မြန်မာပြည်အနာဂတ်အတွက် ပိတ်ဆို့​မှုများ​ရပ်ရန် ဘန်ကီမွန်း​ ​တောင်း​ဆို

ဘန်ကီမွန်းနှင့် သမ္မတ ဦးသိန်းစိန်
မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ် မစ္စတာ ဘန်ကီမွန်း​ဟာ လတ်တ​လော မြန်မာနိုင်ငံမှာ ​ပေါ်​ပေါက်​နေတဲ့​ ဒီမိုက​ရေစီ​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေကို ကြိုဆို​ကြောင်း​နဲ့​ စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေ ရပ်ဖို့​ နိုင်ငံတကာကို ​တောင်း​ဆိုလိုက်ပါတယ်။

ဒီ​နေ့​ ​နေပြည်​တော် ပြည်သူ့​လွှတ်​တော်မှာ မြန်မာလွှတ်​တော်အမတ်​တွေကို နိုင်ငံတကာ ဧည့်​သည်တဦး​အဖြစ် ပထမဆုံး​အကြိမ် မိန့်​ခွန်း​ပြောကြား​ရာမှာ ထည့်​သွင်း​ ​ပြောကြား​ခဲ့​တာပါ။

အတွင်း​ရေး​မှူး​ချုပ် မစ္စတာဘန်ကီမွန်း​က “သိသာထင်ရှား​တဲ့​ အ​ပြောင်း​အလဲ​တွေနဲ့​ မြန်မာဟာ ကမ္ဘာရဲ့​ စိတ်ဝင်စား​မှုကို သိမ်း​ကျုံး​ရယူ​နေပါတယ်။ တိုင်း​ပြည်ရဲ့​ အနာဂတ်မြင့်​မား​စေဖို့​ ရည်မှန်း​ချက်ဆန္ဒ အရမ်း​ကို ပြင်း​ပြ​နေတယ်ဆိုတာ ကျ​နော်တို့​ သိပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်း​အဝန်း​က ​လေး​စား​ရမယ့်​၊​ တာဝန်ယူတတ်တဲ့​ နိုင်ငံတနိုင်ငံအဖြစ် အလျင်အမြန် ပြန်လည်​ရောက်ရှိမယ်ဆိုတာ သံသယမရှိပါဘူး​”လို့​ ​ပြောပါတယ်။

ဒါ့​အပြင် မြန်မာနိုင်ငံအ​ပေါ် ပိတ်ဆို့​ ဒဏ်ခတ်အ​ရေး​ယူထား​မှု​တွေကို ရုပ်သိမ်း​ပေး​ဖို့​လည်း​ ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ်က ​တောင်း​ဆိုလိုက်ပါတယ်။

“ကုန်သွယ်​ရေး​ အကန့်​အသတ်​တွေနဲ့​ တခြား​ပိတ်ဆို့​ဒဏ်ခတ်မှု​တွေကို ပိုမိုပြီး​ ရုပ်သိမ်း​ဖို့​၊​ ဆိုင်း​ငံ့​ထား​ပေး​ဖို့​ ဒါမှမဟုတ် ဖျက်သိမ်း​ပစ်ဖို့​ နိုင်ငံတကာ အသိုင်း​အဝန်း​ကို ကျ​နော် ​တောင်း​ဆိုပါတယ်။ ဒုတိယအချက်အ​နေနဲ့​ မြန်မာမှာ နိုင်ငံတကာရဲ့​ ဖွံ့​ဖြိုး​ရေး​အကူအညီ​တွေနဲ့​ နိုင်ငံခြား​တိုက်ရိုက်ရင်း​နှီး​မြှုပ်နှံမှု​တွေလည်း​ စဉ်ဆက်မပြတ် တိုး​လာဖို့​ လိုအပ်​နေပါတယ်။”

မစ္စတာဘန်ကီမွန်း​ဟာ ဧပြီ ၂၉ ရက်​နေ့​ကတည်း​က မြန်မာနိုင်ငံမှာ ၃ ရက်တာ ခရီး​ ​ရောက်ရှိ​နေတာဖြစ်ပြီး​ ​နေပြည်​တော်မှာ သမ္မတ ဦး​သိန်း​စိန်အပါအဝင် လွှတ်​တော် အကြီး​အကဲ​တွေနဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်​ပေါင်း​ ၃၀ ​ကျော်အတွင်း​ ပြည်လုံး​ကျွတ် သန်း​ခေါင်စာရင်း​ ပြန်​ကောက်မယ့်​ အစီအစဉ်မှာ ကုလသမဂ္ဂက ​ငွေ​ကြေး​နဲ့​နည်း​ပညာပိုင်း​ဆိုင်ရာ အကူအညီ​ပေး​မယ့်​ သ​ဘောတူညီချက်တရပ် မစ္စတာဘန်ကီမွန်း​နဲ့​ ဒု-သမ္မတ စိုင်း​မောက်ခမ်း​တို့​ ​ရှေ့​မှောက်မှာ သ​ဘောတူ လက်မှတ်​ရေး​ထိုး​မှု​တွေ ပြုလုပ်ခဲ့​ပါတယ်။

မစ္စတာဘန်ကီမွန်း​ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​လည်း​ ​တွေ့​ဆုံဖို့​ရှိပြီး​ ရန်ကုန်မှာ ကျင်း​ပမယ့်​ စီး​ပွား​ရေး​ ဆိုင်ရာ အစည်း​အ​ဝေး​ကိုလည်း​ တက်​ရောက်ဖို့​ ရှိ​နေပါတယ်။

by ပီတာအောင် - ဒီဗွီဘီ

လွှတ်တော်အစည်းအဝေး မေလ ၂ ရက်နေ့ ကို ရွှေ့ ဆိုင်း

Photo - Google Images
နေပြည်တော် ဧပြီ ၃၀
လာမည့် မေ ၂ ရက်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သီးသန့်အစည်းအဝေးများ ကျင်းပကောင်းကျင်းပနိုင်ကြောင်း ယနေ့ကျင်းပနေသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အခမ်းအနားမှူးက တစ်နာရီဝန်းကျင်တွင် ကြားဖြတ်ကြေညာသွားသည်။ မေ ၂ ရက်တွင် အစည်းအဝေးများ ကျင်းပ၊ မကျင်းပနှင့်ပတ်သက် ၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှစ်ဦး သီးသန့် ဆွေးနွေးပြီးကြေညာမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

တတိယအကြိမ် ပုံမှန် လွှတ်တော်အစည်းအဝေးများမှာ မူလအစီအစဉ်အရ ယနေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ သို့သော် ယနေ့နံနက်တွင် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်နှင့် အနိုင်ရရှိထားသော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များမှ မေ ၂ ရက်တွင် လွှတ်တော်စတင်မည်ဟု ကြေညာခဲ့သည်။
ယင်းနောက် ယနေ့နေ့လည် ကျင်းပမည့် ပြည်သူ့လွှတ်တော် ပထမအကြိမ် တတိယပုံမှန်အစည်းဝေးကို မကျင်းပတော့ဘဲ မေလ ၂ ရက်တွင်မှ ကျင်းပရန် ရွှေ့ ဆိုင်းလိုက်ကြောင်း လွှတ်တော်အစည်းအဝေးတွင် တက်ရောက်သတင်းရယူနေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ယနေ့ကျင်းပမည့် အစည်းအဝေးအစီအစဉ်များအတိုင်း မေလ ၂ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်ဟု 7Day News - Facebook အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။ 
 

ဘန်ကီမွန် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြား

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန် ပြည်ထောင်စုလွှတ်တော်၌ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မိန့်ခွန်းပြောကြားစဉ် (Photo: AFP)

အဖွဲ့အစည်းများကြားတွင် မတူကွဲပြားမှုများ ရှိကြသည်ဆိုသည်မှာ ထူးဆန်းသည့် ကိစ္စမဟုတ်ကြောင်း ထိုသို့ မတူကွဲကွဲပြားမှုများသည် ကြီးမားနိုင်သလို အသေးအမွှားလည်း ဖြစ်နိုင်ကြောင်း ၊ ယခု ကျမ်းသစ္စာကျိမ်ဆိုမှုနှင့် ပတ်သက်သည့် ကိစ္စနှင့်တူကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်က ယနေ့ လွှတ်တော်၌ မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်ဟု Eleven Media Group - Facebook အင်တာနက်စာမျက်နှာတွင်ရေးသားဖော်ပြထားသည်။

လည်/ဆည် ၀န်ကြီးဦးမြင့်လှိုင် လွှတ်တော်အမတ်များကို တောင်းပန်

ဓါတ်ပုံ - Eleven Media Group
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် Hot News Journal သို့ ဖြေကြားခဲ့သည့် အင်တာဗျူးပါ အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စာလှယ်များအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က တရားဝင် တောင်းပန်နေစဉ်။

ဦးမြင့်လှိုင်သည် မတ်လ ၂၃ ရက်နေ့ထုတ် Hot News Journal အင်တာဗျူးတွင် “လွှတ်တော်ကိုယ်စားလှယ် ဆိုပြီး ရောက်လာတဲ့လူက စာမှမတတ် ၁၀တန်းမှမအောင်ဘဲ လွှတ်တော်ထဲ လာထိုင်တော့ သူများထဆို မတ်တပ်ထနေတယ်။ သူများထိုင်ဆို ထိုင်နေတယ်။ သူများခလုတ်နှိပ်ဆိုနှိပ်တယ်။ သူမှဘာမှမသိတာ။ ဘာတွေ ပြောနေလဲ သူနားလည်တာ မဟုတ်ဘူး။ ရမ်းလုပ်နေရတာ”ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Eleven Media Group
 

သမ္မတကြီး၏ လက်ဆောင်အဖြစ် အကျဉ်းခံ မွန်ပြည်သစ်ပါတီဝင် နှစ်ဦးကို မိခင်ပါတီထံ ပြန်လွှဲ

ဧပြီ ၃၀ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ(YPI)

မွန်ပြည်သစ်ပါတီမှ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားနှစ်ဦးကို အစိုးရမှ ယနေ့ နံနက်က လွှတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နေ့လည်ပိုင်းတွင် မွန်ပြည်သစ်ပါတီထံ သို့ ပြန်လည်လွှဲ အပ်ပွဲကို  မော်လမြိုင်မြို့ strand ဟိုတယ် တွင် ကျင်းပခဲ့သည်။

အဆိုပါ လွှဲ ပြောင်းပွဲသို့ အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင် အမှတ် လျှပ်စစ် စွမ်း အားဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း၊မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်နှင့် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် နှင့်အဖွဲ့ဝင်များ ငြိမ်းချမ်းရေး အကျိုးဆောင်များ တက်ရောက်ခဲ့ကြသည်။

“မွန်ပြည်သစ်ပါတီက အင်မတန်လိုလားနေတဲ့ နိုင်ယက္ခနဲ့နိုင်မျိုးသွေး ကို မွန်ပြည်သစ်ဥက္ကဋ္ဌ လက်ထဲကိုလွှဲ အပ်လိုက်ပါပြီး ဒါက သမ္မတကြီး ရဲ့လက်ဆောင်အဖြစ်ယူဆလို့ရပါတယ်”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့် အခမ်းအနားတွင် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောဆိုသွားသည်။
 
ယနေ့ ပြန်လည်လွတ်မြောက်ပြီး မိခင်ပါတီထံ လွှဲပြောင်းပေးခြင်းခံရသူ နှစ်ဦးအနက်မှ နိုင်မျိုးသွေးကို မိသားစုနှင့် ယနေ့မွန်းလွဲပိုင်း တွေ့ရစဉ်

ယခုလွတ်မြောက်လာသော မွန်ပြည်သစ်ပါတီမှ နိုင်ယက္ခနှင့် နိုင်မျိုးသွေး (ထောင်မှတ်တမ်းတွင် “ထွေး” ဟုမှားယွင်းထည့်သွင်းခဲ့) မှာ ဖောက်ခွဲမှုဖြင့်စွပ်စွဲ ခံရပြီး ၂၀၀၃ ခုနှစ်တွင် စတင်ဖမ်းဆီး ထောင်ချခံခဲ့ရသည်။

ကြိုးမိန့်ပေးခံ ခဲ့ရာမှ အယူခံအောင်မြင်၍ တသက်တကျွန်းအဖြစ်သို့ လွှဲ ပြောင်းကျခံခဲ့ရာမှ ၉ နှစ်အကြာ  သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့်လွတ်မြောက်လာခြင်းခြင်းဖြစ်သည်။

နိုင်ယက္ခမှာ မွန်ပြည်သစ်ပါတီဧ။်ခရိုင်စည်းရုံးရေးတာဝန်ခံအဖြစ်လည်းကောင်  နိုင်မျိုးသွေးမှာ စစ်ဘက်ဆိုင် ရာတွင် ဗိုလ်ကြီးအဆင့်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့ကြသည်။

“ကျွန်တော်တို့ လွတ်တယ် ဆိုတာ ကြိုမသိခဲ့ဘူး ဒီမနက်မှသိရတာပါ ၊ကျွန်တော့်ကိုသာယာဝတီထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းပေးတာ သုံးရက်ရှိပြီး ၊ဂျာနယ်တွေဖတ်ရကတည်းက လွတ်တော့မယ်ဆိုတာတော့ သိတယ်၊ ဘယ်တော့မှန်းတော့ သေချာမသိတာပါ” ဟု နိုင်မျိုးသွေးကဆိုသည်။

၎င်းတို့ကို ၀န်ကြီး ဦးဇော်မင်းက ဦးဆောင်သည့်အဖွဲ့မှ ခေါ်ဆောင်လာခြင်းဖြစ်ပြီး နေ့လယ် တနာရီဝန်းကျင်တွင် ရန်ကုန်မှ မော်လမြိုင်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

မွန်ပြည်သစ်မှ နိုင်ငံရေး အကျဉ်းသားနှစ်ဦးကို လွှတ်ပေးရန် အတွက် ငြိမ်းချမ်းရေးအဆင့်စတင်ဆွေးနွေးစဉ်က မွန်ပြည်သစ်ပါတီဘက်မှ တောင်းဆိုခဲ့ကြပြီး ပြီးခဲ့သည့် ဧပြီ၁၁ ရက်နေ့က စတုတ္ထအကြိမ် အစိုးရနှင့်မွန်ပြည်သစ် ပါတီ ဆွေးနွေးစဉ် အဆိုပါကိစ္စကို ထပ်မ့ဆွေးနွေးခဲ့ရာ အစိုးရဘက်မှ လွှတ်ပေးရန် သဘောတူညီချက်ရရှိခဲ့ပြိး ၁၉ ရက်အကြာတွင် ယခုကဲ့သို့လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ မွန်ပြည်သစ်မှ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်လာခြင်းနှင့်ပတ်သက်၍ ဥက္ကဋ္ဌ နိုင်ထောမွန်က “အပစ်ခတ်ရပ်ပြီးနောက်ပိုင်းလွှတ်ပေးမယ် လွှတ်ပေးမယ်နဲ့ အတိအကျအချိန်မပေးနိုင်ဘူး၊ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ မသေချာဘူးဆိုရင် ယုံကြည်မှုကိုတည်ဆောင်တဲ့အခါမှလည်းအခက် အခဲဖြစ်တယ် ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို အခုလိုလွှတ်ပေးမယ်လို့ ဆွေးနွေးပြီးဆယ်ရက်အတွင်း ပြန်အပ်ပေးတာ ကျွန်တော်တို့ အနေနဲ့ ၀မ်းသာပါတယ်”ဟုဆိုသည်။

