါ။ မြို့ထဲကပဲ လမ်းမတော်ကို ပြောင်းလာတာ တစ်ပတ်လောက်ပဲရှိသေးတယ်။ အခင်းဖြစ်တဲ့အချိန်မှာ မိသားစုဝင်တွေမရှိဘူး။ တိတိကျကျကိုတော့ မှုခင်းဆရာဝန် စစ်ချက်ထွက်လာပြီးမှပဲ သိရမယ်´´ဟု သေဆုံးသူ၏ အစ်ကိုတစ်ဝမ်းကွဲတော်စပ်သူ ဒေါက်တာ ဆေးခိုင်က ပြောသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက၍ နံနက် ၁၁နာရီ ၄၅မိနစ်တွင် မီးလောင်ကြောင်း မီးသတ်စခန်းသို့ အကြောင်းကြားမှုကြောင့် နံနက်၁၁နာရီ ၅၃မိနစ်တွင် မီးသတ်ယာဉ် ၁၅စီး၊ အုပ်ချုပ်မှုယာဉ်လေးစီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ မွန်းတည် ၁၂နာရီ ၁၀မိနစ်တွင် မီးငြိမ်းသွားကြောင်း မီးလောင်မှုကြောင့် စောင်တစ်ထည်၊ ခေါင်းအုံးနှစ်လုံး၊ ဖျာတစ်ချပ်သာလောင်ကျွမ်းခဲ့ပြီး ငွေကျပ်ငါးထောင်ဖို့ခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။ အခင်းဖြစ်ရာသို့ မှုခင်းထောက်လှမ်းရေး(CID)မှ အဖွဲ့ဝင်များ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ခရိုင်မြို့နယ်စခန်းမှူးများက လာရောက်စစ်ဆေးခဲ့သည်။ အမှုနှင့်ပတ်သက်၍ အဖြစ်မှန်ကို လမ်းမတော်ရဲစခန်းနှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းဆဲဖြစ်ပြီး တရားခံ မည်သူမည်ဝါဖြစ်ကြောင်းဖော်ထုတ်နေဆဲဖြစ်သည်ဟု သိရသည်။

အမှုအား သက်ဆိုင်ရာက (ပ)၁၃၀/၂၀၁၂ ပြစ်မှုဆိုင်ရာ ပုဒ်မ- ၃၀၂/၄၃၆/၂၀၁၂/၃၉၂ တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။ အလောင်းအားရန်ကုန်ဆေးရုံကြီးမှ ပီအာရ် ၉၆ဖြင့် လက်ခံထားရှိသည်။ သေဆုံးသူမှာ မစုစန္ဒီအောင် အသက်(၁၆)နှစ်ဖြစ်သည်။ သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးရာတွင် အခင်းဖြစ်နေအိမ်မီးဖိုချောင်မှ ကော်အရိုးတပ် အရိုးအသွား ၁၂လက်မ ဓားတစ်ချောင်းနှင့် နေအိမ်အတွင်းမှ ရွှေထည်ပစ္စည်း(၁၄)မျိုး၊ ကာလတန်ဘိုး ကျပ်(၁၀၄၅၀၀၀၀)ခန့် ပျောက်ဆုံးနေသည်ဟု ဆိုသည်။

The First News Journal

ရဲတပ်ကြပ် တစ်ဦးရိုက်နှက်မူကြောင့် ဒေသခံ လူကြီးတစ်ဦး ခေါင်းကွဲ၊ ငါးချက် ချုပ်ရ

ရဲ ဒုတပ်ကြပ် အဆင့် ရှိသူ တစ်ဦး၏ ရိုက်နှက်မူကြောင့် တောင်ကုတ်မြို့နယ်မှ အသက် ၅၅ နှစ်ရှိ လူကြီးတစ်ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာ ရရှိကာ ဆေးရုံတွင် ငါးချက်တိတိ ချုပ်လိုက်ရကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောသည်။


 ဦးခေါင်းမှ ချုပ်ဒဏ်ရာနှင့် ဦးထွန်းနု
ရဲဒုတပ်ကြပ်၏ ရိုက်နက်၍ ဦးခေါင်းကို ငါးချက်တိတိ ချုပ်လိုက်ရသူမှာ တောင်ကုတ်မြို့နယ် ပေါက်ပြင် ကျေးရွာမှ ဦးထွန်းနု ဖြစ်သည်။

အဆိုပါ သတင်းကို လက်ခံ ရရှိပြီးနောက် ကာယကံရှင် ဖြစ်သူ ဦးထွန်းနုကို နိရဉ္စရာမှ ဖုံးထဲမှ တဆင့် ဆက်သွယ်မေးမြန်းရာ သူအရိုက်ခံရပုံနှင့် ပတ်သက်၍ ဦးထွန်းနုက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

" ဒီလ ၂၆ ရက်နေ့က ကင်းတောင် ရဲစခန်းမှူးရဲ့ ခေါ်ယူချက် အရ အဲဒီ စခန်းကို သွားပါတယ်။ ရဲကင်းကို ရောက်တဲ့ အခါ ရဲစခန်းမှူး မရှိပါ ။ အရက်သောက်နေတဲ့ ဒုတပ်ကြပ် ခင်မောင်ညွန့်ကို တွေ့ပါတယ်။ အဲဒီ အချိန်မှာဘဲ ဦး မှတ်ကြီးဆိုသူ ရောက်လာပါတယ်။ ဦးမှတ်ကြီးဆိုသူက ကျွန်တော် နွားမွေးစားဖက် ယူထားတဲ့ နွားရှင်ဖြစ်ပါ တယ်။ နွားမွေးစားဖက် ယူထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဦးမှတ်ကြီးနဲ့ ကျွန်တော် အကြားမှာ ပြဿနာရှိပါတယ်။ ဒါကြောင့် စခန်းမှူးက ကျွန်တော်ကို စခန်းကို ခေါ်တာ ဖြစ်ပါတယ်။ အဲဒီ စခန်းမှာဘဲ ကျွန်တော်နဲ့ ဦးမှတ်ကြီး ဆွေးနွေးတဲ့ အခါ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေပါ။ အဲဒီ အချိန်မှာ ဦးမှတ်ကြီးကို ဒုတပ်ကြပ် ခင်မောင်ညွှန့်က အိမ်ကို ပြန်လွှတ်ပြီး ကျွန်တော့ကို ကြိုးနဲ့ တုတ်ပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ပါတယ်" ဟု သူက ပြောသည်။

ဦးထွန်းနုမှာ ဒုတပ်ကြပ် ခင်မောင်ညွှန့်၏ ရိုက်နှက် ကန်ကျောက်မှုကြောင့် ၆ ပေခန့် နက်သော ရေမြောင်းထဲသို့ ထိုးကျသွားကြောင်း၊ ရေမြောင်းမှ ပြန်အတက်တွင် ခင်မောင်ညွှန့်မှ အပေါ်မှ ကျောက်တုန်းဖြင့် ထုချရာ ဦးခေါင်းတွင် ဒဏ်ရပြင်းထန်စွာ ရရှိသွားကြောင်း သူက ပြောသည်။

" တကယ့်ကို လူမဆံစွာ ကျွန်တော်ကို ရိုက်နှက်ပါတယ်။ ကျွန်တော့် တသက်မှာ ဒီလို ရိုက်နှက်တာမျိုး တကြိမ်မှ မခံစားခဲ့ဖူးပါ။ ဦးခေါင်းကွဲသွားပြီး သွေးတွေ စီးကျလာတဲ့ အတွက် ကျွန်တော် ခေါင်းမူးပြီး သတိမေ့လု မတတ် ဖြစ်သွားပါတယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ထွက်ပြေးတာ စခန်းအပြင်ဘက်ကို ရောက်သွားပါတယ်။ ကျွန်တော်ရဲ့ အသံကို ကြားတော့ ရွာသားတချို့ လိုက်လာပြီး ကျွန်တော်ကို တွဲယူပီး ရွာမ ဆေးရုံကို ပို့ပါတယ်။ ကွဲသွားတဲ့ ဦးခေါင်းကို ၅ ချက် တိတိ ချုပ်လိုက်ရပါတယ်" ဟု သူက ပြောသည်။

သူ့အား ယခုကဲ့သို့ ရိုက်နှက်ခြင်းမှာ ဦးမှတ်ကြီးမှ ပိုက်ဆံ ပေးထား၍ ဖြစ်ပုံရကြောင်း သူက ပြောသည်။

" ဦးမှတ်ကြီးက ရဲစခန်းမှူးကို ပိုက်ဆံ ပေးထားပုံရပါတယ်။ ဒါကြောင့် အရက်မူးနေတဲ့ ဒု တပ်ကြပ် ခင်မောင်ညွန့်က ကျွန်တော်ကို ရိုက်နှက် တယ်လို့ ထင်ပါတယ်။ တကယ်လို့ ကျွန်တော်မှာ အပြစ်ရှိရင် ဖမ်းဆီး အရေးယူနိုင်ပါတယ်။ ခုလို ညှဉ်းပမ်းနှိပ်စက်တာက ဥပဒေနဲ့ မကိုက်ညီသလို နိုင်ငံ ၀န်ထမ်းတွေ အနေနဲ့လည်း မလုပ်သင့် မလုပ်ထိုက်ဘူးလို့ ထင်ပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုအခါ အဆိုပါ ရိုက်နက်မူကို တောင်ကုတ်မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက်ပြီး တိုင်တန်းကြားထားသည်ဟု သူက ပြောသည်။

တောင်ကုတ်မြို့နယ်တွင် လွန်ခဲ့သော မတ်လ ၁၅ ရက်နေ့က အရက်မူးနေသော ဆားပြင် စခန်းမှူး ဒုရဲအုပ် စိုးမိုးအေးက အဆိုပါ ကျေးရွာတွင် ရိုးရိုးသားသား လုပ်ကိုင် စားသောက် နေသူ ဦးတင်မောင်၏ သား မောင်တင်ဝင်းဆိုသူကို သူတို့အားလှောင်ပြောင် ပြောဆိုသည်ဟု ဆိုကာ မတရား ဖမ်းဆီး ရိုက်နှက်ခဲ့သ ဖြင့် ဆေးရုံတင်ခဲ့ရသည်။

ပြည်သူ့များအား ကူညီပါရေစေ - ဟူသော ဆိုင်းဘုတ်ကို ရဲစခန်းရုံးရှေ့တွင် ထောင်ထားပြီး ငွေကြေးချမ်းသာသူများထံမှ တန်စိုး လက်ဆောင်များယူကာ ဆင်းရဲသား ပြည်သူများအား ကိုယ်ထိ လက်ရောက် ညှဉ်းပမ်းနှိပ်စက်မူ ပြုလုပ်နေသော တောင်ကုတ်မြို့နယ်မှ အကျင့်ပျက် ရဲများကို အရေးယူ အပြစ်ပေးရန် ပြည်သူများက အထူးလိုလားနေကြောင်း သတင်းများ ရရှိသည်။ 

 မောင်ရမ္မာ-နိရဉ္စရာ

ရမ်းဗြဲမြို့နယ်မှာ အမျိုးသမီးငယ်တဦးကို အဓမ္မပြု့ ကျင့်သတ်ဖြတ်တဲ့ တရားခံတဦးကို ဖမ်းမိထား


အဓမ္မပြု့ ကျင့်သတ်ဖြတ်ခံရတဲ့ မသီတာထွေး
အဓမ္မပြု့ ကျင့်သတ်ဖြတ်ခံရတဲ့ မသီတာထွေး
 ရခိုင်ပြည် ရမ်းဗြဲမြို့နယ် သပြေချောင်ရွာနေ ဦးလှတင်-ဒေါ်မမြ၏သမီး
မသီတာထွေး(၁၆)နှစ် ကို လွန်ခဲ့သော (၂၈.၅.၂၀၁၂)  ညနေဘက်(၅) နာရီ ခန့်က
 အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံတဦးကို ဖမ်းဆီးမိထားကြောင်းသိရပါသည်။

 မသီတာထွေး ဟာ  (၂၉.၅.၂၀၁၂) နေ့ မနက်(၉) နာရီအချိန်တွင်
 ချောင်းဝရွာနှင့် ကျောက်ထရံ ရွာကြား ပရဟိတကျောင်း အနောက်ဖက်က
ကာရီဘောင်ဆည် အဟောင်းပေါ်တွင်  ဓါးဒါဏ်များနှင့်  သေဆုံးနေတာ
ဖြစ်ပါသည်။

ဖြစ်စဉ်မှာ “မသီတာထွေး တယောက်တည်းပြန်လာသောအခါ ကုလားများက
လူခြေတိတ်တဲ့နေရာမှ   စောင့်နေပြီး ခန္ဓာတွင် ဝတ်ဆင်လာသော ရွှေများကို
လုယက်ပြီး ဗလက္ကာယပြုကျင့်ပြီးနောက် လူမဆန်စွာ ရက်ရက်စက်စက် သတ်ပစ်
ခဲ့တယ်’’လို့ ၄င်း အား ရှာဖွေရာတွင် ပါဝင်သော ရွာလူကြီးတယောက် အဆိုအရ
သိရပါသည်။

ယခုအခါတွင် မသီတာထွေး ရုပ်အလောင်းကို ကျောက်နီမော်ဆေးရုံ ရင်ခွဲရုံတွင်
စစ်ဆေးနေကြောင်း သိရပြီး မသင်္ကာသော ကျောက်ထရံကုလားရွာက ထွက်ပြေးသွားသော
မုဒိန်းကောင်လို့ ယူဆရသော ကုလားတယောက်အား ဖမ်းဆီးထားတယ်လို့
ကျောက်နီမော်ရဲ စခန်းက  အတည်ပြုပြောကြားပါသည်။

“ပျောက်လို့လာတိုင်တော့ ကျွန်တော်တို့လဲ လူငယ်ချင်းချစ်လို့ကြိုက်လို့
လိုက်သွားတယ်လို့ ထင်တာပါ၊ မိုးလင်းလို့ ရွာသားတွေက
အလောင်းတွေ့တယ်လို့ပြောမှ   လိုက်သွားလိုက်တာ အခုလို တွေရတယ်’’လို့
တာဝန်ကျ ရဲအရာရှိတစ်ယောက်မှ ပြောပါသည်။

သူကဆက်လို့ “ဒါ ရိုးရိုးလုယက်မှုမဟုတ်ပါ။ ကျူးလွန်ပြီး
ဗလက္ကာယပြုကျင့်ထားတယ်။ နောက် လူသတ်တယ်။ ဒီဖြစ်စဉ်တွေက သာမညမဟုတ်ဘူး
တရားခံတွေဟာ အတွေ့အကြုံရှိတဲ့ သွေး အေးအေး နဲ့  ရက်စက်စွာ သတ်ပြစ်ခဲ့တာ။
လည်ကို လှီးပီးတော့ ညာဖက်ပခုံးမှာ ဓါးခုတ် ရာ ရင်ဘက်တွေ မှာ
ကျောကုန်းတွေမှာ နာရွက်တွေပြတ်နေတယ်။ တရားခံတွေ ဟာ မူးယစ်ဆေးဝါး
သုံးစွဲကြတယ်လို့လဲ ထင်တယ်။ တရားခံ မူဆလင်ကုလားတယောက်ကို တော့
ဖမ်းမိထားပါတယ်။ သူထွက်ဆိုထားတာကတော့သူပါကြောင်း”ပြောပြပါသည်။

သေဆုံးသွားသော ရခိုင်အမျိုးသမီးမှာ လက်ဝတ်လက်စား ရွှေဆွဲကြိုး ရွှေနားဂပ်
လက်စွပ်များလဲ ပါသွားကြောင်း၊ ဆွေးမျိုးတော်စပ်သူ တယောက်ကလည်း
ရွှေက(၂)ကျပ်သားနီးပါး ရှိကြောင်း ပြောပြပါသည်။

အဆိုပါ လူယက်ပြုကျင့် ကျူးလွန်ခဲ့တဲ့ အတွက် ကျောက်နီမော်မြို့နယ်တဝိုက်မှာ
လူထုအုံကြွမှု ကုလား-ရခိုင်ပြဿနာတွေ မ ကြီးထွားအောင် ရဲစခန်းမှူး မြို့ 
နယ်မှူး ကျောက်ဖြူခရိုင်မှူးများ အားလုံး ရောက်နေပြီးတော့
လုံခြုံရေးတွေလဲ တင်းကျပ်အောင် ချထားကြောင်း သိရပါသည်။

တရားခံကုလား နောက်နှစ်ယောက်ကတော့ ထွက်ပြေးနေတယ်လို့ သိရပြီး
နာမည်မဖေါ်လိုသော ရဲဝန်ထမ်းတယောက်က ဒီကုလားရွာနားမှာ လူယက်မှုတွေ
မကြာမကြာဖြစ်ကြောင်း။ တိုင်လာလျှင်လဲ ငွေနဲ့ ရှင်းပြစ်ကြောင်း။ အခုလဲ
ဘယ်လိုဖြစ်မယ်ဆိုတာ မပြောတတ်ကြောင်း’’လို့ ပြောပါသည်။

