တပ်မတော်သားအမှု အရပ်ဘက် တရားရုံးတွင် ရုံးထုတ်

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တဦးကို အဓမ္မပြုကျင်မှုနဲ့ တရားစွဲခံရတဲ့ တပ်မတော်သားတဦးကို မူဆယ်ခရိုင်တရားရုံးမှာ အောက်တိုဘာ ၁ ရက်နေ့ ရုံးထုတ်စစ်ဆေးဖို့ရှိပါတယ်။

ကွတ်ခိုင်မြို့နယ် နန့်ကွတ်ကျေးရွာမှာ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်ကို နယ်မြေခံတပ်ရင်းက တပ်သား အောင်ဘိုဘိုဆိုသူက မေလ ၁၆ ရက်နေ့မှာ အဓမ္မပြုကျင့်တယ်လို့ တရားလိုတွေဘက်က တရားစွဲထားတဲ့အမှု ဖြစ်ပါတယ်။

အမှုတွေကို မူဆယ်ခရိုင်တရားရုံးမှာ အောက်တိုဘာ ၁ ရက်နေ့ အမှုနှစ်မှုနဲ့ ရုံးထုတ်စစ်ဆေးမယ်လို့ တရားလိုရှေ့နေ ဒေါ်ရွယ်ဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“ပုဒ်မ ၃၇၆ သားမယားပြုကျင့်တဲ့ မုဒိမ်းမှုနဲ့ ၃၆၃ ဆို လူခိုးမှုပါပါတယ်။ အသက်က ၁၄ နှစ်ပဲ ရှိသေးတယ်ဆိုတော့။ ကလေးကို ခိုးတာပေါ့နော်၊ အုပ်ထိန်းသူအောက်ကနေ။ ပုဒ်မ ၂ ခုနဲ့။”

တပ်သားအောင်ဘိုဘိုက မိန်းကလေးငယ် ဈေးကအပြန်မှာ ခြုံထဲအတင်းဆွဲသွင်းပြီး အဓမ္မပြုကျင့်တာလို့ ကွတ်ခိုင်ရဲစခန်းမှာ အမှုဖွင့်ပေမယ့်  စစ်သားဖြစ်တဲ့အတွက် စစ်ခုံရုံးမှာ စစ်ဆေးခဲ့ပါတယ်။ စစ်ခုံရုံးက စည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဒဏ်တနှစ်စီရင်ပြီးတဲ့နောက် တရားလိုတွေရဲ့ တောင်ဆိုချက်အရ အရပ်ဘက် တရားရုံးကို ပြန်လွှဲပေးတဲ့အမှု ဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အမျိုးသမီးငယ်ရဲ့ အဒေါ်က အမှုမှန်ဖော်ထုတ်ပေးဖို့ လိုလားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ခြေလျင်တပ်ရင်း ၅၆၇ ကနေ သူတို့ ၄ လပိုင်း ၈ ရက်နေ့က ရောက်ပါတယ်။ ဖြစ်စဉ်ကတော့ ၁၆ ရက် (မေလ) ညနေ ကျမရဲ့တူမအရင်းကို သူတို့က စော်ကားသွားပါတယ်။ ဖြစ်ရပ်မှန်ကို ဖော်ထုတ်ပေးပါရန် တောင်းဆိုအပ်ပါတယ်ရှင့်။”

ဒီအမှုမှာ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်းပြည်နယ်က ကချင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ဝင် တဦးဖြစ်သူ မမိုင်းမိုင်ကတော့ စစ်ခုံရုံးက ချမှတ်တဲ့ ပြစ်ဒဏ် ၁ နှစ်ဟာ ပေါ့တဲ့အတွက်  အရပ်ဘက်တရားရုံးကို လွှဲပြောင်းစီရင်ပေးဖို့ တောင်းဆိုတာလို့ ပြောပါတယ်။

ဒီအမှုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့နဲ့ ၂၄ ရက်နေ့တွေက မူဆယ်ခရိုင်တရားရုံမှာ ရုံုးထုတ်ခဲ့သလို အောက်တိုဘာ ၁ ရက်နေ့ကို ထပ်မံရုံးချိန်းတယ်လို့ ဆိုပါတယ်။

ကွတ်ခိုင်မြို့နယ်ဆေးရုံက အမည်မဖော်လိုတဲ့ ဆရာဝန်တဦးကတော့ ဒီအမှုနဲ့ပတ်သက်လို့ အခင်းဖြစ်ပွားစကတည်းက ဆေးရုံမှာ ဆေးစစ်ချက်တရပ် ဆောင်ရွက်ခဲ့ပြီးပြီလို့ ပြောပါတယ်။

ရှမ်းပြည်နယ် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ တရားရေးပိုင်းက ဆောင်ရွက်ချက်ကို ခုလို ရှင်းပြပါတယ်။

ဦးကြွယ်ကြွယ်က “ကလေးသူငယ်ကို ကျူးလွန်တဲ့သူဟာ အရွယ်ရောက်ပြီးတဲ့သူလည်းဖြစ်ချင်ဖြစ်မယ်။ မရောက်သေးတဲ့သူလည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ဒါ ဥပဒေအရ အရေးယူရမှာဖြစ်ပါတယ်။ သို့သော်လည်း တပ်မတော်ပိုင်းဆိုင်ရာ ၀န်ထမ်းက ကျူးလွန်တဲ့ ဒီကိစ္စမျိုးတွေမှာတော့ တပ်မတော်ဥပဒေအရ သက်ဆိုင်ရာ စစ်ဘက်ဆိုင်ရာ တရားရုံးမှာ စစ်ဆေးရင် ကျနော်တို့ အရပ်ဘက်ဆိုင်ရာ တရားရုံးတွေနဲ့ မသက်ဆိုင်ပါဘူး။ လွှဲပြောင်းပေးတဲ့အခါမှာသာ ကျနော်တို့ ဥပဒေ လုပ်ထုံးလုပ်နည်းအရ စစ်ဆေးစီရင်ရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံးက မဆိုင်းဇင်ကလည်း အစိုးရနဲ့ ကေအိုင်အို ပြန်တိုက်ကြတဲ့ ၂၀၁၁ ခုနှစ် ဇွန်လကစလို့  သုံးနှစ်အတွင်းမှာ ကချင်နဲ့ရှမ်းပြည်နယ်တွေထဲက ကချင်အမျိုးသမီးတွေ မတရားကျင့်ခံရမှု၊ အသတ်ခံရမှု  ၇၃ မှု ရှိခဲ့ပြီး အဲဒီထဲက ၃-၄ မှုလောက်ပဲ တရားခွင်ပေါ် ရောက်ခဲသေးတယ်လို့ ပြောပါတယ်။

ကျန်အမှုတွေကတော့ ခြိမ်းခြောက်ခံရတာ၊ လျော်ကြေးအနည်းငယ်နဲ့ ကျေအေးခဲ့တာ၊ တချို့အမှုတွေမှာတော့ တရားခွင်ရောက်ဖို့ အခွင့်အလမ်း မရှိတာတွေ ရှိနေသေးတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ကွတ်ခိုင်မြို့နယ် လွှတ်တော်အမတ် ဦးတီခွန်မြတ်ကို မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

မိန်းကလေးဟာ နဂိုကတည်းက ဉာဏ်ရည်နိမ့်ကျမှု အနည်းငယ်ရှိပြီး ကျောင်းမနေကြောင်းနဲ့ အခုအအဖြစ်အပျက်ပြီးနောက်ပိုင်းမှာ   ထိတ်လန့်ငေးငိုင်လေ့ရှိတယ်လို့ ဆိုပါတယ်။

မိဘအုပ်ထိန်းသူနဲ့ ကချင်အဖွဲ့အစည်းကတော့  တရားခံကို ထိုက်သင့်တဲ့ပြစ်ဒဏ် ကျခံစေဖို့အပြင် နစ်နာသူ မိန်းကလေးရဲ့ ရှေ့ရေးကိစ္စတွေပါ ထည့်သွင်းစဉ်းစားပေးဖို့ တောင်းဆိုထားပါတယ်။

မိန်းကလေးငယ်ရဲ့ ဖခင်ဖြစ်သူက သမီးငယ်ကြုံတွေ့ရတဲ့ အဖြစ်ဆိုးကို လူတွေမကြုံစေချင်လို့ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“၅၆၇ စစ်တပ်က ကျနော်သမီးကို ဒီလို မတရား ရမ်းကားမှုပြုသွားပါတယ်။ ဒါမျိုးရမ်းကားတာဟာ လုံးဝ မကြိုက်ကြောင်း ကျနော် အဲလို ပြောချင်ပါတယ်။ နောက်နောင်လည်း ဒါမျိုးမဖြစ်စေအောင် လူတိုင်းကိုလည်း သတိပေးချင်လို့ အခုလို လုပ်ပါတယ်။”

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/66496


မုဒိန်းပြုကျင့်ရန်ကြိုးပမ်းသူအား သတ်ခဲ့သည့်အမျိုးသမီး ကွက်မျက်ခံရဖွယ်ရှိ

အီရန်နိုင်ငံတွင် မိမိအား မုဒိန်းပြုကျင့်ရန်ကြိုးပမ်းခဲ့သူအား သတ်ခဲ့သည့် အမျိုးသမီးတဦး ယနေ့တွင် ကွက်မျက်ခံရဖွယ်ရှိနေသည်။

အသက် ၂၆နှစ်ရှိ ရေဟာနားဂျက်ဘရီဆိုသူ အမျိုးသမီးသည် အီရန်ထောက်လှမ်းရေးဝန်ကြီးဌာန၏ ၀န်ထမ်းဟောင်းဖြစ်သူ မော်တီဇာအဗ္ဗဒိုလာလီဆာဘန်ဒီ ဆိုသူကို ၎င်းအား အဓ္ဓမပြုကျင့်ရန် ကြိုးစားခဲ့သည်ဟုဆိုကာ သတ်ခဲ့သောကြောင့် ၂၀၀၇ခုနှစ်က ဖမ်းဆီးခံခဲ့ရသည်။

၂၀၀၉ ခုနှစ်တွင် တီဟီရန်တရားရုံတခုက သူမအား သေဒဏ်ချမှတ်ခဲ့ရာ နိုင်ငံတကာက အပြင်းအထန် ဝေဖန်ခဲ့ကြပြီး သူမလွတ်မြောက်ရေးအတွက် လက်မှတ်ပေါင်း ၁၉၀,၀၀၀ ဖြင့် ကန့်ကွက်အရေးဆိုခဲ့ကြသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသော အီဗင်အကျဉ်းထောင်အာဏာပိုင်များက သမီးဖြစ်သူ၏အလောင်းအား ယနေ့လာရောက်ရွေးယူရန် ပြောကြောင်း ဂျက်ဘရီ၏ မိခင်ဖြစ်သူ ရှလိုးပရာဗင်က တနင်္လာနေ့တွင် ဖေ့စ်ဘွခ်ပေါ်၌ ရေးသားခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ က ပြောသည်။

သူမ၏ဖေ့စ်ဘွခ်ပို့စ်တွင် သမီးဖြစ်သူ၏ နုတ်ဆက်စကားကို အောက်ပါအတိုင်ရေးသားထားသည်။

“ကျမကို လက်ထိပ်ခတ်ထားကြတယ်၊ အပြင်မှာ ကျမကို အဆုံးစီရင်ဖို့ခေါ်သွားမယ့် ကားတစီးစောင့်နေတယ်”

“နူတ်ဆက်လိုက်ပါတယ် ချစ်ရတဲ့အမေ။ မနက်ဖြန်မနက်စောစောကျရင် သမီးရဲ့ နာကျင်မှုတွေအားလုံး အဆုံးသတ်သွားတော့မှာပါ။ အမေ့ရဲ့ ဒဏ်ရာနာကျင်မှုတွေ လျော့နည်းသွားအောင် မလုပ်ပေးနိုင်တာကိုတော့ စိတ်မကောင်းပါဘူး။ သမီးတို့ နောင်ဘ၀ကို ယုံကြည်တယ်။ နောင်ကမ္ဘာမှာ ပြန်ဆုံမယ် အမေ… အဲဒီအခါကျရင် သမီး အမေ့ကို ဘယ်တော့မှ မခွဲဘူး။ ဘာလို့လဲဆိုတော့ အမေနဲ့ ကွဲနေရတာ လောကကြီးမှာ အခက်ခဲဆုံးပဲ အမေ”

ဂျက်ဘရီ က ဆိုပါအမျိုးသားအား နောက်ကျောမှနေ၍ ဓါးဖြင့် ၁ချက်သာ ထိုးခဲ့သည်ကို ၀န်ခံကြောင်း အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးအဖွဲ့က နားလည်သော်လည်း အခြားအမျိုးသားတဦးက မော်တီဇာအဗ္ဗဒိုလာလီကို သတ်ခဲ့သည်ဟု ဆိုသည်။

“ရွံ့မုန်းဖွယ်ရာ ကွက်မျက်မှုတွေကို ပေးမလုပ်သင့်တော့ဘူး၊ အထူးသဖြင့် လူသတ်မှုဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ပါတ်သက်လို့ သံသယဖြစ်စရာတွေ အကြီးအကျယ် ရှိနေတဲ့ ကိစ္စမျိုးတွေဆို လုံဝမလုပ်သင့်ဘူး၊ အခုလို လူတွေကို ကွက်မြစ်နေမယ့်အစား အီရန်နိုင်ငံက အာဏာပိုင်တွေအနေနဲ့ နိုင်ငံတကာစံတွေနဲ့ မကိုက်ညီတဲ့ သူတို့ရဲ့ တရားရေးစနစ်ကို ပြုပြင်သင့်တယ်” ဟု အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့မှ လက်ထောက်ဒါရိုတ်တာ ဟာဆီဘာဟတ်စာရာအူ က ဝေဖန်ပြောဆိုသည်။

Ref; The Independent
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf


 

ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး ချုံများအကြား ဆီးသွားနေစဉ် အဓ္ဓမပြုကျင့်ခံရ

ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပသော Oktoberfest ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး အဓ္ဓမပြုကျင့်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

အသက် ၂၄နှစ်ရှိ ခရီးသွားဧည့်သည်သည် စနေနေ့ညက ပွဲတော်ကျင်းပရာနေရာနှင့် ဆက်စပ်လျက်ရှိသော ချုံများအကြား ဆီးသွားနေစဉ် ယင်းကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

သူစိမ်းယောက်ျားတဦးက ယင်းဗြိတိန်နိုင်ငံသားထံ ချည်းကပ်လာပြီး ၎င်းနှင့် ကာမဆက်ဆံလိုကြောင်း ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့သည်ဟု ဘာဗေးရီးယန်းရဲများက ပြောသည်။

ကလန်ကဆန်လုပ်သောအခါ ၎င်း၏ ဦးခေါင်းကို အနောက်မှဆွဲ၍ မြေပြင်ပေါ်သို့လှဲချခဲ့ပြီး အခြားယောက်ျားတဦးက ၎င်းအား ဖိထားစဉ် မုဒိန်းကျင့်ခံခဲ့ရခြင်းဖြစ်သည်။

ကိစ္စပြီးသည့်နောက် ကျုးလွန်သူအမျိုးသား ၂ဦး ထွက်ပြေးသွားခဲ့ကြသည်။
မုဒိန်းပြုကျင့်ခံရသူမှာ Leeds မှဖြစ်သည်ဟု ဂျာမန်မီဒီယာများက ဖော်ပြသည်။

ယခုနှစ် Oktoberfest ပွဲတော်၌ မုဒိန်းမှုများ၊ လိင်ပိုင်ဆိုင်ရာ ဘလက်ကာယ ပြုမှုများအတွက် တိုင်ကြားမှုများ ရှိသော်လည်း ယခင်နှစ်ထက်စာလျှင် လျော့ကျသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

စနေနေ့အထိ လာရောက်လည်ပတ်သူ ၃ ဒသမ ၃ သန်းခန့်ရှိုနေပြီး ရာဇ၀တ်ပြစ်မှု ၆၇၀ခန့် တိုင်ကြားထားကြောင်း၊ ယင်းမှာ ယခင်နှစ်ကထက် ၂၀ % လျော့ကျသွားခြင်း ဖြစ်ကြောင်း သိရသည်။

Ref; The Independent
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf


လက်နက်ကိုင်တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ဘားအံမြို့နယ်  ၀ဲကရင်ကျေးရွာအနီး  စက်တင်ဘာလ ၂၉ ရက်နေ့က လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ပတ်ခတ်မှုကြောင့်  အရပ်သား ၂  ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကရင်ပြည်နယ် မြိုင်ကြီးငူဒေသ မီးဇိုင်းတောင်အနီးမှာ  စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်နဲ့ အစိုးရတပ်တို့ အကြား ပစ်ခတ်တိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဘားအံအခြစိုက် တပ်မ ၂၂ က စစ်ယာဉ်တန်းနဲ့ မြိုင်ကြီးငူဒေသကို သွားချိန်မှာ သာမညတောင်အနီး ၀ဲကရင်ကျေးရွာနားမှာ  အမည်မသိ လက်ကိုင်တပ်ဖွဲ့တဖွဲ့ရဲ့ တိုက်ခိုက်ခံခဲ့ရတာပါ။