မွန်ပြည်သစ်ပါတီမှ ယနေ့လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို မွန်ပြည်သစ်အဖွဲ့ ၀င်များ ၊မွန်အမျိုးသားဒီမိုကရေစီပါတီမှ အဖွဲ့ ၀င်များ ငြိမ်းချမ်းရေး အကျိုးဆောင်များက သောင်းသောင်းဖျဖျကြို ဆိုခဲ့ကြသည်။         ။
Yangon Press Internationa

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် နိုင်ယက္ခနှင့် နိုင်မျိုးထွေး

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် နိုင်ယက္ခနှင့် နိုင်မျိုးထွေး

မွန်ပြည်သစ်ပါတီ၏ အကျဉ်းကျ ခံနေရသော ပါတီဝင်များကို ပြန်လည် လွှတ်ပေးရန် တောင်းဆိုချက်အရ ပြစ်ဒဏ်ကျခံနေရသော ဗဟိုကော်မတီဝင် နိုင်ယက္ခ အပါအဝင် အကျဉ်းသားတစ်ဦး လွှဲပြောင်းပေးအပ်ပွဲကို ဧပြီလ ၃၀ ရက်နေ့ မွန်းလွှဲပိုင်းတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။
 The Voice Weekly

ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားသည့်--အသံဖိုင်


အန်အယ်ဒီအမတ်များ မေလ(၂)ရက်နေ့ လွှတ်တော် တက်မည်။ ဧပြီ (၃၀) မနက် ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားသည့်--အသံဖိုင် ဖြစ်ပါသည်။

 KIA ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာအားသိမ်းရန် အစီအစဉ် လုံးဝမရှိကြောင်း

KIA ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာအား သိမ်းရန် အစီအစဉ် လုံးဝ မရှိကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောကြားထားသည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဧပြီလ ၂၉ ရက်နေ့က ပြောကြားခဲ့ကြောင်း Eleven Media Group သတင်းအရသိရသည်။

ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည့် မီဒီယာများနှင့် ၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် မီဒီယာများမှ KIA ဌာနချုပ်အား သိမ်းရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် မေးမြန်းရာတွင် ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အဆိုပါ မေးမြန်းမှုအပေါ် ''KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကို သိမ်းဖို့ အစီအစဉ် လုံးဝ မရှိပါဘူး။ ဒါ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပြောထားတာကို ကျွန်တော်ပြန်ပြောပြတာပါ''ဟု ပြောကြားခဲ့သည်။

ယင်းအပြင် နယ်စပ်များရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ၊ နယ်မြေမလုံခြုံ၍ နေရပ်ကို စွန့်ခွာသွားသူများ၊ လက်နက်ကိုင် အဖွဲ့များမှ ငြိမ်းချမ်းရေးယူခဲ့သူများအားလုံး၏ စားဝတ်နေရေး၊ အလုပ်အကိုင်၊ စာသင်ကျောင်း၊ ဆေးရုံ စသည်ဖြင့် လိုအပ်ချက်များအား ဖြည့် ဆည်းပေးရန်အတွက် Donar Support Group ဖွဲ့ကာ ကူညီပေးသွားရန်ရှိကြောင်း ပြောကြားခဲ့သည်ဟု
Eleven Media Group အင်တာနက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။
 ------------------------------------------------------------------------------
Popular Myanmar News Journal အင်တာနက်စာမျက်နှာမှာတော့ မန္တလေး-မြစ်ကြီးနား အဆန်ရထားတိမ်းမှောက်မှုဟာ ကေအိုင်အေထောင်သည့်ဗုံးကြောင့်ဟု ဦးအောင်မင်းဆိုသည်။ 

မန္တလေးဘူတာကြီးမှ မြစ်ကြီးနားသို့ ဧပြီလ ၂၈ ရက် နေ့လယ် ၁ နာရီ အချိန်ကထွက်ခွာလာသည့် အမှတ် ၃၃ အဆန်အထူးအမြန်ရထားသည် နမ့်စီအောင်နှင့်မှော်အောင်ဘူတာကြား မိုင်တိုင်အမှတ် ၆၁၆ တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်းမှာကေအိုင်အေအဖွဲ့မှထောင်ထားသည့် ဗုံးကြောင့်ဖြစ်ပွားခြင်းဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီး ဌာ နပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ယနေ့ ဧပြီလ ၂၉ ရက် နေ့လယ် ၁း၂၀ နာရီ က နေပြည်တော် စက်မှုဝန်ကြီးဌာန ၌ ပေါက်ကွဲမှုနှင့်ပက်သပ်ပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ Popular Myanmar News Journal အင်တာနက်စာမျက်နှာ မှာရေးသားဖော်ပြထားပါသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အမတ်များ လွှတ်တော် တက်မည်

ရန်ကုန်၊ ဧပြီ ၃၀

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည် ဖြစ်ကြောင်း ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် NLD ရုံးချုပ်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

“အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ” ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် မေလ ၂ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်သို့ တက်ရောက်ဖွယ် ရှိကြောင်း မြန်မာ့ နိုင်ငံရေး စောင့်ကြည့် လေ့လာနေသူများက ခန့်မှန်းပြောဆိုသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီင်္ဝင် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ တွင် ပြဋ္ဌာန်းထားသော လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းသစ္စာဆို စာပိုဒ်ပါ စာသားကို ပြင်ဆင်မှသာ လွှတ်တော် တက်မည်ဟု ထုတ်ပြန်ထားသည်။
The Voice Weekly

ပြည်သူ့များ၏ ဆန္ဒအရ NLD လွှတ်တော်တက်မည်

မေလ ၂ ရက်တွင် NLD လွှတ်တော်တက်မည်

ပြည်သူများနှင့် ဒီမိုကရေစီ ပါတီ များ၏ လိုလားချက် အရ NLD ပါတီ အနေဖြင့် လွှတ်တော်သို့ မေလ ၂ ရက် တွင် ကျမ်းသစ္စာကျိန်ဆိုပြီး တက်ရောက်မည်ဖြစ်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ယနေ့ ၁၀ နာရီတွင် ကျင်းပပြုလုပ်သည့် NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးအပြီးတွင် မီဒီယာများသို့ပြောကြားလိုက်ကြောင်း
Yangon Media Group အင်တာနက်စာမျက်နှာမှာ သတင်းရေးသားဖော်ပြထားပါသည်။
ပြည်သူ့များ၏ ဆန္ဒအရ လွှတ်တော်တက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် ပြောဆိုလိုက်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ မေလ ၂ ရက်နေ့တွင် ကျမ်းသစ္စာကျိမ်ဆိုမည်ဖြစ်ကြောင်း သိရသည်ဟု Eleven Media Group - facebook  အင်တာနက်စာမျက်နှာလည်း ရေးသားထားပါသည်။

 

ဘန်ကောက် ဘီဘီစီရုံးရှေ့တွင် မြန်မာများ ဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဘီဘီစီ ရုံးရှေ့တွင် မြန်မာနိုင်ငံသား ၅၀၀ နီးပါးခန့်က ဧပြီလ ၂၉ ရက် တနင်္ဂနွေနေ့က သွားရောက် ဆန္ဒပြခဲ့ကြသည်။


ဆန္ဒပြရသည့် အကြောင်းအရင်းမှာ ရခိုင်ပြည်နယ် မြေပုံနေရာတွင် ရခိုင်လူမျိုးများ၏ ဓါတ်ပုံကို မဖေါ်ပြဘဲ ဘင်္ဂလာဒေခ်ျ့မှ အခြေချ ၀င်ရောက်နေထိုင်သူ ဘင်္ဂလီများ ဓါတ်ပုံကို ရိုဟင်ဂျာ အမည်ဖြင့် ဖေါ်ပြခဲ့၍ ဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုအန်းမောင်က ပြောသည်။

" ဆန္ဒပြရတဲ့ အဓိကအကြောင်းရင်းက ဘီဘီစီ အာရှ ပစိဖိတ်ဌာနက အကြီးတန်း သတင်းထောက် အန်နာဂျုံး Anna Jone ကနေ မြန်မာနိုင်ငံက ရခိုင်ပြည်နယ် မြေပုံမှာ ဘင်္ဂလား ဒေ့ခ်ျဘက်က မတရား ခိုးပြီး ၀င်လာကြတဲ့ ဘင်္ဂလီ လူမျိုး တွေရဲ့ပုံကို ရိုဟင်ဂျာ အမည်နဲ့ ဖေါ်ပြခဲ့တယ်။ ဒါကို မကျေနပ်တဲ့ အတွက် နိုင်ငံ အသီးသီးမှာ ဘီဘီစီက အန်နာဂျုံးကို မြန်မာပြည်သူတွေကို ၀န်ချ တောင်းပန်ရမယ်ဆိုပြီး ဆန္ဒပြ တောင်းဆိုကြတယ်။ ဒါပေမဲ့ အန်နာဂျုံး အနေနဲ့ မြန်မာပြည်သူကို အခုအချိန်ထိ ၀န်ချတောင်းပန်မှု မရှိသေးသလို ဘီဘီစီကလည်း တရားဝင် ဖြေရှင်းချက် မထုတ်ပြန်ပေးသေးဘူး။ အဲဒါကြောင့် သူမအနေနဲ့ မြန်မာပြည်သူတွေကို ၀န်ချ တောင်းပန်ဖို့နဲ့ ဘီဘီစီက တရားဝင် ဖြေရှင်း ပေးဖို့ ခုလို တောင်းဆို ဆန္ဒပြရတာဖြစ်ပါတယ်" ဟုပြော သည်။

ဆန္ဒပြရာအထဲတွင် ရခိုင်လူမျိုးမှာ အများဆုံး ဖြစ်ပြီး တစ်ခြား ရခိုင်လူမျိုးများ၏ မိတ်ဆွေများ ဖြစ်ကြသည့် ဗမာ၊ မွန်၊ ကရင်စသည့် လူမျိုးများလည်း ပူးပေါင်းပါဝင်ခဲ့ကြဟု ဆိုသည်။

" လူပေါင်း ၅၀၀ ခန့် ပူးပေါင်း ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။ ထိုင်းရဲက တစ်နာရီ ခွင့်ပြုပါတယ်။ ရခိုင်တွေက အများဆုံး ဖြစ်ပေမယ့် တစ်ခြား တိုင်းရင်းသားတွေ ဖြစ်ကြတဲ့ ဗမာ၊ မွန်၊ ကရင် လူမျိုးတွေလည်း ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်" ဟု သူက ဆက်ပြောသည်။

ဆန္ဒပြပွဲ ပြုလုပ်သည့်နေ့မှာ ဘီဘီစီ ရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေ၍ တုန့်ပြန်မူ တစ်စုံတစ်ရာ မရရှိခဲ့သဖြင့် အားမလို အားမရ ဖြစ်ခဲ့ကြရသည်ဟု ဆန္ဒပြရာတွင် ပါဝင်သူ ဦးဌေးဝင်းက ပြောသည်။

" ဒီနေ့က ဘီဘီစီ ရုံးပိတ်ရက် ဖြစ်တဲ့ အတွက် ရုံးထဲကို စာသွားပေးလို့ မရခဲ့ဘူး။ ဒါပေမယ့် ဘီဘီစီက ၀န်ထမ်း တစ်ဦးဆင်းလာပြီးတော့ စာကို ယူသွားပါတယ်။ သူအနေနဲ့ အထက်ကို တင်ပြပေးမယ်လို့ ပြောသွားပါတယ်။ တစ်ခြား ထိုင်းသတင်းထောက်တွေတော့ သတင်း လာယူပါတယ်။ ဒါပေမယ့် မြန်မာ သတင်းဌာနကြီးတွေကတော့ ဘယ်သူမှ သတင်း လာယူတာကို မတွေ့ရပါဘူး။ ဒီအပေါ်မှာတော့ အားမလို အားမရ ဖြစ်မိပါတယ်" ဟု သူက ပြောသည်။

သို့သော်လည်း ယခု ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ကျေနပ်ကြောင်း သူက ပြောသည်။

" အရင်က ဒီအရေးကို ရခိုင် သက်သက်နဲ့သာ ဆိုင်တယ်လို့ သဘောထားရာကနေ အခုက ဒီရိုဟင်ဂျာ အရေးဟာ မြန်မာတနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အရေးလို့ မြင်လာကြသလို တိုင်းပြည်အတွက် တော်တော့ကို အန္တာရာယ် ရှိတဲ့ ကိစ္စလို့ သဘောထားပြီး တစ်ခြား တိုင်းရင်းသားတွေပါ ပူးပေါင်း ပါဝင်လာကြတဲ့ အတွက် ဒီအပေါ်မှာတော့ အထူး ကျေနပ် အားရ ဖြစ်မိပါတယ်" ဟု ဦးဌေးဝင်းက ပြောသည်။

ယခု ဆန္ဒပြပွဲတွင် ပါဝင်ရခြင်းနှင့် ပတ်သက်ပြီး မဟာချိုင် ပုဇွန်စက်ရုံ တစ်ခုတွင် အလုပ် လုပ်ကိုင်နေသူ ရခိုင်အမျိုးသမီး မညိုညိုသန်းက ယခုလို ပြောသည်။

" ကျွန်မတို့ ပြည်တွင်းမှာနေတုန်းက ရိုဟင်ဂျာ နာမည်ဆိုတာ မကြားမိပါဘူး။ ဒီကိုရောက်မှ ကြားလာရတဲ့ အပြင် ကျွန်မတို့ လူမျိုးကိုတောင် သူတို့ နောက်မှ ရခိုင်ပြည်ကို အခြေချဖို့ ရောက်လာတဲ့သူတွေ၊ ရခိုင်ပြည်ဟာ သူတို့ ပိုင်တဲ့ ပြည်လို့ ဒီဘင်္ဂလီတွေက ပြောဆိုတယ်လို့ သိရတယ်။ အခု သူတို့က နိုင်ငံသားတောင် မဖြစ်သေးဘူး။ ဒီလောက်ထိ လက်ရဲ ဇက်ရဲ တောင်းနေလို့ ရှိရင် သူတို့ကို နိုင်ငံသား အဖြစ် အသိ အမှတ်ပြုလိုက်လို့ ရှိရင် ကျွန်မတို့ ကိုယ့်ရခိုင်ပြည်နယ်မှာ နေထိုင် ခွင့်တောင် ရကြတော့မှာ မဟုတ်ဘူး။ အကုန်လုံး ထွက်ပြေးကြရမှာ။ ဒါကြောင့် ခုလို လိမ်နေတာတွေကို ကမ္ဘာက သိစေချင်လို့ ဆန္ဒပြပွဲမှာ ပူးပေါင်း ပါဝင်ရတာပါ" ဟု ပြောသည်။

ဆန္ဒပြသူများသည် ဆိုင်းဘုတ်များ၊ ပိုစတာများ ကိုင်ဆောင်ပြီး `BBC apologize people of Burma- right now right now´`Anna Jones apologize people of Burma- right now right now´Anna Jones Anna Jones - out out´ စသည့် ကြွေး ကြော်သံများဖြင့် အော်ဟစ်ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

ဘီဘီစီ သတင်းထောက် အန်နာဂျုံးသည် ၂၀၁၀ ခုနှစ် နိုဝင်္ဘာလ ၆ ရက်နေ့က သူမရေးသားသည့် Bleak Outlook for Burma's Ethnic Groups ဆောင်းပါးတွင် ရခိုင်ပြည်နယ် မြေပုံနေရာတွင် ရခိုင်လူမျိုးများ၏ ဓါတ်ပုံကို မဖေါ်ပြဘဲ ရိုဟင်ဂျာဟု အမည်တပ်ထားသော ကလေးငယ်များ ဘုရားဝတ်ပြုနေပုံ ဓါတ်ပုံ တစ်ပုံကို တစ်ခြား မြန်မာ တိုင်းရင်းသားများနှင့် အတူ ထည့်သွင်းဖေါ်ပြခဲ့သည်။ ၎င်းနောက်ပိုင်းတွင် ဘီဘီစီနှင့် သူမ အပေါ် ကန့်ကွက်မူများ ပေါ်ပေါက်လာခဲ့သည်။