Myanmar  News Now

7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၁၂

7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၁၂
 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၁၂


အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၆

 
အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၆

ထိုင်းနယ်စပ်မျဉ်းနှင့်ကပ်လျက် တောင်ပိုင်း ဝ မြို့သစ်တည်

သျှမ်းပြည်သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲ အတွင်း တောင်ပိုင်း ဝ ထိန်းချုပ်နယ်မြေ နောင်ဝဲန်းကျေးရွာ အား မြို့အဆင့် တိုးမြင့်ရန် တောင်ပိုင်း ဝ ပြင်ဆင်နေကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း ကပြောပါသည်။
ဝ တပ်ဖွဲ့စစ်သမီးများ
ဝ တပ်ဖွဲ့စစ်သမီးများ

“မေလဆန်းကတည်းက မြို့ဧရိယာအတွက်မြေစညှိလာတယ်။ ဖို့တဲ့နေရာကဖို့၊ ရှင်းတဲ့နေရာကရှင်းပေါ့။ မြေထိုးစက်  ၁၀ ဂဏန်းနဲ့ လမ်းဖေါက်တယ်။ မြေညှိတယ်။ ပြီးရင် မြေကွက်ရိုက်တယ်။ လမ်းလဲ နှစ်လမ်းသွားပုံစံကိုလုပ် ထားတာ” - ဟု ပုံပါကျင် မြို့ခံတဦး က ပြောပါသည်။

သျှမ်းပြည်အရှေ့တောင်ပိုင်း သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲ ထိုင်းနယ်ခြားဂိတ် BP.1 တောင် ဘက် နောင်ဝဲန်းကျေးရွာအား မြို့အဆင့် အိမ်ခြေနှင့် ဆိုင်ခန်းများတိုးချဲ့ရန် တောင်ပိုင်း ဝ တပ်ဖွဲ့ အာဏာပိုင်တို့က မေလ ဆန်းပိုင်းမှစ၍ စတင်အကောင်အထည်ဖေါ်လာကြောင်း၊ ထိုင်းနယ်စပ်အနီး၌ နှစ်ထပ်တိုက်ခန်းများ ဆောက် လုပ်ပြီး အပေါ်ထပ်၌ခရီးသွားများတည်းခိုနိုင်ရန်၊ အောက်ထပ်မှာမူ ထိုင်းကုန်စည်များသိုလှောင်ရောင်းချရန် ဆိုင်ခန်း များ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဝ တပ်ဖွဲ့ နှင့် နီးစပ်သူတဦးက ပြောပါသည်။

“မြို့အဆင့်တိုးချဲ့နေတာက ကျနော်ကြားသိရသလောက်ဆို ဝ က သူတို့အစီအစဉ်နဲ့ပဲလုပ်သွားတာ၊ ပြည်ထောင်စု အစိုး ရ၊ သျှမ်းပြည်အစိုးရ နဲ့ ပတ်သက်တယ်လို့မကြားဘူး၊ အခုအခြေအနေရအဆို နယ်ခြားဂိတ်လဲ သူတို့ဟာ သူတို့ ဘဲ ဖွင့်မယ်ထင်တာဘဲ” - ဟု အမည်မဖေါ်လိုသည့် နိုင်ငံရေးပါတီ အသိုင်းအဝိုင်းတဦးကပြောပါသည်။

ဝ အရာရှိတဦးနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ထိုင်းနယ်စပ် ချင်းမိုင်ခရိုင် ချင်းဒေါဝ်းမြို့နယ် မိုင်းန ကျေးရွာအုပ်စု မျက်နှာချင်းဆိုင် နောင်ဝဲန်းမြို့ တိုးချဲ့ရေးစီမံကိန်းအား လာမည့် ၂၀၁၅ ၌ မြို့အဆင့်နှင့်ညီမျှသည့်လူဦးရေ နှင့် အိုးအိမ်များ နေရာအပြီး ချသွားမည်ဟုလည်း ဆိုသည်။

အဆိုပါ တောင်ပိုင်း ဝ တပ်ဖွဲ့ မြို့ပြ စီမံကိန်းအား ၀ တပ်ဖွဲ့၏  ရပ်ရွာအုပ်ချုပ်ရေးမှူး ဦးယန်ချောဝ်ချင်မှ ဦးဆောင်၍ နောင်ဝဲန်း နည်းတူ ဟွေ့အော့်ကျေးရွာ (ဟွေ့အော့်ကျေးရွာအုပ်စု၊ ပုံပါကျင်မြို့နယ်ခွဲ၊ မိုင်းတုံမြို့နယ်) အားလည်း မတ်ခ်ျလမှစ၍ မြို့ပြ စီမံကိန်းအဖြစ် စတင်အကောင်အထည်ဖေါ်လာပါသည်ဟု ဆိုသည်။ (ဆက်စပ်သတင်းဟောင်း http://www.burmese.panglong.org/news/96-2008-08-03-06-49-23/3088--bp-1-uwsa-.html)

တောင်ပိုင်း ဝ တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ တပ်မဟာ ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်တွင် (တောင်ပိုင်း ဝ နယ် ၅ ခု တပ်မဟာ ၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၄၈ တို့ ဖြစ်၏။ တပ်မဟာတခုလျှင်  စစ်သည် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိ    ရှိ၏။  ထို့အပြင် လက်နက်ကိုင် ပြည်သူစစ်တပ်ဖွဲ့အားလည်း ၀ ရပ်ရွာတိုင်း၌ ဖွဲ့စည်း ထား ၏။

သျှမ်းသံတော်ဆင့်

ဒေါ်အောင်ဆန်းစုကြည်ကို ဘိုနို က ဆုအပ်နှင်းမည်

ကမ္ဘာကျော် ရော့ခ် အဆိုတော် ဘိုနို Bono
နယူးဒေလီ (မဇ္ဈိမ) ။      ။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ IA က ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့်ဆုကို ကမ္ဘာကျော် ရော့ခ် အဆိုတော် ဘိုနို Bono က အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့တွင် အပ်နှင်းပေးမည် ဖြစ်သည်။

IA ၏ အမြင့်ဆုံးဂုဏ်ပြုမှုတရပ်ဖြစ်သည့် Ambassador of Conscience ဆုကို ၂၀၀၉ ခုနှစ်ကတည်းက
ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားခြင်း ဖြစ်ပြီး ဇွန် ၁၈ ရက်နေ့တွင် ဒပ်ဗလင်မြို့သို့ ဆိုက်ရောက်လာသည့်အခါ ကိုယ်တိုင် လက်ခံရယူမည် ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျက်သရေနဲ့ သတ္တိဟာဖြင့် အခြေမခိုင်တဲ့ ကမ္ဘာကြီးကို ဒီမိုကရေစီဆီ တိမ်းညွှတ်သွား
စေနိုင်ပါတယ်” ဟု U2 အဖွဲ့၏ ခေါင်းဆောင် ဘိုနို က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်များအဖြစ် နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူပြီးနောက် ဒပ်ဗလင်သို့ သွားရောက်ကာ IA ဆုကို လက်ခံရယူမည် ဖြစ်သည်။

 မဇ္ဈိမသတင်းဌာန

ဟိုင်မို ဆံပင်တုစက်ရုံ အလုပ်သမား နစ်နာမှု ၈၈ မျိုးဆက်မှ ကိုးရီးယား သံရုံးသို့ အကြောင်းကြားမည်

မေလ ၃၀၊ ၂၀၁၂၊ ပိုင်ပိုင် (YPI)

အခြေခံလစာနည်းပါးမှုကြောင့် လွန်ခဲ့သည့် ရက် (၂၀) ခန့်မှ စတင်ဆန္ဒပြခဲ့ကြသော ကိုရီးယားလူမျိုးပိုင်ဆိုင်သည့် ဟိုင်မိုဆံပင်တုစက်ရုံမှ အလုပ်သမားများအရေးကိစ္စနှင့် ပတ်သက်ပြီး ကိုရီးယားသံရုံးသို့ အကြောင်းကြားစာ ပေးပို့သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောသည်။

ကိုမင်းကိုနိုင်က “ဒီကိစ္စကို ပစ်မထားဘူး။ ဒီထက်အခြေအနေ တိုးတက်အောင် တရားတဲ့နည်းလမ်းနဲ့ ဖြေရှင်းသွားမယ်။ နိုင်ငံတကာသိအောင် အစ်ကိုတို့အားလုံးဝိုင်းဝန်း ဖော်ထုတ်ပေးမယ်။ ကိုရီးယားသံရုံးကိုလည်း စာပို့မယ် ” ဟု ယနေ့နေ့လည် ဟိုင်မိုစက်ရုံမှ ဆန္ဒပြအလုပ်သမားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။



အဆိုပါအကြောင်းကြားစာတွင် ဟိုင်မိုစက်ရုံအလုပ်သမားများ၏ ဆန္ဒပြရခြင်းဖြစ်စဉ်အား ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့အနေဖြင့် ပေးပို့သွားမည်ဖြစ်ပြီး အလုပ်သမားများဆန္ဒရှိပါက ၎င်းတို့၏ လက်မှတ်များနှင့် တကွပေးပို့သွားမည်ဟု ၄င်းကပြောသည်။

Hi Art  ကုမ္ပဏီပိုင် ဟိုင်မို ဆံပင်တုစက်ရုံမှ အလုပ်သမားများသည် အခြေခံလစာ နည်းပါးမှုကြောင့် မေလ ၉ ရက်နေ့မှစတင်ကာ ဆန္ဒပြခဲ့ပြီး အခြေခံလစာတိုးမြှင့်ပေးရေးအပါအ၀င် တောင်းဆိုချက် အချက် ၄၀ ကျော်ကို တောင်းဆိုခဲ့သော်လည်း အခြေခံလစာ တိုးမြှင့်ပေးခြင်းကိစ္စကို လိုက်လျောပေးခြင်းမရှိသေးပေ။ အလုပ်ရှင်ဘက်မှ ဆန္ဒပြအလုပ်သမားများ အလုပ်ဆက်လက် လုပ်ကိုင်လိုခြင်းရှိမရှိကို ယနေ့နောက်ဆုံးထား၍ အကြောင်းကြားရမည်ဖြစ်ကြောင်း စာကပ်ထုတ်ပြန်ခဲ့သည်။

ဟိုင်မို စက်ရုံမှ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သည့် မယမင်းလွင်က အလုပ်သမား ၀န်ကြီးဋ္ဌာနမှ လာရောက်ညှိနှိုင်းပေးမှုများနှင့်ပတ်သက်၍ “ အလုပ်သမားဝန်ကြီးဌာနကလူတွေက ဖြေရှင်းပေးမယ်ပြောပြီးရောက်လာပေမယ့် သူတို့ကအလုပ်ရှင်ပြောတဲ့အတိုင်း လက်ခံဖို့ပဲပြောတယ်။ အလုပ်ရှင်ဘက်ကရော ကျွန်မတို့အလုပ်သမားတွေဘက်ကပါ ကျေနပ်လောက်တဲ့ နှုန်းထားတစ်ခုကို သတ်မှတ်ပေးတာမဟုတ်ဘူး ” ဟု YPI သို့ပြောသည်။

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သည် ယနေ့နေ့လည်တွင် ဟိုင်မိုဆံပင်တုစက်ရုံမှ ဆန္ဒပြ အလုပ်သမား များအား အနုပညာရှင်များလှူဒါန်းသည့် ဆန် (၁၀) အိတ်နှင့် ပေါင်မုန့်များပေးအပ်ခဲ့ပြီး၊ တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံ နှင့် ဆန်နီမြန်မာ စက်ရုံများရှိ ဆန္ဒပြအလုပ်သမားများအား သွားရောက်အားပေးစကား ပြောကြားခဲ့သည်။

ယခုလအတွင်း အခြေခံလစာတိုးမြှင့်ပေးရေးအတွက် အဓိက တောင်းဆိုသည့် အလုပ်သမားဆန္ဒပြမှုများ စက်ရုံပေါင်း (၃၀) ၀န်းကျင်တွင် ရက်ဆက်နီးပါး ဖြစ်ပွားခဲ့ရာ စက်ရုံအချို့သာ ပြေလည်မှု ရရှိခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း (ILO)နှင့် ဆက်သွယ်ဆောင်ရွက်သူများ ကွန်ရက်မှ ဦးသက်ဝေက ပြောသည်။

အလုပ်သမားဝန်ကြီးဌာန၊ ညှိနှိုင်းရေးအဖွဲ့မှ တာဝန်ရှိသူ ဦးစိုးဝင်းက “ကျွန်တော်တို့ကတော့ အလုပ်ရှင်နဲ့ အလုပ်သမားပြေလည်အောင် မနားတမ်းညှိပေးနေတယ်။ အလုပ်သမားဘက်ကလည်းသူတို့လစာကို တိုးပြီးလိုချင်မှာပဲ။ ကျွန်တော်တို့  ဘက်ကတော့ ပြေလည်အောင်ထပ်ပြီးညှိသွားပေးမှာပါ”ဟု ပြောသည်။

ဟိုင်မို စက်ရုံတွင် အလုပ်သမား ၁၈၀၀ ကျော်ရှိပြီး ၂၀၀၅ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့သည်ဟုသိရှိရသည်။           ။
Yangon Press International

တန်ဖိုးမြင့်လာသည့် ပြင်ဦးလွင် ကျူးကျော်ရပ်ကွက်ကို အာဏာပိုင်များ ဖယ်ရှားခိုင်း

မေလ ၃၀၊ ၂၀၁၂ ၊ ကျော်သူရမျိုး (YPI )

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)၊ မြို့သစ် ပဒေသာတွင် (၁၀)နှစ်ကျော်ကြာ အခြေချနေထိုင်လာသည့် အိမ်ခြေ ၁၀၀ ကျော်ရှိ ကျူးကျော်ရပ်ကွက်အား မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်များနှင့် သစ်တောရေးရာဦးစီးဋ္ဌာန တို့မှ ပုးပေါင်း၍ ဖယ်ရှားခိုင်းလျှက်ရှိသည်ဟု ရပ်ကွက်သားများက ပြောသည်။

“ဒီလ(မေလ)ကုန်ရင် ရပ်ကွက်တစ်ခုလုံး ဖယ်ပေးရမယ်လို့ပြောတယ်၊ ဖယ်ပေးရရင် ဘ၀ရပ်တည်ရေး တော်တော်ခက်ခဲသွားမှာပါ”ဟု အဆိုပါရပ်ကွက်နေ ဦးသန်းဇော်အောင်ကပြောသည်။

“ပြင်ဦးလွင်မြေပေါက်ဈေးနဲ့ဆိုရင် တစ်ဧကကို သိန်း(၂၀၀၀)ကျော်အထက်မှာ တန်ကြေးရှိနေပါပြီ။ အရင်တုန်းကတော့ မြို့စွန်ကျတဲ့အတွက် တန်ကြေးမရှိဘူး။ အခုမှဈေးတက်လာတဲ့အတွက် သိမ်းတယ်လို့ မြင်ပါတယ်”ဟု အဆိုပါအရေး လိုက်လံဆောင်ရွက်ပေးသည့် စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ဦးအောင်ကျော်ဆန်း က ပြောသည်။

ယခုကဲ့သို့ ဖယ်ရှားပေးရန်အတွက် မေလ(၂၄) ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သစ်တောအာဏာပိုင်များသည် ရပ်ကွက်နေပြည်သူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ခဲ့ပြီး ဖယ်ရှားပေးရန် သတိပေးချက်ကို လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်းသိရသည်။

“တစ်အိမ်တစ်ယောက်စီ လာခဲ့ဖို့ခေါ်ခဲ့တယ်။ လကုန်လို့မဖယ်ပေးရင် တရားဥပဒေအရ ပိုင်နက်ကျူးကျော်မှုနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

အကျယ်ဧက (၂၅) ဧကကျယ်ဝန်းသော ယင်းကျူးကျော်ရပ်ကွက်တွင် အိမ်ခြေ(၁၀၀) ၀န်းကျင်ရှိသည့် ယင်းရပ်ကွက်တွင် လူဦးရေ (၄၀၀)ကျော်နေထိုင်လျှက်ရှိကာ အခြေခံပညာသင်ကြားလျှက်ရှိသည့် ကျောင်းသားဦးရေမှာ (၂၅၀) ၀န်းကျင်ခန့်ရှိကြောင်းသိရသည်။

“ဖယ်ရမယ်ဆိုရင် နေစရာမရှိတဲ့အတွက် ကျောင်းတက်နေတဲ့ကလေးတွေ ကျောင်းတက်ဖို့ အခက် အခဲတွေအများကြီးရှိမှာပါ။ အားလုံးက လက်လုပ် လက်စားဆိုတော့ ခလေးတွေ လမ်းဘေးရောက်သွား နိုင်ပါတယ်” ဟု အဆိုပါရပ်ကွက်နေ ကိုခင်မောင်စိုးကပြောသည်။