အစိုးရ စစ်ယာဉ်တန်းကို  ပစ်ခတ်တိုက်ခိုက်စဉ်  အဲဒီလမ်းကြောင်းမှာ သွားလာနေတဲ့  ခရီးသည်တင်ဒိုင်နာကား တစီးနားကို လက်နက်ကြီးကျလို့ အရပ်သား ၂ ဦး ဒဏ်ရာရှိခဲ့တာလို့ အိန္ဒု ရဲစခန်း တာဝန်ကျ ရဲအရာရှိတဦးက  ဒီဗွီဘီကို ပြောပါတယ်။

“ဘားအံ-ကော့ကရိတ် ခရီးသည်တင်ကားပေါ့။ ကားကိုတော့ မမှန်ပါဘူး။ ဘေးကိုကျပြီးတော့ အစမှန်တာပေါ့။”

လူ ၈ ဦး စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တင်ကားပေါ်မှာ  လက်နက်ကြီး ကျည်စထိမှန်တဲ့ အတွက် အမျိုးသား ၂ ဦးဒဏ်ရာရသွားပြီး ကော့ကရိတ်ဆေးရုံမှာ ၁ ဦးနဲ့ ဘားအံဆေးရုံမှာ  ၁ ဦး ဆေးကုသမှု ခံယူနေရတယ်လို့ ရဲအရာရှိက ပြောပါတယ်။

ဒီကေဘီအေ မြ၀တီဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်ကတော့ မီးဇိုင်းတောင်က ပစ်ခတ်မှုဟာ  ဒီကေဘီအေတပ်ဖွဲ့ဝင်တွေဖြစ်ပေမယ့်  ၀ဲကရင်အနီးဖြစ်တဲ့  ခရီးသည်ယာဉ်ကို တိုက်ခိုက်မှုကတော့ သူတို့ တပ်ဖွဲ့ဝင်မဟုတ်ဘူးလို့ ပြောပါတယ်။

“မနေ့က သာမညလမ်းမှာ ထိခိုက်မှုတခုဖြစ်ပွားတဲ့ဟာကို ကျနော်တို့ ဒီကေဘီအေကလို့ သူတို့ ပြောထားတဲ့အပေါ်မှာ ပစ်ခတ်တဲ့အခြေအနေကို ကျနော်တို့ ပြန်စုံစမ်းကြည့်တဲ့အခါ ပစ်တဲ့လူက ယူနီဖောင်းနဲ့လည်း မဟုတ်ဘူး၊ ဖားတပိုင်း ငါးတပိုင်းပေါ့။ အဲလို အခြေအနေမျိုးမှာ ဖြစ်စဉ်ဖြစ်သွားတော့ ကျနော်တို့ဘက်က စိတ်မချမ်းမသာ ဖြစ်ရတာပေါ့။ ပစ်ခတ်တဲ့အခြေအနေကို ပြန်သုံးသပ်တဲ့အခါမှာ ပစ်ခတ်တဲ့သူတွေက ယူနီဖောင်းနဲ့ မပါဘူး၊ ကရင်ပုဆိုးနဲ့ အင်္ကျီနဲ့ပဲ ဖြစ်နေတယ်။”

မနေ့တုန်းကလည်း ကြာအင်းဆိပ်ကြီးဒေသမှာ အစိုးရတပ်နဲ့ ဒီကေဘီအေတပ်အကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဒီကေဘီအေဘက်က တပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တွေအကြား တိုက်ပွဲတွေ ထပ်မံမဖြစ်ပေါ်ရေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဗိုလ်ကြီး စောစိုးမြင့်က ပြောပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/66493


 

ဇလွန်မြို့နယ် မြေနုကျွန်းနယ်နိမိတ် သတ်မှတ်နိုင်ရေး ဆန္ဒထုတ်ဖော်

မြေနုကျွန်းနယ်နိမိတ် သတ်မှတ်နိုင်ရေး ဆန္ဒဖော်ထုတ်ပွဲကို သက္ကယ်ကျွန်းကျေးရွာ ဒေသခံ ကိုင်းတောင်သူတွေ ဦးဆောင်ပြီး  စက်တင်ဘာ ၂၉ ရက်နေ့က ဇလွန်မြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် သက္ကယ်ကျွန်းကျေးရွာအုပ်စုနဲ့ ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ် ရေပေါ်သောင်ကျေး ရွာအုပ်စု အကြား ဧရာဝတီမြစ်ရိုးအ တွင်း ပေါ်ထွန်းလာတဲ့ မြေနုကျွန်းနဲ့ ပတ်သက်ပြီး နယ်မြေ သတ်မှတ်ပေးဖို့ ဆန္ဒပြကြတာပါ။

အဲဒီဒေသမှာ အငြင်းပွား တရားစွဲဆိုခဲ့ရတဲ့အပြင် စိုက်ပျိုးထားတဲ့ သီးနှံခင်းတွေ ဖျက်ဆီးခံခဲ့ရတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်ပြ သရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ဦးတန်တေးကတော့ “လူကြီးတက်လာတိုင်း တက်လာတိုင်းဟာ ကျနော်တို့ သက်ကယ်ကျွန်းကျေးရွာရဲ့ မြေပုံ၊ ပိုင်ဆိုင်မှု မြေဧရိယာကို လုံးဝမှ အခုချိန်ထိ မလုပ်ဆောင်ခဲ့ပါဘူး။ မလုပ်ဆောင်ခဲ့လို့ ကျနော်တို့ အခုလို လူထုဆန္ဒ ထုတ်ဖော်ပွဲလုပ်ရတာပါ။ တိုက်ကြီး ရေပေါ်သောင်အုပ်စုက ဒီနေရာကို လာလုပ်ပါတယ်။ ကျနော်တို့ တိုင်းဒေသကြီးနယ်နိမိတ်ရဲ့ မျဉ်းရဲ့ ထိစပ်နေတဲ့ အပြင်ဘက် သက္ကယ်ကျွန်းမှာပေါ့” လို့ ပြောပါတယ်။

သက္ကယ်ကျွန်း ကိုင်းတောင်သူတွေ စိုက်ပျိုးတဲ့ကိုင်းသီးနှံတွေကို ၂၀၁၄ ခုနှစ် ကိုင်းရာသီ ပေါ်ခါနီးမှာ ဖျက်ဆီးခံခဲ့ရတဲ့အတွက်  ဇလွန်တရားရုံးမှာ တရားစွဲဆိုခဲ့ပေမယ့် ဧရာဝတီတိုင်း တိုင်းဒေသကြီးနယ်နိမိတ် မသတ်မှတ်ရသေးတဲ့အတွက် ပလပ်ခံခဲ့ရပါတယ်။

ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပါဝင်တဲ့ ရေပေါ်သောင်ကျေးရွာက  တိုင်ကြားတဲ့အမှုကိုတော့ တိုက်ကြီးမြို့နယ်တရားရုံးက လက်ခံလိုက်ပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

ဒေါ်ဝင်းရီက “၃ ရက် နားလိုက်ပါတယ်။ နောက်ပိုင်းကို ကျမတို့ ပြန်တောင်းခဲ့ပါတယ်။ ကျမတို့ အဲဒါကြောင့်မို့လို့ ဒီဆန္ဒဖော်ထုတ်ခြင်းကို လုပ်ရပါတယ်။ ကျောင်းသားတွေဆိုလည်း မထားနိုင်တာ အများကြီးပဲ။ မြေကြီးမှာ ကျမတို့ လုပ်စားဖို့ မရှိတာ အဲ့ဒါလေးပဲ ရှိတာ။ အဲ့ဒါလေးကို သူတို့က သိမ်းသွားတော့ ကျမတို့ ဘယ်လိုမှ လုပ်မစားတတ်ပါဘူး။၂၀၀၃ ခုနှစ်ကပါ” လို့ ပြောပါတယ်။

၂၀၀၃-၂၀၀၄ ခုနှစ်ကတည်းက  နှစ်ဘက်တိုင်းမှူးတွေ ခွဲခြား သတ်မှတ်ပေးခဲ့တဲ့ မြေနုကျွန်းတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ သက္ကယ်ကျွန်း ကျွန်းတောင်သူ ၁၅၀လောက်က ဇလွန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရဲ့ ခွင့်ပြုမိန့်နဲ့ မြို့နယ်မြေစာရင်းဦးဌာန ရုံးရှေ့နဲ့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့တွေမှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

By ခင်မင်းဇော် (ဒီဗွီဘီ)
http://burmese.dvb.no/archives/66476

ဆန္ဒထုတ်ဖော်နေကြစဉ်

မြဝတီမြို့၏ စစ်ရေး မငြိမ်သက်မှုတွင် လုပ်ငန်းရှင် များထက် အခြေခံ လူတန်းစားများ ပိုမိုထိခိုက်

ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) နှင့် တပ်မတော် တပ်ဖွဲ့ တို့အကြား စက်တင်ဘာလ ၂၇ ရက်နေ့ မြဝတီမြို့၌ ပစ်ခတ်မှု ဖြစ်ပွား ခဲ့ခြင်း၏ အကျိုးဆက် စီးပွားရေးနှင့် နေထိုင်မှု ဘဝ ရိုက်ခတ်မှု များကို မြဝတီ မြို့ခံ အခြေခံ လူတန်း စားများ ပိုမို ခံရကြောင်း မြဝတီမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မြဝတီမြို့ စီးပွာရေး လုပ်ငန်းရှင် များက ပြောသည်။

“ကုန်သည်တွေ လုပ်ငန်းရှင်တွေ ငွေရှင် ကြေးရှင် တွေကို ထိခိုက် တာလည်း ထိခိုက် ပါတယ်၊ ဒါပေမယ့် သူတို့ တွေက ချက်ခြင်း ထမင်း မငတ်ဘူး။ ဥပမာ ဆိုင်ကယ် တက္ကစီ သမားတွေ၊ စားသောက် ဆိုင်တို့၊ နေ့စား အလုပ်သမားတွေ စတဲ့ အခြေခံ လူတန်းစား တွေရဲ့ မိသားစု အတွက် ဝင်ငွေရဖို့ အလုပ် လုပ်ဖို့ မဖြစ် တော့ဘူး၊ သူတို့ တွေက ဒီမတည်မငြိမ် ဖြစ်မှုကို အခံ ရဆုံး လူတွေပါ” ဟု မြဝတီမြို့ အမှတ် (၁) ရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးနောင်က ပြောသည်။

ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီး အခြေအနေ မတည်ငြိမ်မှု အပေါ် ကုန်သွယ်ရေး ထိခိုက် မည်ကို စီးပွားရေး လုပ်ငန်းရှင် အချို့က စိုးရိမ် နေပြီး ကုန်သွယ်ရေး လမ်းကြောင်း၌ ကုန်စည် စီးဆင်းမှု လျော့နည်း သွားသော်လည်း ကုန်စည် စီးဆင်း နေဆဲ ဖြစ်ကြောင်းနှင့် ပုံမှန် ကုန်သွယ်ရေး လမ်းကြောင်း ပြတ်တောက် သွားသည် အထိ ရိုက်ခတ်မှု မရှိကြောင်း ဦးစိုးနောင်က ဆက်ပြောသည်။

ထိုသို့ နှစ်ဖက် တိုက်ခိုက်မှု၏ အကျိုးဆက် မတည် မငြိမ် ဖြစ်မှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ၊ အခြား ပရိဘောဂ စသည့် လုပ်ငန်းငယ် များလည်း ဤရက်ပိုင်း အတွင်း လုပ်သား ရှားပါးမှု ပြသနာ များကို ရင်ဆိုင် နေကြရကြောင်း မြဝတီ မြို့ခံ စီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်သည့် ဦးတင်ဦးက ပြောသည်။

“ကျွှန်တော့် ဆီမှာတောင် အလုပ် သမားတွေ မနေ့က စပြီး အလုပ်မဆင်း ကြဘူး ၊ ဒီနေ့မှ လာပါ ဆိုပြီး ပြန်ခေါ်ရတယ်၊ တချို့ဆိုရင် သုံးရက်စလုံး အလုပ်မဆင်း ကြဘူးလေ။ ကုန်စည် နည်းတော့ နေ့စား ၊ အခေါက်စား အထမ်းသမားတွေ ထိခိုက်တယ်၊ ဒါ့ပြင်ကို ရန်ကုန်၊ မန္တလေး ကနေ၊ တောင်ကြီး ကနေ လာပြီး ဒီမှာ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ သစ်လုပ်ငန်း တွေမှာ လုပ်ကြတဲ့ အလုပ်သမား တွေဆို နေရပ် ပြန်တဲ့ လူတွေတောင် ရှိနေကြတယ်” ဟု ဦးတင်ဦးက ပြောသည်။

ယနေ့တွင် ဆိုင်အချို့ ပြန်ဖွင့်၍ ကုန်သွယ်မှု၊ ရောင်းဝယ် မှုများ ပုံမှန် လည်ပတ်ရန် ကြိုးစား နေကြ သော်လည်း မြို့ခံများ၏ စိတ်၌ အခြေအနေအား ထိတ်ထိတ် လန့်လန့်ဖြင့် စောင့်ကြည့်လျက် ရှိနေကြောင်းလည်း ဦးတင်ဦးက ဆက်ပြောသည်။

မြဝတီ မြို့သည် တစ်ဖက် ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် ဆက်စပ် နေသည့် ထိုင်းမြန်မာ နယ်စပ်မြို့ ဖြစ်ကာ မြန်မာ နိုင်ငံသို့ နယ်စပ် ဖြတ်ကျော်၍ သွင်းကုန်/ထုတ်ကုန် တင်ပို့သည့် လမ်းမကြောင်း ကြီးလည်း ဖြစ်သည်။

ထို့ပြင် လက်နက်ကိုင် အဖွဲ့ အများအပြား အခြေ စိုက်သည့် မြို့တစ်မြို့လည်း ဖြစ်ကာ မြဝတီ တစ်မြို့ တည်း၌ မြန်မာ အာဏာ ပိုင်များ အပါအဝင် လက်နက်ကိုင် အဖွဲ့များ၏ အကောက်ဂိတ်များ စုစုပေါင်း (၆၀) ကျော် ရှိကြောင်း ဦးတင်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် တပ်မတော် ယဉ်တန်းအား ချောင်းမြောင်း ပစ်ခတ်မှု သည်လည်း DKBA အဖွဲ့မှ လက်အောက်ခံ တပ်များအား ထိန်းချုပ် နိုင်မှု မရှိခြင်းမှစ၍ ပြသနာ ကြီးထွားသည် အထိ ဖြစ်လာ ရခြင်း ဖြစ်ကြောင်းလည်း မြဝတီမြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးက သုံးသပ် ပြောဆိုသည်။

“ပြောရ ရင်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း တွေက တစ်ကယ့် အစစ်အမှန် တွေက ဘယ်လောက်မှ မဟုတ်ဘူးဗျ၊ အောက်ခြေ မှာက လှောင့်နေတာ၊ ပြောရ ရင်တော့ မနေ့ တနေ့ကမှ သေနတ် ကိုင်ပြီး ၊ တော်လှန်ရေး သမိုင်း မှာလည်း မပါ ၊ ဟိုမရောက် ဒီမရောက် တွေက လုပ်လိုက်တဲ့ ကိစ္စလို့ပဲ ကျွှန်တော် အဲလို မြင်တယ်” ဦးစိုးနောင်က သုံးသပ် ပြောဆို ခဲ့သည်။

ထို စက်တင်ဘာ (၂၇) ရက်နေ့ မြဝတီ မြို့၌ တပ်မတော် ယဉ်တန်းအား ချောင်းမြောင်း ပစ်ခတ် ခဲ့သူမှာလည်း ပစ်ခတ် စဉ်၌ ကရင် ပုဆိုး ဝတ်ထားသည့် လူတဦးမှ လက်နက်ကြီး အာပီဂျီမှ ပစ်ခတ် ခဲ့ခြင်း ဖြစ်ကာ ၎င်းလူမှာ DKBA တပ်မှ ဟုတ်မဟုတ် ဆိုသည် ကိုလည်း စုံစမ်းလျက် ရှိနေကြောင်း DKBA အဖွဲ့၏ မြဝတီမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။

Written by  ရွှေဟင်္သာသတင်းဌာန
http://burmese.phophtawnews.org/index.php/news/internal-news/item/1216-2014-09-29-13-25-47.html

ရှမ်းနှင့် ကချင်ပြည်နယ် လူငယ် ကွန်ယက် များမှ မူးယစ် တိုက်ဖျက်ရေး လှုပ်ရှားမှု လုပ်ဆောင်

ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့၌ ဒေသခံ ပြည်သူများ အကြား မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမို များပြား လာနေ သဖြင့် ပြည်နယ် ဒေသခံ လူငယ် ကွန်ယက် အဖွဲ့ များမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှု တစ်ရပ်အား ယနေ့၌ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် များ၌ လုပ်ဆောင် ခဲ့ကြ သည်ဟု ဒေသခံ လူငယ်ကွန်ယက် အဖွဲ့ ခေါင်းဆောင် များမှ ပြောသည်။