ဆန္ဒပြသူများသည် သတင်းမှား ရေးသား တင်ပြသူ အန်နာဂျုံးကိုလည်း ဘီဘီစီမှ ထုတ်ပယ်ရန် တောင်းဆိုခဲ့ကြသည်ဟု ရခိုင်မျိုးချစ်စိတ် ဖွံ့ဖြိုးမှု ပန်းတိုင် အသင်း၏ အကြံပေးလည်းဖြစ် ရခိုင်အမျိုးသားသတင်းစာ အုပ်ချုပ်ရေးမှူးလည်း ဖြစ်သူ ကိုအချိုင်က နိရဉ္စရာသို့ ပြောသည်။

ဆန္ဒပြပွဲကို နံနက် ၁၁နာရီကနေ မွန်းတည့် ၁၂နာရီအထိ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲကို ဘန်ကောက်ရောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင့်မျိုးချစ်စိတ် ဖွံ့ဖြိုးမှုပန်းတိုင် အသင်းကဦး ဆောင်ပြီး ပြုလုပ်ခဲ့သည်။

ဆန္ဒပြသူများ အနေဖြင့် ဘီဘီစီဌာနသို့ အိပ်ဖွင့်ပေးစာ တစောင်ပေးပို့နိုင်ခဲ့သလို ဆန္ဒပြချိန်အ အတွင်း၌ လည်း ထိုင်းအာဏာပိုင်များမှ တစုံတရာ အနှောင့် အယှက် ပေးခြင်းမရှိကြောင်း သိရသည်။ 



ထွန်းထွန်း (နိရဉ္စရာ)

နေပြည်တော်မှာ အိမ်မြေတွေ အဓမ္မခြိမ်းခြောက် သိမ်းယူပြီးခံထားရတဲ့ ဒေသခံ တွေရဲ့ ပြောပြချက် (ရုပ်/သံ)

နေပြည်တော် ဇမ္မူသီရိမြို့နယ် ပြန်ကပြေးအုပ်စု၊ ဗိုလ်တောက်ထိန်ရွာတွင် အိမ်မြေ
 (၂၀)ကျော်အား ကျေးရွာအာဏာပိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အဓမ္မခြိမ်းခြောက်
သိမ်းယူပြီး ယင်းတို့၏ဆွေမျိုးဇနီးသားချင်းနာမည်နှင့် ခွဲဝေယူထားကြပါတယ်။

အဆိုပါ ရွာမှာ ယခင်ကမြေဈေးမရှိသော်လည်း နေပြည်တော်တည်သောအခါ
ဝိုင်းမြေဈေးမှာ သိန်းသုံးရာကျော်နေပြီဖြစ်ကြောင်းသိရပါတယ်။

နေပြည်တော်မှာ အဓမ္မခြိမ်းခြောက် သိမ်းယူပြီးခံထားရတဲ့ ဒေသခံ တွေရဲ့ ပြောပြချက် (ရုပ်/သံပါ။

Myanmar News Now

NLD လွှတ်တော်ကို အမြန်ရောက်ဖို့ အမတ်တွေ ကြိုးပမ်း

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်စရာရှိတာတွေကို လွှတ်တော်ထဲမှာ အတူလက် တွဲပြင်ဆင်သွားကြဖို့နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော် အမြန် တက်နိုင်ဖို့အတွက် - ရွေးကောက်ခံ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလ အမတ်တွေကနေ သဘောထား တင်ပြလွှာ တစောင်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဒီကနေ့ ပေးအပ်ခဲ့ကြပါတယ်။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP ခေါင်းဆောင် အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံချိန်မှာ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ - လွှတ်တော်ရဲ့ ရေရှည်ထိရောက်မှုနဲ့ တိုင်းပြည်အကျိုးကို ကြည့်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်း က တင်ပြထားပါတယ်။
တိုင်းရင်းသားလွှတ်တော်အမတ်တွေနဲ့ တသီးပုဂ္ဂလ လွှတ်တော် အမတ်တွေကိုယ်စား ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီရဲ့ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင်ကနေ တနင်္ဂနွေနေ့ မနက် ၁၀ နာရီလောက်က NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ နာရီဝက်နီးပါးကြာ တွေ့ဆုံခဲ့တာပါ။ အဲ့လို တွေ့ဆုံချိန်မှာ NLD ဘက်က တောင်းဆိုထားတဲ့ ကျမ်းသစ္စာ ဆိုရာမှာ ပါဝင်တဲ့ စကားရပ် ပြင်ဆင်ရေး ကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသားနဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ်တွေကနေ အချက် ၅ ချက်ပါ သဘောထားတွေကို တင်ပြခဲ့တာဖြစ်တယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။ အဓိကကတော့ NLD ပါတီ အနေနဲ့ လွှတ်တော် အမြန်တက်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ဖို့ကို တိုက်တွန်းခဲ့ကြတာ ဖြစ်တဲ့အကြောင်း ဒေါက်တာ အေးမောင် က အခုလို ပြောပြပါတယ်။
“၂၀၀၈ ခုနှစ်က ပြဌာန်းအတည်ပြုခဲ့တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံပါ အခြေခံဥပဒေမှာ ပြင်ဆင်စရာ အများကြီးရှိတယ်ဆိုတာကို ကျနော်တို့ကလည်း လက်ခံ သဘောတူပါတယ်။ နောက် ပြည်ထောင်စုလွှတ်တော်မှာ ဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များနဲ့ လက်တွဲပြီးကာမှ ပြင်ဆင်သွားနိုင်ရေးကိုလည်း အလွန့်အလွန်မှ လိုလားကြပါကြောင်းကိုလည်း သိစေလိုပါတယ်ဆိုတာ တချက်ပါ။ နောက် ဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူတို့ရဲ့ဆန္ဒနဲ့ နိုင်ငံတော် အကျိုးကို ရှေ့ရှုပြီး အငြင်းပွားဖွယ်ရာ ကိစ္စတချို့ကို သဘောထား ကြီးမြင့်စွာ မေတ္တာရှေ့ထား ဖြေရှင်းဆောင်ရွက်ပေးပြီး လွှတ်တော်များသို့ အမြန်ဆုံး တက်ရောက်နိုင်ပါရန် ကျနိုပ်တို့ ရွေးကောက်ခံ နိုင်ငံရေးပါတီများနဲ့ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များက ပန်ကြား မေတ္တာ ရပ်ခံပါတယ် ဆိုပြီးကာမှ လွှတ်တော် ထဲက ၁၄ ပါတီ နောက် တသီးပုဂ္ဂလ ၂ ဦးက လက်မှတ်ရေးထိုးပြီး ပေးအပ်ခဲ့တာဖြစ်ပါတယ်။”
ဒီသဘောတင်ပြချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုလို တုံ့ပြန်ခဲ့တယ်လို့ ဒေါက်တာအေးမောင် က ပြောပြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကတော့ သတင်း မီဒီယာသမားတွေ မေးခဲ့လို့ရှိရင်လေ ကျနော့်ကို ဖြေကြားနိုင်အောင် ဆိုပြီး ဒီအချက် ၃ ချက်ကို သူ သဘောတူပါတယ်ဆိုပြီး ထောက်ပြပါတယ်။ တစ် ကတော့ - လွှတ်တော်ရဲ့ ရေရှည်ထိရောက်မှုနဲ့ နိုင်ငံ ကောင်းကျိုးကို ကြည့်ပြီး ဆက်လုပ်သွားကြပါမယ် ဆိုတာ တခုပါ။ နှစ် ကတော့ - တိုင်းရင်းသား ပါတီများ စတဲ့ မိတ်ဖက်ပါတီများနဲ့ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များက လိုလိုလားလားနဲ့ လွှတ်တော်သို့ ပါဝင်လာစေလိုခြင်းကို ကျေးဇူး အထူးတင်ပါတယ်။ သုံး ကတော့ - ဒီကိစ္စကို အမြန်ဆုံး ပြေလည်အောင် ဆောင်ရွက်ရန် နှစ်ဖက်စလုံးက သဘောတူကြပါတယ် ဆိုတာလေးကို မီဒီယာတွေက မေးမြန်းခဲ့ရင် ဒီ သုံးချက်ကို ဆွေးနွေးဖော်ပြနိုင်ပါတယ်ဆိုပြီး ကျနော့်ကို သူက သဘောထား မှတ်ချက်ပေးပါတယ်။”
အလားတူပဲ ဒီနိုင်ငံရေးပါတီ ၁၄ ဖွဲ့နဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ် ၂ ဦး ကနေပြီးတော့ ဧပြီလ ၂၅ ရက် ဗုဒ္ဓဟူးနေ့ကပဲ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေမှာလည်း ပြင်ဆင်ထားပြီးဖြစ်တဲ့ ဒီစကားရပ်ကို အခု ကျမ်းသစ္စာဆိုရာမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ်တွေဘက်က သဘောထားကြီးပြီး ဥပဒေနဲ့အညီ ပြင်ဆင်ပေးဖို့ကို တောင်းဆိုထားတဲ့ မေတ္တာရပ်ခံစာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အကြီးအကဲ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဆီ ပေးအပ်ခဲ့ကြပါသေးတယ်။
တကယ်တော့ NLD ဘက်က တောင်းဆိုနေတဲ့ ဒီစကားရပ် ပြင်ဆင်ပေးဖို့ကိစ္စဟာ ပုဒ်မ ၄၃၅ အရ ၂၀ ရာခိုင်နှုန်းထောက်ခံမှုကို ရရှိနိုင်ပေမဲ့ ၇၅ ရာခိုင်နှုန်းကျော်တဲ့ ဥပဒေဆိုရင်တော့ အောင်မြင်မှုမရှိတဲ့အတွက် လွှတ်တော်အမတ်တွေကနေ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံး နည်းလမ်းကို ရှာဖွေနေကြ တာလည်းဖြစ်ပါတယ်။
လွှတ်တော်ထဲမှာ အများစုနေရာရရှိထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ထောက်ခံမှု သဘောထားကြီးမှုကို မရရှိဘဲနဲ့တော့ ဒီပြဿနာ ပြေလည်သွားမှာမဟုတ်ဘူးလို့ ကျန်လူနည်းစုလွှတ်တော်အမတ်တွေက ယူဆထားကြတာပါ။ ဒါကြောင့်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ထောက်ခံမှုရှိလာအောင် သူရဦးရွှေမန်းကို မေတ္တာရပ်ခံခဲ့တာဖြစ်ပြီး ဒီမေတ္တာရပ်ခံချက်အပေါ် သူရဦးရွှေမန်းက အခုလို တုံ့ပြန်ခဲ့တဲ့အကြောင်း ဒေါက်တာအေးမောင် က ဆက်ပြောပြပါတယ်။
“သူရဦးရွှေမန်းရဲ့ တုန့်ပြန်ချက်ကတော့ ခုနလို အခြေအနေ အရပ်ရပ်က ပါတီဝင်ထုရဲ့ သဘောထားနော် အထူးသဖြင့် စီအီးစီ တွေရဲ့ သဘောထား လွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော်အမတ်တွေရဲ့  သဘောထား တွေနဲ့လည်း သက်ဆိုင်တဲ့အနေအထား ဖြစ်လာတာကြောင့် လွှတ်တော်တွင်းမှာ နိုင်ငံသူ နိုင်ငံသားအားလုံး အတူ လက်တွဲဖို့အတွက်လေ ပါဝင်ဖို့ကိုပဲ သူက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်တဲ့ သဘောပဲ ညွှန်းပါတယ်။ နောက်ပြီးတော့ လွှတ်တော် လာရောက်ရေး အတားအဆီး ဖြစ်နေတဲ့ကိစ္စ အတားအဆီး မဖြစ်ဘဲနဲ့ လွှတ်တော်ထဲကို လာရောက်ပြီးမှ ပိုပြီး ပူးပေါင်းဆောင်ရွက်ကြရအောင် ဆိုပြီးကာမှ ဖိတ်ခေါ်တာရှိပါတယ်။”
သူရဦးရွှေမန်းရဲ့ အခုလို တုံ့ပြန်ချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန် ဒေါက်တာအေးမောင်က တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ၄၅ နေရာအနက် ၄၃ နေရာကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့လည်း လွှတ်တော်စည်းဝေးပွဲတွေ ပြန်စတဲ့အချိန် လွှတ်တော်တက်နိုင်ဖို့ NLD ကိုယ်စားလှယ်တွေ ကျမ်းကျိမ်ဆိုရမယ့်အထဲမှာပါဝင်တဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တွေကို ကာကွယ်စောင့်ရှောက်ပါမည်” ဆိုတဲ့ စကားရပ်အစား “လေးစားလိုက်နာပါမည်” ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ပေးဖို့ NLD ဘက်က တောင်းဆိုခဲ့ တာဖြစ်ပါတယ်။ ဒါကြောင့် NLD ကိုယ်စားလှယ်တွေအနေနဲ့ ဒီတခေါက် ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။
NLD ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော် တက်ရောက်နိုင်ရေးကိစ္စဟာ နိုင်ငံရေး အကျပ်အတည်း တခုအဖြစ် မချဲ့ကားလိုဘဲ နည်းစနစ်ပိုင်း အခက်အခဲတခုသာ ဖြစ်တာကြောင့် မကြာခင် ပြေလည် သွားလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒေါက်တာအေးမောင် ကလည်း - NLD ကိုယ်စားလှယ်တွေအနေနဲ့ ရှေ့လာမယ့် တပတ်ထဲ ပြီးဆုံးတော့မယ့် လွှတ်တော် အစည်းအဝေးတွေကို မတက်ရောက်နိုင်ခဲ့ရင်တောင် လာမယ့် ဂျူလိုင်လမှာ ပြန်လည်ကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေကိုတော့ NLD ဘက်က တက်ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ဗွီအိုအေကို ပြောသွားခဲ့ပါတယ်ရှင်။
By နန္ဒာချမ်း (ဗွီအိုအေ-မြန်မာပိုင်း)