အဆိုပါကျူးကျော်ရပ်ကွက်အတွင်းရှိ မြေကွက်များသည် ပြင်ဦးလွင်မြို့တွင်း၌ တစ်ဆက်တည်း နောက်ဆုံး ကျန်ရှိသည့် မြေကွက်လွတ်ကြီးဖြစ်ပြီး ယင်းမြေကွက်များကို သစ်တောဦးစီးဌာနမှ ၀န်ထမ်းများအတွက် အကွက်ရိုက်၍ ချထားပေးရန် လက်ရှိရပ်ကွက်နေပြည်သူများအား ဖယ်ရှားခိုင်းခြင်းဖြစ်ဖြစ်ပြီး သစ်တော ၀န်ထမ်း (၂)ဦးလျှင် မြေအကျယ်(၁)ဧကနှုန်းဖြင့် ချထား ပေးကြောင်း သိရှိရသည်။

ရပ်ကွက်တွင် နေပြည်သူများသည် အာဏာပိုင်မှ ဖယ်ရှားခိုင်းပါက ဖယ်ရှားပေးလိုသော်လည်း ဘ၀နေထိုင်ရပ်တည်ရေး အတွက် မြေနေရာမရှိသဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁၅) ပေပတ်လည်ဝန်းကျင်  အစားထိုး မြေနေရာ ချထားပေးစေလိုကြောင်း ရပ်ကွက်နေသူများက ပြောသည်။              ။
 
ဖယ်ရှားခိုင်သည့် ပြင်ဥိးလွင်မြို့ မြို့သစ်ပဒေသာရှိ ကျူးကျော်ရပ်ကွက်

Yangon Press International

ဒီပဲယင်း နှစ်ပတ်လည်နေ့ အလှူဒါန မန္တလေးအန်အယ်လ်ဒီတွေ ပြုလုပ်

ဒီနေ့ကျရောက်တဲ့ မေ ၃၀ ဒီပဲယင်း နှစ်ပတ်လည်နေ့အခမ်းအနားကို မန္တလေးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဦးစီး ကျင်းပပြီး အဲဒီနေ့က အသက်သေဆုံးခဲ့ရသူတွေရဲ့မိသားစုဝင်တွေကို ငွေကြေးထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။

ဒီအခမ်းအနားကို ဘုရားကြီးတောင်ထီးလင်းတိုက်ကျောင်းမှာ ဒီနေ့မနက်ကကျင်းပရာအခါတိုင်းနှစ်ထက်စာရင်ပိုပြီးလွတ်လပ်မှုရှိခဲ့ကြောင်း တိုင်းစည်းရုံးရေးအဖွဲ့ဝင် ဦးမျိုးနိုင်က ပြောပြပါတယ် ။

"ဒီနှစ်ကတော့ အခါတိုင်းနှစ်ထက်စာရင်ပိုပြီး အနေအထားပိုပွင့်တာပေါ့ အခါတိုင်းကကျနော်တို့ဒီပဲယင်းအခမ်းအနားကျင်းပမယ်ဆိုရင် ကျောင်းတိုက်တွေဘာတွေမှာ နီးစပ်ရာမြို့နယ်တွေ အဖွဲ့ဝင်တွေ ကို အကြောင်းကြားလို့ရတယ်။ ဒီနှစ်တော့ ကျနော်တို့ ကြိုပြီးတော့ တောင်ထီးလင်းတိုက်မှာ ပြုလုပ်မယ်ဆိုတာ ကြိုပြီးတော့ အကြောင်းကြားထားတယ် အဲဒီအတွက်လဲ အခါတိုင်းနှစ်တွေမှာ အနှောက်အယှက်အတားအဆီးတွေရှိတယ် ဒီနှစ်ကတော့ အဲလိုမရှိဘူး လွတ်လွတ်လပ်လပ်ပဲ ဆွမ်းကပ်ခွင့်ရှိတယ်။"

အခမ်းအနားကို လူဦးရေ ၁၅၀ လောက်တက်ရောက်တယ်လို့သိရပြီး ၂၀၀၃ ခုနှစ်မေလကဒီပဲယင်းအနီးကြည်ရွာမှာအကြမ်းဖက်တိုက်ခိုက်ခံရလို့ ကျဆုံးသွားတဲ့ မန္တလေးက ဦးတင်မောင်ဦး၊ ကိုသိန်းတိုးအေးနဲ့ ကိုစန်းမြင် ဆိုတဲ့အင်န်အယ်လ်ဒီအဖွဲ့ဝင်၃ဦးရဲ့မိသားစုဝင်တွေကို ထောက်ပံ့ကြေးငွေ ပေးအပ်တဲ့အကြောင်း သူက ဆက်ပြောပါတယ်။

"ကျနော်တို့ ဘုန်းကြီးကျောင်းမှာ သံဃာတော်တွေကို အာရုံဆွမ်းကပ်ပြီးတဲ့အခါမှာ ဒီပဲယင်းမှာ ကျဆုံးသွားတဲ့မန္တလေးတိုင်းက မြို့နယ်တွေက အဖွဲ့ဝင်တွေရှိပါတယ်။ အနောက်တောင်မြို့နယ်က ဦးတင်မောင်ဦး ရှိပါတယ်။ နောက်ပြီးတော့ အနောက်တောင်ကပဲ ကိုသိန်းတိုးအေးရယ်၊ အနောက်မြောက်က ကိုစန်းမြင့် ဆိုတဲ့ အဲဒီ ၃ဦး အတွက်ကို တစ်ဦးကို ၁၂၀,၀၀၀ စီပေါ့ အဲဒီမိသားစုကို ထောက်ပံ့ခဲ့ပါတယ်"

ဒီပဲယင်းမှာ အကြမ်းဖက်တိုက်ခိုက်ခံရလို့ သေဆုံးသူနဲ့ ဒဏ်ရာရသူ အများပြားရှိခဲ့ပြီဖြစ်ပြီး၊ အဲဒီအရေးခင်းနဲ့ပတ်သက်လို့ ၉ နှစ်ပြည့်လာခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က အခုထိ တစုံတရာ ဖြေရှင်းပေးတာမရှိသေးဘူးလို့သိရပါတယ်။


RFA-Burmese

နော်ဝေး ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ချင်းမိုင်မြို့မှာ သတင်းစာရှင်းလင်း

(ဓာတ်ပုံ- RFA- ချင်းမိုင်မြို့မှာ သတင်းစာရှင်းလင်းပွဲမှ နော်ဝေ ဒုနိုင်ငံခြားရေးဝန်ကြီး Torgeir Larsen)
နော်ဝေး ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ချင်းမိုင်မြို့မှာ သတင်းစာရှင်းလင်း

မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ပတ်သက်ပြီး နော်ဝေးနိုင်ငံက ဘယ်လို ဦးဆောင်ဦးရွက်
ပြုပေးနေတယ် ဆိုတာနဲ့ နယ်စပ် အကူအညီပေးရေး ကိစ္စတွေကို ဒီကနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရှင်းလင်း ဆွေးနွေးပွဲ တခု လုပ်ခဲ့ပါတယ်။

ဒီကနေ့မနက်ပိုင်းက မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာလာတဲ့
နော်ဝေးနိုင်ငံ ဒု-နိုင်ငံခြားရေး ၀န်ကြီးနဲ့အဖွဲ့ဟာ ထိုင်း-မြန်မာ နယ်စပ်က အဲန်ဂျီအိုတွေ လူမှုအဖွဲ့အစည်းတွေနဲ့ မြန်မာ သတင်းမီဒီယာတွေကို ဖိတ်ခေါ်ပြီး ၂ နာရီကြာ ရှင်းလင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ် ရပ်စဲရေး စတင် လုပ်ဆောင်နေတာတွေဟာ ငြိမ်းချမ်းရေး အစပျိုးလိုက်တာ ဖြစ်ကြောင်း၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု နှစ်ဖက်စလုံးမှာ ငြိမ်းချမ်းရေး ရလိုတဲ့ ဆန္ဒတွေ တွေ့ရပေမယ့် ဘယ်လောက်ထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မလဲ ဆိုတာကို စောင့်ကြည့်သွားမယ်
လို့ ဒုနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

အပစ်အခတ် ရပ်စဲရေး စတင်ပြီးနောက် နိုင်ငံရေးအရဆက်လက် ဆွေးနွေးမှု
အောင်မြင်နိုင်ရေး အပါအ၀င် ဒေသခံ ပြည်သူလူထုကို ဘယ်လို အကူအညီ
မျိုးတွေ ပေးသွားရမယ် ဆိုတာတွေကို အဓိက ဆွေးနွေးသွားခဲ့ကြောင်း
ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့လူထုတရားမျှတမှု အဖွဲ့ ဒါရိုက်တာ ဒေါက်တာ သောင်းထွန်း က အခုလို ပြောပါတယ်။

"အဓိကကတော့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ ဒေသတွေမှာ လိုအပ်ချက်တွေကို သူတို့ စပြီးကြည့်ပြီးတော့ အစမ်းသဘောမျိုးနဲ့ပေါ့နော်၊ ကူညီမယ်ဆိုတဲ့ သဘောပါပဲ၊ မကြာသေးခင်က ကျောက်ကြီးကို သွားပြီးကြည့်တဲ့အခါမှာ တိုင်းရင်းသားတွေရဲ့ အဓိက လိုအပ်ချက်ကတော့ ပထမ လုံခြုံမှုဆိုတာ လိုအပ်တယ်၊ ဒုတိယကတော့ နေထိုင်စရာတွေ အစားအသောက်တွေ၊
နောက်တခုကတော့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေပေါ့နော်။"

ဒီဆွေးနွေးပွဲ တက်ရောက်လာသူတွေ ကလည်း အခုလက်ရှိ အစိုးရက အကောင်အထည် ဖော်နေတဲ့ ပြည်တွင်း အပစ်အခတ် ရပ်စဲရေး အပါအ၀င် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် အမေရိကန် ဒေါ်လာ ၅ သန်းပေးမယ့် အကူအညီတွေကို ဘယ်လိုစီမံခန့်ခွဲမှာလဲ ဆိုတာတွေကို မေးမြန်းခဲ့ကြတယ်လို့ ဆက်ပြောပါတယ်။

"အခုလက်ရှိလုပ်နေတဲ့အပေါ်မှာ သံသယတော့ ရှိကြတာပေါ့နော်၊ အစိုးရက လူကြားကောင်းအောင် လုပ်နေတာလား၊ နိုင်ငံတကာ အကူအညီရအောင် လုပ်နေတာလား၊ တခါ နိုင်ငံတကာ အပိုင်းကရော ဒိုနာတွေ အပိုင်းကရော စီးပွားရေး လုပ်ချင်လို့များ တွန်းပြီးတော့ အတင်းဖြစ်အောင် လုပ်နေ
တာလား၊ ဒါကြောင့်မိုလို့ ကချင်ဖက်က ဆိုရင် ပြောသွားတယ်၊ အပစ်အခတ် ရပ်စဲရေး ဖြစ်သွားပြီးတော့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေဆိုပြီး
ရောက်လာတယ်၊ ဒီဖွံ့ဖြိုးရေး လုပ်ငန်းတွေက ပြည်သူလူထု အတွက် အကျိုးမရှိ ရုံတင်မကဘူး။ အခုဆိုရင် ဒါလက်နက်ကိုင် ပဋိပက္ခတွေ
ပြန်ဖြစ်တဲ့ အဆင့်ထိအောင် ရောက်လာတယ်ပေါ့နော်၊ ဒါတွေကို ဘယ်လိုကာကွယ်ကြမလဲပေါ့နော်။ နောက်တခုက ဒီရံပုံငွေတွေ
ရောက်သွားလို့ရှိရင် ဘယ်လို စီမံခန့်ခွဲမှာလဲ၊"

ဆွေးနွေးပွဲ အပြီးမှာတော့ နော်ဝေ ဒု နိုင်ငံခြားရေး ၀န်ကြီးက နှစ်ဖက်
စလုံးက ငြိမ်းချမ်းရေးကို တကယ် ဖော်ဆောင်နိုင်တဲ့ အစွမ်းအစတွေ ရှိသလား ဆိုတာကို နော်ဝေအစိုးရ အနေနဲ့ စောင့်ကြည့်သွားမှာ
ဖြစ်ပြီး ပြည်တွင်း ပြည်ပမှာရှိတဲ့ လူမှု လူ့အဖွဲ့အစည်း တွေနဲ့ တိုင်ပင် ဆောင်ရွက်သွားမယ်လို့ ပြောဆိုသွားပါတယ်။

RFA-Burmese

မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ၀ိုင်းဝန်း တွန်းအားပေးဖို့ ထိုင်းဝန်ကြီးချုပ် ပြော

မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အားရစရာ ဖြစ်ပြီးတော့ အဲဒီအပြောင်းအလဲတွေ ပိုမိုအားကောင်းလာဖို့ ဒေသတွင်း နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ၀ိုင်းဝန်း တွန်းအားပေးသင့်ကြောင်း ထိုင်းဝန်ကြီးချုပ် မီးစ် ယင်လတ် ရှီနာဝတ် က ပြောကြားလိုက်ပါတယ်။
Photo courtesy of Wikipedia
၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော ကမ္ဘာ့စီးပွားရေး ညီလာခံ၌ ထိုင်းဝန်ကြီးချုပ် မီးစ် ယင်လတ် ရှီနာဝတ် စကားပြောကြားနေစဉ်။
ထိုင်းစီးပွားရေး လုပ်ငန်းရှင် ၆၀ လောက်နဲ့အတူ သြစတေးလျနိုင်ငံကို အလည်အပတ်ခရီး ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လတ်က ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ သြစတေးလျ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ပါဝင်ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းရင်း အဲဒီလို ပြောသွားတာပါ။
မြန်မာနိုင်ငံ တနင်္သာရီတိုင်းမှာ အကောင်အထည်ဖော်မယ့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ ထိုင်းနိုင်ငံ စီးပွားရေးတိုးတက်ဖို့အတွက် အထူးအရေးကြီးတာကြောင့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်း ၂၀၃ ခုကို ထိုင်းလွှတ်တော်က အတည်ပြုလိုက်ပြီလို့ ပြောပါတယ်။
အဲဒီ အတည်ပြုလိုက်တဲ့ စီမံကိန်းတွေက ရေကာတာတွေနဲ့ လမ်းဖောက်လုပ်ရေး စီမံကိန်းတွေ ဖြစ်တယ်လို့ သြစတေးလျနိုင်ငံ အေဘီစီ သတင်းဌာနက ဆိုပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ပြီးသွားရင် ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှဒေသရဲ့ ကုန်သွယ်ရေး အချက်အခြာနိုင်ငံ ဖြစ်လာပြီး၊ အရှေ့အလယ်ပိုင်းဒေသ၊ အိန္ဒိယနဲ့ ဥရောပတိုက်က နိုင်ငံတွေနဲ့ ရေလမ်းကြောင်း ကုန်သွယ်ရေးမှာ သယ်ယူပို့ဆောင်ရေး စရိတ်တွေ သက်သာလာမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအတွက် အကျိုးကျေးဇူးရှိလာမှာ ဖြစ်သလို တစ်ချိန်တည်းမှာ မြန်မာနိုင်ငံအနေနဲ့လည်း စီးပွားရေး တိုးတက်လာမှာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။

RFA-Burmese

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်က ထိုင်းနိုင်ငံ စမွတ်ဆခွန် ခရိုင်၊ မဟာချိုင်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထောင်ပေါင်းများစွာနဲ့ တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် မေလ ၃၀ ရက်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ စမွတ်ဆခွန် ခရိုင်၊ မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တွေ့ဆုံ အားပေးစကား ပြောကြားနေစဉ်။
ထိုင်းနိုင်ငံမှာ အခက်အခဲများစွာ ရင်ဆိုင်ကြရပေမယ့် ကြံ့ကြံ့ခံ ရပ်တည်ကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေကို ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးစကားပြောခဲ့သလို သူတို့အားလုံး တနေ့မှာ မြန်မာပြည် ပြန်နိုင်ရေးအတွက် မိမိအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားတွေကို ပြောပါတယ်။
မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက အိမ်ပြန်လိုကြပါပြီ။ မြန်မာပြည် လွတ်မြောက်ပါစေ စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြသလို တချို့ကတော့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ကိုင်ဆောင်ပြီး ကြိုဆိုခဲ့ကြပါတယ်။
မြန်မာအလုပ်သမားတွေက သူတို့ မြန်မာနိုင်ငံမှာ လုပ်ကိုင်စားသောက်စရာ အခွင့်အလမ်း မရှိတာကြောင့် ထိုင်းနိုင်ငံမှာပဲ ခက်ခက်ခဲခဲ ရပ်တည်နေရပြီး ကျန်ရစ်တဲ့ မိသားစုတွေကို ထောက်ပံ့နေရကြောင်း သတင်းထောက်တွေကို ပြောကြပါတယ်။
ထိုင်းအစိုးရက မနေ့က သုဝဏ္ဏဘူမိ လေဆိပ်တလျှောက်မှာ လုံခြုံရေးကို အထူးတင်းကြပ်ထားသလို ဒီကနေ့ မဟာချိုင်မှာလည်း ရဲတပ်ဖွဲ့ အင်အား ၄၀၀ ကို နေရာချထားခဲ့ပါတယ်။