ကချင်ပြည်နယ်ရှိ ဖားကန့် ကျောက်တွင်း ဒေသ၌ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား သုံးစွဲမှု များပြား လာခြင်းကို ဆန့်ကျင် တိုက်ဖျက်သည့် အားဖြင့် ကချင် လူငယ် ကွန်ယက် အဖွဲ့ဝင် (၆၀၀) ကျော်မှ စက်တင်ဘာ (၂၉) ရက်နေ့ နံနက်တွင် ဖါးကန့် မြို့နယ် ဝေခါ ဒေသတွင် ဆန္ဒပြ ခဲ့ကြ သည်ဟု ကချင် ဒေသခံ ကိုဘရန်မိုင်က ပြောသည်။

“ကျွန်တော်တို့ ပြည်သူ လူထု ပေါင်းစုံပေါ့ အသင်းတော် အခြေပြု ပြီးတော့မှ အခု ကျွန်တော်တို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆန္ဒပြ တောင်းဆို တဲ့အနေနဲ့ အခုကျွန်တော်တို့ ဝေဖါမှာ မနက်(၈) နာရီမှာ ဆန္ဒ ပြပွဲ ပြုလုပ် နေတယ်၊ ဒီမှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့ သူတွေ ကျွန်တော်တို့ ဝေခါ ဖါးကန့် ဆိုင်းတောင် လုံးခင်း အပိုင်းမှာ တအား များတယ်” ဟု ကိုဘရန်မိုင်မှ ပြောသည်။

ထိုသို့ ကချင်ပြည်နယ် အတွင်း၌ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ရောင်းဝယ် ဖော်ကား မှုများ များပြား နေသော်လည်း သက်ဆိုင်ရာ အာဏာပိုင် များမှ ထိရောက်သော အရေးယူမှုများ ပြုလုပ် နိုင်ခြင်း မရှိကြောင်း ကိုဘရန်မိုင်က ဆက်ပြောသည်။

အလားတူ ရှမ်းပြည်နယ် တွင်း၌လည်း မူးယစ်ဆေးဝါး သုံးစွဲမှု များပြား လာသည်ကို ဆန့်ကျင်သည့် အနေနှင့် ရှမ်းပြည်နယ် လူငယ် ကွန်ယက် အဖွဲ့မှ ဦးဆောင်ကာ လူငယ် ကွန်ယက် အဖွဲ့ဝင် (၅၀၀) ကျော်မှ ပြီးခဲ့သည့် စက်တင်ဘာ (၂၇) ရက်နေ့တွင် ကွတ်ခိုင် မြို့နယ် လွယ်ဆန်ဆစ် တောင်ပေါ် အထိ လမ်းလျှောက် ချီတက် ခဲ့ကြကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စရပ် အပါအ၀င် အချက်သုံး ချက်ကို တောင်းဆိုကာ ကျေညာချက် ထုတ်ပြန် ခဲ့သည်ဟု လူငယ်ကွန်ယက် ခေါင်းဆောင် စိုင်းဆိုင်မိန်းက ပြောသည်။

“ရှမ်းပြည်နယ်  အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု ပြသနာ တော်တော်လေးကို ဆိုးဝါး နေပါတယ်။ အစိုးရက အနှစ် (၃၀) စီမံကိန်း ချမှတ်ပြီး လုပ်ခဲ့ ပေမယ့်လဲ အောင်မြင်တာ မတွေ့ ရဘူး။ မအောင်မြင်တဲ့ အပြင်ကို ဒီမူးယစ်ဆေးဝါး ထုတ်လုပ်မှု သုံးစွဲမှု ဖြန့်ဖြူး ရောင်းဝယ် မှုက ပိုပြီး တိုးမြင့် လာနေ တာကို တွေ့နေ ရတယ်၊ အဲဒီအပေါ်မှာကျွန်တော်တို့ လူမှု ကွန်ယက်က မူးယစ်ဆေးဝါး ပြဿသနာကို လက်ရှိ အစိုးရရော ဒေသ အတွင်းမှာ ရှိတဲ့ အာဏာပိုင် တွေရော တိုင်းရင်းသား လက်နက်ကိုင် တွေရော ဒီကိစ္စကို အရေးယူ ပေးဖို့ ကျွန်တော်တို့ တောင်းဆို ချင်ပါတယ်” ဟု စိုင်းဆိုင်မိန်းက ပြောသည်။

ဤသို့ ရှမ်းပြည်နယ် အတွင်း၌ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ကျယ်ပြန်လာသည့် အခြေအနေနှင့် ပက်သက် ၍လည်း ရှမ်းပြည် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တစ်ခု ဖြစ်သည့် မြောက်ပိုင်း ရှမ်းပြည် တပ်မတော်ခေါ် ရှမ်းပြည် တိုးတက်ရေး ပါတီ မှလည်း စက်တင်ဘာလ (၂၆) ရက်နေ့တွင် ရှမ်းဘာသာဖြင့် သဘောထား ကျေညာချက် တစ်စောင် ထုတ်ပြန် ခဲ့ပါသည်။

ယင်း ထုတ်ပြန်ချက် ထဲတွင် ပြည်သူ တရပ်လုံး အပေါ် ဘေးအန္တရာယ် ဖြစ်စေနိုင် သလို ကမ္ဘာ တ၀ှမ်းရှိ လူသားများ အတွက်လည်း ဆိုးကျိုး သက်ရောက်မှု ရှိသည့် အတွက် မူးယစ်ဆေးဝါးကို တိုက်ဖျက်ရန် အတွက်  တိုက်တွန်း ထားကြောင်း မြောက်ပိုင်း ရှမ်းပြည် တပ်မတော်မှ ဗိုလ်မှူးကြီး ဖိန်ဖက ပြောသည်။

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ပပျောက်ရေး စီမံချက် အတွက် ပြည်ထဲရေး ၀န်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှ မူးယစ် ဆေးဝါး ပပျောက်ရေး စီမံကိန်းကို (၂၀၁၄) ခုနှစ်မှ (၂၀၁၉) ခုနှစ် အထိ ရက်သတ်မှတ် တိုးမြှင့် ခဲ့သည်ဟု ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် တရားဝင် ပြောကြား ခဲ့သည်။

သို့သော်လည်း မြန်မာ နိုင်ငံ၏ မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ ဒေသခံများ အပါအ၀င် လက်နက်ကိုင် အဖွဲ့အစည်း များမှလည်း စိုက်ပျိုးမှု လုပ်ဆောင် နေကြ သလို (၂၀၀၆) ခုနှစ်မှ စ၍ ဘိန်းစိုက်ပျိုးမှု (၂၄) ရာခိုင်နှုန်း တိုးတက် လာသည်ဟု ၂၀၁၃ ခုနှစ် ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အစီရင်ခံစာတွင် ဖော်ပြ ထားပါသည်။

ရွေတြိဂံဒေသ မြန်မာ နိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံ များတွင် ဘိန်းစိုက်ပျိုး မှုနှင့် မူးယစ်ဆေးဝါး ကုန်သွယ်မှုများ ၆ နှစ် ဆက်တိုက် တိုးများ လာနေသည် ဟုလည်း နယ်သာလန် အခြေစိုက် TNI Transnational Institute ၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာ သစ်တွင် ဖော်ပြ ထားပါသည်။

ဤအခြေအနေ အရ ဒေသတွင်း အစိုးရ များ၏ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး မူဝါဒ အားနည်း မှုကြောင့် ၂၀၁၅ ခုနှစ် မူးယစ်ဆေးဝါး ကင်းလွတ်ဇုံ ဖြစ်ရမည် ဆိုသည့် အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်း၏ မဟာဗျူဟာ မျှော်မှန်းချက် အကောင်အထည် ပေါ်လာမည် မဟုတ်ဟု နယ်သာလန် အခြေစိုက် TNI Transnational Institute အဖွဲ၏ ၂၀၁၄ အစီရင်ခံစာ၌ ဆက်လက် ထောက်ပြ ပြောဆို ထားပါသည်။

Written by  ရွှေဟင်္သာသတင်းဌာန
http://burmese.phophtawnews.org/index.php/news/internal-news/item/1217-2014-09-29-14-14-05.html


မူးယစ်ဆေးဝါး ပတ်သက်သူများ ကြီးလေးသည့် ပစ်ဒဏ် ပေးမည်ဟု SSPP/SSA ထုတ်ပြန်ကြေငြာ

စက်တင်ဘာ ၃၀ ရက် ၂၀၁၄

သျှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ ပေါများပြီး တမျိုးသားလုံး၏ ရန်သူဖြစ်လာသောကြောင့် လူထုတောင်းဆိုချက်အရ SSPP/SSA မှ အထူးစီမံချက်ဖြင့် တိုက်ဖျက်သွားမည်ဖြစ်ပြီး ပတ်သက်ဆက် နွယ်သူများအား ကြီးလေးသည့်ပစ်ဒဏ်ပေးသွားမည်ဟု ပြောသည်။

မူစယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မိုင်းရယ်၊ ကျေးသီး မြို့နယ် အတွင်းနေ ဒေသခံ များ တောင်းဆိုချက်ကြောင့် မူးယစ်ဆေးဝါးများ၊ ပတ်သက်ဆက်နွယ်သူများအား ထိရောက်စွာ အရေး ယူမည်ဆိုသည့်အကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA က စက်တင်ဘာ ၂၅ ရက် ၂၀၁၄ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာထားသည်။

“ဘိန်းစိုက်နေတာက တောင်ပေါ် နဲ့ ကျေးလက်တွေပေါ့။ ဒါပေမယ့် ဓါတုပစ္စည်းနဲ့လုပ်တဲ့ မူးယစ်ဆေး ဝါး တွေကတော့ တောရောမြို့ပါ ပျံ့နှံ့နေပြီ။ မူးယစ်ဆေးစွဲမိရင် ကျည်တစ်ထောင့် ခန္ဓာကိုယ်ထဲဝင်သွား သလိုပါဘဲ။ မူးယစ်ဆေးဟာ တမျိုးသားလုံးရဲ့ အန္တရာယ်ဖြစ်လာနေပြီ။ ဒါကြောင့် ထိထိရောက်ရောက် တိုက်ဖျက်နိုင်မှဘဲ ဖြစ်တော့မယ်” - ဟု SSPP/SSA ဗဟိုကော်မတီဝင် အရာရှိတဦးက ပြောသည်။

သျှမ်းပြည်တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးများအား တပ်ဖြင့်လည်းကောင်း၊ အုပ်ချုပ်ရေးပိုင်း ဖြင့် လည်းကောင်း၊ လူထုနှင့်တိုက်ရိုက်ဆက် သွယ်ဟောပြော ပညာပေးခြင်းဖြင့် လည်းကောင်း စတင် လုပ်ဆောင်သွားမည်ဟုဆိုသည်။ ထိုသို့ ပညာပေးပြီးနောက်ပိုင်း ကျူးလွန်သူများတွေ့ရှိပါက ထိရောက် စွာ ဖမ်းဆီးပစ်ဒဏ်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese?ref=br_tf


အထက်အညာဒေသ ၌ ထန်းပင်ကို အသုံးပြု၍ နေအိမ် အဆောက်အအုံ ဆောက်လုပ်မှု များပြားလာ

အထက်အညာ ဒေသများ၌ ထန်းတက်လုပ်သား ရှားပါးလာခြင်း နှင့် ထန်းလျက် ဈေးနှုန်းများ ကျဆင်းခြင်း များကြောင့် ထန်းတော ပိုင်ရှင်များသည် တွက်ခြေကိုက်မှု မရှိသဖြင့် ထန်းတော လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ခြင်း မရှိသလောက် နည်းပါး လာကြသည်။

ထို့ကြောင့် ထန်းပင်များကို ဒေသအတွင်း နေအိမ် အဆောက်အအုံများ ဆောက်လုပ်ရန် သစ်အဖြစ် အသုံးပြုမှု များပြားလာကြောင်း နွားထိုးကြီးမြို့နယ် ထန်းခွမြောက်ရွာ နေ ထန်းတောပိုင်ရှင် တစ်ဦး၏ ပြောပြချက် အရ သိရသည်။

အထက်အညာ ဒေသရှိ ထန်းတက် လုပ်သားများမှာ ထန်းတက် လုပ်အားခ နှင့် မိသားစု စားဝတ်နေရေး ပြေလည်မှု မရှိကြသဖြင့် အခြားသော အရပ်ဒေသ များသို့ ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ကြပြီး အချို့မှာ ပြည်ပ နိုင်ငံများ အထိ သွားရောက် လုပ်ကိုင်ခဲ့ ကြသည်။

ထို့ကြောင့် ထန်းတက်လုပ်သား ရှားပါးလာကာ ထန်းတက် လုပ်အားခ မှာလည်း မြင့်တက် လာခဲ့သည်။ ထန်းတော ပိုင်ရှင်များ ကလည်း ထန်းလျက်ဈေးနှုန်း ကျဆင်းနေသည့် အပြင် ထန်းတက်သမား လုပ်အားခ ပါ ဈေးနှုန်းမြင့်တက် နေသဖြင့် ထန်းပင် ထန်းတော များကို လုပ်ကိုင် ဆောင်ရွက်ခြင်း မပြုနိုင် တော့ပေ။ မိသားစု များပြားသည့် ထန်းတော ပိုင်ရှင်များသာ လုပ်ကိုင် ဆောင်ရွက် နေကြသည်။

ထို့ပြင် အထက်အညာ ဒေသတွင် သစ်၊ ဝါးများ ရှားပါးလာပြီး သုံးပင်အိမ် တစ်လုံး ဆောက်လုပ်ရန် သစ်ဖိုး ကုန်ကျငွေမှာ ငွေကျပ်သိန်း ၂ဝ မှ ၂၅ သိန်းခန့် ကုန်ကျမည် ဖြစ်သည်။ သုံးပင်အိမ် တစ်လုံး ဆောက်လုပ်ရန် အတွက် ထန်းပင် ငါးပင်မျှသာ ခုတ်လှဲ သစ်ခွဲရမည် ဖြစ်သည်။

ဒေသအတွင်း ထန်းပင်တစ်ပင် ဈေးနှုန်းမှာ ငွေကျပ် ၁၅ဝဝဝ သာ ပေါက်ဈေးရှိပြီး ထန်းပင်တစ်ပင် ကို အိမ်ဆောက်သစ် အဖြစ် ခွဲစိတ်သည့် လုပ်အားခမှာ ငွေကျပ် ၁၈ဝဝဝ ပေါက်ဈေး ရှိသည်။ ထန်းပင်တစ်ပင်ကို ဝယ်ယူကာ အိမ်ဆောက်သစ် အဖြစ် ခွဲစိတ်လျှင် ငွေကျပ် ၃၃ဝဝဝ သာ ကုန်ကျမည် ဖြစ်သည်။ နေအိမ်တစ်လုံးစာ ထန်းပင်ငါးပင် အတွက် ငွေကျပ် ၁၆၅ဝဝဝ သာ ကုန်ကျမည် ဖြစ်သည်။

ထို့ကြောင့် ဒေသတွင်း နေအိမ် အဆောက်အအုံ ဆောက်လုပ် သူများက ထန်းပင်များကို ဝယ်ယူကာ ဆောက်လုပ် လာကြသည်။ ထန်းတော ပိုင်ရှင်များ ကလည်း တွက်ခြေကိုက်မှု မရှိတော့သည့် ထန်းပင်များကို ခုတ်လှဲ ရောင်းချ ကြသည်။

ဤသို့ဖြင့် အထက်အညာ ဒေသများ၌ ထန်းပင်ကို အသုံးပြု၍ နေအိမ် အဆောက်အအုံ ဆောက်လုပ်မှု များပြားလာကာ ထန်းပင် ဈေးကွက်နှင့် ထန်းပင်ကို သစ်အဖြစ် ခွဲစိတ်သည့် လုပ်ငန်းများ ဖြစ်ပေါ် လာခဲ့သည်။

ဈေးကွက်သစ် နှင့် လုပ်ငန်းသစ်များ ဖြစ်ပေါ် လာခဲ့သော်လည်း ဤကဲ့သို့သာ ခုတ်လှဲနေမည် ဆိုလျှင် ထန်းပင် ထန်းတောကြီးများ ကွယ်ပျောက် သွားနိုင်သဖြင့် ထန်းပင်ပေါက် များကို ထပ်မံ စိုက်ပျိုး ထားသင့်ကြောင်း ရေးသား လိုက်ရ ပါသည်။ ။