ရေရှည်တည်တံ့မယ့် မြန်မာ့ပြုပြင်ပြောင်းလဲရေး ဂျာမဏီထောက်ခံမည်

ဓာတ်ပုံ AP
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (ဧပြီလ ၂၉၊ ၂၀၁၂။)
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle က ဂျာမဏီနိုင်ငံအနေနဲ့ မြန်မာ့ပြုပြင် ပြောင်းလဲရေးကို အားပေးထောက်ခံသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့ကတွေ့ဆုံစဉ် ကတိပြုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ နောက် ကြောင်းပြန်လှည့်မှာမဟုတ်ဘူးလို့တော့ ပြောလို့မရနိုင်သေးဘူးလို့ ယူဆတဲ့အကြောင်းပြောဆိုလိုက်ပါတယ်။
ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ မနေ့က တနင်္ဂနွေနေ့မှာ ရန်ကုန်မြို့ကို ခရီး ရောက်မဆိုက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ Guido Westerwelle ဟာ အီးယူ ဥရောပ သမဂ္ဂက မြန်မာ အပေါ်ပိတ်ဆို့မှုတွေ တနှစ်ဆိုင်းငံ့ပေးဖို့ ဆုံဖြတ်းပြီး တဲ့နောက်၊ ၂၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ ကိုပထမဆုံး လာရောက်တဲ့ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျာမဏီနိုင်ငံရဲ့ မြန်မာ နိုင်ငံအပေါ်ရပ်တည်ချက်နဲ့ ပတ်သက်ပြီးအခုလိုပြောဆိုလိုက်ပါတယ်။
“ကျနော်တို့အနေနဲ့ ရေရှည်တည်တံ့မယ့် ပြုပြင်ပြောင်းလဲရေးကို ထောက်ခံအားပေးလိုပါတယ်။ ပြုပြင် ပြောင်းလဲရေး ရေရှည်ခိုင်မြဲမယ်လို့တော့ ဘယ်သူကမှ အာမခံလို့မရတာကို ကျနော်တို့သိပါတယ်။ ဒါပေမဲ့ ရေရှည်တည်မြဲစေချင်တာက တော့ ကျနော်တို့ရဲ့အဓိကအမှာစကားဘဲဖြစ်ပါတယ်။ ဂျာမဏီနိုင်ငံဟာ မြန်မာ ပြည်သူတွေကိုထောက်ခံပြီး အတူတကွ ရပ်တည်ဖို့ အဆင်သင့်ပါဘဲ။ ပြည်သူလူထုနဲ့ ဒီမိုကရေစီ ရေရှည် တည်တံ့မယ့်နည်းလမ်းတွေ၊ လွတ်လပ်မှုနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ထောက်ခံပံ့ပိုးပေးဖို့ ဆန္ဒရှိ ပါတယ်။”
မြန်မာအစိုးရက နိုင်ငံရေးနဲ့ စီးပွားရေးတင်းကြပ်မှုတွေကို အထိုက်အလျောက် လျှော့ပေးလိုက်တဲ့အတွက် အသိအမှတ် ပြုတဲ့အနေနဲ့ အထောက်အပံ့နဲ့ ရင်နှီးမြှုပ်နှံမှု နယ်ပယ်ကိုသာ အများအားဖြင့် ရည်ရွယ် အဓိက ထားပြီး EU ဥရောပ သမဂ္ဂရဲ့ ပိတ်ဆို့မှုကို တနှစ်ဆိုင်းငံ့ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ပြုပြင် ပြောင်းလဲ ရေး တိုးတက်မှုမရှိဘူးဆိုရင်တော့ အချိန်မရွေး ပိတ်ဆို့မှုနဲ့ ပြန်အရေးယူနိုင်အောင် လမ်းဖွင့်ထားဆဲ ဖြစ်ပါ တယ်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ရေရှည်ခံဖို့ အာမခံချက်ရှိမရှိဆိုတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။
“စစ်တပ်အပါအ၀င် လက်ရှိအာဏာရ ပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံးက ဒီလုပ်ငန်းစဉ်ရဲ့ နောက်ကွယ်မှာ အခိုင်အမာရှိနေတဲ့ အချိန်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ နောက်ကြောင်း ပြန်မလှည့်ဘူးလို့ အသေအချာ ပြောဖို့မဖြစ်နိုင်သေးဘူးလို့ ယူဆပါတယ်။”
EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံဖွံ့ဖြိုးမှုအတွက် ဒီနှစ်အတွင်း ဒေါ်လာသန်း ၂၀၀ နဲ့ ညီမျှတဲ့ ယူရိုသန်း ၁၅၀ ထောက်ပံ့ ဖို့ကမ်းလှမ်းထားပါပြီ။ ၁၉၉၆ ခုနှစ်က ပိတ်ဆို့အရေးယူခဲ့ပြီးနောက်ပိုင်း အခုပိတ်ဆို့မှု ဆိုင်းငံ့တဲ့ ကာလအထိ မြန်မာနိုင်ငံ အတွက် အီးယူက ယူရိုသန်း ၂၀၀ နီးပါးသာ ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ အခုလို ပိတ်ဆို့မှုဆိုင်းငံ့လိုက်တဲ့အတွက် ဥရောပနိုင်ငံတွေ မြန်မာနိုင်ငံမှာ ပြန်လည်ရင်းနှီးးမြှုပ်နှံဖို့ အခွင့်အလမ်း ပွင့်သွားပြီဖြစ်ပေမဲ့ သတိနဲ့ စွန့်စား လုပ်ကိုင်ရမယ့် အခြေအနေရှိနေဆဲဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။
“အမျိုးသားလွှတ်တော်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတရပ်ကို အတည်ပြုလိုက်ပြီ်လို့ ကျမနားလည်ထား ပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေ ကျမတို့လက်ထဲရောက်သေးဘူးဆိုတော့ ဘာတွေပါသလဲဆိုတာ တိတိကျကျမ သိရသေးပါဘူး။ ဒီရင်းနှီးမြှုပ်နှံမှုဥပဒေဟာ မှန်ကန်စွာရေးဆွဲအတည်ပြုထားတဲ့ ဥပဒေမျိုးလားဆိုတဲ့ ကိစ္စတခုတည်း မဟုတ်ပါဘူး။ ဥပဒေစိုးမိုးမှုရှိရဲ့လား ဆိုတာက ပိုအရေးကြီးပါတယ်။ ဘယ်ဥပဒေဘဲဖြစ်ဖြစ် လွတ်လပ်၊ မျှတတဲ့တရားရေးစံနစ်နဲ့ ကြီးကြပ်ကွပ်ကဲမှု မရှိဘူးဆိုရင် ဥပဒေရှိလည်း ဘာမှ အသုံးတည့်မှ မဟုတ်ပါဘူး။”
ဧည့်သည် ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက်တာပါ။
ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ ဒီနေ့ တနင်္လာနေ့မှာ နေပြည်တော်ကိုသွားရောက်ပြီး သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် တခြားတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

By; ခင်စိုးဝင် (ဗွီအိုအေ-မြန်မာပိုင်း)

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

မြန်မာနိုင်ငံကို ဒီကနေ့ နေ့လည်ပိုင်းက ရောက်ရှိလာတဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး EU ဥရောပ သမဂ္ဂရဲ့ရပ်တည်ချက်၊ သဘောထားတွေကို ဆွေးနွေးကြောင်း သိရပါတယ်။

ဂျာမန် နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်ဟာ နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ NLD ပါတီ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟန်သာမြင့်က ပြောပါတယ်။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာမျက်နှာသစ် ဖွင့်ဖို့ အာရှခရီးကို ထွက်လာရင်း အခုလို မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်ပါတယ်။

ဝန်ကြီးဟာ မနက်ဖြန် နေပြည်တော်ကို သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အကူအညီ အများဆုံးပေးတဲ့နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံပြီးရင် ဂျာမနီနိုင်ငံက ဒုတိယနေရာမှာရှိပြီး မြန်မာနိုင်ငံက ကြွေးမြီ ယူရိုငွေ
သန်း (၇၀၀) ကျော် တင်ရှိနေကြောင်း သိရပါတယ်။
RFA-Burmese

(ဓာတ်ပုံ- AFP: ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle
နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က
တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်များကို စကားပြောဆိုနေကြစဉ်။)

ဂျာမန် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံ (ရုပ်/သံ)


"I do not think that you can say that this process is irreversible until such a time as you can be sure that all those who are in positions of power, including in army, is firmly behind this." (Daw Aung San Suu Kyi)

၂၉ ဧပြီ ၂၀၁၂။ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက်တွေ့ဆုံ ဆွေးနွေးပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
ဓါတ်ပုံ-ဒီဗွီဘီ

ဘမ်ကီမွန်း နေပြည်တော် မသွားခင် ဦးသန့် ဂူဗိမာန်ကို သွားရောက် ဂါရ၀ပြု (ရုပ်/သံ)


နေပြည်တော် မသွားခင် ဦးသန့် ဂူဗိမာန်ကို သွားရောက် ဂါရ၀ပြု ..မြန်မာ့ပြောင်းလဲရေးအတွက် ဆုတောင်းပေးနေတဲ့ ဘမ်ကီမွန်း ။
 ရိုက်တာသတင်းဌာန မှ တင်ဆက်ထားတာပါ။
"His ( U Thant) concept of one world at the height of the cold war is exactly what we are now trying to achieve. This world has become so interdependent." BAN KI-MOON


ပန်ဝါကို အစိုးရတပ်မှ စတင်တိုက်ခိုက်နေပြီဟု KIA ဆို

မြစ်ကြီးနား၊ ဧပြီ ၂၉ ရက်၊ ၂၀၁၂- (YPI)

အစိုးရစစ်တပ်မှ ရဟတ်ယာဉ်များဖြင့် လူလက်နက် ရိက္ခာ အကူအညီများ ပန်ဝါဘက်သို့ သယ်ပို့လျှက်ရှိပြီး ယမန်နေ့မှစတင်၍ ပန်ဝါဒေသရှိ ကေအိုင်အေ တပ်ဖွဲ့များကို တိုက်ခိုက်လျှက်ရှိသည်ဟု ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

ဦးလနန်က ပြောရာတွင် “ကျွန်တော်တို့ ရှေ့တန်းသတင်းတွေအရတော့ စစ်ရဟတ်ယာဉ် တစီးမှာ လက်နက်ကြီး၊ ရိက္ခာ၊ စစ်သား ၃၀ ပါတယ်လို့သိရတယ်” ဟုဆိုသည်။

ယမန်နေ့မှစတင်၍ မြစ်ကြီးနားမြို့ပေါ်မှ ဖြတ်သန်း၍ စစ်ရဟတ်ယာဉ်အနည်းဆုံး ၆ စီး ပျံသန်းသွားသည်ကို တွေ့ရသည်ဟုလည်း မြစ်ကြီးနားမြို့ခံများက ပြောသည်။

“ရဟတ်ယာဉ်တွေက ဘေးနှစ်ဘက်နှစ်ချက်မှာ ပစ်တဲ့ လက်နက်တွေပါတယ်။ မနေ့က ၆ စီး ၊ ၇ စီးလောက် ဖြတ်ပျံသွားတယ်။ ဒီနေ့တော့ ၂ စီး ၃ စီးပြန်လာတာတွေ့တယ်” ဟု မျက်မြင်တွေ့မြင်လိုက်သူ မြစ်ကြီးနားမြို့ခံတဦးက YPI သို့ပြောသည်။

ယခုရက်ပိုင်းအတွင်းကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး ကေအိုင်အို ဋ္ဌာနချုပ်နှင့် နီးစပ်သည့် နေရာများအထိ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသဖြင့် မြန်မာ အစိုးရစစ်တပ်မှ ဋ္ဌာနချုပ် လိုင်ဇာကို သိမ်းရန်ရည်ရွယ်ထားသည်ဟု ကေအိုင်အို ဘက်က ပြောဆိုမှုများလည်း ထွက်ပေါ်လျှက်ရှိသည်။
သို့ရာတွင် ယနေ့နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်မူ ကေအိုင်အို ဋ္ဌာနချုပ် လိုင်ဇာကို သိမ်းယူရန် အစီအစဉ်မရှိဟု ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက သတင်းထောက်များ၏ မေးခွန်းကိုဖြေကြားပြောဆိုသွားသည်။

ကေအိုင်အို အဖွဲ့နှင့် နအဖ အစိုးရအကြား ၁၉၉၄ ခုနှစ်တွင် သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ စတင်ဖြစ်ပွားရာမှ ပျက်ပြယ်ခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံ သောင်းနှင့်ချီ၍ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော် နှင့် တရုတ်နိုင်ငံနယ်စပ်ဘက်များဆီသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဦးသိန်းစိန် အစိုးရဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့များ ဖွဲ့စည်းကာ ယမန်နှစ်မှစတင်၍ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသကဲ့သို့ ကေအိုင်အိုနှင့်လည်း ယမန်နှစ် နှောင်းပိုင်းမှ စတင်ကာ ဆွေးနွေးခဲ့သော်လည်း ယခုအချိန်ထိ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးပေ။ ။
 Yangon Press International

အင်အယ်လ်ဒီ ပါတီဝင်များကို အုပ်ချူပ်ရေးမှူးက ခွဲခြားဆက်ဆံ

ထားဝယ်၊ ဧပြီ ၂၉ ရက်၊ ၂၀၁၂ ခုနှစ်-(YPI)

ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ဝေဒီကျေးရွာတွင် ကြားဖြတ်ရွေးကောက်ပွဲပြီးသည့် နောက်ပိုင်း ကျေးရွာ အုပ်ချူပ်ရေးမှူးက အန်အယ်လ်ဒီပါဝင်များနှင့် ရွေးကောက်ပွဲတွင် ပါတီကို မဲထည့်ခဲ့သူများအား  ခွဲခြားဖိနှိပ်မှူများ ပြုလုပ်လာခဲ့ကြောင်း ခွဲခြားဆက်ဆံခံရသူနှင့် ကျေးရွာသားများက ပြောကြားသည်။

အန်အယ်လ်ဒီပါတီဝင်များဖြစ်သည့် မုဆိုးမလေးဦး၏ နေအိမ်ခြံစည်းရိုးများအား  အစိုးရလမ်းပေါ် ကျူးကျော်နေသည့် အတွက် ဧပြီလ ၂၂ ရက်စွဲဖြင့် တစ်ပတ်အတွင်း ဖျက်ပေးရန် စာထုတ်ခဲ့ပြီး ဧပြီလ ၂၉ ရက်နေ့တွင် ခြံစည်းရိုးနှစ်ခုအား အဖျက်ခံရပြီးဖြစ်ကြောင်း အင်အယ်လ်ဒီပါတီ၏ စည်းရုံးရေးမှူး တစ်ဦးဖြစ်သူ  ဦးစိုးမောင်လေး က ဆိုသည်။

ကျေးရွာလမ်းချဲ့ရန်အတွက် တစ်ရွာလုံးအနေအထားဖြင့်ချဲ့ရမည်ဆိုလျှင် လုပ်ပေးနိုင်ကြောင်း ၊ လမ်း အတွက် လှူလျှင် ကုသိုလ်ရသည်ဟုပင် ခံယူကြောင်း ခြံစည်းရိုးအဖျက်ခံရသူများနှင့် ကျေးရွာသူ ရွာသား အချို့ကပြောသည်။

 “ ကျွန်တော်ကိုလည်း ဘိလိယက်ခုံပိတ်ဖို့၊ လမ်းဘေးက ကွမ်းဆိုင်လေးကို ပိတ်ပေးရမယ်လာပြောတယ် ”  ဟု အုပ်ချူပ်ရေးမှူး၏ ဖခင်က ဆိုသည်။ ဝေဒီကျေးရွာအတွင်းတွင် ဘိလိယက်ခုံပိုင်ရှင်သုံးဦးရှိသည်။

ကြားဖြတ်ရွှေးကောက်ပွဲပြီးကတည်းက အသေးအဖွဲကိစ္စလေးများမှသည် ယခုကဲ့သို့ ခြံစည်းရိုးဖျက်ပေး ရသည့် ကိစ္စများအထိ ခွဲခြားဆက်ဆံမှူများရှိကြောင်း အုပ်ချူပ်ရေးမှူး၏ ဖခင်ကပြောသည်။

ယခုလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲနေ့က လောင်းလုံမြို့ မဲရုံတရုံမြင်ကွင်း

ယင်းကိစ္စနှင့် ပတ်သက်ပြီး လောင်းလုံးမြို့နယ် အန်အယ်လ်ဒီ ရုံးသို့ ဆက်သွယ်ရာ “ ကျွန်တော်တို့အနေနဲ့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ အကြံပေးရုံပဲ အကြံပေးနိုင်တာပါ ” လောင်းလုံမြို့နယ်မှာ အင်အယ်လ်ဒီ ပါတီ ဥက္ကဌ ဦးရွှေတင်က ဆိုသည်။