RFA-Burmese

ထိုင်းအတိုက်အခံ ခေါင်းဆောင်နဲ့ ဒေါ်စု မြန်မာ့အရေးဆွေးနွေး


ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းအဘီဆစ်
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းဝန်ကြီး ချုပ်ဟောင်း အဘီဆစ် ၀ိချာချီဝ (Abhisit Vejjajiva) နဲ့လည်း ညနေပိုင်းတုန်းက ဟိုတယ်လ်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်လာပြီး အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့အရေး အပါအဝင် မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ စိန်ခေါ်မှုတွေ ရှိနိုင်တဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ် လို့ မစ္စတာအဘီဆစ်က ပြောပါတယ်။ ဘန်ကောက်မှာ ကမ္ဘာ့စီးပွားရေးညီလာခံ လာတက်တဲ့  ဒေါ်အောင် ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်အပါအ၀င် တခြားအစိုးရအရာရှိတွေနဲ့ တွေ့ဆုံဖို့ရှိပေမယ့် တရားဝင် သဘောမျိုး တွေ့ဆုံမှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါ တယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံကို တက်ဖို့ရောက်ရှိနေတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ဟာ ဒီကနေ့ မဟာချိုင်မှာရှိတဲ့ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံပြီးအပြန်လာ သူမတည်းခို တဲ့ Shangrila ဟိုတယ်မှာ ထိုင်းဝန်ကြီးချုပ်ဟောင်းလည်းဖြစ် ဒီမိုကရက်ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ အဘီဆစ် ၀ိချာချီဝနဲ့ တွေ့ဆုံခဲ့ကြတာပါ။
ခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြစဉ် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အပါအ၀င် မြန်မာအလုပ်သမားတွေအရေး ကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်း အဘီဆစ် ၀ိချာချီဝ က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဟာ အဓိကကျတယ် ဆို တာကို ကျနော်တို့နှစ်ဦးစလုံး သဘောတူကြပါတယ်။ နိုင်ငံခြားငွေလှဲလှယ်မှုနဲ့ပတ်သက်ပြီး တညီတညွတ် တည်းဖြစ်အောင် လုပ်ဆောင်တာမျိုးလို ပြုပြင်ပြောင်းလဲမှုတွေရှိခဲ့ပေမဲ့ တခြား စီးပွားရေးဆိုင်ရာ ဥပဒေတွေ၊ ရင်းနှီးမြုပ်နှံမှုနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲပြီး ထင်သာမြင်သာရှိအောင် လုပ်ဖို့လိုပါ တယ်။ နောက် ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာအလုပ်သမားတွေကိစ္စလည်း ကျနော်တို့ ဆွေးနွေးဖြစ် ပါတယ်။ အလုပ်သမားတွေ ပိုပြီး အ၀င်အထွက် ရှိနိုင်ရေးနဲ့ သူတို့ရဲ့ အခွင့်အရေးတွေ၊ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးနိုင်ရေးကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့စီးပွားရေးညီလာခံ ပြင်ပမှာ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် (Yingluck Shinawatra) နဲ့လည်း သီးခြား တွေ့ဆုံဖို့ရှိတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြော ခွင့်ရပုဂ္ဂိုလ် ခွန်ထာနီးက ဗွီအိုအေကို ပြောပြပါတယ်။
“ထိုင်းဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားတွေ့ဆုံမယ်ဆိုတာကိုတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် စီးပွားရေး ညီလာခံပြင်ပမှာနဲ့ ထိုင်းဝန်ကြီးချုပ်က ကိုယ်စားလှယ်တွေကို ဧည့်ခံမယ့် ညစာ စားပွဲပြင်ပမှာတော့ တွေ့ကောင်းတွေ့နိုင်ပါလိမယ်။”
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို ထိုင်းဘက်က တာဝန်ရှိသူတွေ၊ ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ သလို သူ့ရဲ့ခရီးစဉ်မဆုံးခင်မှာ ထိုင်းမြန်မာ နယ်စပ်ဒေသမှာရောက်နေကြတဲ့ မြန်မာ-ဒုက္ခသည်တွေကို လည်း ဇွန်လနှစ်ရက်နေ့မှာ သွားရောက် တွေ့ဆုံဖို့ စီစဉ်ထားတာဖြစ်ပေမယ့် လုံခြုံရေးအရ တာဝန်ယူဖို့ ကိစ္စအပါအ၀င် အဲဒီ နယ်စပ်ခရီးစဉ်နဲ့ ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေထံ တရားဝင် တောင်းဆိုတင်ပြ ထားတာမရှိသေးဘူးလို့ ခွန်ထာနီးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပါအ၀င် ဒုက္ခသည်တွေပါ ဒီခရီးစဉ် အတွင်းမှာ တွေ့ဆုံမှာဖြစ်တဲ့အတွက် ဒုက္ခသည်တွေ ပြည်တော်ပြန်ရေးကိစ္စကို ဆောင်ရွက်ပေးနိုင်လိမ့်မယ် လို့ မျှော်လင့်တဲ့အကြောင်း KWO ကရင်အမျိုးသမီးများအဖွဲ့ကလည်း အိတ်ဖွင့်ပေးစာတစောင် ဒီကနေ့ ထုတ်ပြန်ပြန်လိုက်တာပါ။
“ဒေါ်စုက ထိုင်းနိုင်ငံကို Economic Forum ဆိုပြီးတော့မှ လာပြီးတက်ဖို့ရှိတဲ့အပေါ်မှာ ကျမတို့က- အခု ဆိုလို့ရှိရင်လည်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ အခြေအနေမှာဆိုလို့ရှိရင် ငြိမ်းချမ်းရေးတွေ ခေါ်နေတဲ့ အချိန်မှာ အဲဒီဖြစ်စဉ်မှာ တကယ်လို့ အောင်မြင်တယ်ဆိုလို့ရှိရင် ကျမတို့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ အဲလိုမျိုး အစီအစဉ်တွေရှိတယ်ဆိုတာ သိထားပါတယ်။ တကယ်လို့ ဒေါ်စုက ထိုင်းနိုင်ငံကို ရောက်ခဲ့မယ် ဆိုလို့ရှိရင် ကျမတို့ရဲ့ ဒုက္ခသည်တွေအခြေအနေကို သူကိုယ်တိုင်တွေ့သွားအောင်၊ နောက်ပြီး ကျမတို့ ကရင်အမျိုးသမီး အစည်းအရုံးအနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် ကျမတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ ကျမတို့ရဲ့သဘောထားတွေ ဘယ်လိုရှိတယ်ဆိုတာ ကျမတို့က သူနဲ့တွေ့ဖြစ်တယ်ဆိုလို့ရှိရင် တိုက်ရိုက်ပြောခွင့်ရအောင်ဆိုပြီးတော့မှ အဲလို ရည်ရွယ်ချက်နဲ့ ကျမတို့ ဒီစာကို ရေးတာဖြစ်တယ်။”
ကရင်အမျိုးသမီးများအဖွဲ့က နန့်ဒါအဲ့ခလားက အိတ်ဖွင့်ပေးစာ ထုတ်ပြန်ရခြင်းနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ တာပါ။
လက်ရှိ နိုင်ငံရေးအခြေအနေအရကတော့ ဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ လည်း နန့်ဒါအဲ့ခလားက ပြောပါတယ်။ ကရင်ပြည်နယ်က ဒုက္ခသည်တွေ ပြည်တော်ပြန်ရေးအတွက် လိုအပ်ချက်တွေကတော့ - တိုင်းရင်းသားတွေ လုပ်ကိုင်စားသောက်တဲ့နေရာတွေမှာ စစ်တပ်တွေရှိနေရင် လုံခြုံမရှိလို့ ခံစားရတဲ့အတွက် ရှေ့တန်းဒေသမှာချထားတဲ့ မြန်မာစစ်တပ်က တပ်စခန်းတွေချထားတာ အပြီးသတ် ရုပ်သိမ်းပေးဖို့၊ ကရင်ပြည်နယ်အတွင်းအပါအ၀င် မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းမှာ ရှိနေ တဲ့ မြေမြှုပ်မိုင်းတွေကို ရှင်းလင်းပေးဖို့၊ နောက် ဒုက္ခသည်တွေ ပြည်တော်ပြန်မယ့်ကိစ္စမှာ ဒုက္ခသည်တွေ ကိုယ်တိုင်က ဦးဆောင်စီစဉ်တာမျိုး ဖြစ်ရမယ်ဆိုတဲ့ အခြေခံအချက်တွေရှိမှ ပြန်နိုင်မယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဒုက္ခသည်တွေရဲ့ဘ၀ ပြန်လည်ထူထောင်နိုင်ရေးကိစ္စတွေမှာလည်း အစိုးရက ကူညီပံ့ပိုးပေးဖို့ လိုတယ်ဆိုတာကိုလည်း နန့်ဒါအဲ့ခလားက ထောက်ပြပါတယ်။
လောလောဆယ်မှာတော့ မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ကြား အပစ်အခတ်ရပ် စဲရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတို့အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မယ်လဒုက္ခသည်စခန်းကို လာမယ့် စနေနေ့ ဇွန်လ ၂ ရက်နေ့မှာ သွားရောက် လေ့လာမှာဖြစ်ပေမယ့် KWO ကရင် အမျိုးသမီးများအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ရမယ်၊ မရဘူးဆိုတာတော့ ခုချိန်ထိ မသိရသေးဘူးလို့ နန့်ဒါအဲ့ခလားက ပြောပါတယ် ခင်ဗျား။

By ကိုဇော်ဝင်းလှိုင်-(ဗွီအိုအေ-မြန်မာပိုင်း)

ထိုင်းရောက် မြန်မာအလုပ်သမားတွေနဲ့ ဒေါ်စု တွေ့ဆုံ အားပေး

ဓာတ်ပုံ ASSOCIATED PRESS
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေစဉ်။ (မေလ ၃၀ ရက်၊ ၂၀၁၂။)
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ ဘေး ဒုက္ခတွေကို ကူညီ ဖြေရှင်းပေးနိုင်ရေး တတ်နိုင်သမျှ ကြိုးစားသွားပါမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောဆိုလိုက်ပါတယ်။ အလုပ်သမားတွေအနေနဲ့ကလည်း ကိုယ့်ရဲ့ ဥပဒေကြောင်းအရ ရပိုင် ခွင့်တွေကို သိအောင်လုပ်ကြဖို့နဲ့ အခွင့်အရေးတွေကို ဘယ်လိုရအောင်ယူနိုင်တယ်ဆိုတာ သိအောင် လုပ်ကြဖို့လည်း တိုက်တွန်းအားပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံဆီရောက်ပြီး နောက်တရက် မှာပဲ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောခဲ့တာပါ။ အပြည့်အစုံ ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့ မဟာချိုင်မြို့မှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်း ပေးပို့ထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက် မြို့တော်နဲ့ သိပ်မဝေးလှတဲ့ စမွတ်စခွန်ပြည်နယ်၊ မဟာချိုင်မြို့ဆီ မေလ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက သွားရောက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ခဲ့၊ သူတို့ရဲ့ ပြဿနာ အခက်အခဲတွေကို နားထောင်ခဲ့တာပါ။
“ကျမတို့အနေနဲ့ ရောက်တုန်းပေါ့နော်- တတ်နိုင်သမျှ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာလေ့လာပြီးတော့ ဒါတွေကို ဖြစ်မြောက်အောင်လို့ ကြိုးစားပါ့မယ်။”
အလုပ်သမားတွေ စုဝေးစောင့်ဆိုင်းနေတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်နဲ့ချီတဲ့အလုပ်သမားတွေက အလုပ်အကိုင်တွေဖျက်ပြီးတော့ကို စိတ်လှုပ်ရှားတက်ကြွစွာနဲ့ စောင့်ဆိုင်းကြိုဆိုခဲ့ကြပါတယ်။
ကိုယ့်နိုင်ငံမဟုတ်တဲ့ သူများနိုင်ငံမှာ လာပြီး အလုပ်လုပ်နေရတဲ့အခါ ကိုယ့်ရဲ့အလုပ်ကိုကျွမ်းကျင်ဖို့၊ ကိုယ့်ရဲ့တာဝန်ကိုသိဖို့ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားတွေကို ပြောခဲ့ပါတယ်။
သူဟာ ရွှေ့ပြောင်းအလုပ်သမားကိုယ်စားပြု လူပုဂ္ဂိုလ်တွေ၊ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေ တဲ့ အဖွဲ့အစည်း တွေက လူပုဂ္ဂိုလ်တွေ၊ ထိုင်းနိုင်ငံ အလုပ်သမားအရေး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အလုပ်သမားတွေရဲ့ ပြဿနာတွေ၊ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပြီးတဲ့အခါမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ပြဿနာအားလုံးကို မသိနိုင်ပေမဲ့ တော်တော်များများ ကို သဘောပေါက် ပါတယ်လို့ ပြောပါတယ်။ အလုပ်သမားတွေအနေနဲ့ ဥပဒေဘောင်ထဲက ကိုယ့်ရဲ့ ရပိုင်ခွင့်တွေကို သိအောင်ကြိုးစားကြဖို့နဲ့ ရပိုင်ခွင့်တွေမရဘူးဆိုရင် ဥပဒေဘောင်အတွင်းကနေ ဘယ်လိုနည်းနဲ့ ဆောင်ရွက်ရမလဲဆိုတာကိုလည်း သိအောင်လုပ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။
သူ့အနေနဲ့လည်း အလုပ်သမားတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ရေး ကတိပေး ပြောဆိုခဲ့ ပါတယ်။
“ကျမအနေနဲ့ ကတိတွေ မပေးချင်ဘူး၊ ကတိတွေပေးပြီး မတည်ရင်မကောင်းဘူး။ အဲဒီတော့ ကျမ ကတိတခုပဲ ပေးနိုင်ပါတယ်။ ကျမ အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်လို့တော့ ကတိပေးပါတယ်။ ကျမတို့မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ကျန်းမာ၊ ချမ်းသာကြပါစေ၊ ဘေးအန္တရာယ်မှ ကင်းဝေးပါစေ၊ မြန်မာပြည်ကို အမြန်ဆုံးပြန်လာနိုင်ကြပါစေ။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လအတွင်းမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO မှာ မိန့်ခွန်း တခုပြောဖို့ရှိပြီး အဲဒီထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကိစ္စကိုလည်း ထည့်သွင်းပြော ဆိုမယ်လို့ ခန့်မှန်းရပါတယ်။
အလုပ်ဆင်းရက်ဖြစ်ပေမဲ့ အလုပ်ဖျက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လာကြိုဆိုပြီးတော့ သူ့ပြောစကားကို လာနားထောင်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကလည်း သူတို့ရဲ့ခံစားချက်တွေ၊ မျှော်လင့်ချက်တွေနဲ့ အတွေးတွေကို ဗွီအိုအေကို အခုလို အသီးသီး ပြောပြခဲ့ကြပါတယ်။
“သမီးက အမေ့ကို လာကြိုတာ၊ ဘာဖြစ်လို့ရယ်လို့လည်းမဟုတ်ဘူး။ အရမ်းကို ချစ်တဲ့အတွက်ကြောင့် လာကြိုတာ- ဘာမှ မျှော်လင့်ချက်ထားပြီး လာကြိုတာတော့ မဟုတ်ပါဘူး။ အရမ်းကိုချစ်လွန်းလို့၊ အရမ်းကို တွေ့ချင်လွန်းလို့ အပင်ပန်းခံပြီး လာကြိုတာပါ။ သမီးက အလုပ်မပိတ်ဘူး။ ဒါပေမယ့် သဌေးဆီမှာခွင့်တောင်းပြီးတော့ ကြိုးစားပမ်းစားနဲ့လာကြိုရတာ၊ သူတို့လည်း အကုန်လုံးကို ခွင့်မပေးနိုင်ဘူး။ အရမ်းကို ဝမ်းသာပါတယ်။ သူ ဘာလုပ်ပေးမယ်လို့ မျှော်လင့်ပြီး ဝမ်းသာတာတော့ မဟုတ်ပါဘူး။ သူ့ကိုတွေ့ရလို့ သူ့ကိုချစ်လွန်းလို့ကို ဝမ်းသာမိတာပါ။ ငယ်ငယ်ကတည်းက သူ့ကိုချစ်ခဲ့တယ်ဆိုတော့-”
“အမေစုဆိုတာ တွေ့ရဖို့ ခဲယဉ်းပါတယ်။ တသက်မှာတခါပဲ တွေ့ရပါတယ်။ သူများတွေ တွေ့ချင်လို့တောင် မတွေ့ရပါဘူး။ အဲဒါကြောင့်- ကျနော်ဆိုရင် မနက် ၆ နာရီကတည်းက လာပါတယ်။ ထမင်းလည်းမစား၊ ဘာမှ မစားဘူး။ အမေစုကို တွေ့ချင်တဲ့စိတ်နဲ့။ အခုတွေ့လိုက်ရတော့ အရမ်းကို ပီတိဖြစ်ပါတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုထားတဲ့အမေစုကို ကျနော်တို့အနေအထားနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့အခက်အခဲတွေ သိအောင် ပြောပြဖို့ဆိုတာ ခဲယဉ်းပါတယ်။ အကိုတွေကနေတဆင့် သိအောင် ပြောပေးဖို့ ကျနော်တို့ကလည်း တိုက်တွန်းချင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ရွှေ့ပြောင်းအလုပ်သမားအရေး ဆွေးနွေးဖို့ဆိုပြီး ထိုင်းအစိုးရအဖွဲ့ ဒုတိယ၀န်ကြီးချုပ် ချာလမ်မ် ယူဘမ်ရုန်န်းနဲ့ တွေ့ဆုံဖို့ ပန်ကြားထားပြီးတော့ ထိုင်းနိုင်ငံခြားရေး ဌာနက တွေ့ဆုံပွဲအတွက် စီစဉ်နေပါတယ်။
မေလ ၂၉ ရက်ညပိုင်းက ဘန်ကောက်မြို့တော်ဆီ ရောက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ရောက်ပြီးပြီးချင်း နောက်တနေ့ မှာပဲ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ တာပါ။ ဒါဟာဖြင့် ၂၄ နှစ်အတွင်း သူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် ထိုင်းနိုင်ငံဆီလာရောက်ခဲ့တဲ့ အဓိကအကြောင်းရင်းတွေထဲက တခုဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ နောက် အဓိကဖြစ်ဖွယ်ရှိတဲ့ အကြောင်းရင်းတခုကတော့ မြန်မာဒုက္ခသည်တွေရဲ့ အရေးကိစ္စပါ။ သူဟာ ဇွန်လ ၂ ရက်၊ စနေနေ့မှာ ထိုင်း-မြန်မာနယ်စပ်က မယ်လဒုက္ခသည်စခန်းဆီ သွားရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်ခင်ဗျား။