ဇာညီသစ္စာ

#Themyawadydaily
http://myawady-myawady.blogspot.com/2014/09/blog-post_266.html



ကမ်းရိုးတန်းသွား ရှပ်ပြေးအမြန်ရေယာဉ်လိုင်းများ ရပ်နားထားရာမှ ပြန်လည် ပြေးဆွဲမည်

မြိတ် ၊ ၃၀-၉-၂၀၁၄

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ကမ်းရိုးတန်း ဒေသ တစ်လျှောက် ထားဝယ် - မြိတ် - ကော့သောင်း အသွား အပြန် ခရီးစဉ်များကို ပြေးဆွဲ ပေးသော ဟိုင်ဖိုင်၊ ဖော်ကျူး နှင့် ဧရာနဒီ စသည့် ခေတ်မီ ရှပ်ပြေး အမြန်ရေယာဉ် လိုင်းများသည် မုန်တိုင်း သတင်းများ၊ ရာသီဥတု အခြေအနေများ အရ မိုးရာသီကာလ ဇွန်လမှ စ၍ ခရီးစဉ်များ ရပ်နား ထားရာမှ အောက်တိုဘာ ၁ ရက်မှ စတင်ကာ နံနက် ၈ နာရီတွင် မြိတ် - ကော့သောင်း ခရီးစဉ်နှင့် နံနက် ၁၁ နာရီတွင် မြိတ် - ထားဝယ် ခရီးစဉ်များကို ဖော်ကျူး ရှပ်ပြေး အမြန်ရေယာဉ် လိုင်းက ပြန်လည် ပြေးဆွဲပေးမည် ဖြစ်ကြောင်း မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ကမ်းနားလမ်း ရှိ အဆိုပါ အမြန်ရေယာဉ်လိုင်း လက်မှတ် အရောင်းဌာနမှ သိရသည်။

''အခု ရာသီဥတု ပြန်လည် ကောင်းမွန်သွားပြီ ဖြစ်တာကြောင့် ခရီးသည်များ အနေဖြင့် ရေလမ်းခရီးမှ အချိန်တို အတွင်း သွားလာရေး အဆင်ပြေ စေရန်အတွက် ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲ သွားမှာပါ။ ယနေ့ နံနက်ပိုင်းမှ စ၍ အမြန်ရေယာဉ် လက်မှတ်များ စတင် ရောင်းပေး နေပါပြီ။ အမြန်ရေယာဉ် ဈေးနှုန်းမှာ မြိတ် - ထားဝယ် ခရီးစဉ်ကို ငွေကျပ် ၁၃ဝဝဝ၊ မြိတ် - ကော့သောင်း ခရီးစဉ်ကို ငွေကျပ် ၂၇ဝဝဝ ဖြစ်ပါတယ် '' ဟု အဆိုပါ အမြန်ရေယာဉ်လိုင်း လက်မှတ် အရောင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ခရီးသည်များ စိတ်အေးချမ်းစွာ လိုက်ပါနိုင်ရေး အတွက် ရေယာဉ် သွားနေသည့် ရေလမ်းကြောင်း အခြေအနေ ပြသပေးခြင်း၊ အပန်းဖြေ နိုင်ရန် ဗီဒီယို ပြသပေးခြင်း နှင့် အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး အတွက် အသက်ကယ် အင်္ကျီများလည်း အသင့်ထားရှိ ပေးကြောင်း သိရသည်။

ထို့ပြင် မြစ်အတွင်း ရေတိမ်ပိုင်း မြိတ် - ကျွန်းစု ခရီးစဉ်ကို ကြံတိုင်းအောင် (၃) နှင့် ဂန္ဓမာ (၁) ရေယာဉ်လိုင်း တို့မှ နေ့စဉ်ပုံမှန် အတိုင်း ပြေးဆွဲပေးလျက် ရှိပြီး ဧရာနဒီ - ၅၅၅ ကမ်းရိုးတန်းသွား ရှပ်ပြေး အမြန် ရေယာဉ်လိုင်း မှ မြိတ် - ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ် အတွင်း ကံမော်၊ မော်ခေါင်းတုန်း၊ အလယ်မန်၊ ကြိမ်နီတောင်၊ ကြိမ်မဲတောင်၊ ဗြောကျွန်း၊ ကော့ရဲကျွန်း၊ ကမ်းတော စသည့် ပင်လယ်ကျွန်း ရွာများ ခရီးစဉ်ကိုလည်း တစ်ရက်ခြား ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။ (၄၁၂)

#Themyawadydaily
https://www.facebook.com/TheMyawadyDaily?fref=photo


ကနေဒါနိုင်ငံသားတဦးက တရုတ်ကျောင်းသားတဦးကိုသတ်ပြီး စာတိုက်ကနေပို့

ကနေဒါနိုင်ငံသား တဦးဟာ တရုတ် ကျောင်းသား တဦးကို သတ်ဖြတ် အပိုင်းပိုင်း ခုတ်ထစ်ပြီး သူ့ကိုယ်ခန္ဓာ အစိတ်အပိုင်း တွေကို စာတိုက်ကနေ ကနေဒါ နိုင်ငံရေး ပါတီတွေနဲ့ ကျောင်းတွေဆီကို ပေးပို့ခဲ့ကြောင်း စက်တင်ဘာ ၂၉ ရက်နေ့က တရားရုံးမှာ ဝန်ခံ လိုက်ပါတယ်။

ဒါပေမယ့် သူ့ရှေ့နေကတော့ အမှုသည်ဟာ စိတ်ဝေဒနာတမျိုးကို ခံစားနေရလို့ ရာဇဝတ်မှုအတွက် တာဝန်မရှိဘူးလို့ ခုခံလျှောက်လဲခဲ့ပါတယ်။

အစိုးရရှေ့နေကတော့ အသက် ၃၂ နှစ်အရွယ် ကနေဒါနိုင်ငံသား လူကာ မဂ်နော့တာဟာ တရုတ်ကျောင်းသား ဂျွန်လင်ကို မွန်ထရီရယ်မြို့မှာ မသတ်ခင် အနည်းဆုံး ၆ လလောက်က လူသတ်ဖို့ စတင်စီစဉ်ခဲ့ပြီး စီစဉ်ပုံကိုပါ ရုပ်ရှင်မှတ်တမ်း လုပ်ထားခဲ့ကြောင်း သက်သေတွေ က ပြနေတယ်လို့ ပြောပါတယ်။

မက်ဂ်နော့တာကိုဖမ်းဖို့ နိုင်ငံတကာက ရှာနေချိန်မှာ ပြည့်စုံတဲ့ အသေးစိတ်ရှင်းပြချက်တွေကို လူသိရှင်ကြား ဖွင့်ချခဲ့ဖူးပါတယ်။

မက်ဂ်နော့တာကို ပထမအဆင့် လူသတ်မှု၊ လူ့ခန္ဓာကိုယ်ကို ဂုဏ်သိက္ခာမဲ့အောင် မဖွယ်မ ရာလုပ်မှုနဲ့ မဖွယ်မရာ ရုပ်သံကို ထုတ်လွှင့်မှုတွေနဲ့ တရားစွဲထားပါတယ်။

ဒီအမှုဟာ ကမ္ဘာတလွှား ခေါင်းကြီးပိုင်း သတင်း ဖြစ်ခဲ့ပါတယ်။ စွဲချက် ၅ ခုလုံးကို မက်ဂ်နော့တာက သူလုပ်တာလို့ ဝန်ခံခဲ့ပေမယ့် အပြစ်မရှိဘူးလို့လည်း ပြောပါတယ်။

ဒီတရားစီရင်မှုကို အသတ်ခံရသူ လင်ရဲ့ ဖခင် လင်ဒီရန်က တရုတ်နိုင်ငံကနေ လာရောက် ကြားနာပါတယ်။

မက်ဂ်နော့တာကို တကမ္ဘာလုံးက ဝိုင်းရှာခဲ့ပြီး ဂျာမနီနိုင်ငံ မြို့တော်ဘာလင်က အင်တာနက်ကဖေးဆိုင်မှာ သူ့သတင်းကို သူပြန်ဖတ်နေတဲ့အချိန် ဖမ်းမိခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/66438

လူကာ မဂ်နော့တာ (ဓာတ်ပုံ - အေအက်ဖ်ပီ)

နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီနိုင်ငံရေး လုပ်လို့မရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော (ရုပ်/သံ)

နိုင်ငံရေး ပါတီမရှိဘဲ ဒီမိုကရေစီ နိုင်ငံရေး လုပ်လို့ မရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့က ပြည်သူ့ လွှတ်တော်ကို ရန်ကုန် နိုင်ငံရေး ခေါင်းဆောင်မှု သင်တန်း အပတ်စဉ် ၈ က သင်တန်းသူ သင်တန်းသားတွေ လာရောက် လေ့လာတုန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်တာပါ။

“နိုင်ငံရေးပါတီဆိုတာ အခုခေတ်မှာ လိုအပ်လို့ ရှိရတာ။ တိုက်ရိုက်ဒီမိုကရေ စီလို့ ပြောလို့ရတယ်။ တိုက်ရိုက်ဒီမိုကရေစီ မဟုတ်တဲ့ခေတ်မှာဆိုရင် သွယ်ဝိုက်တဲ့နည်းနဲ့ သွယ်ဝိုက်ဆိုတာက ပါတီဒီမိုကရေစီပေါ့။ တချို့ဟာဆိုရင် ပါတီ နိုင်ငံရေးနဲ့ အမျိုးသား နိုင်ငံရေးကို ခွဲခြားပြီးပြောတယ်။ ဒါကအမှန်ပြောရရင် အရင်နှစ် ၂၀ တုန်းက အန်အယ်လ်ဒီကို တိုက်ချင်လို့ ပြောတာ။ အန်အယ်လ်ဒီက ပါတီ နိုင်ငံရေးလုပ်နေလို့ပေါ့။ ပါတီနိုင်ငံရေးဟာ နိမ့်ကျတယ်၊  အမျိုးသားနိုင်ငံရေးဟာ မြင့်တယ်လို့ပြောတယ်။ တကယ်တော့ ပါတီနိုင်ငံရေးပဲ လုပ်လို့ရတယ်။ အခုခေတ်မှာတော့ ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေး ခွဲခြားပြီးတော့ ပြောတာဟာ ပွင့်ပွင့်လင်းလင်းပြောရင် ရိုးသားမှုမရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုမှ နိုင်ငံရေးပါတီမရှိဘဲနဲ့ ဒီခေတ်မှာ ဒီမိုကရေစီ နိုင်ငံရေးလုပ်လို့မရဘူး။ အဲ့တာတော့ ရိုးရိုးလေးနဲ့ နားလည်ဖို့လိုတယ်။ နိုင်ငံရေးပါတီဆိုတာ ဒီခေတ်ရဲ့ လိုအပ်ချက်အရ ပေါ်လာတာ။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီစပြီးကျင့်သုံးနေတဲ့ ဒီလိုနိုင်ငံမျိုးမှာ နိုင်ငံရေးပါတီတွေ အများကြီးပေါ်တတ်ပြီ အရေးကြီးတာက ကိုယ့်ပါတီရဲ့ အခန်းကဏ္ဍကို နားလည်ဖို့လိုကြောင်း၊ သိပ်ပြီးအထင်ကြီးလို့မဖြစ်သလို လျှော့တွက်လို့လည်း မရဘူးလို့ ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/66432

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 



အီရန်ဟာ IS ထက်ကမ္ဘာကို ခြိမ်းခြောက်နေလို့ ဆို

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု က အီရန်ဟာ အစ္စလာမ္မစ် နိုင်ငံ တပ်တွေ ထက် ပိုပြီး ကမ္ဘာကို ခြိမ်းခြောက် နိုင်တယ်လို့ ပြောကြား လိုက်ပါတယ်။

အီရန်သာ အဏုမြူ ဗုံး လုပ်နိုင်ပြီ ဆိုရင် ဟန်လုပ် ထားတဲ့ အပြုံးတွေ ပျောက်ကွယ် သွားလိမ့်မယ်လို့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံမှာ မစ္စတာ နေတန်ညာဟုက ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

IS အစ္စလာမ္မစ် တပ်တွေကို ချေမှုန်း ပြီး အဏုမြူ အင်အားကို တည်ဆောက် နေတဲ့ အီရန် ကို ချန်ထားခဲ့မယ် ဆိုရင် ရေတိုမှာ အနိုင်ရပြီး ရေရှည် စစ်ကြီးကို ရှုံးလိမ့်မယ်လို့ သူက ပြောပါတယ်။

ပါလက်စတိုင်းက Hamas အဖွဲ့ကိုလဲ IS နဲ့ အလားသဏ္ဍဍာန် တူကြောင်း၊ ဒီ၂ ဖွဲ့လုံးဟာ နာဇီ လိုပဲလို့ ခိုင်းနှိုင်းပြီး သူက ပြောကြား ခဲ့ပါတယ်။

နာဇီ တွေက သခင် လူမျိုးကြီး ဝါဒကို ယုံကြည် သလို အစ္စလာမ် စစ်သွေးကြွ တွေကလဲ ဘာသာကြီး ဝါဒ ရှိတယ်လို့ နေတန်ညာဟု က ပြောခဲ့တာပါ။

မစ္စတာ နေတန်ညာဟု စကား တွေဟာ အချက်အလက် တွေနဲ့ သွေဖီ လွဲမှား နေကြောင်း ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့က ပြောကြား ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/09/140929_israel_iran

အီရန်က ပိုပြီး ကမ္ဘာကို ခြိမ်းခြောက် နိုင်တယ်

ဟောင်ကောင်ဆန္ဒပြပွဲ ပြည်ပစွက်ဖက်မှု တရုတ်အစိုးရ သတိပေး

ဟောင်ကောင်မှာ သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အစိုးရက တရုတ်နိုင်ငံပိုင် နေမြေအတွင်းမှာရှိတဲ့  လမ်းမတွေ ပေါ်ကနေ ဖယ်ရှားပေးဖို့ တောင်းဆိုထားတာကို အံတုပြီး ဆက်လက် ဆန္ဒပြနေကြပါတယ်။ တရုတ်အစိုးရကလည်း ပြည်ပကနေ ၀င်ရောက် စွက်ဖက်မှုမလုပ်ကြဖို့ သတိပေးထားပါတယ်။

တနင်္လာနေ့ နေ့လည်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာမသွားခင် ဟောင်ကောင်ရဲ့ စီးပွားရေး အချက်အချာဒေသအတွင်း ဆန္ဒပြနေကြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့ပါတယ်။ ဆန္ဒပြတဲ့အခြေအနေဟာ အားပျော့လာတဲ့အတွက် ဆုတ်ခွာပေးခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ညနေပိုင်း အလုပ်ဆင်းချိန်မှာ လူစုလူဝေးကြီးဟာ ပြန်ပြီးတော့ ကြီးထွားလာခဲ့ပါတယ်။

ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ အခြေနေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက အနီးကပ် လေ့လာစောင့်ကြည့်နေပြီး လွတ်လပ်စွာ စုဝေးခွင့်နဲ့ လွတ်လပ်စွာ သဘောထား ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ကို ထောက်ခံကြောင်း အမေရိကန် သမ္မတအိမ်ဖြူတော်က ပြောပါတယ်။ ဟောင်ကောင် အာဏာပိုင်တွေအနေနဲ့ သည်းခံမှုရှိကြဖို့နဲ့ ပြည်သူတွေကိုလည်း ငြိမ်းချမ်းစွာ ဆန္ဒပြကြဖို့ တောင်းဆိုလိုက်ပါတယ်။

ဟောင်ကောင်ပြည်သူတွေအနေနဲ့ ၂၀၁၇ ခုနှစ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲအတွက် သူတို့ရဲ့ကိုယ်စားလှယ်လောင်းကို သူတို့အနေနဲ့ ရွေးချယ်ခွင့်ပြုရေးကို တရုတ်အစိုးရက ငြင်းပယ်နေတာကြောင့် လုံးဝဒီမိုကရေစီ မရှိဘူးလို့ ဟောင်ကောင် ကျောင်းသားတဦးက VOA ကို ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/chinese-goverment-warns-foreign-interupted-/2466933.html

ဟောင်ကောင်ဆန္ဒပြပွဲ အလုပ်သမားသမဂ္ဂ ပါဝင်နိုင်

ဟောင်ကောင် ကျောင်းသူ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲ ဟာ ပြီးခဲ့တဲ့ တနဂင်္နွေနေ့ ည ဘက်က ရဲ အဖွဲ့မှ လူစုကွဲအောင် မျက်ရည်ယို ဓာတ်ငွေ့ လက်နက် နဲ့ ပစ်ခတ် ဖြိုခွင်းတဲ့ နောက်ပိုင်း မှာ ပြည်သူလူထု နဲ့ အလုပ်သမား တွေ ပါ ပါဝင် ဆန္ဒ ပြတဲ့ အကြောင်း City University of Hong Kong က မြန်မာကျောင်းသား ကိုရှင်းသန့် က ဘီဘီစီ ကို ပြောပါတယ်။

ကျောင်းသားတွေ ဟာ ဟောင်ကောင် မြို့ လည်ခေါင် ကို စီးထားတဲ့ အတွက် ဘဏ်တိုက်တွေ၊ ဈေးဆိုင်တွေ ပိတ်ထားကြပေမယ့် စီးပွားရေး ရပ်ကွက် တခုလုံး ရပ်ဆိုင်း သွားတဲ့ အဆင့် မရောက်သေးပေမယ့် စတော့ရှယ်ယာ ဈေးကွက် ကျဆင်းသွားတဲ့ အကြောင်း ရှင်းပြပါတယ်။

မြို့လယ်ခေါင်တင် မကဘဲ မြို့ရဲ့ တခြားနေရာ ကိုပါ ဆန္ဒပြသူတွေ စုရုံး နေတဲ့ အကြောင်း၊ အလုပ်သမား သမဂ္ဂတွေ နဲ့ ကျောင်းဆရာ၊ ဆရာမ သမဂ္ဂ တွေ ကပါ ဆန္ဒပြပွဲ ကို ထောက်ခံကြောင်း ကြေညာချက် အသီးသီး ထုတ်ပြန်ကြပါတယ်။ ဒါကြောင့်မို့ အဆိုပါ သမဂ္ဂ တွေ ပါ ဆန္ဒပြမှု ထဲ ပါဝင်လာနိုင်တယ် လို့ မြန်မာကျောင်းသား ကိုရှင်းသန့် က ပြောပါတယ်။