ယခုကဲ့သို့ ပါတီဝင်များအရေးကို လုပ်ဆောင်ပေးနိုင်ခြင်းမရှိလျှင် ၂၀၁၅ ရွှေးကောက်ပွဲတွင် စည်းရုံးရေး အတွက် အခက်အခဲဖြစ်နိုင်သည်ဟု ဝေဒီကျေးရွာမှ အင်အယ်လ်ဒီပါတီ စည်းရုံးရေးမှူး ကိုစောမောင်လေး က ပြောကြားသည်။

လောင်းလုံမြို့နယ်၏ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးအောင်စိုးမှာ ရန်ကုန်သို့ ရောက်ရှိနေသဖြင့် ဝေဒီကျေးရွာတွင် ဖြစ်နေသည့်ကိစ္စကို မသိသေးပဲ လွတ်တော် မတက်ဖြစ်သေး၍ ပြန်ရောက်လာလျှင် အမြန်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။          ။
  Yangon Press International

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မီတာဖတ်ဝန်ထမ်း ၇၅ ဦး တာဝန်မှ ရပ်စဲခံရ

လျှပ်စစ်မီတာ (ဓါတ်ပုံ-Google Images)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီတာဖတ်ဝန်ထမ်း ၇၅ ဦးကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က မကြာသေးမီ ရက်ပိုင်းတွင်  တာဝန်မှ ရပ်စဲလိုက်ကြောင်း သိရသည်။ ယင်းသို့ တာဝန်မှ ရပ်စဲခံရသည့် ၇၅ ဦးတွင် ၄၄ ဦးမှာ အမြဲတန်းဝန်ထမ်း ဖြစ်ပြီး ၃၁ ဦးမှာ နေ့စားဝန်ထမ်းများဖြစ်ကာ ယင်းတို့ကို မီတာကောက်ခံရာတွင် ငွေပိုကောက်ခံခြင်း များပြုလုပ်သည် ဟုဆိုကာ ယခုကဲ့သို့ တာဝန်မှ ရပ်စဲ ရခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ မှ တာဝန်ရှိသူ အမျိုးသမီး တစ်ဦးထံမှ သိရသည်။

‘‘အခုလို ရုတ်တရက် တာဝန်ကရပ်စဲခံလိုက်ရတော့ မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်သွားတာပေါ့၊ ကျွန်မတို့ရုံးမှာ လုပ်တဲ့ မီတာဖတ်ဝန်ထမ်းကောင်လေးက သူမိဘကိုလုပ်ကျွေးနေတာ၊သူကို မှီခိုအား ထား နေရတဲ့ မိသားစု အရမ်း ဒုက္ခ ရောက် သွားတယ် နောက်အလုပ်ရှာရဖို့ကလည်း ခက်သွားပြီလေ၊ ဒီလို အစိုးရရုံးက ဒီလိုကိစ္စနဲ့ထုတ်ပယ်လိုက်တယ်ဆိုတော့ ကျန်တဲ့ဌာနဆိုင်ရာတွေက ဘယ်လို အလုပ်ခန့် ပါတော့မလဲ အမှန်တော့ ဒီကောင်လေးက ဒီလို ငွေပိုကောက်ခံ တာတို့ မတရား လုပ်တာတို့မရှိဘူး ၊ မှန်မှန်ကန်ကန်ပဲ အလုပ်လုပ်နေတာ ကျွန်မတို့ အလုံမီတာရုံးက တစ်ရုံးလုံးသိတယ် ၊ အခု ကိစ္စက ဒီ ၇၀ကျော်မှာ ကောင်း တဲ့သူရော မကောင်းတဲ့သူတွေပါ အကုန်ရောပါသွားတဲ့ သဘောပဲ တစ်ဦးချင်း စုံစမ်း စစ် ဆေးပြီးမှ ဌာနဆိုင်ရာအနေနဲ့ အရေးယူသင့်တာပါ ’’ ဟု ယခုလက်ရှိ တာဝန်ထမ်း ဆောင်နေသော ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ တာဝန်ရှိသူ အမျိုးသမီးက ပြောသည်။

ယခုအခါ ယင်းကဲ့သို့တာဝန်မှ ရပ်စဲခံလိုက်ရသည့် ကိစ္စကို ရပ်စဲခံရသူ ကာယကံရှင်တစ်ခိျု့က  ကျေနပ်မှုမရှိကြောင်း သိရသည်။

‘‘ကျွန်တော်တို့လို အပြစ်မရှိတဲ့ မီတာဖတ်ဝန်ထမ်းတွေ ဘာသွားလုပ်ကိုင် စားသောက်ကြတော့မလဲ၊ စနစ်တကျ စုံစမ်းစစ်ဆေးပြီးမှ ဘယ်သူကတော့ဖြင့် မီတာဖတ်တဲ့နေရာမှာ ငွေပိုကောက်ခံတယ် ၊မသမာမှု တွေရှိတယ်၊ ဘယ်ဝန်ထမ်း ကတော့ ဖြင့် ရိုးရိုး သားသားနဲ့ အလုပ်လုပ်နေတာ ဆိုတာကို ဌာနဆိုင်ရာက တာဝန်ရှိသူတွေ အနေနဲ့ စနစ်တကျ စုံစမ်းစစ်ဆေးသင့်တယ်၊ အခုလိုမျိုး  အုတ်ရောရော ကျောက်ရော ရော အထုတ် ခံရတာတော့ အခိျု့ဝန်ထမ်းတွေ အရမ်းနစ်နာ သွားရတယ် ၊ ဘာလုပ်ကိုင်စားလို့စားရမှန်း မသိတော့ဘူး အခုဆိုအရမ်း ဒုက္ခရောက်နေတယ်၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ အနေနဲ့ ဒီကိစ္စကို စနစ်တကျ  ပြန်လည် စီစစ်စေချင်တယ်’’ ဟု တာဝန်မှ ရပ်စဲခံရသည့် သင်္ဃာန်းကျွန်မြို့နယ် နေသူ တစ်ဦးကပြောသည်။
Yangon Media Group

ရန်ကုန်တွင် လတ်တလောဖြစ်ပေါ်နေသော လျှပ်စစ်မီးအခက်အခဲကို အမေရိကန် GE ကုမ္ပဏီက ကူညီမည်

ရန်ကုန်မြို့ တွင် လတ်တလောဖြစ်ပေါ်နေသော  လျှပ်စစ်မီးပြတ်တောက်မှု အခက်အခဲကို
ဖြေရှင်းရန် အမေရိကန် GE ကုမ္ပဏီက ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာ့ရင်း
နှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ  ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဧပြီ ၂၉ ရက် နေပြည်
တော်တွင် ပြုလုပ်သော တွေ့ဆုံပွဲတွင်ပြောကြားလိုက်သည်။

ထိုကဲ့သို့ ရန်ကုန်မြို့တွင်  လျှပ်စစ်မီးပြဿနာကို ဖြေရှင်းရန် အတွက် သာကတေ တွင်
 တည်ရှိသည့် ယိုယွင်းပျက်စီးနေသော လျှပ်စစ် မဂ္ဂါဝပ် ၉၀ ထုတ်လုပ်နိုင်သည့်
လျှပ်စစ်တာဘိုင်စက် ၂ လုံးကို ပြင်ဆင်ရန် GE ကုမ္ပဏီက အခမဲ့ ကူညီ 
ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

‘‘နောက်တစ်ပတ်နှစ်ပတ်လောက်အတွင်း လျှပ်စစ်မီးကိစ္စပြေလည်သွားလိမ့်မယ် ထင်ပါတယ်။
 ဒါပေမယ့် ကတိတော့မပေးဘူးပေါ့ဗျာ ’’ ဟု ဦးစိုးသိန်းကပြောကြားသည်။

အထက်ပါကဲ့သို့ သာကေတရှိ လျှပ်စစ်တာ ဘိုင်များကို ပြုပြင်သည့် အပြင် လျှပ်စစ်ဓာတ်အား
 ၂၅ မဂ္ဂါဝပ် ထုတ်ပေးနိုင်သော မိုဘိုင်းလျှပ်စစ်တာဘိုင် ၄ လုံးအား အမေရိကန် GE
ကုမ္ပဏီမှ ဌားရမ်းထားကြောင်းနှင့် ယင်းတို့ဖြင့် လတ်တလော ရန်ကုန်မြို့တွင် ကြုံ့တွေ့နေရ
သော လျှပ်စစ်မီး အခက်အခဲကို ဖြေရှင်းသွား မည် ဖြစ်ကြောင်းပြောကြားသည်။

မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတော် သမ္မတ  ဦးသိန်းစိန်ခေါင်းဆောင်သည့် မြန်မာ
 ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံသို့ရောက်ရှိလာစဉ် အတွင်း လျှပ်စစ်မဂ္ဂဝပ် ၉၀၀
ထုတ်လုပ်နိုင်သော ကျောက်မီးသွေးဓာတ်အားပေးရုံကိုလည်း သွားရောက်လေ့လာခဲ့
ကြောင်း သိရသည်။

ဦးစိုးသိန်းက ‘‘ မီးခိုးလုံးဝမထွက်ပါဘူး ၊ ဒါကြောင့် ဂျပန်စက်နဲ့ဆိုရင် တော့ကျောက်မီးသွေးနဲ့
 လုပ်ပေမယ့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်နိုင်ဘူးလို့ ပြောလို့ရပါတယ်’’ ဟုပြောကြားသည်။

Yangon Media Group

မန္တလေး၊ နန်းရှေ့မှာ မီးလောင်ကျွမ်းမှုဖြစ်ပွား

(၂၉.၄.၂၀၁၂ ၊ ည)
မန္တလေး၊ နန်းရှေ့၊ အုတ်စက်ရပ်ကွက်၊ အကွက်(၁၃) တွင် မီးလောင်မှုဖြစ်ပွာ။န ၄င်းရပ်ကွက်သည် တဲအိမ်များ၊ ပျင်တောင်အိမ်များနှင့် အိမ်ခြေစိပ်သောရပ်ကွက်ဖြစ်သည်။ အခုချိန်ထိတော့မီးသတ်ကားတွေသွားနေတုန်းပဲ။လက်လုပ်လက်စားများစုနေထိုင်ရာရပ်ကွက်ပါ။ ည ၁၀ နာရီ ၁၅ ခန့်တွင် စတင်လောင်ကျွမ်းရာ ည ၁၁ နာရီခန့်တွင် မီးညွန့်ကျိုးသွားပါသည်။
Myanmar News Now
လမ်းရှင်းနေသောယာဉ်ထိန်းရဲများ (Photo-CJMyanmar)

မီးသတ်ကားများလာပီ (Photo-CJMyanmar)

၆၂ လမ်း ၁၄ လမ်းထောင့် မှမီးလောင်ရာသို့ သွားရောက်နေ
သောမီးသတ်ကားများ
(Photo-CJMyanmar)

မန္တလေး မြစ်ကြီးနား (၃၃)အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျက်ဆီးခံရ (ဓါတ်ပုံများ)

(၂၉.၄.၂၀၁၂)
(၃၃)အဆန် အိပ်စင်ရထားသည် နန့်စီးအောင်ဘူတာ မှ (၂၉.၄.၂၀၁၂) နံနက် (၀၀း၅၆)နာရီအချိန်
တွင် ထွက်လာပြီး နံနက် (၁း၁၀)နာရီအချိန် ကချင်ပြည်နယ်၊
မိုးညှင်းမြို့နယ်၊ မော်ဟန်ဘူတာနှင့်နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင်မိုင်း (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့်ရထားတွဲ (၁၂)ပါဝင်ရာ၊ (၈)တွဲ လမ်းချော်ခဲ့ပါသည်။ အထက်တန်း အိပ်ခန်း
တွဲ(၁) ၁၂၆၆၉ နှင့် တွဲ (၇)၁၂၆၅၄BREZ 10919 စားသောက်တွတိမ်းမှောက်ခဲ့ပါသည်။

အိပ်စင် တွဲ(၁) D ခန်းတွင် လိုက်ပါလာသော
မျိုးမင်းထိုက် (၂၈)နှစ် ညာဘက်ခြေထောက် ကျိုးသွားပြီး၊ အိပ်စင်တွဲ(၁) B
ခန်းတွင် လိုက်ပါလာသော ရှင်စန္ဒောဘာသ ခြေမျက်စိ ဒဏ်ရာရရှိခဲ့ပါသည်။

ရထားသံလမ်း ကွန်ကရစ်တုံး(၉၅)တုံးပျက်စီးပြီး
တံတား အမှတ်(၅၃၄)ပျက်စီးခဲ့ကြောင်း ရထားထိန်း ဦးစစ်လှိုင် မှ
ပြောကြားခဲ့ပြီး မီးရထားဌာနမှတာဝန်ရှိသူများ မှ နံနက် (၈)နာရီအချိန်မှ စပြီး ရထာလမ်း ကို
ပြန်လည်ပြုပြင်နေကြောင်း သိရှိရပါသည်။

Katha Town
ရထား မိုင်းခွဲ ဖျက်ဆီးခံရစဉ် မြင်ကွင်း





ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက် သုံးဦးက ခရီးသည်တစ်ဦးကို ထိုးနှက်မှုတစ်ခု ဧပြီလ ၂၆ ရက်နေ့က ဖြစ်ပွား

ဓါတ်ပုံ(Google Images)
ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက်သုံးဦးက ခရီးသည်တစ်ဦးကို ၀ိုင်းဝန်းထိုးနှက်မှု တစ်ခု ဧပြီလ ၂၆ ရက်နေ့က စမ်းချောင်းမြို့နယ် မဟာမြိုင်မှတ်တိုင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်နေ့ ညနေ ၅နာရီအချိန် ၀န်းကျင်ခန့်တွင် ပါရမီအဓိပတိယာဉ်လိုင်း အဓိပတိ (အနီ)ပေါ်တွင် လိုက်ပါလာသော မြေနီကုန်းမှတ်တိုင်တွင် ဆင်းမည့် အသက် ၅၄ နှစ်အရွယ်ခရီးသည်မှာ ၎င်းအား မဟာမြိုင်မှတ်တိုင်တွင် ဆင်းခိုင်းသဖြင့် မကျေနပ်ကြောင်းပြောရာ ယာဉ်နောက်လိုက်သုံးဦးက ၀ိုင်းဝန်းထိုးနှက်ခဲ့ခြင်းဖြစ်ကြောင်း Eleven Media Group သတင်းအရ သိရသည်။

''မြေနီကုန်းရောက်ပြီလို့ ယာဉ်နောက်လိုက်က ပြောလို့ ဆင်းလိုက်တာ မြေနီကုန်းမှတ်တိုင် မဟုတ်မှန်းသိလို့ ပြောလိုက်တော့ မြေနီကုန်းမှာ မှတ်တိုင်မရှိတော့ဘူး၊ ဒီမှာပဲဆင်းလို့ ပြန်ပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း မင်းတို့ကို တိုင်မယ်လို့ပြောတော့ တစ်ယောက်ကဆင်းပြီး ခင် ဗျားက တိုင်ရအောင် ခင်များက ဘာကောင်လဲဆိုပြီး ထိုးတယ်။ နောက်ထပ်နှစ်ယောက်ဆင်းလာပြီး ကျွန်တော့်ကိုချုပ်ပြီး ကျန်တစ်ယောက်က ထိုးတယ်။ ဘေးက ကောင်လေးနှစ်ယောက်ရောက်လာပြီး ၀င်တားမှ မင်းတို့ တိုင်ချင်ရာတိုင်၊ ပါရမီက ကောင်တွေကွလို့ပြောပြီး ကားပေါ် တက်ပြီး ထွက်သွားတယ်''ဟု ကာယကံရှင် ကြည့်မြင်တိုင်တွင် နေထိုင်သူ ဦးထွန်းလွင်က ပြောပါသည်။