By ကိုကျော်ကျော်သိန်း-(ဗွီအိုအေ-မြန်မာပိုင်း)

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ခရီးစဉ် (ဓါတ်ပုံများ)


ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ခရီးစဉ် (ဓါတ်ပုံများ)

မြန်မာ့ဒီမိုကရေးစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၏ ထိုင်းနိုင်ငံခရီးစဉ်မှာ ထိုင်းနိုင်ငံ
ရောက်မြန်မာနိုင်ငံသားတွေတင်မကပဲ ထိုင်းပြည်သူတွေကပါ လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့
ကြပါသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် ၏ ခရီးစဉ်သတင်းတွေကို ကမ္ဘာ့တ၀ှမ်းရှိ သတင်းမီဒီယာ
တွေမှာ တခမ်းတနားနဲ့ ဖော်ပြနေကြတာကို တွေ့ ရသလို  ထိုင်းမီဒီယာတွေကလည်း
တခမ်းတနားဖော်ပြနေတာတွေ့ ရပါသည်။

ဘန်ကောက်မြို့ပြင် ဆမွတ် ဆခွန်း ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများဗဟို ဌာနတွင် မိန့်ခွန်းပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်(AFP)


DASSK update: မဟာချိုင်က ပြန်လည်ထွက်ခွာ မြင်ကွင်း (ရုပ်/သံ)


DASSK update: မဟာချိုင်က ပြန်လည်ထွက်ခွာ မြင်ကွင်း (ရုပ်/သံ)
ဒီဗွီဘီ

လမ်းမတော် မီးလောင်မှု၌ သေဆုံးသူမိန်းကလေး ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ ၃ ခု တွေ့ရှိ

လမ်းမတော်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးကြောင်းသိရသည်။

မေလ(၃၀)ရက်နေ့ နံနက် ၁၂ နာရီ ၄၅ ခန့်က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၇ လမ်း၊ အမှတ်(၇၆) သုံးလွှာ ညာဖက်ခြမ်း အခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ၊ အခြေခံပညာအထက်တန်းဖြေဆိုထားသည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားချိန်ဝယ် အဆိုပါအခန်းတွင် ယင်းအမျိုးသမီးငယ်တစ်ဦးသာ ရှိနေပြီး၊ ကျန်အိမ်သားများမှာ စေးသို့သွားနေကြခြင်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရာတွင် တိုင်းဦးစီးမှူးနှင့် မီးသတ်ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယနေ့ ၁၂ နာရီကျော်ခန့်က လမ်းမတော်မြိုနယ်၌ မီးလောင်မှုဖြစ်ပွား၍ သေဆုံးခဲ့သည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ သုံးခုတွေရှိရကြောင်း မူခင်းရဲတပ်ဖွဲ့ မှသိရသည်။
ထို့အပြင် ၎င်းသေဆုံးသည့် နေရာတ၀ိုက်တွင်သာ မီးလောင်မှုဖြစ်ပွားသည်ကို တွေ့ရှိရ၍ ဓမ္မတာအတိုင်း မီးလောင်သေဆုံးခြင်း မဟုတ်ဟု ယူဆကာ ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
သေဆုံးသူမှာ ၎င်း၏ မိခင်၊ အကိုဖြစ်သူနှစ်ဦးနှင့် အတူနေထိုင်ကြောင်း သိရသည်။

သူရထွန်း-Popular Myanmar News Journal



အလုပ်သမများကို ကိုယ်ထိ လက်ရောက် ကျူးလွန်သူ ထိုင်ဝမ် နိုင်ငံသားအား ဖမ်းဆီး အရေးယူ

"လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုသော အလုပ်သမများကို ကိုယ်ထိ လက်ရောက် ကျူးလွန်သူ ထိုင်ဝမ် နိုင်ငံသားအား ဖမ်းဆီး အရေးယူ"

တိုးမြတ်အောင် ဇာထိုးပန်းထိုး စက်ရုံမှ လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်း ဆိုသည့် အမျိုးသမီး သုံးဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူ ထိုင်ဝမ်နိုင်ငံ သားအား လှိုင်သာယာ ရဲစခန်းမှ ဖမ်းဆီး အရေးယူကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
တိုးမြတ်အောင် ဇာထိုးပန်း ထိုးစက်ရုံမှ အလုပ်သမဖြစ်သူ မမြင့်မြင့်အေး၊ မဖြူနှင်းနှင့် မစိုးစိုးသန်းတို့ သုံးဦးသည် မေ ၂၃ ရက်က စက်ရုံ ကြိုပို့ယာဉ် ဖြင့် ထန်းတပင် မြို့နယ်၊ စန္ဒယော် ကျေးရွာ ကားမှတ်တိုင်မှ စီးလာရာ လှိုင်သာယာမြို့နယ် မီးခွက်ဈေးမှတ်တိုင် အရောက် ကားရပ်၍ ကားပေါ်မှ ဆင်းရန် ပြင်ဆင် နေစဉ် ကားမှတ်တိုင် ၌ ကြိုစောင့်ဆိုင်းနေသည့် ၄င်းစက်ရုံမှ ထိုင်ဝမ်နိုင်ငံသား အထည်ချုပ် ကျွမ်းကျင် ပညာရှင် Mr.Chang Shin Chang မှ မဆင်းရန် တားမြစ်ခဲ့ရာမှ တစ်ယောက်တစ်ခွန်း စကားများ ခဲ့ကြောင်း သိရ သည်။
ထို့နောက် အဆိုပါ ထိုင်ဝမ် နိုင်ငံသားက မမြင့်မြင့်အေး၏ ရင်ဘတ်အား ဆောင့်တွန်းပြီး ခါးမှကိုင်ကာ ဆွဲဆောင့်ခဲ့သည့် အပြင် ကားပေါ်မှ ဆင်းရန် ပြင်နေသူ မဖြူနှင်း ၏ ရင်ဘတ်အား ဆောင့်တွန်းခဲ့သည့် အတွက် မဖြူနှင်းမှာ ကားပေါ်၌ လဲကျ သွားခဲ့ကြောင်း၊ ၄င်းအပြင် ထိုသို့ မပြုလုပ်ရန် ပြောဆိုသည့် မစိုးစိုးသန်း အားထပ်မံ၍ ပါးရိုက် ခဲ့ကြောင်း ကာယကံရှင် မမြင့်မြင့်အေးက ပြော သည်။
''ကျွန်မတို့က လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုဖို့ လာတာ ကို သိလို့ အဲဒီတရုတ်က ကျွန်မတို့ ကိုလာတားတာ။ ကျွန်မတို့ ဆင်းမယ့် အပေါက်ကို ပိတ်ပြီးနင် တို့ အောက်ကို မဆင်းရဘူး ဆိုပြီးပြောတယ်။ ဒါနဲ့ စကားများကြရင်း ကျွန်မကို ဆောင့်တွန်းလိုက်တာ အင်္ကျီ စုတ်ပြဲသွားတဲ့ အပြင် မစိုးသန်း ကိုလည်း ပါးရိုက် တယ်။ နောက် တော့ ကားပေါ်က လူတွေနဲ့ ကား မှတ်တိုင်က လူတွေ ဝိုင်းဆွဲလို့ ထွက်သွားတာ'' ဟု ၄င်းက ဆိုသည်။
ထို့နောက်၎င်းတို့မှ အလုပ် သမား အဖွဲ့ခေါင်းဆောင် များအား ပြောကြား အသိပေး၍ လှိုင်သာယာ ရဲစခန်း၌ သွားရောက် တိုင်ကြား အမှု ဖွင့်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုင်ကြားမှု အပေါ် လှိုင်သာယာ ရဲစခန်းမှ ထိုင်ဝမ် နိုင်ငံသား Mr.Chang Shin Chang (ပတ်စ်ပို့ အမှတ် ၂၁၁၇၂၈၂၅၉) ဗီဇာအမှတ် (၁၅ဝ၄၁၆၉) အား ခေါ်ယူ စစ် ဆေးခဲ့ရာ ၄င်းသည် အဆိုပါ စက်ရုံ၌ အထည် ချုပ် ကျွမ်းကျင်ပညာရှင် တစ်ဦးအဖြစ် လာ ရောက် အလုပ်လုပ်ကိုင်ခြင်း ဖြစ်ပြီး အဆိုပါနေ့က လုပ်ခလစာ တိုးမြှင့်ပေးရေး အတွက် တောင်းဆိုရန် လာသည့် အလုပ်သမ သုံးဦးနှင့် စကားများ ရန်ဖြစ်ခဲ့သည်ဟု ပြောကြားခဲ့ သည့် အတွက် (ပ) ၅၄၁/၁၂၊ ပုဒ်မ ၃၅၄/၃၂၃ ဖြင့် ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။
Popular Myanmar News Journal

စက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရ

လှိုင်သာယာမြို့နယ်ရှိ နာမည်ကြီး အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရကြောင်းသိရသည်။

အဆိုပါ အီလက်ထရွန်းနစ်စက်ရုံမှ ၀န်ထမ်း သုံးပုံတစ်ပုံခန့်သည် မေ(၂၉)မှ စ၍ ဆန္ဒဖော်ထုတ်ခြင်းများပြုလုပ်လျက်ရှိကြပြီး၊ ၄င်းတို့အတွက် လိုအပ်နေသည့် အချက်(၁၀)ချက်ကို အလုပ်ရှင်ထံမှ တောင်းဆိုနေကြခြင်းဖြစ်သည်။

ယင်းတောင်းဆိုချက်(၁၀)ချက်တွင် အခြေခံလစာတိုးမြှင့်ပေးရေး၊ နှစ်တိုးလစာ ခွင့်ပြုပေးရေးနှင့် အလုပ်ချိန်အတွင့် သန့်စင်ခန်းအသုံးပြုမှုကို အခကြေးငွေမဖြတ်တောက်ရေးတို့ပါဝင်ကြောင်းအလုပ်သမားအဖွဲ့ခေါင်းဆောင်များထံမှသိရသည်။

အလုပ်ချိန်အတွင်း သန့်စင်ခန်းသွားပါက သန့်စင်ခန်းသော့ကိုင် စာရေးမထံတွင်ခွင့်ပြုချက်တောင်း၍သွားရပြီး ခွင့်ပြုချက်ဖြင့် သွားပါက တစ်ကြိမ်လျှင် တစ်ဆယ်ကျပ်နှုန်းပေးရပြီ၊ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ သွားလျှင်မူ တစ်ကြိမ်လျှင် တစ်ရာကျပ်ပေးဆောင်ရကြောင်းသိရသည်။

ဝေမာထွန်း-Popular Myanmar News Journal

အသက် ၆၀ အရွယ် အမျိုးသမီးကို တပ်သားက အဓမ္မပြုရန်ကြိုးစား

ဆီဆိုင်၊ မေလ ၃၀၊ ၂၀၁၂ ၊ (YPI)

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်ပါတ်ကျေးရွာမှ အသက်(၆၀)နှစ် အမျိုးသမီး တစ်ဦးကို မေလ ၂၂ရက်နေ့တွင် ဆီဆိုင်မြို့ မြေခံတပ်ရင်း ခမရ ၄၂၄ တပ်သားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။

ယခုလလ ၂၂ ရက်နေ့ ညနေ ၄း၃၀ နာရီက အသက် ၆၀ အရွယ်ရှိအမျိုးသမီးသည် ရွာနဘေး  ခြံကွက်တွင် အလုပ်လုပ်နေချိန် ခမရ ၄၂၄ မှ တပ်သား ထန်မြတ်ခိုင် အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည်ဟု ပြုကျင့်ခံရသူက YPI သို့ပြောသည်။

၎င်းက “အဖွားကိုရေချိုးလို့ရတဲ့ နေရာကို မေးတယ် ပြီးတော့ စစ်သားက ဆင်းသွားလိုက်တယ်၊  အဖွားကသူသွားပြီထင်တာ၊  ထင်လဲမထင်ထားဘူး အလုပ်ပဲဆက်လုပ်တယ် ခဏတော့ ဆတ်ခနဲ အဖွားအနောက်ဘက်ကနေ ဖက်ပြီး တွန်းလှဲတယ်” ဟု ၎င်းက အဖြစ်အပျက်ကို ပြန်ပြောပြသည်။

“အဖွားက အရမ်းကြောက်တော့ နပန်းလုံးတာ ဘယ်လောက်ကြာတာတောင်မသိတော့ဘူး အဖွားက မှောက်လျက် စစ်သားက အပေါ်က၊ သူ့ရဲ့ငယ်ပါကို အဖွားက ဆွဲပြီးညှစ်တယ် ပြီးတော့ သူက လွယ်အိတ်ထဲကနေ ဓါးထုတ်ပြီး  အပေါ်ကနေ အဖွားကိုထိုးချတယ်” ဟု၎င်းအမျိုးသမီးက ဆက်လက်ပြောပြသည်။

ယင်း တပ်သားမှာ အမျိုးသမီး၏ နဖူးမှ သွေးထွက်သွားခါမှ ထွက်ပြေးသွားသည် ဟု ၎င်းကပြောပြသည်။   ခေါင်းတွင်သွေးထွက်လျှက်အိမ်ပြန်ပြီး ဖြစ်စဉ်ကို သားသမီးများအား ပြောပြသည့်အခါတွင် ရွာသူကြီးနှင့် တခြားတပ်သားများက ထန်မြတ်ခိုင်ကို လိုက်လံဖမ်းဆီးရာ ၎င်းက ဓါးဖြင့်ပြန်လည်ခုခံခဲ့သည်ဟု သိရသည်။

ကျူးလွန်သူဟု ယူဆသူ ထန်မြတ်ခိုင်မှာ မလွတ်မြောက်နိုင်တော့မှန်းသိသဖြင့် မိမိကိုယ်ကိုဓားဖြင့် ဟန်ဆောင်ထိုးပြီး ပစ်လဲသည့်နောက်တွင် ဖမ်းဆီးနိုင်ခဲ့သည် ဟုရွာသားများကပြောသည်။

အနိုင်ကျင့်ခံရသူအမျိုးသမီးအား ရွာသားများကဆီဆိုင်မြို့ပြည့်သူ့ဆေးရုံသို့ ညနေ ၇း၀၀ နာရီခန့်တွင် ပို့ဆောင်ပေးခဲ့သည်။ တပ်သား ထန်မြတ်ခိုင်ကိုလည်း ရွာသားများက ဆီဆိုင်မြို့ပြည်သူ့ဆေးရုံကိုပို့ရာ နောက်နေ့နက်တွင် တပ်ရင်းက ပြန်လည်ခေါ်ဆောင်သွားပြီး  ယခုအောင်ပန်း ကုတင် ခုနှစ်ရာ ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသည်ဟု သိရသည်။

ကာယကံရှင်အမျိုးသမီးက ယခုအဖြစ်အပျက်ကို ဆီဆိုင်မြို့နယ် ပြည်နယ်လွတ်တော်အမတ် ဦးခွန်လှသိန်းတို့ကိုတိုင်ကြားထားသည်ဟု YPI သို့ပြောသည်။ စစ်တပ်မှ ဆေးကုသစရိတ် ကျပ်ငွေတစ်သိန်းခွဲပေးသည်ဟုသိရသည်။

“ အဖွားလည်း တရားမရင်ဆိုင်တော့ပါဘူး ရင်ဆိုင်ရင် ငွေလည်းမရှိဘူး အလုပ်လည်းပျက်အုံးမယ် အဲတော့ရှေ့ရေးအတွက်တွေးပြီး ဒီလိုပဲကျေအေးပေးရတယ်” ဟု၎င်းက ပြောသည်။