ဆန္ဒပြသူတွေ ရဲ့ ရည်ရွယ်ချက် ဟာ ၂ဝ၁၇ ခု ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ မှာ တရုတ် အစိုးရ တင်မြှောက်သူ ကို ရွေးမဲ့ အစား ဒီမိုကရေစီ နည်းနဲ့ ရွေးကောက် တင်မြှောက် ဖို့ တောင်းဆိုနေကြတာပါ။ ဒါကြောင့်မို့ လက်ရှိ အုပ်ချုပ်ရေးမှူး ကို ဖြုတ်ချဖို့ လည်း ရည်ရွယ်ထားကြပါတယ်။

တက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ ကျောင်းတွေမှာ ကျောင်းမတက်ဘဲ ဆန္ဒပြပွဲ ဝင်ပါ ကြဖို့ လှုံ့ဆော်တဲ့ စာတွေ၊ ပိုစတာတွေ လိုက်ဝေကြောင်း လည်း မြန်မာကျောင်းသား ကိုရှင်းသန့် က ဘီဘီစီ ကို ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/09/140929_hongkong_demo_latest

ဟောင်ကောင် ဆန္ဒပြပွဲ

ရဲတွေဖြိုခွင်းခဲ့ပေမယ့် ဟောင်ကောင်မှာ ဆန္ဒပြကြဆဲ

ဟောင်ကောင်မြို့ရဲ့ ​အချက်အခြာကျတဲ့ ​နေရာမှာ ​ဆန္ဒမပြဖို့ ​အာဏာပိုင်တွေက ​ပြောဆိုထားတဲ့ကြားကပဲ ​သောင်းနဲ့ချီတဲ့ ​ဟောင်ကောင်ပြည်သူတွေက ​အာဏာ ​ဖီဆန်တဲ့အနေနဲ့ ​ဆက်လက် ​ဆန္ဒပြပိတ်ဆို့မှုတွေ ​ပြုလုပ်နေကြပါတယ်။

အခုဆိုရင် ​ဆန္ဒပြလူအုပ်ကြီးဟာ ​စီးပွားရေး ​အချက်အခြာကျတဲ့ ​နေရာတွေမှာသာ ​ဆန္ဒပြကြတာ ​မဟုတ်တော့ပဲ ​ရှော့ပင်း ​ကုန်တိုက်ရှိရာနဲ့ ​လူနေထိုင်ရာ ​နေရာတွေအထိ ​တိုးချဲ့ပြီး ​ဆန္ဒပြ ​နေကြပါတယ်။

လမ်းတွေပိတ်သွားအောင် ​ဆန္ဒပြ ​ကြတဲ့အတွက် ​ဟောင်ကောင် ​ရဲတွေက ​မျက်ရည်ယိုဗုံးတွေ ​အသုံးပြုပြီး ​လူစုခွဲပြီးနောက် ​ဆန္ဒပြမှုက ​ပိုဆိုးလာတာပါ။ ​ဆန္ဒပြမှုမှာ ​ပါဝင်သူ ​Jessica ​Yeung ​ကတော့ ​ဒီဆန္ဒပြမှုအတွင်း ​လူကြီး ​လူငယ်မရွေး ​ပါဝင်နေကြတယ်လို့ ​ပြောပါတယ်။

အသက်ကြီးနေပြီ ​ဖြစ်တဲ့ ​လူတွေကိုလည်း ​တွေ့နိုင်တဲ့အကြောင်း၊ ​ဒေသတွင်းမီဒီယာတစ်ခုရဲ့ ​အင်တာဗျူးကို ​ကြည့်လိုက်ရင် ​အသက် ​၉၀ ​အရွယ် ​ဆန္ဒပြသူတွေ ​ပါဝင်သလို ​အသက် ​၁၄၊ ​၁၅ ​နှစ်အရွယ် ​လူငယ်တွေလည်း ​ပါဝင်တဲ့အကြောင်း ​ရှင်းရှင်းပြောရရင် ​လူတိုင်းက ​ပါဝင်နေကြတာဖြစ်ပြီး ​သူတို့နဲ့ ​နီးစပ်ရာ ​ဆန္ဒပြရာနေရာမှာ ​ဝင်ပါနေကြတာလို့ ​ပြောပါတယ်။

ဆန္ဒပြသူတွေနဲ့ ​ရဲတွေအကြား ​ပြဿနာ ​ဖြစ်ပြီးနောက် ​ဆန္ဒပြသူတွေကို ​စောင့်ကြည့်နေတဲ့ ​ရဲတွေရဲ့ ​အင်အားကို ​လျှော့ချလိုက်ပြီ ​ဖြစ်ပါတယ်။ ​တရုတ်ပြည်ပအစိုးရကတာ့ ​ဒီဆန္ဒပြမှုကြီး ​ဖြစ်ပွားအောင် ​တခြားပြည်ပနိုင်ငံတွေ ​ပါဝင်အားပေးမှုတွေ ​မလုပ်ဖို့ ​သတိပေးထားပါတယ်။

တချို့ဆန္ဒပြသူတွေကတော့ ​ရဲတွေက ​လက်နက်တွေကို ​အားကိုးပြီး ​နှိမ်နင်းမှုလုပ်မှာကို ​စိုးရိမ်ပေမယ့် ​ဒီဆန္ဒပြမှုမှာ ​ပါဝင်မှ ​ဖြစ်မယ်လို့ ​ယုံကြည်တဲ့အတွက် ​ပါဝင်ရတာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ရဲတွေက ​အင်အားသုံးဖြိုခွင်းမှာ ​စိုးရိမ်မိပြီး ​အကြောင်းရင်းကတော့ ​သူတို့မှာ ​ဘာလက်နက်မှ ​မရှိတဲ့အကြောင်း၊ ​သူတို့ကို ​ဘာလက်နက်တွေနဲ့ ​လာရောက်ဖြိုခွင်းမလည်း ​ဆိုတာ ​မသိရတဲ့အတွက် ​စိုးရိမ်ပေမယ့် ​ဒီနေရာမှာ ​ဆန္ဒပြနေဖို့ ​လိုအပ်တယ်လို့ ​ယူဆတဲ့အကြောင်း ​ဆန္ဒပြသူတစ်ဦးက ​ပြောပါတယ်။

အမေရိကန် ​အစိုးရကတော့ ​ဒီဆန္ဒပြမှုကို ​အနီးကပ် ​စောင့်ကြည့်သွားမယ်လို့ ​ပြောဆိုနေပြီး ​ငြိမ်းချမ်းစွာ ​ဆန္ဒပြကြဖို့အတွက်လည်း ​တိုက်တွန်းလိုက်ပါတယ်။

By Sarah Clarke in Hong Kong and wires
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-30/1373751

ဟောင်ကောင်မှာ ရက်ဆက်ဆန္ဒပြမှုတွေ ပြုလုပ်နေကြဆဲ (Credit: AFP) 

မြန်မာ့ လူ့အခွင့်အရေး ဆွေးနွေးမှု ကုလမှာရပ်ဖို့ စောသေးကြောင်း HRW တုံ့ပြန်

ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံ ခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံ ကိုယ်စား မိန့်ခွန်း ပြောကြား ခဲ့တာမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အဓိက စိုးရိမ်မကင်း ဖြစ်နေ တာတွေကို အတော်များများ ဖြေရှင်း ပေးနိုင်ခဲ့ပြီ ဖြစ်တဲ့ အတွက် လူ့အခွင့်အရေး ကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးရဲ့ တတိယကော်မတီတို့ရဲ့ အစီအစဉ်မှာ ထည့်သွင်းထားဖို့ မလိုအပ်တော့ဘူးလို့ အပြည့်အဝယုံကြည်တဲ့အကြောင်း ပြောကြားသွားပါတယ်။ ဒါပေမယ့် နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ ရုပ်သိမ်းပေးဖို့ စောလွန်းသေးတယ်ဆိုပြီးတော့ ပြောလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တနင်္လာနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မိန့်ခွန်းပြောကြားခဲ့ချိန် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မီးမောင်းထိုးပြသွားပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ထောက်ခံအားပေးမှုတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေမှာ တိုးတက်မှုတွေ ရရှိနေပြီး လူ့အခွင့်အရေးလှေကားထစ်နဲ့ တိုင်းတာရင် မြန်မာနိုင်ငံဟာ အလယ်အဆင့်ကို ရောက်နေပြီး ဒီတိုးတက်မှုဟာ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ခံစားရာမှာ အထောက်အကူပြုစေတယ်လို့ ပြေကြားသွားပါတယ်။

နယူးယောက်ခ် အခြေစိုက် Human Rights Watch အဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က အာရှရေးရာ ပြောခွင့်ရ ဂျွန် ဆစ်ဖ်တွန် (John Sifton) က မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ မိန့်ခွန်းဟာ ဓမ္မဓိဌာန်မကျဘူးလို့ ဝေဖန်လိုက်ပါတယ်။

"ပထမဦးဆုံး နိုင်ငံတနိုင်ငံအနေနဲ့ လူ့အခွင့်အရေး လှေကားထစ်မှာ အလယ်ကို ရောက်နေပြီလို့ ပြောတဲ့အချက်က ဘာကို ဆိုလိုသလဲဆိုတာ ကျနော် နားမလည်နိုင်ပါဘူး။ မြန်မာအစိုးရအနေနဲ့ ကိုယ့်နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ကိုယ့်အနေနဲ့ သတ်မှတ်ပိုင်ခွင့် ရှိပါသလား။ အမှတ်ပေးစာရင်းမှာ ကိုယ့်အမှတ်ကိုယ် ပေးနိုင်ပါသလား။ အရေးကြီးတာက မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေကို အကဲဖြတ်ခွင့် မရှိပါဘူး။ နိုင်ငံခြားရေးဝန်ကြီးရဲ့ မိန့်ခွန်းကို ကြည့်မယ်ဆိုရင် ဓမ္မဓိဌာန်ကျကျ သုံးသပ်နိုင်ခြင်းမရှိဘူးလို့ ဆိုရမှာပါ။"

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ သုံးနှစ်သက်တမ်းကာလအတွင်း ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ရှေ့ရှုဆောင်ရွက်ရာမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လှိုင်းသုံးရပ်ကို စတင်နေပြီး ပထမလှိုင်းဖြစ်တဲ့ စစ်အစိုးရကနေ ပါတီစုံ ဒီမိုကရေစီစနစ်ကို ငြိမ်းချမ်းစွာ ဖော်ဆောင်နေပြီဆိုတဲ့ ပြောဆိုချက်ကိုလည်း မစ္စတာ Sifton  က ဝေဖန်လိုက်ပါတယ်။

"မမှန်တဲ့အချက်ကို ထောက်ပြရမယ်ဆိုရင်တော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ပြောခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး ပထမလှိုင်းဖြစ်တဲ့ စစ်အုပ်ချုပ်ရေးကနေ ပါတီစုံ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းခဲ့ပြီဆိုတာ ကျနော်တို့ မမြင်တွေ့ရသေးပါဘူး။ အသွင်ကူးပြောင်းမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရပါမယ်။ လွှတ်တော်မှာ စစ်တပ် ကိုယ်စားလှယ်တွေ ရှိနေတယ်။ လွှတ်တော်ကိုဖျက်သိမ်းဖို့ ဖွဲ့စည်းပုံမှာ အာဏာပေးထားတယ်။ ဒါတွေကို ပြင်ဆင်ရပါလိမ့်မယ်။ မပြင်နိုင်သေးဘူးဆိုရင်တော့ အရပ်ဖက်အုပ်ချုပ်ရေး ကူးပြောင်းနေပြီဆိုတာ ဘယ်မှန်ပါ့မလဲ။"

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ပထမလှိုင်းအနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ အခြေခံလွတ်လပ်ခွင့်တွေ ဖန်တီးပေးရေးတို့ကို ဖော်ဆောင်နေပြီး ဒုတိယလှိုင်းအဖြစ် နိုင်ငံရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးအပြင် ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုးမှုကို ဆောင်ရွက်ပေးနေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသွားပါတယ်။ တတိယလှိုင်းအနေနဲ့ကတော့ နိုင်ငံမှာ လူမှုရေးနဲ့ စီးပွားရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် ဒီမိုကရေစီနိုင်ငံသစ်အတွက် အခြေခံအုတ်မြစ်ကို စတင်ဆောင်ရွက်နေပြီး အဓိက လူ့အခွင့်အရေး ပြဿနာတွေကို အနည်းနဲ့အများ ဖြေရှင်းပေးနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက်ကြောင့်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ အထွေထွေ ညီလာခံကြီးရဲ့ တတိယကော်မတီဆွေးနွေးပွဲ အစီအစဉ်ကနေ မြန်မာနိုင်ငံကို ရုပ်သိမ်းပေးဖို့လည်း အချိန်တန်ပြီလို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ မစ္စတာ Sifton ကတော့ အချိန်စောလွန်းသေးတယ်လို့ အခုလို တုံ့ပြန်ပါတယ်။

"ကျနော်တို့အမြင်ကတော့ လူ့အခွင့်အရေးကောင်စီ agenda ကနေ ရုပ်သိမ်းပေးရင် အချိန်စောသေးတယ်လို့ ပြောရမှာပါ။ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးပြီး မြန်မာနိုင်ငံမှာ ရုံးခွဲဖွင့်ခွင့်ပေးမယ်ဆိုရင်၊ ငြိမ်းချမ်းရေးသဘောတူညီမှုကို တိုင်းရင်းသားတွေနဲ့ ရယူနိုင်မယ်ဆိုရင်၊ ရခိုင်ပြည်နယ်မှာ ဘာသာရေးအကြမ်းဖက်မှုကိစ္စတွေကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် စသဖြင့်တွေ လုပ်ပေးနိုင်မယ်ဆိုရင်တော့ တမျိုးပေါ့။ လောလောဆယ်မှာတော့ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက ပေးထားတဲ့ကတိတွေကို ဖြည့်ဆည်းမပေးသေးတာတွေ ရှိနေပါတယ်။"

မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအပြင် လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ကုလသမဂ္ဂမှာ မြန်မာ့အရေး ကုလသမဂ္ဂ မိတ်ဆွေနိုင်ငံများအဖွဲ့က ဆွေးနွေးခဲ့သလို လူ့အခွင့်အရေးကောင်စီရဲ့ (၂၇) ကြိမ်မြောက် ညီလာခံမှာလည်း လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အထူးစုံစမ်း စစ်ဆေးရေးမှူး ယန် ဟီးလီဟာ ဇူလိုင်လက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်ကနေ တွေ့ရှိချက်တွေကို တင်ပြဆွေးနွေးဖို့လည်း ရှိပါတယ်။

ဒေါ်လှလှသန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/hrw-cirticizes-on-wunna-maung-lwin-speech/2466940.html


လူ့အခွင့်အရေး တိုးတက်မှုကြောင့် ကုလအစီအစဉ်မှာ ထည့်သွင်းဆွေးနွေးခြင်းမပြုဖို့ မြန်မာတောင်းဆို

မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေဟာ တိုးတက်နေပြီ ဖြစ်တဲ့ အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အစီအစဉ်ထဲမှာ ဆက်ပြီး ထည့်သွင်း ဆွေးနွေးဖို့ မသင့်တော့ဘူးလို့ မြန်မာနိုင်ငံ ခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောလိုက်ပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံအဆင့် သတ်မှတ်ထားတာကနေ ပယ်ဖျက်ဖို့အတွက် စတင်လုပ်နေပြီလို့လည်း ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ စက်တင်ဘာလ ၂၉  ရက်၊ တနင်္လာနေ့က ၆၉  ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးက အဲဒီလို ပြောသွားတာပါ။ ညီလာခံကျင်းပရာ နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်မှာ သတင်းသွားယူတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ ထားပါတယ်။

မြန်မာနိုင်ငံသစ်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး စိုးရိမ်ကြတဲ့ကိစ္စရပ်ကြီးတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဖြေရှင်းပြီးပြီဖြစ်တဲ့အပြင် အခုဆိုရင် လူ့အခွင့်အရေးအခြေအနေ တိုးတက်တဲ့အဆင့်မှာ အလယ်အလတ်ထိ ရောက်နေပြီလို့ ဦးဝဏ္ဏမောင်လွင်က ပြောသွားပါတယ်။ ဒီတိုးတက်မှုကြောင့် လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို မြန်မာလူထုအနေနဲ့ ရရှိခံစားနေပြီလို့ သူကပြောပါတယ်။

“ဒါကြောင့်မို့လို့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ ဆွေးနွေးရမယ့် ခေါင်းစဉ်တခုအဖြစ် ဆက်ရှိမနေသင့်တော့ဘူးလို့ ကျနော်တို့အနေနဲ့ အပြည့်အ၀ ယုံကြည်ပါတယ်။”