ထိုသို့ ၀ိုင်းထိုးနှက်မှုကြောင့် ဦးထွန်းလွင်မှာ နားထင်ကွဲဒဏ်ရာ၊ မျက်နှာ၊လက်နှစ်ဖက်နှင့် ၀မ်းဗိုက်တွင် ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်းနှင့် စမ်းချောင်းရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း အမှုဖွင့်တိုင်ကြားခဲ့မှုကို မပြုလုပ်ခဲ့ကြောင်း ဦးထွန်းလွင်က ဆိုပါသည်။

''သူတို့ဘယ်လောက် ရိုင်းရိုင်း သူတို့ကိုမှီခိုနေတဲ့သူတွေ အခက်တွေ့မှာစိုးလို့ပါ''ဟု ဦးထွန်းလွင်က ပြောပါသည်။ ထို့အတူ ဧပြီလ ၄ ရက်နေ့ကလည်း ပါရမီ အဓိပတိယာဉ်လိုင်းမှ လူ ၃၀ ဦးကျော်မှာ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက်အတွင်း အုပ်စုလိုက် ရမ်းကားမှုတစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။

ဒီမိုကရေစီ အလေ့အကျင့်တွင် အစိုးရအဖွဲ့ ၀င်များ အပြောင်းအလဲ ရှိတတ်သည့်

ဒီမိုကရေစီ အလေ့အကျင့်တွင် အစိုးရအဖွဲ့ ၀င်များ အပြောင်းအလဲ ရှိတတ်သည့် သဘောသဘာဝရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲ ရှိသည်ဆိုသော သတင်းများထွက်ပေါ် နေခြင်းမှာ မှန်ကန်ပါသလား ဆိုသော The Voice Weekly ၏ မေးမြန်းချက်အပေါ် ယင်းသို့ပြန်လည်ဖြေ ကြားခြင်းဖြစ်သည်။
ဒါအပြင် စီးပွားရေး ဗီဇာအား ဆိုက်ရောက် ဗီဇာ အဖြစ် ဂျွန်လ ၁ရက်နေ့မှ စတင်၍ ပေးအပ် သွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဦးခင်ရီက နေပြည်တော်ရှိ စက်မှု ၂ ဝန်ကြီးဌာနရုံးတွင် ယနေ့ ၁နာရီ၌ ပြုလုပ်သော သတင်းမီဒီယာ သမားများနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ ဗီဇာသည် မြန်မာပြည်တွင် နေထိုင်ခွင့် ရက် ၇၀ ရရှိမည် ဖြစ်ပြီး ဒေါ်လာ ၄၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ခရီးသွားဗီဇာအား ဆိုက်ရောက် ဗီဇာ အဖြစ် ထုတ်ပေးရန် ခရီးသွားလုပ်ငန်းများနှင့် ညှိနှိုင်းနေဆဲဖြစ်ပြီး အာဆီယံ နိုင်ငံ အားလုံး ကို ဗီဇာ အမျိုးစား အားလုံးအတွက် ဆိုက်ရောက် ဗီဇာ ထုတ်ပေးရန် အစီအစဉ် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
 The Voice Weekly
နေပြည်တော်ရှိ စက်မှု ၂ ဝန်ကြီးဌာန ရုံးတွင် ယနေ့နေ့လည် ၁ နာရီက ပြုလုပ်သော သတင်း မီဒီယာသမားများနှင့် တွေ့ဆုံပွဲ
 

UN အတွင်းရေးမှူးချူပ် ဘန်ကီမွန်း လဲ ရောက်လာပါပြီ (ရုပ်/သံ)

UN အတွင်းရေးမှူးချူပ် ဘန်ကီမွန်း မြန်မာနိုင်ငံရောက်ရှိလာစဉ် ရိုက်တာသတင်းဌာနမှာ (ရုပ်/သံ)မှာ ကြည့်ရှုနိုင်ပါသည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ ပြန်လည် ဖွဲ့စည်းမည်


နေပြည်တော် ၊ ဧပြီ ၂၉
 
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် တစ်ဖွဲ့ဖြင့်သာ ဆွေးနွေးသွားနိုင်ရန် ပြည်ထောင်စုအဆင့် ပြည်တွင်း ငြိမ်ချမ်းရေး ဖော်ဆောင်မှု အဖွဲ့ကို ပြန်လည် ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း နေပြည်တော်ရှိ စက်မှု ၂ ဝန်ကြီးဌာနရုံးတွင် ယနေ့ ၁ နာရီ၌ ပြုလုပ်သော သတင်းမီဒီယာ သမားများနှင့် တွေ့ဆုံပွဲ၌ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ ပြန်လည် ဖွဲ့စည်းရာတွင် အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်မှ တပ်မတော်သားများ ဖြင့် ပြန်လည် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အရပ်သား အစိုးရလက်ထက်၌ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့သည် လက်နက်ကိုင် အဖွဲ့အစည်း ဆယ်ဖွဲ့နှင့် အပစ်ခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီး KIA လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုတည်းသာ ကျန်တော့ကြောင်း အဆိုပါ ပွဲတွင် ပြောကြားခဲ့သည်။


By: The Voice Weekly

သံလမ်းမိုင်း(ဗုံး)ကွဲမှုကြောင့် မန္တလေး-မြစ်ကြီးနားရထား တွဲချော်၊ လူရှစ်ဦးသေဆုံး

မန္တလေး-မြစ်ကြီးနားရထား(ဓါတ်ပုံ-Google Images)
မန္တလေးမြို့မှ ယမန်နေ့(၂၈.၄.၁၂) နေ့လည် ၁ နာရီခန့်က မြစ်ကြီးနားသို့ထွက်ခွာသွားသော မန္တလေး-မြစ်ကြီးနား ရထားသည် နန်းကွေ့-ပြည်ထောင် ရထားလမ်းပိုင်းအတွင်း တစ်နေရာတွင် ယနေ့(၂၉.၄.၁၂) နံနက်အစောပိုင်းက သံလမ်း မိုင်း(ဗုံး)ကွဲမှုကြောင့် တွဲချော်ကာ လူရှစ်ဦး သေဆုံးသွားကြောင်း ရထားဝန်ထမ်းတစ်ဦးက CJMyanmar သို့ သတင်းပို့ပါသည်။

အဆိုပါ ရထားနောက်မှ မြစ်ကြီးနားသို့ ထွက်ခွာသော အခြားသော မန္တလေး-မြစ်ကြီးနား ရထားတစ်စင်းသည် ယခုအခါ နဘားဘူတာတွင် ရပ်တန့်ထားရကြောင်းနှင့် မန္တလေး-မြစ်ကြီးနား အသွားအပြန် ရထားပြေးဆွဲမှုကို ၅ ရက်ခန့် ရပ်တန့်ထားနိုင်ကြောင်းလည်း သိရသည်။

မန္တလေး-မြစ်ကြီးနား ကုန်စည်စီးဆင်းမှု ရပ်တန့်သွားသဖြင့် ယနေ့ မြစ်ကြီးနားတွင် စားသောက်ကုန်ပစ္စည်းများသည် နဂိုဈေးထက် အတန်ငယ် မြင့်တက်လျက်ရှိလာနေကြောင်းလည်း CJMyanmar က သတင်းရရှိပါသည်။
 CJMyanmar

ဧပြီလ ၃၀ ရက်နေ့ ထုတ် The Voice Weekly ဂျာနယ်

The Voice 8-19
ဧပြီလ ၃၀ ရက်နေ့ ထုတ် The Voice Weekly ဂျာနယ်


သုဿာန်မြေနှင့် ရပ်ကွက်ရုံး မြေတို့အား ပုဂ္ဂလိကလက်သို့ရောင်းချခြင်း

ကချင်ပြည်နယ် ဖားကန့် မြို့ နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဝှေဆိုင်းရပ်ကွက်(၇)
သုဿာန်မြေနှင့် ရပ်ကွက်ရုံး မြေနေရာကို ဝှေဆိုင်းရပ်ကွက်မှူး ဦးသန်းညွှန့် ၊
ဦးမောင်တာ နှင့် ရပ်ကွက်စာရေး တို့ သုံးဦးမှ ရပ်မိရပ်ဖ များအား အသိမပေးဘဲ
ရောင်းစားထားကြကြောင်းသိရပါသည်။

သုဿာန်မြေကို မိုးကောင်းမြို့ နယ် မင်းကုန်းကျေးရွာမှ ဦးအိုက်မောင်အား
တန်ဖိုးငွေ ၇၅ သိန်းဖြင့် ၂ဝ၁၂ ဇန်နဝါရီလတွင် ရောင်းချခဲ့ပြီး၊ ရပ်ကွက်ရုံးမြေကို
ဝှေဆိုင်းရပ်ကွက်(၇)နေ ဦးသန်းထွန်းအောင်အား တန်ဖိုးငွေ သိန်း၎ဝ ဖြင့် ၂ဝ၁၂ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင်လည်းကောင်း အသီးသီး ရောင်းချ
သွားပြီးဖြစ်ပါသည်။

ထိုအရောင်းအဝယ်ပြုမှုကိစ္စကို ဟောင်ပါးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းအား
ဖြေရှင်း ပေးရန် အတန်တန်ပြောဆို တိုင်တန်းကြသော်လည်း ထိရောက်သောဖြေရှင်းမှု
ပြုလုပ်ပေးခြင်း မရှိခဲ့ပါ။

သို့ ပါ၍ ၂.၄.၂ဝ၁၂ နေ့တွင်  ဖားကန့် မြို့ နယ် အုပ်ချုပ်ရေးမှူး ၊  မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး
 နှင့်ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့ ထံသို့ဖြေရှင်းနိုင်ရန် ဟောင်ပါး ကျေးရွာအုပ်စု
 ဝှေဆိုင်းရပ်ကွက်(၇)မှ ဒေါက်တာမောင်မောင်မြင့်နှင့် ဦးထွန်းအောင်တို့ မှ
အကြောင်းကြားထားကြကြောင်းသိရပါသည်။

Myanmar News Now





တရားသူကြီးများအပေါ်တွင် ပြည်သူလူထု တိုင်ကြားမှု ၇၇ မှုရှိခဲ့ကာ တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်းမှာ မှန်ကန် မှုရှိ

7301
ဓါတ်ပုံ (Eleven Media Group)