နောင်ပတ်ကျေးရွာသည် ဆီဆိုင်မြို့မှ ငါးမိုင်ခန့်တွင်ကွာဝေးသည်။ အမဲရောင် နယ်မြေဖြစ်၍ စစ်တပ် သွားလာလှုပ်ရှားမှု အမြဲရှိသည့် ကျေးရွာတရွာဖြစ်သည်။       ။
by Yangon Press International

ထိုင်းနိုင်ငံ မဟာချိုင်မြို့ တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား ခဲ့သောမိန့်ခွန်း (ရုပ်/သံ)



ထိုင်းနိုင်ငံ မဟာချိုင်မြို့ တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သောမိန့်ခွန်း (ရုပ်/သံ)
ဒီဗွီဘီ

မဟာချိုင် ရွှေ့ပြောင်းမြန်မာအလုပ်သမားထုနဲ့ ဒေါ်အောင်ဆန်းစုကြည် (ရုပ်/သံ)



ထိုင်းနိုင်ငံကို မေလ၂၉ရက်ညပိုင်းက ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ၃၀ရက်မနက်ပိုင်းမှာ မဟာချိုင်ဒေသက အလုပ်သမားတွေကို အားပေးစကားပြောကြားပြီးတဲ့နောက် မဟာချိုင်မှာရှိတဲ့ မြန်မာ အလုပ်သမားကိုယ်စားလှယ်အယောက်၃၀နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာအလုပ်သမားတွေအနေနဲ့ အလုပ်သမား ရ ပိုင် ခွင့်တွေ သိရှိအောင် ပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ မေလ၃၀ရက် မွန်းလွဲပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တည်းခိုနေတဲ့ ဘန်ကောက်မြို့က ရှန်ဂရီလာ ဟို တယ်မှာ ထိုင်းဒီမိုကရက်တစ်ပါတီခေါင်းဆောင် အဘီဆစ်နဲ့တွေ့ဆုံဆွေးနွေးဖို့ရှိပြီး ညနေပိုင်းမှာတော့ ကမ္ဘာ့ စီး ပွားရေးဖို၇မ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။
ဒီဗွီဘီ

နှစ်ကုန်ပိုင်းတွင် ထားဝယ်ချောင်အမှိုက်မီးရှို့စက်မှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် ရည်ရွယ်

ရန်ကုန်တိုင်းဒေသကြီးမှထွက်ရှိသော စွန့်ပစ်အမှိုက်များအတွက် မီးရှို့စက်တည်ဆောက်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ် သွား မည်ဖြစ်ကြောင်း   ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက သိရသည်။

“ကုမ္ပဏီတစ်ခုရဲ့ အထောက်အပံ့နဲ့ စွန့်ပစ်အမှိုက်တန် (၆၀၀)လောက်ကို မီးရှို့စက်နဲ့ ရှို့မယ်။ ထွက်လာတဲ့ အပူကို လျှပ်စစ်ဓာတ်အား အဖြစ် မီးထွန်းမယ်။ အကောင်အထည်ဖော်ဖို့ပဲ ကျန်တော့တယ်။ ညှိနိုင်းပြီးပြီ၊ ဒီနှစ်အကုန်လောက်မှာ စတင်နိုင်မယ် ထင်ပါတယ်” ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှူး ဦးသန်းလွင်ဦးက ပြောသည်။

အဆိုပါ စွန့်ပစ်အမှိုက်မီးရှို့စက်တည်ဆောက်မည့် မြေနေရာအား ထားဝယ်ချောင်တွင် သတ်မှတ်ထားပြီး၊ တစ်နေ့လျှင် အမှိုက်တန် (၆၀၀)မီးရှို့ကာ လျှပ်စစ်ဓာတ်အား ပမာဏ ၄ ဒသမ ၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

“အဲလိုဆောက်တာတော့ ကောင်းပါတယ်။ မီးရှို့စက်ဆိုတော့ ညှော်နံ့တွေအတွက်ရော၊ ဘယ်လို ဆောင်ရွက် ထားလဲ၊ ထွက်လာတဲ့ လျှပ်စစ်ကရော ဘယ်မှာ အသုံးချမှာလဲဆိုတာမျိုးတွေကို ရှင်းပြသင့်တယ်။ ထွက်လာတဲ့ အနံ့ကြောင့် ပတ်ဝန်းကျင်အတွက်လည်း စီစဉ်သင့်တယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း (၄၉) ရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၌ တစ်နေ့လျှင် အမှိုက်တန်ချိန် (၁၇၀၀)တန် ပျမ်းမျှထွက်ရှိပြီး စည်ပင်သာယာရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တစ်နေ့လျှင် အမှိုက် (၁၅၈၀) တန်ချိန်သာ သိမ်းဆည်း နိုင်သေးကြောင်းကိုလည်း သိရှိရသည်။

မီးရှို့စက်တွင် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန်အတွက် အမှိုက်ခြောက်များထဲမှ ပါဝင်သော မီးလောင်ကျွမ်းစေ နိုင်သည့် (ဥပမာ- စက္ကူ၊ ပလတ်စတစ်) စွန့်ပစ်ပစ္စည်းများအား အမှိုက်စိုများထဲတွင် တည့်သွင်းကာ မီးရှို့သွား မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ရန်ကုန်တိုင်း ဒေသကြီးတွင်း အမှိုက် သိမ်း ယာဉ် (၂၈၉) စီး၊ အမှိုက်များစွန့်ပစ်ရန်အတွက် အမှိုက်ကန်ပေါင်း (၉၀၀) ကျော်ရှိ ပြီး အမှိုက်စွန့်ပစ်သူများအနေဖြင့် အမှိုက်များအား အစို/ အခြောက် နှစ်မျိုးခွဲခြားပစ်ရန် သတ်မှတ်ထားကြောင်း သိရ သည်။
အောင်ကိုကိုလတ် (မြစ်မခ)
by Myit Makha Mediagroup

မုံရွာတွင် အပူလွန်ကဲ၍ လွန်ဆွဲ

မုံရွာ၊ မေ ၂၇

အထက်ချင်းတွင်း စီးပွားရေးမြို့တော် မုံရွာမြို့တွင် မေလကုန်ပိုင်းအထိ အပူချိန် လွန်ကဲသည့် အတွက် မိုးခေါ်လွန်ဆွဲပွဲများ ကျင်းပခဲ့ကြောင်း လွန်ဆွဲပွဲအား ဦးဆောင်သည့် သဒ္ဓမ္မသောဒါန ဘုံဆွမ်းလောင်း အသင်းမှ အသင်းသား တစ်ဦးက ပြောကြားသည်။

လွန်ဆွဲပွဲအား ၂၀၀၈ ခုနှစ်တွင် မိုးခေါင်ခဲ့သည့် အတွက် ပထမဦးဆုံး အကြိမ်အဖြစ်ကျင်းပခဲ့ပြီး ယခု လွန်ဆွဲပွဲမှာ မြဝတီ ရပ်ကွက်အတွက် ဒုတိယမြောက် လွန်ဆွဲပွဲ ဖြစ်လာကြောင်း မြဝတီ ရပ်ကွက်သား တစ်ဦးက ပြောကြားသည်။

ယခု လွန်ဆွဲပွဲအား သုံးရက် ကျင်းပမည် ဖြစ်ပြီး လွန်ဆွဲပွဲ ဒုတိယမြောက်ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လွန်ဆွဲသူ အရေအတွက်မှာ လူဦးရေ ၅၀၀ ခန့်ရှိပြီး အမျိုးသား အမျိုးသမီးနှင့် ကလေးသူငယ်များပါ ပါဝင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

မုံရွာမြို့တွင် သင်္ကြန်ကာလအပြီး မိုးရွာသွန်းမှု အနည်းငယ်သာ ရှိခဲ့ပြီး အပူချိန် လွန်ကဲခဲ့သည့် အတွက် မုံရွာမြို့ အခြားရပ်ကွက်ကြီးများတွင်လည်း လွန်ဆွဲပွဲများ ကျင်းပကြောင်း မုံရွာမြို့ခံ တစ်ဦးက ပြောကြားသည်။  
The Voice Weekly

ပလွေရိုး ခန္ဓာကိုယ် များအတွက် ဖြည့်စွက် အားဆေး

29 MAY 2012  | BY HEALTH DIGEST
သာမန်အားဖြင့် လူတစ်ယောက် ဟာ အစားအသောက်များမှ လိုအပ် သော အာဟာ ရဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ် များကို ရရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်အလေး ချိန်တိုး၊ ကြွက်သားတွေထွက်ပြီး ထောင် ထောင်မောင်းမောင်းဖြစ်လာအောင် ကြိုးစားနေတဲ့ ပိန်ပိန်ညှောင်ညှောင် ကိုပလွေရိုးများအနေနဲ့ အာဟာရ ဓာတ်ကို အစားအသောက် များမှတင် မကဘဲ ဖြည့်စွက်အားဆေးများရဲ့ အကူအညီကို ရယူရပါမယ်။
ကယ် လိုရီနဲ့ပရိုတင်း စားသုံးမှုကို မြှင့်တင်ဖို့ အတွက် ပရိုတင်းပေါင်ဒါတွေဟာ အရေးကြီးပါတယ်။ အစာအိမ် နဲ့အူ လမ်းကြောင်းကို မသက်မသာဖြစ်စေ မှုကို မခံနိုင်ဘူး ဆိုရင်တော့ ပရိုတင်း ပေါင်ဒါကို ရွေးချယ်တဲ့အခါ ပဲပုပ်၊ ပြောင်းဖူး၊ အချိုဓာတ်အတွက် ထပ် ဖြည့်ပစ္စည်းများမပါဝင်တဲ့ ပရိုတင်း ပေါင်ဒါကို ရွေးချယ်ပါ။ အစာကြေ စေတဲ့ပစ္စည်းများပါဝင်တဲ့ ပရိုတင်း ပေါင်ဒါကိုလည်းရွေးချယ်နိုင်ပါတယ်။ အခြားဖြည့်စွက်ဆေးဝါးများက တော့-(၁) Creatine (၂) Carnitine (၃) Citrulline (၄)Beta- Alanine ဖြည့်စွက်အားဆေးတို့ပဲ ဖြစ်ပါတယ်။ ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်နှင့်တိုင်ပင်ပြီး ဆေး ညွှန်းအတိုင်းသောက်သုံးရမှာ ဖြစ်ပါ တယ်။ဒါပေမယ့်အထက်ပါဆေးဝါးတွေ ဟာ ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် အလေးမခြင်းတို့ကို အစားမထိုးနိုင် ပါဘူး။ အထောက်အကူသာ ပြုပေး နငို ပ်ါတယ။်
ဇင်မာမြင့် Ref:Yahoo

ဂေါက်ရောဂါသည်များ အတွက် အစားအစာများ

29 MAY 2012  | BY HEALTH DIGEST
Gout ရောဂါကို ခံစားနေရသူများ ဟာ ခံစားရသောဝေဒနာ များသက် သာစေရန် လူနေမှုစရိုက်များကို ပြောင်းလဲပေးခြင်းသည် အဓိကကျ ကြောင်း အရိုးအထူး ကုဆရာဝန် များ က အကြံပေးကြ ပါတယ်။ သန့်ရှင်း လတ်ဆတ်သော သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အဆီနည်း သော နို့ထွက်ပစ္စည်းများ၊ အစေ့ အဆန်များကို ညီညွတ်မျှတ စွာစား သောက်ခြင်းဖြင့် ဝေဒနာများကို သက်သာစေနိုင်ကြောင်း သိရပါ တယ်။ အရေးကြီးသည့် အချက်များမှာ ပြုပြင်စီမံထားသော အစားအစာနှင့် ဖျော်ရည်များတွင် ပါဝင်သော Fractose Corn syrup စား သောက်မှုပမာဏကို ကန့်သတ်ထားရ မှာဖြစ်ပါတယ်။ Purine ဒြပ်ပေါင်း ကြွယ်ဝသော အစား အစာများ၊ အနီရောင်အသားများ၊ ဘီယာနှင့် Shellfish စားသောက်ခြင်း ကိုလည်း အကန့်အသတ်နှင့်သာ စားသောက်ရ မှာဖြစ်ကြောင်း သိရပါတယ်။
ဇင်မာမြင့် Ref:UPI

ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက် သုဝဏ္ဍဘူမိလေဆိပ် အရောက် မြန်မာနိုင်ငံသားများ ၀ိုင်းဝန်းကြိုဆို (ရုပ်/သံ)


ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက် သုဝဏ္ဍဘူမိလေဆိပ်အရောက် မြန်မာနိုင်ငံသားများ ၀ိုင်းဝန်းကြိုဆို။
ဒီဗွီဘီ

ဇနီး အခြားယောကျာ်း နောက်လိုက်၍ ပိုးသတ်ဆေးသောက် သေဆုံး

 29 May 2012  | By Venus News Journal
ရန်ကုန်တိုင်း ဒေသကြီး ရွှေ ပြည်သာမြို့နယ် အတွင်း၌ မိမိကိုယ် ကို ပိုးသတ်ဆေး သောက်၍ သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ရွှေပြည်သာမြို့နယ် ဧရာဝတီ ပတ်လမ်း၊၆/ ထုံးဖိုစု ရပ်ကွက်နေသူ လှိုင်ဘွား (၃၁) နှစ်သည် ဇနီးသည် ဖြစ်သူမှ နောက်ယောကျာ်းနောက် လိုက်သွားသည်ကိုစိတ်ထိခိုက်ကာ ပိုးသတ်ဆေးများ သောက်သုံး ထားကြောင်း သိရှိရသဖြင့် ဆေးရုံသို့ပို့ ဆောင်ရာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း၊ အလောင်း အားစစ်ဆေးရာပြင်ပ ဒဏ်ရာမတွေ့ ရှိဘဲသေဆုံးခြင်းဖြစ်ပြီးရွှေပြည်သာ ဆေးရုံမှ ပီအာရ်-၁၁ ဖြင့် လက်ခံထားရှိပြီး ဓမ္မတာအတိုင်း သေဆုံး ခြင်းဟုတ်/မဟုတ်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။ အမှုအား ရွှေ ပြည်သာရဲစခန်းမှ သေမှုသေခင်း အမှတ် ၉/၁၂ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိသည်။

ဘုန်းမြတ်

ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ၏ ကိုယ်ရေးအရာရှိကိုယ်တိုင် မဲစာရင်းထဲမပါ

မေလ ၂၉ ၊ ၂၀၁၂ -ကျော်သူရမျိုး (YPI)

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး ကိုကိုကျော် နှင့်ဇနီးတို့ မဲစာရင်းတွင်မပါရှိသဖြင့် မဲမပေးခဲ့ရကြောင်း မေလ ၂၂ ရက်နေ့က နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

“သမ္မတကြီးရဲ့ ကိုယ်ရေးအရာရှိနဲ့ ဇနီးက မဲမပေးရပဲ သားဖြစ်သူသာ မဲစာရင်းပါခဲ့လို့ မဲပေးခဲ့ရကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေကို ပြောကြားခဲ့တာပါ” ဟု အဆိုပါစည်းဝေးပွဲသို့ တက်ရောက်ခဲ့သည့် ပြည်သူ့ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်ဦး က YPI သို့ပြောသည်။

အဆိုပါဖြစ်စဉ်ကို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ပြောပြရာတွင် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ ကိုယ်ရေးအရာရှိဖြစ်သူ ဗိုလ်မှူးကြီး ကိုကိုကျော် အား “ဘာလို့မဲပေးလို့ မရတာလဲလို့” မေးခဲ့ရာ ကိုယ်ရေးအရာရှိက “၎င်းနှင့်ဇနီးသည်တို့ မဲစာရင်းတွင်မပါဘဲ သားဖြစ်သူသာ မဲစာရင်းမှာပါသည့် အတွက် မဲမပေးခဲ့ရခြင်းဖြစ်သည်ဟု” ပြန်လည်ဖြေကြားခဲ့ကြောင်းကို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီများ ကိုပြောကြားခဲ့သည်။

ယခုလို အဖြစ်အပျက်များ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်ဖြစ်ပွားခဲ့၍  လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ကတိပြုပြောကြားခဲ့သည်ဟုလည်း  ဒေါက်တာ သန်းထိုက်ဦးက ပြောပြသည်။

ယခုလ ၂၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့သည့် ၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအပေါ် နိုင်ငံရေးပါတီများ ၏သုံးသပ်တင်ပြချက်များတွင် ကြားဖြတ်ရွေးကောက်ပွဲကာလက ပြည်သူအများဆုံး ကြုံတွေ့ရည့် အခက်အခဲဖြစ်သည့် မဲစာရင်း  နှင့် ပတ်သက်သော ကိစ္စရပ်များ အဓိက တင်ပြဆွေးနွေးခဲ့ကြသည်။