ရခိုင်ပြည်နယ်မှာ လူမှုအ၀န်းအ၀ိုင်းနှစ်ခုအကြား ပဋိပက္ခအခြေအနေတွေ ရှိနေတဲ့အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက စိုးရိမ်တဲ့အကြောင်း အမြဲလိုပြောဆိုနေတာပါ။ ဒီအခြေအနေပေါ် အထူးအာရုံစိုက်ပြီး ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ဦးဝဏ္ဏ မောင်လွင်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစောတလျင် ကောက်ချက်မချခင်မှာ နောက်ခံသမိုင်းကြောင်း၊ ထွေပြားမှုနဲ့ ရှုပ်ထွေးမှုတွေကို အပြည့်အ၀ နားလည်ထားဖို့ လိုတယ်လို့ သူက ထောက်ပြပါတယ်။ အခြေအနေကို အပေါ်ယံအမြင်လောက်နဲ့ မကြည့်သင့်ပါဘူးလို့ဆိုပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းကို တောင်းဆိုသွားပါတယ်။

 “ရေရှည်ခိုင်မာတဲ့ အဖြေကိုရှာတဲ့နေရာမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ လက်တွေ့ကျပြီး မျှတစွာ ပါဝင်လုပ်ဆောင် သင့်ပါတယ်။ အခြေခံ အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ရခိုင်ပြည်နယ်က လူအားလုံးတို့အတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဟန်ချက်ညီရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ကျနော်တို့ လုပ်ဆောင်နေပါတယ်။”

သူ့မိန့်ခွန်းထဲမှာ အထူးတလည်ထည့်ပြောပြီး ကြေညာသွားတဲ့ကိစ္စတခုကတော့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထား ရတာကနေ ပယ်ဖျက်ဖို့အတွက် စပြီးလုပ်နေပြီဆိုတာပါပဲ။ မြန်မာနိုင်ငံဟာ ၂၆ နှစ်နီးပါး ဆိုရှယ်လစ်စနစ်အောက်မှာ နေခဲ့ရပြီးတဲ့နောက် ၁၉၈၇ ခုနှစ်မှာ ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးတိုင်းပြည်တခုအဖြစ် ကုလသမဂ္ဂက ထည့်သွင်း သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အခုတော့ အားတက်ဖွယ် စီးပွားရေးတိုးတက်လာမှု၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တခုလုံးမှာ တိုးတက်လာမှု စတာတွေကြောင့် အရေးကြီးတဲ့ဆုံးဖြတ်ချက်တခု ချဖို့ ဖြစ်လာပါတယ်လို့ ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။

“ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံ LDC အဖြစ် သတ်မှတ်ခံထားရတာကနေ ပယ်ဖျက်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ အပြည့်အ၀ သန္နိဋ္ဌာန် ချထားပြီး လုပ်ငန်းစဉ်တွေ စတင်နေပြီဆိုတာကို ဒီနေရာမှာ ကျနော်ကြေညာလိုပါတယ်။ သမ္မတဦးသိန်းစိန်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ဆက်သွယ်ပြီး LDC အဆင့်ကနေ ပယ်ဖျက်ပေးဖို့အတွက် ကျနော်တို့ရဲ့ရည်ရွယ်ချက်နဲ့ သန္နိဋ္ဌာန်ကို ဖော်ပြ ပြောဆိုပြီးဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကျရင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာက အထူးစိတ်ဝင်တစားနဲ့ စောင့်ကြည့် နေကြပြီးတော့ အဲဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဘယ်လောက်အထိ တိုးတက် ခိုင်မာနေပြီဆိုတာကို သက်သေပြမယ့် မှတ်ကျောက် တခုအဖြစ် သုံးသပ် ပြောဆိုတာတွေလည်းရှိပါတယ်။ ဒါကို မြန်မာအစိုးရအနေနဲ့ ကောင်းကောင်း သတိပြုမိတယ်ဆိုတာကို ၀န်ကြီးဦးဝဏ္ဏမောင်လွင် ပြောသွားတာက ပြနေပါတယ်။

 “ဒီမိုကရေစီတန်ဘိုးတွေကို လက်တွေ့ကျင့်သုံးတဲ့အနေနဲ့ လူထုတရပ်လုံးရဲ့ဆန္ဒနဲ့ လိုလားချက်တွေကို အစိုးရက အလေးအနက်ထားပြီး ထည့်သွင်း စဉ်းစားပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို မထိခိုက်စေဘဲ တရားဥပဒေဘောင်အတွင်းကနေ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် အခြေခံအုတ်မြစ်တွေကို အစိုးရက တည်ဆောက်နေပါတယ်။”

ဦးဝဏ္ဏမောင်လွင်ရဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့  နိုင်ငံတကာက ပြောဆို ထောက်ပြနေတဲ့ အဓိက ကိစ္စရပ်တွေ အကုန်လုံးကို ထည့်သွင်းပြောဆိုသွားတာ တွေ့ရပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တတိယအဆင့် ရောက်နေပြီဆိုတာကို ထောက်ပြ ပြောဆို သွားသလို လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်နဲ့ စိန်ခေါ်မှုအများအပြားကို လုပ်ဆောင်ရမှာဖြစ်တာကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ နားလည်မှုနဲ့ ပံ့ပိုးကူညီမှုတွေ လိုအပ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောသွားပါတယ်ခင်ဗျား။

ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/un-assembly-u-wunna-maung-lwin-/2466902.html

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်။ (စက်တင်ဘာ ၂၉၊ ၂၀၁၄)

အိုင်အန်ဂျီအိုဝန်ထမ်းများ ၀င်ငွေခွန်ဆောင်ရရန် အခွန်ဦးစီးဌာန ထုတ်ပြန်

မြန်မာနိုင်ငံတွင်းက နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း (အိုင်အန်ဂျီအို) မှာ အလုပ်လုပ်ကိုင် နေသူတွေ အနေနဲ့ ၀င်ငွေခွန် ပေးဆောင်ကြဖို့ ပြည်တွင်း အခွန်ဦးစီး ဌာနက တိုက်တွန်း လိုက်ပါတယ်။

ဘာသာရေး၊ ကုသိုလ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ဆင်းရဲနွမ်းပါးသူတွေကို ကယ် ဆယ် စောင့်ရှောက် ရေး စတဲ့ အများပြည်သူ အကျိုးအ တွက် ထောက်ပံ့ မှုတွေ ပြုလုပ်နေတဲ့ အိုင်အန်ဂျီအိုတွေကို တည်ဆဲ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ၀င်ငွေခွန်ဥပဒေတွေအရ အခွန်ကင်းလွတ်ခွင့် အရင်က ပေးထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ၁၉၅၄ ခုနှစ် ကုလသမဂ္ဂ အခွင့်အရေးများနဲ့ ကင်းလွတ်ခွင့်များ အက်ဥပဒေ၊ ၁၉၆၁ ခုနှစ် သံတမန်ဆက်ဆံရေးနဲ့ စပ်လျဉ်းတဲ့ ဗီယင်နာကွန်ဗန်းရှင်း သဘောတူစာချုပ်၊ ၁၉၆၃ ကောင်စစ်ဝန် ဆက်ဆံရေးနဲ့ စပ်လျဉ်းတဲ့ ဗီယင်နာ ကွန်ဗန်းရှင်းသဘောတူစာချုပ်တွေအရ ၀င်ငွေခွန် ကင်းလွတ်ခွင့် မပြုထားတဲ့ အိုင်အန်ဂျီအိုအဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေအနေနဲ့ ၀င်ငွေခွန် ပေးဆောင်ဖို့ တာဝန်ရှိတဲ့အကြောင်း ပြည်တွင်းအခွန်များ ဦးစီး ဌာနက အသိပေးစာတစောင် ထုတ်ပြန်ထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/66399


ရဟတ်ယာဉ်တစ်စီး နောင်မွန်းဖက်မှာ ကျသွားတယ်လို့ ရွာသားများပြော

ခါကာဘိုရာဇီ တောင်ထိပ်မှာ ပျောက်ဆုံး နေတဲ့ တောင်တက် သမား နှစ်ဦး အတွက် ရှာဖွေ ကယ်ဆယ် ရေး လုပ်ငန်း လုပ်နေရင်း အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံး သွားတဲ့ ထိုင်းနိုင်ငံက B4 အမျိုး အစား ရဟတ်ယာဉ်ဟာ နောင်မွန်းမြို့နယ် ဂါတုရွာအနီး ထိုးကျ သွားတာ တွေ့ရ တယ်လို့ ရွာခံတစ်ဦးက သတင်း ပေးတာကြောင့် ဂါတုရွာအနီး ရှာဖွေရေး လုပ်နေပြီလို့ ထူးဖောင်ဒေးရှင်းက RFA ပြောပါတယ်။

ပျောက်နေတဲ့ ရဟတ်ယာဉ်ကို ထူးဖောင်ဒေးရှင်းက ရဟတ်ယာဉ်တွေအပြင် စစ်တပ်နဲ့အတူ ဒေသခံတွေနဲ့ပါ ပူးပေါင်းရှာဖွေနေတယ်လို့ ထူးဖောင်ဒေးရှင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုသက်က ပြောပါတယ်၊

"ပြီးခဲ့တဲ့ မွန်းလွဲ ၃ နာရီခွဲလောက်က နောင်မွန်းမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးကနေပြီးတော့ ပူတာအိုကို ဆက်လက်အကြောင်းကြားခဲ့ပါတယ်၊ အဲဒီ့နော်မွန်းမြို့နယ်အတွင်းမှာရှိတဲ့ ဂါတုရွာ ရွာသူတစ်ယောက်ကနေပြီးတော့မှ လက်ရှိ သတင်းဆက်သွယ်မှု ပြတ်တောက်နေတဲ့ B4 ရဟတ်ယာဉ် အမျိုးအစားကို အဲဒီ့ကျေးရွာအနီးမှာ ထိုးကျသွားတာတွေ့ရတယ်လို့ ကျနော်တို့ဆီ သတင်းရရှိပါတယ်၊ အဲ့ဒါကြောင့်မို့ ကျနော်တို့ဖက်ကလည်း ရရှိတဲ့သတင်းပေါ်မူတည်ပြီးတော့ ကျနော်တို့ဆီက B3 ရဟတ်ယာဉ် အမျိုးအစား ၂ စီးနဲ့ နောက်ပြီးတော့ စစ်ဖက် နယ်ဖက်ကနေရာ တပ်မတော်သားတွေရော ပူးပေါင်းပြီးတော့မှ ပိုက်စိတ်တိုက်ရှာဖွေနေပါတယ်၊ လက်ရှိအချိန်အထိတော့ ထူးခြားတဲ့သတင်း မရပါဘူးခင်ဗျ"

ထိုင်းနိုင်ငံက B4 ရဟတ်ယာဉ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ စနေနေ့ နေ့လယ်က ကူညီကယ်ဆယ်ရေးအဖွဲ့ရှိရာ တဟွန်ဒန်းရွာကိုအသွား ပျံသန်းချိန် မိနစ် ၂၀ လောက်အကြာမှာပဲ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေတာဖြစ်ပါတယ်။ ရဟတ်ယာဉ်ပေါ်မှာတော့ ထိုင်းနိုင်ငံက ရဟတ်ယာဉ်မှူးတစ်ဦးနဲ့အတူ မြန်မာလူမျိုး ရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနှင့် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇရဲ့ ကိုယ်ရေးလက်ထောက်ဖြစ်သလို ကျွမ်းကျင်တောင်တက်သမား ဦးနမားဂျွန်ဆင်ရဲ့ တူလည်းဖြစ်သူ ဦးရွှေရင်တော်ကြီးတို့ ၃ ဦး လိုက်ပါသွားခဲ့ကြပါတယ်။ ဒါ့အပြင်လည်း ပျောက်ဆုံးတောင်တက်သမား ၂ ဦးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း ရှာဖွေတွေရှိတဲ့ တောင်တက်သမားတွေရဲ့ အိတ်တွေကို သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေဆီ လွဲပြောင်းပေးအပ်လိုက်ပြီလို့လည်း ကိုဖြိုးကိုကိုသက်က ပြောပါတယ်၊

"လက်ရှိကတော့ မနေ့က ပေ ၁၆ဝဝ အမြင့်မှာ အိတ်တစ်လုံး၊ နောက် ပေ ၁၇ဝဝ အထက်မှာ အပြာရောင်အိတ်တစ်လုံးကို အဓိကတော့ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးရဲ့ တောင်တက်ပစ္စည်းတချို့နဲ့ ကျနော်တို့ အိတ် ၂ လုံးကို တွေ့ရှိထားပါတယ်၊ ပူတာအိုမြို့နယ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေကို ကျနော်တို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်"

တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း) က ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူ တို့နှစ်ဦးဟာ ခါကာဘိုရာဇီ ရေခဲတောင်ကို သြဂုတ်လ ၃၁ ရက်က တက်ရောက်ခဲ့အပြီး ပြန်အဆင်းမှာ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေတာ ဒီကနေ့ဆိုရင် တစ်လနီးပါး ရှိနေပြီ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


ပျောက်ဆုံး တောင်တက်သမားရှာရေး တရုတ်ကူညီရေးအဖွဲ့ ရောက်

ပျောက်ဆုံး နေတဲ့ ခါကာ ဘိုရာဇီ တောင်တက် သမား နှစ်ယောက်ကို ရှာဖွေဖို့ တရုတ်နိုင်ငံ Sky Blue ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ မြန်မာပြည်ကို ထပ်မံ လာရောက်နေပြီး တရုတ်နယ်စပ်နဲ့ မြန်မာ ပြည်တွင်း ကနေ ပူးပေါင်း ရှာဖွေဖို့ ဆောင်ရွက် နေပါတယ်။ တချိန်တည်းမှာပဲ စနေနေ့က ပျောက်ဆုံးသွားတဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်ကို ပြန်လည်ရှာဖွေဖို့လည်း ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေက ဆောင်ရွက် နေကြပါတယ်။ ပျောက်ဆုံးနေတဲ့ ခါကာ ဘိုရာဇီ တောင်တက်သမားတွေ ရှာဖွေရေးနဲ့ သူတို့ကို ရှာဖွေကယ်ဆယ်ဖို့ ဆောင်ရွက်စဉ် ပျောက်ဆုံးသွားတဲ့ ရဟတ်ယာဉ်ကို ရှာဖွေနေတဲ့ နောက်ဆုံး အခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တလနီးပါးကြာ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတဲ့ ခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးကို ရှာဖွေဖို့ တရုတ်နိုင်ငံ Sky Blue ကယ်ဆယ်ရေးအဖွဲ့ဝင် ၃၀ ကျော်ဟာ မြန်မာကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းရှာဖွေဖို့ ပြင်ဆင်နေကြပါပြီ။

လက်ရှိ တိုးမြှင့်ဆောင်ရွက်လာတဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအခြေအနေကို ထူးဖောင်ဒေးရှင်းရဲ့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဖြိုးကိုကိုသက်က အခုလို ပြောပါတယ်။

“အဓိက-ကတော့ တရုတ်-မြန်မာနယ်စပ်မှာက ၁၅ ဦးစီ၊ လက်ရှိ နယ်ခြားမှတ်တိုင်ကနေ ကျော်ပြီးတော့မှ Basic Camp မှာ ပူးပေါင်းသွားဖို့အတွက် လာရောက်နေပါတယ်။ သူတို့အဖွဲ့နဲ့ ထပ်မံ ပူးပေါင်းဖို့အတွက် ရန်ကုန်ကနေတဆင့် --- ကယ်ဆယ်ရေးအဖွဲ့တွေ ထပ်မံရောက်ရှိပြီး ဒီနေ့လည်း ထပ်မံရောက်ရှိမယ့်အပိုင်းတွေ ရှိပါတယ်။ သူတို့ကလည်း ထပ်မံပြီး ပူးပေါင်းသွားမှာပါ။ အဲဒီ Basic Camp က ကယ်ဆယ်ရေးအဖွဲ့နဲ့။ မနေ့က ၂ ယောက်ပါ။ ဒီနေ့  ၁၇ ယောက် ထပ်ရောက်ပါမယ်။ ဟုတ်ကဲ့ပါ။ ဒီဘက်က ၁၉ ယောက်၊ တရုတ်-မြန်မာ နယ်စပ်ကနေ ဝင်လာမှာကတော့ ၁၅ ယောက်ပါ။ အားလုံးပေါင်း ၃၄ ယောက်ပေါ့။”

တရုတ်နိုင်ငံ Sky Blue ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ထူးဖောင်ဒေးရှင်းကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေကို အတူတကွ ဆောင်ရွက်မယ့်အကြောင်း ပြောပါတယ်။