တရားသူကြီးများအပေါ်တွင် ပြည်သူလူထု တိုင်ကြားမှု ၇၇ မှုရှိခဲ့ကာ တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်းမှာ မှန်ကန် မှုရှိခဲ့ပြီး  အရေးယူမှုလျော့ရဲခြင်းအပေါ် ဝေဖန်မှုများရှိနေ၊ အဂတိလိုက်စားကာ တရားသဖြင့် မစီရင်သော တရားသူကြီးများကို စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူခြင်းထက် ပြည်သူ့ရှေ့မှောက်တွင် ဥပဒေအရအပြစ်ပေး အရေးယူခြင်းသည် ဒီမိုကရေစီစနစ်နှင့် ပိုမိုကိုက်ညီမှုရှိမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား
သမ္မတကြီးမိန့်ခွန်း ပြောကြားပြီးသည့်နောက် ပြည်သူလူထုက တရားစီရင်ရေးဆိုင်ရာ တရားသူကြီးများအပေါ်တွင် တိုင်ကြားမှု ၇၇ မှုရှိခဲ့ပြီး တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်း မှာ မှန်ကန်မှုရှိခဲ့ကြောင်း၊ ထို့ပြင် ရာထူးအဆင့် လျှော့ချခံရသူ နှစ်ဦး၊ အငြိမ်းစားပေးခြင်း ခံရသူတစ်ဦးနှင့် သတိပေးခြင်းခံရသူ ၄၀ဦး အပါအ၀င် ၀န်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရသူ တရားသူကြီးပေါင်း ၅၇ ဦး ရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူလူထုနယ်ပယ်တွင် တရားမျှတမှုမရှိသော တရားစီရင်မှုများ၊ လာဘ်ပေးလာဘ်ယူမှု များ ပြုလုပ်ကာ တရားစီရင်မှုများအပေါ် တိုင်ကြားမှုများစွာ ရှိနေသော်လည်း ပြစ်မှုဆိုင်ရာ ဥပဒေများအရ ထိရောက်စွာ အရေးယူနိုင်မည့် ဥပဒေများ မရှိသေးခြင်း၊ အရေးယူမှုအပိုင်း ၌ အားနည်နေခြင်းများအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်အကြံပြုခဲ့ကြသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို တင်သွင်းခဲ့သည့် “တရားရေးမဏ္ဍိုင် ဖြောင့်မတ် ကြံ့ခိုင်ရေးအတွက် ၀ိုင်းဝန်းကူညီ ထောက်မပေးရေး အဆို”ကို ထောက်ခံဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က “ကျွန်တော့်အနေနဲ့ သူရဦးအောင်ကို တင်သွင်းခဲ့တဲ့အဆို ကို ဝေဖန်အကြံပြုချက်များနှင့်တကွ တင်ပြပါမယ်။ ဒီအဆိုကို ဘာကြောင့် ထောက်ခံတင်ပြ ရသလဲဆိုတာ ကျွန်တော်တို့ရဲ့ တရားရေးမဏ္ဍိုင်ဟာ အင်မတန်မှယိမ်းယိုင်နေပြီဆိုတာ ပြည်သူလူထုရဲ့ ပြောဆိုဝေဖန်ချက်တွေက သက်သေခံနေပါတယ်။ ဒီနေ့ပြည်သူကနေ နိုင်ငံခြား သတင်းဌာနတွေကို ပေးပို့တဲ့တင်ပြ စာတွေကို နားထောင်လိုက်ရင် ဒီရက်ပိုင်းလေးမှာပဲ သထုံမြို့နယ် ဥပဒေ၀န်ထမ်း၊ တခြားမြို့နယ်က တရားသူကြီးတွေ ပြည်သူလူထုအပေါ်မှာ ဥပဒေနဲ့အညီ လွတ်လပ်စွာ တရား မစီရင်တဲ့ ဥပဒေလိုင်စင်ရပြီး အလွဲသုံးစားလုပ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်ဆို တာ ကျွန်တော်တို့ ငြင်းလို့မရပါဘူး။ နောက်တစ်ခုက ကျွန်တော် တရားရုံးချုပ်နဲ့ပတ်သက်ပြီး မေးထားတဲ့ မေးခွန်းရှိပါတယ်။ ကျွန်တော့်မေးခွန်းက ကြယ်ပွင့်ပြပါ။ ဒါပေမယ့် ကျွန်တော့်ဆီကို ပြန်လာတော့ ကြယ်ပွင့်ပြ မေးခွန်းဆိုပေမယ့် ထိပ်တန်းလျှို့ဝှက်လို့ ပါလာပါတယ်။ အဲဒါကြောင့် ပြည်ထောင်စု တရားရုံးချုပ်ရဲ့ ပြန်ကြားချက်ကို ထိပ်တန်း လျှို့ဝှက်လို့ ပါတဲ့အတွက် လွှတ်တော်တွင်းမှာ ကျွန်တော် ကိုးကားခွင့် ရှိ၊ မရှိ လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ပြည်ထောင်စု တရားရုံးချုပ် သက်ဆိုင် သူများကို မေးမြန်းပါရစေ။ ဥက္ကဋ္ဌ ကြီးမှတစ်ဆင့် ဖြေကြားပေးပါလို့ တင်ပြပါတယ်။ (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးက ဆက်လက်ဆွေးနွေးရန် ပြောကြားသည်)။ ဥက္ကဋ္ဌကြီး ခင်ဗျာ ကျွန်တော့်ဆီ ပြန်ကြားစာအရ သမ္မတကြီးမိန့်ခွန်းပြောပြီးတော့ ၃၃ /၂၀၁၁မှာ ပြည်သူလူထုက တရားစီရင်ရေးအပေါ်မှာ တိုင်ကြားခဲ့တာ ၇၇ မှုရှိပါတယ်။ အဲဒီ ၇၇ မှုနဲ့ ပတ်သက်ပြီးတော့ အရေးယူမှုကတော့ ၁၀ ယောက်ကို ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ နှစ်ဦးကို ရာထူးအဆင့် လျှော့ချခြင်း ရှိပါတယ်။ အငြိမ်းစားပေးခြင်း ခံရသူတစ်ဦး ရှိပါတယ်။ သတိပေးခြင်းခံရသူ ၄၀ ဦး ရှိပါတယ်။ စုစုပေါင်းဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရတဲ့ တရားသူကြီး ၅၇ ဦးရှိကြောင်း တွေ့ရပါတယ်။ ခြုံပြောရရင် ပြည်သူလူထုရဲ့ တိုင်ကြားချက်ဟာ ၈၀ ရာခိုင်နှုန်းနီးပါး မှန်ကန်တယ်ဆိုတာ ပြည်ထောင်စုတရားရုံးချုပ်ရဲ့ ပြန်စာအရ ဖော်ပြနေပါ တယ်။ ပြည်သူလူထု နယ်ပယ်မှာတင် မကပါဘူး။ မကြာခင်က လန်ဒန်ကနေ ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းကောက်ယူရေး အဖွဲ့ရဲ့ အစီရင်ခံစာမှာ တရားဥပဒေစိုးမိုးမှု အနည်းဆုံး ၁၀ နိုင်ငံ စာရင်းမှာ ကျွန်တော်တို့ နိုင်ငံ ပါဝင် နေပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားရေး ဂုဏ်သိက္ခာကို ထိပါးရုံတင်မကဘဲ ယခုနိုင်ငံရေး အခြေအနေသစ် အရ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်း ခြင်း၊ ဆိုင်းငံ့ခြင်းကာလမှာ ကျွန်တော်တို့နိုင်ငံမှာ လာရောက်မယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက်လည်း မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အဆိုးဆုံးစာရင်းမှာ ပါဝင်နေတာကို မလိုလားအပ်ဆုံး အခြေအနေနဲ့ အရေးတကြီး ပြုပြင်ရပါတော့မယ်”ဟု ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ဆွေးနွေးသွားခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဆွေးနွေးချင်ပါတယ်။ တရားရေးကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတစ်ဝန်း စိတ်ဝင်စားနေသလို ပြင်ပနိုင်ငံ များကလည်း စိတ်ဝင်စားနေတဲ့ကိစ္စ ဖြစ်တဲ့အတွက် တကယ်လို့သာ ဖွင့်ပေးမယ်ဆိုရင် အချိန်ပိုပေးမယ်ဆိုရင် ဒီထက်မက ဆွေးနွေးမယ့်သူများ လည်း ပေါ်လာမှာဖြစ်ပါတယ်။ ဒီ နေရာမှာ ဦးသိန်းညွန့်က ဥက္ကဋ္ဌကို မေးခွန်းမေးပါတယ်။ ကြယ်ပွင့်ပြ မေးခွန်းကို ပြန်ဖြေတဲ့အခါမှာ စာ နဲ့ဖြေတယ်။ ထိပ်တန်းလျှို့ဝှက် ဖြစ်နေတယ်။ ဒါကြောင့်မို့ ဥက္ကဋ္ဌကြီး ဒါကိုဖြေကြားပေးပါ။ ရှင်းလင်းပေးပါလို့ ပြောတဲ့အခါမှာ ကျွန်တော်က ဆွေးနွေးပါလို့ပဲ ပြောလိုက်ပါတယ်။ ဦးသိန်းညွန့် ဆွေးနွေးတဲ့နေရာမှာ ထိပ်တန်းလျှို့ဝှက်လို့ ဖော်ပြရတဲ့အကြောင်းကို ကျွန်တော် သဘော ပေါက်ပါတယ်။ တရားသူကြီးများ၊ တရားရေး အဖွဲ့အစည်းများက တာဝန်ရှိသူများကို တရားရုံးချုပ်အနေနဲ့ အရေးယူခဲ့တာ အမှုပေါင်း ဘယ်လောက်၊ လူပေါင်း ဘယ်လောက်၊ ပုဂ္ဂိုလ်ပေါင်း ဘယ်လောက် ဒီလိုဖော် ပြထားတာတွေ့ရမယ်။ ဒါကို ကျွန်တော့်အထင် ပြောမယ်ဆိုရင် ပြည်သူကို ထုတ်ပြန်ကြေညာပေးမယ် (သို့မဟုတ်) လွှတ်တော်ကို အသိပေးမယ်ဆိုရင် တရားသူကြီးများအနေနဲ့ ခုနကဲ့သို့ အမှုကိစ္စများမှာ ပါဝင် ပတ်သက်နေတာတွေ ရှိနေတယ်။ ဒါကြောင့်မို့ ဒီလိုထုတ်ပြန်လိုက်တယ် ဆိုရင် တရားရုံးချုပ် တရားသူကြီးနဲ့ တခြားတရားသူကြီးများမှာ သိက္ခာတွေ ကျသွားနိုင်တယ်ဆိုတဲ့ အနေအထားအရ ထိပ်တန်းလျှို့ဝှက်ဆိုတာ ဌာန အတွင်းမှာ (သို့မဟုတ်) သူ့ပတ်ဝန်း ကျင်အတွက်ပဲ ဒီလိုဖြစ်မယ်လို့ ကျွန်တော်ယူဆပါတယ်။ တကယ်တန်း ကျတော့ ကျွန်တော့်အမြင်ပြောရရင်  ဒီကိစ္စမျိုးမှာ တရားရုံးချုပ်အနေနဲ့ ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ပြော ဖို့လိုပါတယ်။ ဘယ်တရားသူကြီး၊ ဘယ်နေရာမှာ၊ ဘာကိစ္စအတွက် တရားသဖြင့် မစီရင်လို့ (သို့မဟုတ်) အဂတိလိုက်စားလို့ ဒီလိုဆောင်ရွက် တာ။ ဒါကြောင့်မို့ ဒီလိုအရေးယူ လိုက်တယ်ဆိုလို့ရှိရင် တရားရုံးချုပ် အပေါ်မှာ ပြည်သူတွေအမြင်ပိုပြီးတော့ ကောင်းနိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါကြောင့် ဦးသိန်းညွန့် ဆက်ဆွေးနွေးပါလို့ ပြောခြင်းဖြစ်ပါတယ်။ အဲဒီမှာမှ အခုလိုတရားရုံးချုပ်က စီမံလိုက်တာက စီမံခန့်ခွဲရေး နည်းလမ်းအားဖြင့် အပြစ်ပေးတယ်လို့ အကြမ်းဖျင်း သဘောပေါက်ပါတယ်။ တကယ်ဖြစ်သင့်တာက ဒီလိုကိစ္စမျိုး ပေါ်ပေါက်လာရင် ဥပဒေအရ အရေးယူ အပြစ်ပေးခြင်းဟာ ပိုပြီးတော့ နှစ်ဖက်မျှတလို့ ပြည်သူ့ရှေ့မှောက်မှာ တရားစီရင်လိုက်တယ် ဆိုလို့ရှိရင် ပြည်သူလည်းသိ၊ သက်ဆိုင်ရာ တရားသူကြီးများလည်း သိ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများလည်း သိ သွားမှာဖြစ်တဲ့အတွက် ပိုကောင်းမွန် တဲ့ကိစ္စဖြစ်ပါတယ်။ ဒါကတစ်ချက်ပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရှေ့ဆက်သွားမယ့်ခရီးမှာ စီမံခန့် ခွဲရေးနည်းလမ်းဖြင့် အရေးယူခြင်းထက် ဥပဒေအရ အပြစ်ပေး အရေးယူခြင်းဟာ ဒီနေ့သွားတဲ့စနစ်နဲ့ပိုပြီး ကိုက်ညီမှုရှိကြောင်း ကျွန်တော့်အနေနဲ့ ထင်မြင်သုံးသပ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းဝါနုက “ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၇၇ မှာ တရားသူကြီး များရဲ့တရားစီရင်ရေးဆိုင်ရာ ဆောင် ရွက်ချက်များကို အရေးယူမှု မပြုနိုင်ရန် ကင်းလွတ်ခွင့် ပြုထားပါတယ်။ အဲဒီကင်းလွတ်ခွင့်ကို ပယ်ဖျက်သင့်ပါတယ်။ ဒါမှသာ သဘောရိုးလို့ တွင်ကျယ်စွာသုံးပြီး မရိုးမဖြောင့် ပြုလုပ်ခြင်းများ ပပျောက်ကာ တရားစီရင်ရေး ကဏ္ဍကို တည့်မတ်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

 ဝေယံဖြိုးဦး (Eleven Media Group)

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဓါတ်ပုံ (Google Images)
မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယခုည(ဧပြီလ ၂၈ ရက်နေ့) ၉ နာရီ ၄၀ မိနစ်ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်းEleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။

ဖောက်ခွဲသူမှာ ခန့်မှန်ခြေ အသက် ၂၀ ၀န်းကျင်အရွယ်ဖြစ်ပြီး ရှေ့မှသွားသော ရဲကားအား နောက်မှ ဆိုင်ကယ်နှင့်လိုက်၍ ဗုံးဖောက်ခွဲမှုပြုလုပ်ရာမှ အဆိုပါဗုံးမှာ လူငယ်၏ ပါးစပ်ထဲတွင်ပင် ပေါက်ကွဲသွားပြီး ထိုသူသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖောက်ခွဲသူတွင် M20 ပစ်စတို တစ်လက်ပါလာပြီး ကျည်ထိုးပြီးသားဖြစ်နေကြောင်းနှင့် အခြား ကျည်ဆံ ၆ တောင့်ကိုလည်း ၎င်းအနီးတွင်တွေ့ရှိရကြောင်း ဗုံးဖောက်ခွဲသူစီးနင်းလာသည့် ဆိုင်ကယ်မှာ CZL 125 GLN ဖြစ်ပြီး မူဆယ် ပြည်တောင်စုလမ်းမကြီးပေါ်ရှိ  ဆင်ရတနာဟိုတယ်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဖောက်ခွဲခဲ့သူမှာ သေဆုံးသွားခဲ့ပြီး မျက်နှာတစ်ခုလုံး ပျက်စီးသွားသောကြောင့် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်းနှင့် ယခုတစ်ကြိမ်ဆိုလျှင် ဧပြီလအတွင်း ဒုတိယအကြိမ်မြောက် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပြီး ပထမတစ်ကြိမ်က မူဆယ် ၁၀၅ မိုင် ယာဉ်စစ်ဆေးရေးဂိတ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Eleven Media Group သတင်းအရ သိရှိရသည်။

ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း(အထက်)တွင် လူသေမှုတစ်ခုဖြစ်ပွား

လမ်းပေါ်တွင် သေဆုံးနေသူ ဦးကျော်ကျော်
လမ်းပေါ်တွင် သေဆုံးနေသူ ဦးကျော်ကျော်
ရန်ကုန်တိုင်းဒေသ ကြီး၊ ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း(အထက်) တွင် ဧပြီ ၂၈ နေ့လယ် ၁ နာရီ ၅ဝ ဝန်းကျင်ခန့်က လူ တစ်ဦးလဲကျသေဆုံးနေ ကြောင်း သတင်းရရှိသည်။
ကျောက်တံတား ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ကျော်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး၊ သေမှုသေခင်း အခြေအနေကို ဓာတ်ပုံ ရိုက်မှတ်တမ်းတင်ခြင်းနှင့် ရဲလုပ်ငန်းဆိုင်ရာများကို ဆောင်ရွက်ပြီး မွန်းလွဲ ၂ နာရီ ၅ဝ မိနစ်တွင် အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်လိုက်သည်။
မျက်မြင် သက်သေတစ်ဦး၏​  ပြောကြားချက်အရ​  သေဆုံးသူမှာ မနက် ၇ နာရီ ခွဲခန့်က ၃၉ လမ်း(အပေါ်) တွင်လဲကျနေပြီး ကားအသွားအလာခက်ခဲမှုကြောင့် အနီးရှိအိမ်တစ်အိမ်ရှေ့သို့ အနီးနားမှ ဈေးသည်များ၏ အကူအညီဖြင့် ရွှေ့ပြောင်းခဲ့ရ ကြောင်း၊ မနက် ၁၁ နာရီ ခန့်တွင် ၎င်းမှာမျက်ဖြူလန်ပြီး သေဆုံးသွားကြောင်း၊ ထို့နောက် ကျောက်တံတားမြို့နယ်၊ ၈ ရပ်ကွက်၊ဥက္ကဋ္ဌ ဦးမောင်မောင်လှထံသို့ ဖုန်းဖြင့်​ ဆက်သွယ် အကြောင်းကြားရာ ၁ နာရီ ၅ဝ လောက်မှာ​  ရောက်လာတာ​  တွေ့ရကြောင်း MIJ သို့​ ပြောကြားသည်။
သေဆုံးသူ၏ အခြေအနေနှင့်သူ့မိသားစုအကြောင်း ကို MIJ မှ စုံစမ်းရာ သေဆုံးသူ အမည်မှာ ဦးကျော်ကြီး (ခ) ဦးကျော်ကျော် (၃၈)နှစ်ဖြစ်သည်။ ၃၈ လမ်းနှင့် မဟာဗန္ဓုလလမ်းထိပ် တွင် ရေခဲရေရောင်း၍ အသက်မွေး ဝမ်းကြောင်းနေသူ တစ်ယောက်​ ဖြစ်ကြောင်းသိရသည်။ သေဆုံးသူ ဦးကျော်ကြီးနှင့် ရင်းနှီးသူ ဘဝတူဈေး သည်တစ်ဦးက ၎င်းင်း၏မိတ် ဆွေနှင့်ပတ်သက်၍ပြောကြား ရာတွင် “ကိုကျော်ကြီးဘဝ က အရမ်းသနားဖို့ကောင်းပါတယ်။ ဒီမနက်စောစောကတောင် သူနဲ့တွေ့သေးတယ်။ အကောင်းကြီးပါဗျာ။ ဒါပေမဲ့ သူတော်တော်လေး မူးနေပြီ။သူ့ဇနီးနဲ့ကွဲနေတာ ၇ နှစ် ၈ နှစ်လောက်ရှိပြီ။ ကလေး တစ်ယောက်ရှိတယ်။ သူ့ဇနီး မချိုချိုက အဲဒီကလေးနဲ့ ဒလ မှာနေတယ်။ အရင်ကတော့ အမဲအူသုပ်ရောင်းတယ်။  ကိုကျော်ကြီးက သာကေတ မာန်ပြေရပ်ကွက်မှာ အရင်က သူ့အမေအိုကြီးနဲ့နေတယ်။ နောက်စားရေးခက်ခဲလာတော့ သူ့အမေအိုကြီးကို ဘိုးဘွား ရိပ်သာကို ပို့လိုက်ရတယ်။ အဲဒီနောက်ပိုင်းတော့ အရက် ကို အဖော်လုပ်ပြီး ရေခဲရေ ရောင်းလိုက်၊ ရတာသောက် လိုက်ပေါ့။ အခုတော့ သူ့ဘဝ ကို အရက်ကပဲ ဇာတ်သိမ်း လိုက်ပြီပေါ့ဗျာ”ဟု ဘဝတူ သူငယ်ချင်း၏ ကြေကွဲဇာတ် သိမ်းကို ပြောပြပါသည်။
မနက် ၁၁ နာရီခန့်က တည်းက သေဆုံးသူ၏ အလောင်းအား ပုဆိုးဟောင်း တစ်ထည်ဖြင့် ဖုံးအုပ်၍ထားရပြီး၊နေ့လယ် ၂နာရီဝန်းကျင်အထိ ရွှေ့ပြောင်းနိုင်ခြင်းမရှိခဲ့ပေ။ အလောင်းအား ကားငှား၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့မည်ဆိုလျှင် ကားခ မှာ ကျပ် ၃ဝဝဝဝိ/-ဖြစ်၍ ငွေကြေးစိုတ်ထုတ်ပေးမည့် သူမှာပေါ်ထွက်မလာခဲ့ပါ။ ယင်းအခက်အခဲနှင့်ပတ်သက်၍ ကျောက်တံတားရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင်“ခက်တယ်ဗျာ၊ လူတစ်ယောက်သေပြီဆိုရင် ဒီငွေဘယ်သူစိုက်ပေးမလဲဆိုတဲ့ ပြဿနာပဲ။ ကျွန်တော်တို့ရဲတွေကလည်း လခက သောင်းဂဏန်းပဲ။ ဒီလခနဲ့ ကားခ ၃ဝဝဝဝိ/-ကျပ်ဆိုတာကို ဘယ်လိုစိုက်နိုင်မှာလဲ စိုက်ပြီထားဦး။ ဘယ်ပုဂ္ဂိုလ်တွေကမှ ပြန်ပေးတာမရှိဘူး။ ဒါထုံးစံပဲ။ အမှုတစ်ခုဖြစ်ပြီ ဆိုရင် ကားခ၊တည်းခိုစရိတ်၊ စားစရိတ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ။ ဒါကိုပြည်သူတွေက မသိတော့ စည်ပင်သာယာ ပဲဖြစ်ဖြစ်၊ မော်တော်ပီကယ်ပဲ ဖြစ်ဖြစ်၊ ဘာလုပ်လုပ် ကျွန်တော်တို့ ရဲတွေ လုပ်တာပဲ မြင်နေကြတယ်။ အခုလည်း ဒီအလောင်းကို ဒီအတိုင်းကြီး အကြာကြီးထားရတာကျွန်တော်တို့အတွက်လည်း မကောင်းသလို ပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူးပေါ့။ ကဲ ဘယ်လိုလုပ်မလဲဗျာ။ ကားခ ၃ဝဝဝဝိ/-ကျပ် စိုက်ပေးမယ့်သူပဲ မျှော်ရတော့မှာပေါ့” ဟု ရဲလုပ်ငန်းတွင် ငွေကြေး အခက်အခဲကြောင့် အမှုအခင်းကို ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာရကြောင်းနှင့် ပြည်သူများ ရဲတပ်ဖွဲ့ဝင်များအပေါ် အမြင်တစ်မျိုး ရှိနေကြောင်းကို MIJ သို့ ပြောကြားသည်။
နေ့လယ် ၃ နာရီခန့်တွင် သေဆုံးသူ ဦးကျော်ကြီး(ခ) ဦးကျော်ကျော်၏ ယောက်ဖဖြစ်သူကိုသက် ဆိုသူ ရောက်ရှိလာပြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လူနာတင်ကားကို ငွေကျပ် ၃ သောင်းဖြင့် ဈေးဆစ်၍ ဆေးရုံကြီးသို့ ပို့ဆောင်ရာ ကျောက်တံတား ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တချို့နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတချို့ လိုက်ပါကြောင်း တွေ့ရသည်။
 မြန်မာအင်ဒီပဲန်ဒင့်