ဧပြီလ ၁ ရက်နေ့တွင်ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ မဲစာရင်းကြေညာသည့်ကာလ နောက်ကျခြင်း၊ သတ်မှတ်ရက် တပါတ်တာအတွင်း မဲစာရင်းတွင် မပါသူအများအပြားကို သန်းကောင်စာရင်းနှင့် မှတ်ပုံတင်ယူလာခဲ့လျင် မဲပေးခွင့်ပေးမည်ဟု အောက်ခြေ အဆင့်ကော်မရှင်က ပြောဆိုခဲ့ခြင်း၊  မဲပေးသည့် နေ့တွင်ယူဆောင်လာသည့်အခါ မဲ ပေးခွင့်မရခဲ့သည့် အဖြစ်အပျက်များ အနှံ့အပြားဖြစ်ပွားခဲ့သည်။        ။
by Yangon Press International

ကျောက်စိမ်းကုမ္ပဏီတွေ ဖားကန့်ဒေသက အမြန်ဆုံးထွက်ခိုင်း

(ဓာတ်ပုံ- zawmoehetet)
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်း
တူးဖေါ်နေတဲ့ ကုမ္ပဏီတွေနဲ့ စက်ယန္တယားတွေကို အမြန်ဆုံးရုတ်သိမ်းဖို့
နေပြည်တော်က မေ ၂၃ ရက်က ညွှန်ကြားချက် ထုတ်တာကြောင့်
မေလကစပြီး ဖားကန့်ကနေ လူအတော်များများ ထွက်ခွာနေကြတယ်လို့
သိရပါတယ်။

နေပြည်တော်ကနေ ဖားကန့်၊ ဆိုင်းတောင်၊ လုံးခင်း စတဲ့ကျောက်စိမ်းဒေသ
မှာ တူးဖေါ်လုပ်ကိုင်နေကြတဲ့ စက်ယန္တယား တွေကို အဲဒီဒေသကနေ အမြန်ဆုံးရုတ်သိမ်းပြီးထွက်ခွာကြဖို့ ညွှန်ကြားချက်ထုတ်တဲ့အကြောင်း ဖားကန့်ဒေသရှိ ကျောက်စိမ်း လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

"ကုမ္ပဏီတွေကကျတော့ ၂၇ ရက်နေ့နောက်ဆုံးပေါ့။ ဟိုပင်နဲ့ မိုးညှင်းကို ကုမ္ပဏီက ကားတွေ အကုန်လုံးပို့ဖို့အတွက် စာတွေပို့ထားတယ်။ သူတို့ကနေပြည်တော်လို့ပဲပြောတယ်။ အခါတိုင်းနားတယ်ဆိုတာ ဒီလို ကုမ္ပဏီ ယန္တရားတွေကို ဒီလိုမောင်းခိုင်းတာမရှိဘူးလေ။ ကိုယ့်ကုမ္ပဏီဝင်း
ထဲမှာ ယန္တရားတွေကို ထားခိုင်းတာလေ။ အခုတော့ တမူထူးခြားပြီးမှ ဖားကန့်မြို့ကနေ အမြန်ဆုံးထွက်ခွါဖို့အတွက် သူတို့ညွှန်တာကိုး။"

ဒီအမိန့်ကို သတ္ထုတွင်းဝန်ကြီးဌာနက ထုတ်ပြန်တာဖြစ်ပြီး အမိန့်ထုတ်တာနဲ့
ပတ်သက်လို့ ရွှေနဒီ ကျောက်စိမ်း ကုမ္ပဏီလုပ်ငန်းရှင်တစ်ယောက်က အခုလိုပြောပါတယ်။

"ကျနော်တို့အခု ၅ လနားခိုင်းတာပေါ့။ သက်တမ်းကုန်ရင်လည်း
နောက်ထပ် ၅ လပြန်တိုးပေးမယ်ပေါ့။ ရည်ရွယ်ချက်ကတော့ သူက စစ်ကြောင့်လား စီးပွါးရေးကြောင့်လား။ ဂဂနန တရားဝင်မထုတ်ပြန်ဘူး။ စက်တွေကို တချို့က လုံးခင်းမှာ ပြန်သယ်။ တစ်ချို့က ဆိုက်ထဲမှာ ဆိုရင်လည်း တစုတဝေးတည်း မထားနဲ့ပေါ့။ လုံးခင်းမှာ မထားရင်လည်း အောက်ပြန်သယ်ရင်သယ် မသယ်ရင်လည်း မိမိကုမ္ပဏီထဲမှာ တစ်စုတဝေးတည်း မထားနဲ့ပေါ့ ခွဲထားခိုင်းတယ်။"

ဒီကိစ္စနဲ့ ပတ်သက်လို့ နေပြည်တော် သတ္ထုတွင်း ၀န်ကြီးဌာနကို ဆက်သွယ်ပေမဲ့ ဖုန်းလိုင်း အခက်အခဲကြောင့် ဆက်သွယ်လို့ မရပါဘူး။
အရင်က မိုးရာသီ ဇွန်လ လယ်ပိုင်းရောက်ရင် ကျောက်စိမ်းဒေသက စက်ယန္တရားအားလုံး ရပ်ဆိုင်းပြီး နှစ်စဉ် လုပ်ငန်းနားလေ့ ရှိပါတယ်။

အခုတော့ ဘာ့ကြောင့် ရုတ်သိမ်းခိုင်းတယ်ဆိုတာ အတိအကျ
မသိရသေးပေမဲ့ အဲဒီ အမိန့်ကြောင့် ဖားကန့် ကျောက်စိမ်း ဒေသကနေ လူအတော်များများ ထွက်ခွာနေကြပြီလို့ စောစောက လုပ်ငန်းရှင်က ဆက်ပြောပါတယ်။

"ကျနော်တို့လည်း ညွှန်ကြားတဲ့ဟာကို အဓိပ္ပါယ်မသိလို့ ဒီမှာ လူတွေက သို့လော သို့လော ဖြစ်နေကြတယ်။ လူထုတွေကလည်း ကျီးလန့်စာစားနဲ့ ဖားကန့်မြို့မှာ ဆိုရင် လူတွေရှုပ်ရှက်ခတ်နေတာပဲ။ ဒီနေ့ဆိုရင် ကားတွေနဲ့
အောက်ပိုင်းဆင်းတဲ့ လူတွေကလည်း အများကြီးပ။ဲ ကုမ္ပဏီက လူတွေ ၀န်ထမ်းတွေလည်း ကားကြီးကားငယ်တွေနဲ့ ရာချီထောင်ချီ အောက်ပိုင်းကို ဆင်းနေကြတယ်။"

ကျောက်စိမ်းကုမ္ပဏီတွေ အနေနဲ့ အခုလို အလုပ်လုပ်ခွင့် ပိတ်ပင်တဲ့
အတွက် ရှေ့ဘာဆက်လုပ်ရမယ် ဆိုတာ ဘာမှ တိတိကျကျ မသိရသေးဘဲ အခြေအနေ စောင့်ကြည့်နေတယ်လို့လည်း သူက ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်း ဒေသမှာ အခုအခါ ကျောက်စိမ်းတူးဖေါ်နေတဲ့ ကုမ္ပဏီအားလုံး ၃၀၀ ၀န်းကျင်ရှိတယ်လို့ သိရပြီး ၁၉၉၄ နှစ် မှာ
မြန်မာအစိုးရနဲ့ ကေအိုင်အိုတို့ အပစ်အခတ်ရပ်စဲရေး သဘောတူ
လက်မှတ် ရေးထိုးပြီး နောက်ပိုင်း ဖားကန့် ကျောက်စိမ်းဒေသ တစ်ခုလုံး ဖက်စပ် ကုမ္ပဏီတွေ ပေါ်လာပြီး စက်ယန္တရားတွေနဲ့ တူးဖေါ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
RFA-Burmese

ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်မြို့ ရောက်ရှိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်တာ ကာလအတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို မနေ့ည (၁၀) နာရီက ထိုင်းလေကြောင်းလိုင်းနဲ့ ရောက်ရှိလာပါတယ်။
လိမ္မော်ရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သုဝဏ္ဍဘူမိလေဆိပ်က ထွက်လာချိန်မှာ စုဝေးရောက်ရှိနေတဲ့မြန်မာတွေက သံပြိုင်ကြွေးကြော်ပြီး နှုတ်ဆက်ခဲ့ကြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” (လူထုအော်သံများ)

လုံခြုံရေးထူထပ်စွာ ချထားတဲ့ အထူးဧည့်သည်တော် ထွက်ခွာရာဂိတ် ကနေ ကားပေါ်မတက်ခင် တိုတောင်းတဲ့ အချိန်အတွင်းမှာ
ဒေါ်အောင်ဆန်းစုကြည်က တစုံတရာ ပြန်လည်ပြောဆိုခြင်း မရှိပေမယ့် ပရိသတ်များကို လက်ဝှေ့ရမ်း နှုတ်ဆက်သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ကြိုဆိုကြသူတွေထဲမှာပါဝင်တဲ့ မဟာချိုင်ဒေသက မြန်မာအလုပ်သမား မချိုချိုလေး ဆိုသူကတော့ သူနဲ့တခြားသူငယ်ချင်း အချို့ဟာ နေ့လည်ကတည်းက မဟာချိုင်ကနေ ထွက်ခဲ့ပြီး လေဆိပ်မှာ လာရောက် စောင့်ဆိုင်းနေကြတာလို့ ပြောပါတယ်၊

ထိုင်းနိုင်ငံက မိမိတို့မြန်မာတွေရဲ့ ဘဝအခက်အခဲတွေကို
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကူညီဖြေရှင်းပေးစေချင်တယ်လို့ သူကပြောပါတယ်။

“အားကိုးတကြီး ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသားအတွက် လုပ်သင့် လုပ်ထိုက်တာတွေ လုပ်ပေးဖို့အတွက် စကားတွေအများကြီးလည်း
ပြောခွင့်ရှိရင် ပြောချင်တယ်။ အဓိကကတော့ ထိုင်းသူဌေးတွေ လက်အောက်မှာ ရှိနေတဲ့ အလုပ်သမားတွေကို အဆင်ပြေအောင် ကိုယ့်နိုင်ငံသားပေါ် တရားမျှတအောင် လုပ်ပေးစေချင်တယ်။ အဲဒါတွေကို အဓိကပြောချင်တယ်၊ အနှိမ်ခံရတာတို့ အစော်ကားခံရတာတို့ များတယ်။ အရမ်းကိုလည်း ရင်နာဖို့ကောင်းတယ်။ ကူညီမယ့်သူလည်း မရှိဘူး”

ဒေါ်အောင်ဆန်းစုကြည့်ဟာ ဒီနေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား အမြောက်အများ ရှိရာ စမုတ်ဆာခွန် ခရိုင်၊ မဟာချိုင်ဒေသက နေရာသုံးနေရာကို သွားရောက် လေ့လာ ကြည့်ရှုမှာဖြစ်ပြီး အလုပ်သမားတွေနဲ့ အလုပ်သမား အဖွဲ့အစည်းအချို့ကို တွေ့ဆုံမယ်လို့ သိရပါတယ်။

အဲဒီနောက် ဘန်ကောက်မြို့မှာ ဒီကနေ့စတင်ကျင်းပမယ့် အရှေ့အာရှဆိုင်ရာ
ကမ္ဘာ့စီးပွားရေးညီလာခံကို တက်ရောက် မိန့်ခွန်းပြောကြားဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်နဲ့လည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ရှိပေမယ့် အသေးစိတ် မသိရသေးပါဘူး။
RFA-Burmese

မအေတူ ဖအေကွဲညီကို အချင်းချင်း ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

29 MAY 2012  | BY VENUS NEWS JOURNAL
ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံဆိပ်ကမ်း မြို့နယ် အတွင်း၌ မိခင် ဆီမှ အရက်ဖိုးတောင်းရာ မိခင်က မပေးသဖြင့် ဓားဖြင့်ခုတ်ရာမှ မအေတူ ဖအေကွဲ ညီအစ်ကို အချင်းချင်း လူသတ်မှု တစ်ခုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တင်နိုင်ဦးမှ မိခင်ဆီမှအရက်ဖိုးတောင်းရာ မိခင်က မပေးသဖြင့် မိခင်အား ဓားမဖြင့်ခုတ်ရာ ဦးခေါင်းဝဲဘက် ပြတ်ရှ ဒဏ်ရာရရှိခဲ့ပြီး တင်နိုင်ဦးနှင့် မအေတူ ဖအေကွဲများဖြစ်သော ချစ်ကိုကိုနှင့် လင်းဇော်ထက်တို့က မကျေနပ်၍ တင်နိုင်ဦးအား သုံးမြှောင့်စကေတာ သံတုတ်ဖြင့် ဝိုင်းထိုးခုတ်ရာ ပြတ်ရှဒဏ်ရာ များရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ပြစ်မှုကျူးလွန် သူ နှစ်ဦးအား အရေးယူပေးပါရန် မိခင်ဖြစ်သူဒေါ်ညိုကလှိုင်သာ ယာရဲစခန်းသို့ တိုင်တန်းထားကြောင်း သိရသည်။
အမှုနှင့် ပတ်သက်၍ ဒဂုံဆိပ်ကမ်းရဲစခန်း (ပ) ၁၈၁/၁၂ ပုဒ်မ-၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်းသိရသည်။

ဘုန်းမြတ်

ဆန္ဒပြ တောင်းဆိုမှုကိစ္စ နိုင်ငံရေးပါတီများ ပါဝင်ဖြေရှင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပန်ကြား

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီး ဆန္ဒပြတောင်းဆိုမှုတွေနဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရာမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ၀ိုင်းဝန်း ကူညီပါဝင်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပန်ကြားလိုက်ပါတယ်။

RFA
၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လျှပ်စစ်မီးရရှိရေးနှင့် အလုပ်သမားအခွင့်အရေး တောင်းဆိုမှုကိစ္စအား ဆွေးနွေးနေစဉ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နဲ့ နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ကော်မရှင် ဥက္ကဋ္ဌက ပြောကြားတာဖြစ်ကြောင်း NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလိုပြောပါတယ်။
" ကော်မရှင်ဥက္ကဋ္ဌက အစည်းအဝေး ခေါ်ယူရခြင်းနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားတယ်။ မန္တလေးမှာ အခု လျှပ်စစ်မီးရရှိရေးနဲ့ ပတ်သက်လို့ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြနေတဲ့ကိစ္စတွေ၊ နောက်ရန်ကုန်မှာက စက်မှုဇုန်မှာ အလုပ်သမားများက လုပ်ခ ပိုတောင်းဆိုရင်း အလုပ်ရှင်ဘက်က မဖြေရှင်းပေးနိုင်လို့ ဆန္ဒပြမှုတွေ ဖြစ်နေတဲ့ကိစ္စ၊ အဲတာတွေကို ပြေပြေလည်လည်ဖြစ်အောင် သူတို့လည်း ဆောင်ရွက်နေတဲ့အကြောင်း၊ အဲတော့ ဒါတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းပြေလည်သွားအောင်ပေါ့၊ နိုင်ငံရေးပါတီတွေဘက်ကလည်း ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးပါလို့ သူကအဲဒီလိုပြောတယ်"
ရွေးကောက်ပွဲကော်မရှင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အပါအ၀င် နိုငံရေးပါတီ ၆ ခုက ဒုတိယဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တို့ကို ဖိတ်ကြားပြီး လက်ရှိပြဿနာရပ်တွေအပေါ် ဆွေးနွေးကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးပွဲမှာ အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးနဲ့ အမှတ် ၂ စက်မှု စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးက လက်ရှိအဖြစ်အပျက်တွေအပေါ် ဌာနအသီးသီးက ဆောင်ရွက်နေမှုတွေကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းလည်း ဦးအုန်းကြိုင်က ပြောပါတယ်။
"အလုပ်သမားဝန်ကြီးဌာနကတော့ သူတိုလည်းပဲ ကြားထဲဝင်ပြီး ညှိပေးနေတယ်ဆိုတဲ့ အကြောင်းလောက်ပဲ ပြောပါတယ်။ လျှပ်စစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောတာကတော့ ဒီလျှပ်စစ်စွမ်းအင်တွေ ဘယ်လောက်ထုတ်လုပ်နေတယ်၊ ဘယ်လောက် သုံးစွဲနေတယ်။ ဒီနှစ်ထဲမှာ မိုးဦးက နောက်ကျတဲ့ အခါကျတော့ ရေအားလျှပ်စစ် စက်ရုံတွေက ရေမဖူလုံဖြစ်ပြီးတော့ အပြည့်မလည်ပတ်နိုင်တာတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အတွက်ကြောင့် ဂက်စ်နဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်တွေနဲ့ ဖြည့်ပြီးပေးသော်လည်းပဲ ဓာတ်အားမလုံလောက်မှု ပြဿနာတွေက ရှိနေတယ်။ အဲဒီတုန်းမှာ တာဝါတိုင်တွေ ချိုးခံရတဲ့ကိစ္စကလည်း တမှောင့်ဖြစ်လာတယ်ပေါ့။ အဲတာကြောင့်မို့လို့ သူတို့ဒီအခက်အခဲကို ကြိုးစားပြီး ဖြေရှင်းနေပါတယ်လို့ ပြောတာ"
ဆွေးနွေးပွဲ တက်ရောက်လာတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကလည်း လက်ရှိပြဿနာရပ်တွေအပေါ် သဘောထားအမြင်တွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက နိုင်ငံရေးပါတီ (၆) ခုက ခေါင်းဆောင်တွေကို ဖိတ်ကြားပြီး နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
RFA-Burmese