လောလောဆယ်မှာတော့ ၁၉၉၆ ခုနှစ်က ခါကာဘိုရာဇီတောင်ကို အောင်အောင်မြင်မြင်တက်ရောက်ခဲ့တဲ့ ဦးနမားဂျွန်ဆင်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြေပြင် အခြေစိုက်စခန်းကနေ ရှာဖွေရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ မနေ့အထိတော့ ပျောက်ဆုံးတောင်တက်သမားတွေရဲ့ အပြာရောင် ကျောပိုးအိတ်တလုံးကို ရှာဖွေတွေ့ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို တွေ့ရှိခဲ့တဲ့ စနေနေ့မှာပဲ အခြေစိုက်စခန်းနဲ့အနီးဆုံးဖြစ်တဲ့ တဟွမ်ဒမ်းရွာကို ရိက္ခာပစ္စည်းသွားရောက်ပို့ဆောင်တဲ့ ရဟတ်ယာဉ်ဟာ ပူတာအိုကနေ ထွက်ခွာပြီး မိနစ်၂၀ အကြာမှာ  အဆက်အသွယ်ပြတ် ပျောက်ဆုံးနေပါတယ်။

ဒီရဟတ်ယာဉ်ကို ရှာဖွေနေတာ  ၂ ရက်ရှိပေမဲ့ လက်ရှိအချိန်ထိ သတင်းမထူးသေးကြောင်း  ကိုဖြိုးကိုကိုသက်က ပြောပါတယ်။

“လက်ရှိမှာတော့ သတင်းထူးခြားမှု တစုံတရာတော့ မရသေးပါဘူး။ ရခဲ့မယ်ဆိုလို့ရှိရင် အားချင်း ထုတ်ပြန်သွားမှာပါ။”

ပျောက်ဆုံးနေတဲ့ ရဟတ်ယာဉ်ဟာ ထိုင်းနိုင်ငံက Advance Aviation က ငှားရမ်းထားတဲ့ B4 အမျိုးအစားရဟတ်ယာဉ်ဖြစ်ပြီး ရဟတ်ယာဉ်နဲ့အတူ ထိုင်းလေယာဉ်မှူး၊ ထူးဖောင်ဒေးရှင်းက မြန်မာလေယာဉ်မှူးနဲ့ တောင်တက်ကျွမ်းကျင်သူတဦး လိုက်ပါသွားခဲ့ပါတယ်။ လောလောဆယ်မှာတော့ ထူးဖောင်ဒေးရှင်းက ရဟတ်ယာဉ်နှစ်စင်း၊ တပ်မတော် (လေ) က ရဟတ်ယာဉ်တစင်းတို့က ရှာဖွေနေပါတယ်။

တချိန်တည်းမှာပဲ နောင်မွန်းမြို့နယ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေကလည်း ပျောက်ဆုံးရဟတ်ယာဉ်ကို ပူးပေါင်းရှာဖွေနေတယ်လို့ နောင်မွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။ ပျောက်ဆုံးရဟတ်ယာဉ်နဲ့ပတ်သက်ပြီး နောင်မွန်းမြို့နယ် ကော်လဲ့ကျေးရွာက နောက်ဆုံးရတဲ့ သတင်းကိုတော့ ဦးအောင်နိုင်ဦးက အခုလို ပြောပါတယ်။

“နောက်ဆုံး ပြောကြားချက်အရကတော့ ကော်လဲ့ဘက်က ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့တင်ပြချက်ပေါ့။ ပန်နန်းတင်ဘက်ကို ဖောက်ထွက်ဖို့ ကြိုးစားတဲ့အခါမှာ တိမ်ထူလို့လားမသိဘူးတဲ့။ ပြန်ပြီးတော့ ဝိုက်လာတယ်။ ဝိုက်လာပြီးတော့ မလိခမြစ်ရဲ့လမ်းကြောင်းအတိုင်း ဟိုဘက်က ခေါင်လန်ဖူး ဧရိယာဘက်ကို ပျံသွားတယ်ပေါ့။ ပျံတာလည်း မြင့်တယ်လို့ ပြောတယ်။ အဲလိုမျိုး သတင်းတပုဒ် ရလိုက်တယ်။ သတင်းကိုလည်း ဖြန့်ထားတယ်။ လိုက်လည်း စုံစမ်းတယ်၊ ကျနော်တို့ စိတ်ပူတာကတော့ လူနေအိမ်တွေနဲ့ အရမ်းအလှမ်းဝေးတဲ့… ဒီမှာကတော့ တောတွေချည့်ပဲကိုး။ သစ်တောတွေ၊ အဲဒီနေရာတွေမှာဆိုရင်တော့ ကျနော်တို့အနေနဲ့ သိဖို့ အနည်းငယ် ခက်ပါတယ်။ ကြိုးတော့ ကြိုးစားကြည့်နေပါတယ်ခင်ဗျ။”

ဒီသတင်းနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်းရာမှာလည်း ရှာဖွေနေဆဲဖြစ်ကြောင်းသာ ပြောဆိုပါတယ်။

တက္ကသိုလ် ခြေလျင်နဲ့တောင်တက်အသင်း သဘာဝခေါ်သံဖောင်ဒေးရှင်းက ကိုအောင်မြင့်မြတ်နဲ့ကိုဝေယံမင်းသူတို့ နှစ်ဦးဟာ သြဂုတ်လ ၃၁ ရက်နေ့က ခါကာဘိုရာဇီတောင်ကို အောင်အောင်မြင်မြင်တက်ရောက်ကြောင်း စကားပြောစက်ကနေ သတင်းပေးပို့ပြီးနဲ့ အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို စက်တင်ဘာလ ၁၀) ရက်နေ့က စတင်ခဲ့ပြီးတဲ့နောက် (၂၇) ရက်နေ့မှာ ရဟတ်ယာဉ်တစင်းနဲ့ အတူ လူ (၃) ယောက် ထပ်မံပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/mt-of-khakabo-razi-rescue-team-working-for-missing-2-climbers-and-jet-/2466148.html

ပျောက်ဆုံး တောင်တက်သမားရှာရေး တရုတ်ကူညီရေးအဖွဲ့ ရောက်

ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲငယ်တွေ ရှိနေဆဲ

မြန်မာ အစိုးရ တပ်နဲ့ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA တပ်ဖွဲ့ဝင်တွေ အကြား တိုက်ပွဲတွေ ဖြစ်ပွား နေတာကို အပစ်ရပ်ပြီး ညှိနှိုင်းဖို့ အောက်ခြေ အဆင့်ကနေပြီး ပြည်ထောင်စု ၀န်ကြီး အဆင့် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပေမဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဇမိချောင်း ပတ်ဝန်ကျင်းမှာ အစိုးရ တပ်ဘက်က ပိတ်ဆို့ တိုက်ခိုက်တာတွေ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့အထိ ပြုလုပ်နေတုန်းပဲလို့ စုံစမ်းသိရပါတယ်။

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အကြား ဇမိချောင်းပတ်ဝန်ကျင်နေရာတွေမှာ နှစ်ဖွဲ့တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်နေတဲ့အခြေအနေကို ဒီကေဘီအေအဖွဲ့ရဲ့ တာဝန်ရှိသူ ဗိုလ်ဇေယျာက အခုလို ပြောပါတယ်။

"ဇမိချောင်းတ၀ိုက်မှာနဲ့ အဲဒီ့နားမှာ ကျနော်တို့ဘက်ကလည်း တိုက်ပွဲတွေ ထိတွေ့မှုတွေ ဖြစ်နေတဲ့အချိန်မှာပဲ အပေါ်ပိုင်းက တစ်စုံတစ်ရာ ဆွေးနွေးနေတာဖြစ်ပြီးတော့ အောက်မှာလည်း တချို့တွေက ညှိနှိုင်းမှုလုပ်နေတယ်။ သို့သော်လည်း သူတို့ဘက်က ထွက်ပေါက်ပေးမယ်ဆိုပြီးတော့ လိုက်ပြီးတော့ ပစ်ခတ်ပိတ် တိုက်ခိုက်နေတာတွေ ရှိပါတယ်"

အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာပြုလုပ်တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ DKBA ရဲ့ တာဝန်ရှိခေါင်းဆောင်းတွေနဲ့ အစိုးရဘက်က တာဝန်ရှိသူတွေက တိုက်ပွဲတွေစဖြစ်ကတည်းက ဆွေးနွေးညှိနှိုင်းရာမှာ အပစ်ရပ်ပြီး၊ ပိတ်ဆို့တိုက်ခိုက်တာတွေ မပြုလုပ်ဖို့၊ ဒီကေဘီအေတပ်ဖွဲ့တွေကို ဌာနချုပ်ရှိရာကို သွားလာနိုင်ဖို့၊ သိမ်းဆည်းလက်နက်တွေ အပြန်အလှန်ပေးအပ်ဖို့ စတာတွေ သဘောတူညီခဲ့ပေမဲ့ အောက်ခြေမှာတော့ ဒီကနေ့ ၄ ရက်မြောက်နေ့အထိ တိုက်ပွဲတွေဆက်ဖြစ်နေတုန်းပဲလို့ ဒီကေဘီအေတပ်ဦးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီနေ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဇမိချောင်းပတ်ဝန်းကျင်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းမှာ ၃ ကြိမ်ထက်မနည်း အစိုးရစစ်တပ်နဲ့ ဒီကေဘီအေတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး နှစ်ဖက်စလုံးမှာ အကျအဆုံးနဲ့ ဒါဏ်ရာရတာတွေရှိတယ်လို့ ဒီကေဘီအေတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပေမဲ့ အသေးစိတ်ပြောဆိုခြင်း မရှိပါဘူး။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


တောင်ကြီးခရိုင်အတွင်း အုပ်စု ဒု-အုပ်ချုပ်ရေးမှူးအား ရဲတပ်ဖွဲ့ ပစ်သတ်မှု မိသားစုများမကျေနပ်

စက်တင်ဘာ ၂၉ ရက်နေ့ ၂၀၁၄

သျှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာမှ NLD ပါတီရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်း သတ်ဖြတ်ခံရမှုတွင် မိုင်းပျဉ်းကျေးရွာ အုပ်စု ရပ်ကျေး ဒု-ဥက္ကဌ ဦးဆွေအား လူသတ်မှု တရားခံဟု ရဲများ သံသယရှိကာ လိုက်လံဖမ်းဆီး ပစ်သတ်ခဲ့သည့်အပေါ် မိသားစုဝင်များက ကျေနပ်မှုမရှိကြောင်း မိသားစုဝင် တဦးကပြော ပါသည်။

မိုင်းပျဉ်းအုပ်စု ရပ်ကျေးဒုဥက္ကဌ ဦးဆွေအား လူသတ်မှုတရားခံဟု သံသယရှိကာတောင်ကြီးမြို့နယ်ရဲများက စက်တင်ဘာ ၁၂ ရက်နေ့က လိုက်လံဖမ်းဆီးရာ ထွက်ပြေးသဖြင့် ရဲများပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

လွန်ခဲ့သည့် ၃ လ က အသတ်ခံရသည့် မိုင်းပျဉ်းကျေးရွာမှ NLD ပါတီရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်းနှင့် မိုင်းပျဉ်း ကျေးရွာ အုပ်စု ရပ်ကျေး ဒု-ဥက္ကဌ ဦးဆွေ တို့သည် ညီအစ်ကိုဝမ်းကွဲတော်စပ်ကြောင်း၊ ဦးဆွေသည် မိုင်းပျဉ်းကျေးရွာ အုပ်စု ရပ်ရွာအတွင်းရေးမှုးအဖြစ် (၂၆) နှစ်တာလုပ်ကိုင်လျက်ရှိပြီး ဟိုပုံးမြို့နယ်တွင် မြေနေရာချထားရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဦးဆွေ၏ သား တော်စပ်သူ က ရှင်းပြသည်။

“ ကျနော်တို့အဖေ ဘာအပြစ်ရှိ လို့လည်း ဆိုတာ ကျနော်တို့ မိသားစုဝင်တွေကို ရဲတွေကနေ ခုထိသေချာမရှင်းပြ သေးပါဘူး ။ အဖေကိုသေနတ်နဲ့ပစ်ပြီးနောက် ရဲသုံးယောက်က ၀ိုင်း ရိုက်ကြသေးတယ် ” ဟု ဆိုပါသည်။

သံသယရှိရုံအဆင့်ဖြင့် လူတယောက်အား ပစ်သတ်ဖမ်းဆီးမှု ပြုခြင်းမှာ တရားမျှတမှုမရှိကြောင်း မိုင်းပျဉ်းမြို့နယ် ဖာလိုင်း ကျေးရွာ ဒေသခံ တစ်ဦးမှ ပြောကြား သွားသည်။

“ သံသယရှိရုံ အဆင့်လောက်နဲ့အကာအကွယ်လက်နက်မဲ့နေတဲ့ လူတစ်ယောက်ကို ပစ်သတ်ဖမ်းဆီးလိုက်တာ မတရားဘူးလို့မြင်တယ်။ တိုင်းရင်းသားကျေးရွာတွေမှာ ရှိတဲ့နယ်မြေ လုံခြုံမှု ၊ တရားဥပဒေစိုးမိုးမှုမရှိဘူး လို့ခံစားမိတယ်။ ကျနော်တို့ ဒေသမှာ နောက်ထပ်ဒီလိုအဖြစ်မျိုး ထပ်မဖြစ်စေချင်ဘူး ” ဟု ဖာလိုင်း ရွာသား ကပြောသည်။

ယင်းအမှုနှင့်ပတ်သက်၍ ဟိုပုံးမြို့နယ်ရဲမှူးထံဆက်သွယ်မေးမြန်းရာ - “ သံသယရှိလို့ ကျနော်တို့သွားဖမ်းတာ ဖမ်းဝရမ်း တွေမလိုဘူး။ ကျနော်တို့ ခဏခဏ ဆင့်ခေါ်ခဲ့ပါတယ်။ ကျနော်တို့မှာ သက်သေအထောက်အထားတွေရှိတယ်။ သက်သေ တွေရဲ့ထွက်ဆိုချက်အရ လူသတ်မှုနဲ့မသင်္ကာလို့ စစ်ဖို့သူ့ကိုစောင့်နေတာ ဂျူလိုင်လကတည်းကပါ ။ အဲတာ သူ့ကိုသွား ခေါ်တော့ ခြံ အနောက်ဖက်ကို ထွက်ပြေးတယ်။ ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေကနေ လိုက်ဖမ်းရင်းနဲ့ ခလုတ်တိုက်လို့ ကျည်ဆံထွက်သွား တာဖြစ်မှာပါ” ဟု ပြောကြားခဲ့သည်။

ရဲလုပ်ထုံးလုပ်နည်းအရ သွားရောက်ဖမ်းဆီးချိန်တွင် အသာတစ်ကြည်အဖမ်းခံလျင် ဤသို့ ဖြစ်မည်မဟုတ်ကြောင်း ၊ လတ်တလောတွင် သေမှု သေခင်းဖြင့် အမှုဖွင့် ထားကြောင်း ၄င်းကဆက်လက်ပြောပြသည်။

မြေယာကိစ္စနဲ့ပတ်သက်၍ လူသေမှုများဖြစ်ပွားခြင်းအပေါ် ပြည်နယ် အစိုးရတွင် များစွာတာဝန်ရှိကြောင်း တောင်ကြီးမြို့ CSO အသိုင်းအဝိုင်းများကဝေဖန်ကြသည်။

ယင်းပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းဒေသတွင် မြန်မာ စစ်တပ် ခလရ ၂၉၄ ၊ PNO ပြည်သူ့စစ် နှင့် RCSS / SSA သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီတို့ လှုပ်ရှားနေကြောင်းလည်း ဒေသခံများကပြောပါသည်။

သျှမ်းသံတော်ဆင့်၊ ယိင်းတိုင်း
https://www.facebook.com/Panglong.burmese


ဘင်္ဂ္လားဒေ့ရှ်နဲ့ မြန်မာမှာ IS အတွက် လူစုသူ ဖမ်းမိ

ဘင်္ဂ္လားဒေ့ရှ်နိုင်ငံမှာ IS Islamic State အစ္စလာမ်မစ် နိုင်ငံ အဖွဲ့အတွက် အဖွဲ့ဝင် စုဆောင်းဖို့ ကြိုးပမ်းတယ်လို့ သံသယရှိသူ ဘင်္ဂါလီ လူမျိုး ဗြိတိန် နိုင်ငံသားကို ဖမ်းဆီး ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဆာမီယွန် ရာမန် Samiun Rahman ဆိုတဲ့ အဲဒီလူဟာ ဆီးရီးယားမှာ အချိန်အတော်ကြာ နေခဲ့ပြီး IS စစ်သွေးကြွ အဖွဲ့နဲ့ ဆီးရီးယားက အယ်ကိုင်းဒါး အဖွဲ့ခွဲ the Al-Nusra Front မှာ ပါဝင်မယ့် လူတွေ ကို စုဆောင်းဖို့ ကြိုးပမ်း နေတယ်လို့ထိပ်တန်း ရဲအရာရှိ တစ်ယောက်ဖြစ်တဲ့ ဘင်္ဂ္လားဒေ့ရှ် ထောက်လှမ်းရေး အဖွဲ့က အရာရှိကြီး မာဆာဒူ ရာမန် Masadur Rahman က ဘီဘီစီကို ပြောပါတယ်။