ရှားခင်းအင်းရဲကြီးအတွင်း ဒေသခံတွေ ငါးဖမ်းခွင့်မရ

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရှားခင်းအင်းရဲကြီးအတွင်း ငါးဖမ်းခွင့်ရဖို့ ဒေသခံပြည်သူ (၃၀၀) နီးပါး အင်းနေဘေးမှာ ဧပြီလ (၂၈) ရက်နေ့ မနက်ပိုင်းက စုရုံး ဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။

ဆွေးနွေးပွဲမှာ ကျုံပျော်မြို့နယ် ရှားခင်းကျေးရွာအုပ်စုမှာ ရှိတဲ့ ရှားခင်းအင်းရဲကြီး အတွင်း ငါးဖမ်းခွင့်မရလို့ မကျေမနပ် ဖြစ်နေတဲ့ အခြေအနေတွေကို ဒေသခံတွေက လူ့အခွင့်အရေး ကာကွယ်မြှင့် တင်သူများကွန်ယက် (HRDP) ကို တင်ပြပြီး လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်က လူ့အခွင့်အရေးနဲ့ ဥပဒေကြောင်းအရ ဆွေးနွေးအကြံပြုခဲ့ တာလို့ သိရပါတယ်။

ဒေသခံ အင်းလုပ်သားတဦးက အခုလို ပြောပါတယ်။

"လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့နဲ့ ဒေသခံပြည်သူတွေက ဒီရှားခင်းအင်းထဲမှာ ဒေသခံပြည်သူတွေက ငါးရှာဖွေ စားသောက်လို့ မရဘူး လေလံစွဲထားတဲ့ အင်းသူကြီးတွေ အာဏာပိုင်တွေကနေ
ဒေသခံပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်တယ်၊ အရေးယူတယ်၊ ပိုက်တွေကို သိမ်းတယ်။ အဲလို အရေးယူမှုတွေကို တင်ပြတယ်။ ဒီအင်းကြီးကို မှီခို စားသောက်နေတဲ့ ပြည်သူတွေ
ဖြစ်တဲ့ အတွက်ကြောင့် ဒီအင်းကြီးကို ဒေသခံပြည်သူတွေက လွတ်လွတ်လပ်လပ် ငါးရှာဖွေ စားသောက်ချင်တယ် တောင်းဆိုတဲ့ သဘောပါဘဲ။"

ရှားခင်းကြီးအင်းကို လေလံရတဲ့ အင်းသူကြီးတွေက အင်းအတွင်း ငါးရှာတဲ့ ဒေသခံတွေကို ပစ်သတ်တာ ဖမ်းဆီးထောင်ချတာတွေလည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆွေးနွေးပွဲကို ရှားခင်းကျေးရွာအုပ်ချုပ်ရေးမှူးက နှုတ်မိန့်နဲ့ မပြုလုပ်ဖို့ တားမြစ်ခဲ့တဲ့ အခြေအနေကို လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်အဖွဲ့က ဦးမြင့်နိုင်က အခုလိုပြောပါတယ်။

"ရှားခင်းအင်း ပြဿနာတွေ ကိစ္စတွေ အင်းလိုင်စဉ် အင်းစဉ်းမျဉ်းစည်းကမ်းနဲ့ မညီဘဲနဲ့ ဆောင်ရွက်လာတဲ့အခါမှာ ဒီအင်းသူ အင်းသားတွေက နေပြီးတော့ အဲဒီအကြောင်းအရာတွေ ပေါ်မှာ သူတို့က မကြေနပ်ဘူး။ ဥပဒေနဲ့အညီ ဆောင်ရွက်ကြမယ့် အနေအထားမျိုးတွေ ရှိတယ်။ ရှိတဲ့အခါ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝေး ကနေပြီးတော့ အဲလို လုပ်ငန်းစဉ်ဖြစ်လာ မှာကို စိုးရိမ်တဲ့အတွက် တားမြစ်ထားတဲ့ ပုံစံမျိုးပေါ့ဗျာ။"

ဆွေးနွေးပွဲကနေ ဒေသခံ အင်းသူအင်းသားတွေက ယခုလုပ်ဆဲ အင်းဂရမ်ပိုင်များသည် အင်းဂရမ်းစည်းကမ်းနှင့် မညီသောကြောင့်
ဒေသပြည်သူများ၏ ရှားခင်းအင်းကြီးမှ ထွက်ခွာပေးပါရန်၊
ဒေသခံပြည်သူများအားလုံး ရှားခင်းအင်းကြီးတွင် တနပ်တအိုးစာငါးရှာ ခွင့်ပြုရန်၊ ဒေသခံတွေ ရှာဖွေစားသောက်နိုင်ဖို့ အင်းဂရမ် ချထားပေးရန် အပါအ၀င် အချက် လေးချက် တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

RFA - Burmese

မန္တလေး - မြစ်ကြီးနား ရထား လူအသေအပျောက် ရှိ

မန္တလေး - မြစ်ကြီးနား ရထား (Photo-Google Images)
မန္တလေး - မြစ်ကြီးနား ပြေးဆွဲနေသော လူစီးအိပ်စင် ရထားတစ်စင်း ယမန်နေ့ (ဧပြီ ၂၈) ည ရှစ်နာရီခန့်က ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် မှော်ဟန် - နန့်စီးအောင်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူစီးတွဲ ရှစ်တွဲ တိမ်းမှောက်ခဲ့ပြီး လူအသေအပျောက် ရှိကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
The Voice Weekly

မြေမြှုပ်မိုင်းရှင်းပေးရန် ဒေသခံများက KNPP အားပြောဆို

ဧပြီ ၂၈ ရက်။ ၂၀၁၂ ခုနှစ် -မော်ကယားမြာ (YPI)

ယခုရက်ပိုင်းအတွင်း KNPP နှင့် ကရင်နီ (ကယား) ပြည်နယ် လူထုတွေ့ဆုံပွဲများ ပြုလုပ်လျှက်ရှိရာ  ပြည်နယ်အတွင်းရှိ မြေမြုပ်မိုင်းများ ပြန်လည်ဖော်ထုတ်ရှင်းလင်း ပေးပါရန် KNPP အား ဒေသခံပြည်သူလုထုများက ပြောဆို လိုက်ကြသည်။

“မြေမြုပ်မိုင်းတွေ တော်တော်များများရှိပါတယ်။ အဲဒါတွေအားလုံးကို ပြန်ဖော်ထုတ်ပေးပါ။ နိုင်ငံတော်အစိုးရဖြစ်စေ၊ ကေအာန်ပီပီရဲ့ နေရာဂွင်ပဲဖြစ်စေ   မြေမြုပ်မိုင်းနဲ့ပတ်သက်တဲ့ နေရာအားလုံးကို မြေမြုပ်မိုင်းတွေ ပြည်သူလူထုအတွက် ရှင်းလင်းပေးပါ” ဟု ထီးသဲကလိုး ကျေးရွာမှ လူထုကိုယ်စားဆွေးနွေးသူ ဆရာ ခူးငါးရယ်က ဧပြီ ၂၂ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြောဆိုသည်။

ဆရာခူးငါးရယ်က “နေရတော်တော်များများမှာ ကျနော်တို့ ပြည်သူလူထုမှာ စိုးရိမ်နေကြရပါတယ်။ ခံနေကြရပါတယ်။ ကြောက်နေကြရပါတယ်။ စိတ်ထိခိုက်ရတယ်။ စိတ်ဒဏ်ရာရစေခဲ့ကြရတယ်။ ကျနော်တို့ကပဲ အနစ်နာဆုံးဖြစ်နေကြရပါတယ်” ဟုဆက်လက် ပြောဆိုသွားသည်။

ကယားပြည်နယ် ထီးသဲကလိုးတွင် ဒေသခံ လူထုနှင့် တွေ့ဆုံပွဲမှ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ခူးဒယ်နီယာ

မြေမြုပ်မိုင်းကြောင့် ဒေသခံလူထုများ အများဆုံးထိခိုက် နစ်နာခဲ့ကြရသည့်အပြင်  ကျွဲ၊ နွား၊ တိရိစ္ဆာန်များက မိုင်းနင်းမိပါက လျော်ကြေးအဖြစ်ငွေကြေး ပေးဆောင်နေကြရသည်။

ပြီးခဲ့သည့်မတ်လပိုင်းတွင်လည်း မြေမြုပ်မိုင်းကြောင့် ဒီးမော့ဆိုမြို့နယ် ဒေါမြလေး၊ ၆ မိုင် အနီးရှိ ဂျေလားပါလို ကျေးရွာမှ ကလေးငယ် နှစ်ဦးသည် လျှပ်စစ်တာဝါတိုင်အောက်မှ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ကြရပြီး နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

 ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ခေါင်းဆောင်ကိုယ်စားလှယ်များက ပြည်နယ်အဆင့်တွင် ပဏာမ ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားရန် မှတ်သားသွားမည်ဖြစ်ကြောင်း အတွင်းရေးမှူး(၂)ဦးအောင်ဆန်းမြင့်ကအခန်းအနားတွင် ပြောကြားသွားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် နှစ်အရှည်ဆုံး ပြည်တွင်းစစ်ဖြစ်ပွားလျှက်ရှိသည့် နိုင်ငံတနိုင်ငံဖြစ်၍ အစိုးရ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ နှစ်ဘက်စလုံးက မြေမြှုပ်မိုင်းကို သုံးစွဲလျှက်ရှိသည့် နိုင်ငံတနိုင်ငံဖြစ်သည်။ မြေမြှုပ်မိုင်း မသုံးစွဲရေး နိုင်ငံတကာ စာချုပ်ကို လက်မှတ်ထိုးမထားသည့် နိုင်ငံလည်းဖြစ်သည်။

မြန်မာနိုင်ငံ အစိုးရက မြေမြှုပ်မိုင်းကို မိမိကိုယ်ကာကွယ်ရေး အတွက်သုံးစွဲသည်ဟု ပြောဆိုလေ့ရှိကာ အရပ်သားများ ထိခိုက်မှုမရှိအောင် ထည့်သွင်းစဉ်းစားသည်ဟု နိုင်ငံတကာ အဖွဲ့အစည်းများအား ပြောဆိုကြောင်း သတင်းဖေါ်ပြချက်များ အရသိရှိရသည်။         ။
 Yangon Press International

မြို့နယ်စည်ပင်မှကျေးရွာအတွက်စက်ရေတွင်းတူးဖော်ပေး ခဲ့သော်လည်း ကျေးရွာနေပြည်သူများ ရေအခက်ကြုံ နေရ

 တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အပူရှိန်လွန်ကဲသောယခုနှစ်နွေရာသီတွင် 
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာအတွင်း၌ သုံးစွဲနေသည့် ရေကန်ကြီးငယ်များ ခြောက်ခန်းစပြုနေ ပြီဖစ်ကြောင်း သိရပါသည်။

မြို့နယ်စည်ပင်သာယာမှ ကျေးရွာနေပြည်သူများ ရေအခက်မတွေ့စေရန် 
အလို့ငှာ စက်ရေတွင်း တစ်တွင်း,compressor နှင့် တစ်လုံးထိုး ဒီဇယ်အင်ဂျင် 
တစ်လုံး တို့ကိုပါ တည်ဆောက်ပေးခဲ့ပါသည်။

သို့ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှုးက ပျက်စီးမည်ကိုအကြောင်းပြ၍ 
အသုံးမပြုစေဘဲ မိုးတွင်းကတည်းက မိမိကိုယ်ကျိုးအလို့ငှာ ၄င်း၏အိမ်တွင် 
၎င်းတစ်လုံးထိုးဒီဇယ်အင်ဂျင်ကို ပြောင်းရွှေ့သုံးစွဲနေကြောင်း နှင့်စစ်ပင်ကွင်း
 ကျေးရွာနေပြည်သူများ ရေတွင်းရှိပါလျက် ရေပြတ်လပ်လျက် ရှိကြောင်းရွာခံ
များမှတစ်ဆင့် သိရှိရပါသည်။
Myanmar News Now
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