ပြည်မြို့ခံ ၆ ဦးကို ရိုက်နှက် ဖမ်းဆီးသူ များအား တရားစွဲဆိုရန်စီစဉ်လျှက်ရှိ

လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဖယောင်းတိုင်မီးထွန်း ဆန္ဒဖော်ထုတ်ကြသည့် ပြည်မြို့ခံများအနက် ရဲအရာရှိများ၏ ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသူ ၆ ဦးမှ မိမိတို့အား ရိုက်နှက်ရန် အမိန့်ပေးသူများအပါအ၀င် တာ ၀န်ရှိသူများအား ဥပဒေကြောင်း အရ ထိထိရောက်ရော် တရားစွဲဆိုသွားရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။

““ ကျွန်တော်တို့ကိုရိုက်ဖို့အမိန့်ပေးတဲ့ ခရိုင်ရဲမှူး ဦးသောင်းဝင်း၊မြို့နယ်မှူးအောင်ဇော်ထက် အပါအ၀င် တာဝန်ရှိသူတွေကို ကျွန်တော်တို့ တရားစွဲဆိုသွားမှာပါ”” ဟု ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသူတစ်ဦးဖြစ်သည့် ဦး ကျော်ဆွေကပြောပေါ်ပြူလာနယူးစ်မှဖုန်းဖြင့် ဆက်သွယ်မေးမြန်းစဉ်ပြောကြားသည်။
တရားစွဲဆိုရန်ကိစ္စရပ်အား ဥပဒေကြောင်းအရ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်စီစဉ်သွားမည်ဖြစ် ပြီး အကူအညီပေးနိုင်မည့် အဖွဲ့အစည်းအားလုံးကိုလည်း အကူအညီတောင်းခံသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

““ ကျွန်တော်တို့ကို ရိုက်နှက်ဖမ်းဆီးဖို့ ဘယ်သူကအမိန့်ပေးတာလဲ။ နိုင်ငံတော် သမ္မတ ကပေး တာလား၊ အဲဒါဆိုကျွန်တော်လက်ခံတယ်။ အဲလိုမဟုတ်ဘဲ ဘယ်သူမှ အမိန့်မပေးဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်တယ်ဆိုရင် ကျွန်တော်မကျေနပ်နိုင်ဘူး။ ဥပဒေရဲ့အထက်မှာ တစ်ယောက်ယောက်ရှိနေတာမျိုးဖြစ်နေ တာကို လက်မခံနိုင်လို့ တရားစွဲဆိုမှုကို မဖြစ်ဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်ထားတာပါ”” ဟု ရိုက်နှက်ဖမ်းဆီးခံရ သူများတွင် အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရသူ ကိုဖိုးဖြူကပြောသည်။

အဆိုပါကိစ္စရပ်သည် လုံးဝမဖြစ်သင့်သည့် ကိစ္စရပ်ဖြစ်ပြီး ဒီမိုကရေစီသို့သွားနေသည့် လမ်းကြောင်း တွင် ယခင်စနစ်ဟောင်း စနစ်ဆိုး၏ အမွေအနှစ်များကျန်ရှိနေခြင်းမှာ လက်ခံနိုင်ဖွယ်ကိစ္စရပ်မဟုတ်ကြောင်း တရားဥပဒေစိုးမိုးရေးသည့် အစိုးရအဖွဲ့အစည်းတစ်ရပ်အဖြစ် ပြည်သူ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင် လိုအပ်ကြောင်း နိုင်ငံရေးရာ ကျွမ်းကျင်သူအချို့ကအဆိုပါကိစ္စနှင့်ပတ်သက်၍ သုံးသပ်သည်။

ပြည်မြို့တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဖယောင်းတိုင်မီးထွန်း ဆန္ဒဖော်ထုတ်မှုအား မေလ ၂၃ ရက် ကစတင်ခဲ့ပြီး ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်မည့်အကြောင်း သက်ဆိုင်ရာဌာနများသို့ ဧပြီလ ၁၀ ရက်က စတင်ပြီး အကြောင်းကြားစာတင်ခဲ့ကြောင်း၊ ဧပြီလ ၆ ရက်တွင် မ.ယ.က အဖွဲ့အစည်းမှ နည်းဥပဒေ မရှိသေးသည့် အတွက် ဆန္ဒဖော်ထုတ်ခွင့်အားငြင်းပယ်ခဲ့ကြောင်း ၊ ဧပြီလ ၉ ရက်တွင် ဆန္ဒဖော်ထုတ်ခွင့်အကြောင်းကြားစာ အားထပ်မံတင်ပြခဲ့ပြီး တစ်လခွဲကြော်ကြာ အကြောင်းမပြန်သည့်အတွက် မေလ ၂၃ ရက်တွင် စတင်ဆန္ဒဖော် ထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဥာဏ်လင်းအောင်-Popular Myanmar News Journal

ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်မှာ ဒီကနေ့ ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှု၊ မိသားစုဘဝနဲ့ မဆုတ်မနစ် ကြိုးပမ်းမှုတွေကို တစ်ကမ္ဘာလုံးက လေးစား ဂုဏ်ယူရကြောင်းနဲ့ သမ္မတကြီး ဦးသိန်းစိန်နဲ့ အတူ မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေမှာ အဓိက အခန်းကဏ္ဍကနေ ဦးဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ် ။
အိန္ဒိယ အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ မစ္စက် ဆိုနီယာဂန္ဒီ ရေးသားပေးပို့တဲ့စာကို ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဆိုနီယာဂန္ဒီရဲ့ ဖိတ်ကြားချက်အတိုင်း မကြာခင်ကာလအတွင်းမှာ သွားရောက် လည်ပတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြန်လည် ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အိန္ဒိယနဲ့ မြန်မာဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်နေတာတင်မက လွတ်လပ်ရေး ကြိုးပမ်းမှု၊ ယဉ်ကျေးမှု အမွေအနှစ်နဲ့ ဒီမိုကရေစီ မြတ်နိုးမှု စတဲ့ တူညီတဲ့ အချက်တွေအပေါ် အခြေခံတည်ဆောက်ထားတဲ့ ဆက်ဆံရေး ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့ သိရပါတယ်။
RFA-Burmese

ဆန္ဒပြပွဲ ပါတီတွေ အမြတ်မထုတ်ဖို့ ကော်မရှင် သတိပေး


မြန်မာနိုင်ငံထဲ လတ်တလော ဖြစ်နေတဲ့  ဆန္ဒပြမှုတွေမှာ နိုင်ငံရေးပါတီတွေ မပတ်သက်ကြ ဖို့  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ဒီကနေ့ နိုင်ငံရေးပါတီတချို့ကို ခေါ်ယူ သတိပေးခဲ့ပါတယ်။ အထူးသဖြင့် လှိုင်သာယာမှာ ဖြစ်နေတဲ့ အလုပ်သမားတွေရဲ့ ပြဿနာမှာ နိုင်ငံရေးပါတီ တချို့က ၀င်ရောက် စွက်ဖက်မှုတွေ ရှိနေတယ်လို့  အလုပ်သမား ၀န်ကြီးဌာနကို တိုင်ကြားလာတာတွေ ရှိတဲ့အတွက် အခုလို ခေါ်ယူ တွေ့ဆုံရတာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်၊ ဒီကနေ့ နေပြည်တော် က ရွေးကောက်ပွဲကော်မရှင်နဲ့  နိုင်ငံရေးပါတီတွေ တွေ့ဆုံမှု အခြေအနေ အပြည့်အစုံ ကိုတော့ မသင်းသီရိက ဆက်ပြောပြပေးပါ။
နေပြည်တော် မှာရှိတဲ့  ကော်မရှင်ရုံးအစည်းဝေးခန်းမမှာ ပြည်တောင်စုကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး လျှပ်စစ် ၀န်ကြီး ဌာန ရဲ့ ဒုဝန်ကြီး ဦးအောင်သန်းဦး၊ အလုပ်သမားဝန်ကြီးဌာနက  ဒုတိယ ၀န်ကြီး ဦးမြင့်သိန်းတို့က  နိုင်ငံရေးပါတီ ၅ ခု ကို  မေလ ၂၉ ရက် အင်္ဂါနေ့မနက်က ခေါ်ယူတွေ့ဆုံခဲ့တာဖြစ် ပါတယ်။ အဓိကကတော့  လတ်တလော မြန်မာနိုင်ငံထဲမှာ ဖြစ် နေတဲ့ အလုပ်သမားဆန္ဒပြမှုတွေ လျှပ်စစ် မီးပုံမှန်ရဖို့ ဆန္ဒဖော်ထုတ်မှုတွေမှာ နိုင်ငံရေးပါတီတွေ မပတ်သက်ဖို့ ခေါ်ယူ သတိပးခဲ့တာ ဖြစ်ပါ တယ်။
အခုသူတို့ခေါ်တွေ့တဲ့ နိုင်ငံရေးပါတီ ၅ခုကတော့  ကြံ့ခိုင်ဖွံဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ အမျိုးသား ဒီမိုကရေစီအင်အားစု NDF နဲ့  ပြည်ထောင်စုမြန်မာနို်င်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်ပါတီ နဲ့ နောက်ထပ်  နိုင်ငံရေးပါတီ တွေ ဖြစ်ပြီး ဒီပါတီတွေဟာ အခုလက်ရှိပြဿနာတွေမှာ ၀င်ရောက် ပတ်သက်နေတာတွေရှိတာကြောင့် ကော်မရှင်က ခေါ် တွေ့တာ ဖြစ်တယ်လို့လည်း  နိုင်ငံရေးပါတီတွေက ပြောပါတယ်၊ အထူးသဖြင့်ကတော့ လှိုင်သာယာမှာ ဖြစ်နေတဲ့ အလုပ် သမား ဆန္ဒပြမှုတွေမှာ နိုင်ငံရေးပါတီတွေ ပတ်သက်နေတယ်ဆိုတဲ့ တိုင်ကြားမှုတွေ ရှိတာကြောင့် ခေါ်တွေ့တာဖြစ်တယ် လို့  NDF ပါတီက ဦးစိုးဝင်း က ပြောပါတယ်။
“စစချင်းမှာကျတော့ နိုင်ငံရေးပါတီတွေက ၀င်မပတ်သက်ဘူးဆိုတဲ့ သဘောပေါ့လေ။ လှိုင်သာယာကိစ္စမှာ ဘယ်လို ရ အောင် တောင်း၊ ဆိုတာမျိုး ပါတီတွေက ၀င်လုပ်တဲ့အတွက် သူတို့ ညှိလို့ မရဘူးတဲ့။ တိုင်တာက စပယ်ပွင့်စက်ရုံက တိုင် တာတဲ့။ NLD က ၀င်ပြီးတော့ အလုပ်သမားတွေကို သောက်ရေ သန့်တွေ မုန့်တွေ လာဝေတာမျိုးလုပ်တယ်ပေါ့။ ဒါဟာ ဆန္ဒပြအလုပ်သမားတွေကို အားပေးပါ တယ်၊ သွေးထိုးလှုံ့ဆော်ပေးတယ် ဆိုတာမျိုး ပြောတာပေါ့။”
ဒီတိုင်ကြားမှုအပေါ်မှာ NDF ပါတီကိုယ်စားတက်လာတဲ့ ဦးစိုးဝင်းက ကော်မရှင်နဲ့ ၀န်ကြီးဌာနတွေ ကို ပြန်ရှင်းပြတဲ့ အချက် တွေကတော့
“နိုင်ငံရေးပါတီတွေကိုကျတော့ အလုပ်သမားတွေက အားကိုးတကြီးနဲ့ သူတို့ရဲ့ အခက်အခဲတွေကို တင်ပြလာတဲ့အခါမှာ တော့ ၀င်ရောက်စွက်ဖက်တယ်ဆိုတာမျိုး မဟုတ်ဘူး။ ညှိနှိုင်းဖြေရှင်းပေးဖို့ လုပ်ဆောင်ရမှာကတော့ တာဝန်ပဲ..လို့၊ အခက်အခဲတွေ့အောင် ကပျက်ယပျက်လုပ်တာမျိုး၊ ပြည်သူနဲ့ အဆင်မပြေအောင် ကျနော်တို့ ဒါမျိုးတွေလုပ်မှာ မဟုတ်ပါဘူးလို့။”
NDF ပါတီက ဦးစိုးဝင်းပါရှင်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သူတို့အနေနဲ့ ဆန္ဒပြမှုတွေပေါ် NLD အဖွဲ့ဝင် တွေအတွက် တစုံတရာ သဘောထား ထုတ်ပြန်ထားမှု မရှိပေမဲ့ လူထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုတွေကို ကူညီပေးဖို့ ဟာ  နိုင်ငံရေးပါတီတွေရဲ့ တာဝန်ဖြစ်တယ်ဆိုတာကို ပြန် ရှင်းပြ ခဲ့တယ်လို့ ဒီဆွေးနွေးပွဲကို တက်ခဲ့တဲ့ NLD ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင် ကလည်း ပြောပြ ပါတယ်။
“ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ကတော့ ကျနော်တို့ ပါတီဝင်တွေကို ဒီကိစ္စနဲ့ ပတ်သက်လို့ သဘောထား တစုံတရာ ထုတ်ပြန် ထားတာမရှိဘူး။ ပါတီဝင်ဆိုတာလည်း ပြည်သူတွေပဲ ဖြစ်တယ်၊ အဲဒီတော့ ခုတော့ အလုပ်သမားဝန်ကြီးတို့ လျှပ်စစ် ၀န်ကြီး တို့ ရှင်းပြသွားတဲ့အတိုင်းပဲ၊ ဒီပြဿနာတွေက ခုမှ ဖြစ်နေတာ လည်း မဟုတ်ဘူး၊ နှစ်စဉ်လည်း ဖြစ်နေတယ်၊ ကျနော် တို့ အသိပဲဖြစ်တယ်၊ ဒီနှစ်ကျတော့ လူတွေက လွတ်လွတ်လပ်လပ် စုရုံးခွင့်တွေ ရလာတယ်၊ ရလာတော့ လူတွေ က သူတို့ ဆန္ဒတွေကို ငြိမ်းငြိမ်း ချမ်းချမ်း ဖော်ထုတ်ကြတာဖြစ်တယ်၊ ဒါတွေကို ဖြေရှင်းပေးဖို့က အစိုးရမှာ တာဝန်အရှိဆုံး ပဲ၊ ကျနော်တို့ ပါတီတွေဘက်ကတော့ တတ်နိုင်သလောက်ပူးပေါင်းကူညီပေးဖို့ပဲတတ်နိုင်တယ်၊ ကျနော် အဲလို ရှင်းပြခဲ့ပါ တယ်။ ။
NLD ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်ပါ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးဌေးဦး ကတော့  စက်ရုံအလုပ်ရုံတွေ ရှိနေတဲ့အတွက် အလုပ်ရကြတာ ဖြစ်ပြီး အလုပ်သမားတွေအတွက်လည်း ရသင့် ရထိုက်တဲ့ အခွင့်ရေးတွေ ရဖို့ လိုတယ် ဆိုတဲ့ အမြင်နဲ့  ၀င်ရောက် ညှိနှိုင်းတာသာ ဖြစ်တယ်လို့ ပြောပါ တယ်။
“ကျနော်တို့ကတော့ ဒီကိစ္စကို အကျယ်အကျယ် မဖြစ်စေချင်ပါဘူး။ အဲဒီမှာ ဒီစက်ရုံတွေ ရှိနေလို့သာ အလုပ်သမားတွေ အလုပ်ရနေကြတာပေါ့၊ အလုပ်အကိုင်ရတဲ့ အလုပ်သမားတွေအနေနဲ့လည်းပဲ  ရသင့်ရထိုက်တဲ့ အခွင့်အရေးကို သူတို့ ရရမှာ ပေါ့။ ဒီနှစ်ခုကိုတော့ အလုပ်ရှင်ရော အလုပ်သမားဘက် ကရော အားလုံးအဆင်ပြေအောင် ညှိနှိုင်း ဖြေရှင်း ပေးနိုင် ရေး အတွက်ပဲ ကျနော်တို့ ၀င်ရောက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောပြခဲ့တာပါ။
ဒီတွေဆုံမှု အဆုံးမှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီအခြေနေတွေ ကို နိုင်ငံရေး ပါတီတွေအနေနဲ့ ဥပေဒနဲ့အညီ မှန်မှန် ကန်ကန် ရပ်တည်ဖို့ နဲ့  ပြည်သူတွေကို စည်းရုံး ရှင်းပြကာ  တိုင်းပြည် တိုးတက် အောင် နိုင်ငံရေးပါတီတွေက ၀ိုင်းလုပ်ဆောင်ကြဖို့ကို တိုက်တွန်းသွား တယ် လို့လည်း ပြောပါတယ်။
 By သင်းသီရိ (ဗွီအိုအေ-မြန်မာပိုင်း)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