အခု ဖမ်းဆီးမိသူ ဆာမီယွန် ရာမန်ဟာ မြန်မာ နိုင်ငံ အတွင်းမှာလည်း အလားတူ လူစုဆောင်းဖို့ အစီအစဉ်တွေ လုပ်နေတယ်၊ အသေးစိတ် သိရဖို့ ဆက်လက် စုံစမ်း ဖော်ထုတ်နိုင်အောင် လုပ် နေတယ်လို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံမှာတော့ အာအက်စ်အို လို့ခေါ်တဲ့ ရိုဟင်ဂျာ အစည်း အရုံးအဖွဲ့ဝင်သုံးယောက်ကို ရခိုင်ပြည်နယ် မောင်းတောမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီး ရမိခဲ့ တယ်လို့ မြန်မာနိုင်ငံ လုံခြုံရေး ဆိုင်ရာ တာဝန် ရှိသူတွေက ဘီဘီစီကို အတည်ပြု ပါတယ်။

လက်ရှိ အခြေအနေ အရ အီရတ်နဲ့ ဆီးရီးယားမှာ ဖြစ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကိုင်တွယ် မဖြေရှင်းနိုင်ဘူး ဆိုရင် တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးကို ထိခိုက် နိုင်တယ်လို့ အာဆီယံက ကုလသမဂ္ဂ အစည်း အဝေး တက်ရင်း ပထမဆုံး အကြိမ် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အရှေ့ အလယ်ပိုင်းက ပြဿနာက အရှေ့တောင်အာရှနဲ့ ဒေသတွင်း နိုင်ငံတွေ အထိ ရိုက်ခတ်မှုနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေက အခြေအနေကို စောင့်ကြည့်နေကြပြီး နိုင်ငံတကာနဲ့လည်း အချက်အလက်တွေ ဖလှယ်ဆောင်ရွက် နေတယ်လို့ ဘန်ကောက်အခြေစိုက် ကျူလာ လောင်ကောင်း တက္ကသိုလ် နိုင်ငံရေးနဲ့လုံခြုံရေးဆိုင်ရာ ပါမောက္ခ ပဏိထန်း ဝပ်ထနားယားကောန် က ပြော ပါတယ်။

အိုင်အက်စ် အဖွဲ့ဟာ အစ္စလာမ် ဘာသာဝင် ဆွန်နီ လူမျိုးစု တွေကို အခြေခံတာကြောင့် အရှေ့တောင် အာရှနဲ့ ဒေသတွင်း နိုင်ငံတွေမှာ ထိုးဖေါက်ဝင်ရောက်ဖို့ အားကောင်းတဲ့ သဘောရှိနေတယ်လို့ သူက ပြောပါတယ်။
မြန်မာ နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက် ကျွမ်းကျင်တဲ့ နိုင်ငံကြီးတွေက ကူညီဆောင်ရွက် ပေးဖို့ လိုပြီး လက်ရှိမှာတော့ နိုင်ငံတွေ အချင်းချင်း လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ ပိုမို ဖလှယ်ကြလို့ ဖမ်းဆီးရမိ မှုတွေ တွေ့လာရတယ်လို့ ပါမောက္ခ ပဏိထန်း ဝပ်ထနားယားကောန် က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/09/140929_is_bangladesh_burma

ဘင်္ဂ္လားဒေ့ရှ် ထောက်လှမ်းရေးက IS အဖွဲ့နဲ့ ဆက်စပ်သူ တစ်ယောက်ကို ဖမ်းဆီး

ရွှေထွက်တယ်ဆိုတဲ့ တောင်ထိပ် တားမြစ်နယ်မြေလို့ သတ်မှတ်

နေပြည်တော် ကောင်စီ နယ်မြေ၊ ဇေယျာသီရိ မြို့နယ် ကျည်တောင် ကျေးရွာ အုပ်စု ပေါင်းလောင်း ရေ အား လျှပ်စစ်ဝင်း မြောက်ဘက်က ရွှေထွက် တယ်ဆိုတဲ့ တောင်စောက် တောင်ထိပ်ကို တားမြစ်နယ်မြေ အဖြစ် သတ်မှတ်ပြီး ဖြတ်သန်း သွားလာခွင့် မပြုကြောင်း ပုဒ်မ ၁၄၄ ကို ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေး မှူး ဦးမြတ်သိန်းထွန်း အမိန့်နဲ့ စက်တင်ဘာလ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ရွှေတူးသူတွေကို ဆက်လက်မတူးဖော်ဖို့ သွားရောက်တားမြစ်ခဲ့တယ်လို့ ကျည်တောင်ကျေးရွာက ရာအိမ်မှူး ကိုနောင်နောင်က အခုလို ပြောပါတယ်။

"မနေ့ကတည်းက စက်နဲ့အော်ပေးထားတယ်၊ ၁၄၄ နယ်မြေဖြစ်တယ်ပေါ့၊ မတက်ကြတော့နဲ့ ကြေငြာသင်ပုန်း လာဖတ်ကြလို့ပြောတယ်၊ အဲ့တော့ မသိတဲ့ရပ်ဝေးကလူတွေက လာတက်ကြတယ်၊ ကျနော်တို့ ဒီကအုပ်စုက မတက်ကြတော့ဘူး၊ ပြန်ဆင်းသွားကြတယ်၊ ပြန်သွားတဲ့သူတော့ ခန့်မှန်းခြေတော့ ၁ဝဝ လောက်ရှိမှာပေါ့"

အဲ့ဒီမြေနေရာဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၃၂၉ အမြောက်တပ်ရင်း၊ အမှတ် ၃၀၃၊ ၃၀၅ ခြေမြန်တပ်ရင်းတွေနဲ့ ပေါင်းလောင်း ရေအားလျှပ်စစ်ဝင်းတို့နဲ့ နီးကပ်တဲ့အတွက် လုံခြုံရေး ထိခိုက်နိုင်ကြောင်း ကြေညာချက်မှာပါရှိပါတယ်။

ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ ၀င်ထွက်သွားလာတာ၊ ရွှေတူးဖော်တာ၊ သစ်ဝါးတွေ ခုတ်ယူတာတွေကို တားမြစ်ကြောင်း၊ အမိန့်ကိုမလိုက်နာရင် အရေးယူမှာဖြစ်ကြောင်းလည်း ဖော်ပြပါရှိပါတယ်။

အဲ့ဒီအမိန့်ဟာ လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့အထိ အကျုံးဝင်တယ်လို့ သိရပါတယ်။

ကျည်တောင် ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာ ၈ ရွာက ဒေသခံတွေနဲ့ အနီးအနားကျေးရွာတွေက ဒေသခံတွေလည်း ‘တောင်စောက်တောင်’ ထိပ်မှာ ရွှေတူးဖော်တာတွေရှိတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


မဘသ ဟောပြောပွဲ စီစဉ်သူ ပွင့်ဖြူမြို့နယ် NLD တရားစွဲ

မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့မှာ ပြီးခဲ့တဲ့ ဧပြီလက ကျင်းပခဲ့တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ဗီနိုင်းတွေ ဓာတ်ပုံတွေ ဖြန့်ဝေ ခဲ့တယ်ဆိုပြီး ပွဲဖြစ်မြောက်ရေး ဦးဆောင်သူကို အသရေ ဖျက်မှု၊ ဂုဏ်သရေ ထိခိုက်စေမယ့် ပုံနှိပ် ဖြန့်ဝေမှု၊ ဘာသာ အချင်းချင်း အကြား ပြစ်မှု ကျူးလွန်အောင် လှုံ့ဆော်မှု ပုဒ်မတွေနဲ့ စွဲချက်တင် သင့်ကြောင်း ပွင့်ဖြူမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် ဦးအောင်ဝင်းက ဒီနေ့ မြို့နယ် တရားရုံးကို လျှောက်ထား ခဲ့ပါတယ်။

ပွင့်ဖြူမြို့နယ်တရားရုံးကို သွားရောက်ခဲ့တဲ့ မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ဦးတင်အောင်ထွန်းက အဲဒီဟောပြောပွဲစီစဉ်သူ ပခုက္ကူမြို့နယ်က ဦးမျိုးသန့်ကို ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၅၀၅ (ဂ)၊ ပုဒ်မ ၁၅၃(က)၊ ပုဒ်မ ၅၀၀၊ ပုဒ်မ ၅၀၁ စတဲ့ ပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ပွင့်ဖြူမြို့နယ် တရားရုံးမှာ စတင်တရားစွဲခဲ့တာဖြစ်ပါတယ်။

ပုဒ်မ ၅ခုနဲ့ တရားစွဲခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လ ၄ရက်နေ့မှာ ပွင့်ဖြူမြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးရာ ဘာသာတစ်ခုကို မကိုးကွယ်ချင်အောင် လှုံ့ဆော်မှု ပုဒ်မ ၁၉၈ နဲ့ပဲ စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။

ဧပြီလ ၃၀ရက်နေ့က ပွင့်ဖြူမြို့နယ် ပြည်လုံးချမ်းသာ ဘုရားဝင်းအတွင်းမှာ ကျင်းပခဲ့တဲ့ အမျိုး၊ ဘာသာ သာသနာစောင့်ရှောက်ရေး ဟောပြောပွဲမှာ မန္တလေးမစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့နေတဲ့ ဗီနိုင်းပုံနဲ့ သံဃာတော်တွေကို အစ္စလာမ်ဘာသာဝင်တွေက တက်နင်းနေတဲ့ ဗီနိုင်းပုံတွေကို ချိတ်ဆွဲခဲ့တာဖြစ် တယ်လို့ ဦးတင်အောင်ထွန်းက ဆိုပါတယ်။

အဲ့ဒီအမှုကို ပွင့်ဖြူမြို့နယ်တရားရုံးမှာ ရုံးတင်စစ်ဆေးတာ ၇ ကြိမ်မြောက်ရှိပြီဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဆက်လက်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


တိုက်ပွဲတွေကြောင့် မြ၀တီ နယ်စပ်လုံခြုံရေး တင်းကြပ် 

ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော်နဲ့ မြန်မာ စစ်တပ်တို့ ကရင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် ထိုင်းမြန်မာ နယ်စပ်မြို့တွေ ဖြစ်ကြတဲ့ မဲဆောက်နဲ့ မြဝတီမြို့တွေမှာလည်း လုံခြုံရေး တင်းကြပ်ထား ပါတယ်။ ကုန်စည်စီးဆင်းမှုဟာ နယ်ခြားစောင့် ဂိတ်တွေကနေ သွားကြတာဖြစ်လို့ ကုန်သည်ငယ်တွေအတွက်တော့ စီးပွားရေးထိခိုက်မှု သိပ်မရှိကြောင်း ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြထားပါတယ်။

ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် DKBA နဲ့ မြန်မာအစိုးရတပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်နဲ့ မြဝတီမြို့တွေမှာ လုံခြုံရေးတင်းတင်းကြပ်ကြပ် ချထားပါတယ်။ ဒါပေမယ့် မဲဆောက်-မြဝတီ ကုန်ကူးသန်းသွားလာနေသူတွေဟာ နယ်ခြားစောင့်တပ် ဂိတ်တွေကနေ သွားနေကြတာဖြစ်လို့ စီးပွားရေးမှာတော့ သိသိသာသာ ထိခိုက် ရပ်တန့်သွားတာမျိုး မရှိပါဘူး။

အရောင်းအဝယ်တွေ ပုံမှန်အနေအထားမှာရှိနေတဲ့အကြောင်း ကုန်သည်တဦးက အခုလို ပြောပြပါတယ်။

“စီးပွားရေးတွေကတော့ အေးအေးဆေးဆေးပဲ၊ သူ့ဟာသူဖြစ်မယ်။ အရောင်းအဝယ်တွေကတော့ ပုံမှန်ပဲ။ ဟိုဘက်အခြေအနေတော့ ကျမ မသိဘူးရှင့်။ ဒီဘက်ကတော့ အေးအေးဆေးဆေးပဲ။”

ကရင်ပြည်နယ်အတွင်းမှာ မတည်ငြိမ်မှုတွေ ရှိနေပေမယ့် နယ်စပ်ကုန်သည်ငယ်တွေအတွက်တော့ သိသာထင်ရှားတဲ့ ထိခိုက်မှုမျိုး မတွေ့ရသေးပါဘူး။ များသောအားဖြင့် လမ်းပိတ်တဲ့ရက်တွေမှာတောင် တခြား တောလမ်းတွေကနေ ကုန်ပစ္စည်းတွေ သယ်ဆောင်လေ့ ရှိကြပါတယ်။ မြန်မာပြည်ဘက်ကို ပလပ်စတစ်နဲ့ သံထည်ပစ္စည်းတွေ ပို့နေတဲ့ ထိုင်းကုန်သည်တစ်ဦးကတော့ အရောင်းအဝယ်ပါးနေတဲ့အတွက် စီးပွားရေးလုပ်ရတာ အကျိုးဖြစ်ထွန်းမှု နည်းတယ်လို့ ဆိုပါတယ်။

“ပစ္စည်းသိပ်မသွားရဘူး၊ ကြာပြီ။ အရောင်းအဝယ်သိပ်မကောင်းလို့ အမတို့ သိပ်မထွက်ရဘူး။”

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်မှာတော့ ထိုင်းစစ်တပ် အာဏာသိမ်းပြီးကတည်းက လုံခြုံရေးချထားရာကနေ စနေနေ့က မြဝတီမြို့မှာ ပစ်ခတ်မှုတွေကြောင့် လုံခြုံရေးကို တိုးချဲ့ချထားခဲ့ပါတယ်။ ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ပြီးခဲ့တဲ့ရက်က ပစ်ခတ်မှုတွေရှိခဲ့အပြီး မြန်မာစစ်တပ်ဘက်ကလည်း မြဝတီမြို့မှာ လုံခြုံရေးတင်းကြပ်ထားသလို ကရင်လက်နက်ကိုင် နောက်တဖွဲ့ဖြစ်တဲ့ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ နေရာတွေကို မြန်မာစစ်တပ်ဘက်က နေရာယူ တပ်စွဲထားခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ အပစ်ရပ်နှစ်ဖွဲ့ဖြစ်တဲ့ DKBA နဲ့ ငြိမ်းချမ်းရေးကောင်စီ တပ်မိသားစုနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ ဈေးဆိုင်တချို့ကို ဝင်ရောက်ရှာဖွေ ဖျက်ဆီးမှုတွေ လုပ်ခဲ့တဲ့အကြောင်း မြို့ခံတစ်ဦးကလည်း အခုလို ပြောပြပါတယ်။

“တမြို့နယ်လုံးလောက်ကိုတောင် တပ်တွေချထားတယ်။ မြေနီကုန်းအဆက်တွေ၊ အောင်မြေ ရေဘိုကျေးရွာအဆက်တွေ၊ နောက်ပြီးတော့ ဗိုလ်တိုက်ဂါး ဝန်း တဝန်းလုံးကိုတော့ ရဲဘော်တွေ အကုန်လုံး ဝင်နေလိုက်ကုန်ပြီလေ။ လမ်းပေါ်မှာရောင်းတဲ့ အသီးအနှံအပင်တွေ၊ နောက်ပြီးတော့ ပန်းပင်ရောင်းတဲ့ဆိုင်တွေလည်း မရှိတော့ဘူး။ မနေ့တုန်းက ရှိတယ်။ ဒီနေ့ဆိုရင် မရှိတော့ဘူး။ မနေ့ညနေကတည်းက ဖြစ်သွားတယ်လို့ ပြောတယ်။ အဆောက်အအုံတွေ၊ လမ်းမတန်းဖွင့်ထားတဲ့ဆိုင်တွေ ဖျက်လိုက်တာတို့ အဲဒါမျိုးတွေတော့ ကျနော် သိတယ်။”

မနေ့ကအထိ မွန်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေသလို တနင်္လာနေ့မှာလည်း ကရင်ပြည်နယ်ဘက်မှာ တိုက်ပွဲပြန်ဖြစ်နေတယ်လို့ မြဝတီမြို့DKBA ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီးစိုးမြင့်က ပြောပါတယ်။

“အခုလည်းဖြစ်နေတယ်။ တောက်လျှောက်ပဲလို့လည်း သိရတယ်။ ငြိမ်အောင်တော့ ထိန်းနေပါတယ်။ ထိန်းလို့လည်း မရသေးပါဘူး။ ဒီမနက်ကတော့ -- တကြိမ်ဖြစ်ပါတယ်။ ပြီးတော့ ဒီနေ့လည်း တောင်ကြာအင်းဘက်မှာလည်း တကြိမ်ထပ်ဖြစ်ပါတယ်။”

အခုဖြစ်နေတဲ့ DKBA နဲ့ မြန်မာစစ်တပ်တို့ရဲ့ ပဋိပက္ခဟာ နိုင်ငံရေးကိစ္စတွေပါလာရင် ပိုပြီးတော့ ကြီးထွားလာနိုင်တယ်ဆိုပြီး မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်ထက်က သုံးသပ်ပါတယ်။

“ဖြစ်တာက DKBA နဲ့ စစ်တပ်နဲ့ဖြစ်နေတဲ့ကိစ္စမှာ အခြေခံ နိုင်ငံရေးကိစ္စတွေပါလာမယ်ဆိုလို့ရှိရင်တော့ ဒါကတော့ ပိုပြီးတော့ ကြီးလာနိုင်တယ်။ ဒီနေ့အချိန်အခါမှာတော့ အကုန်လုံး တိုင်းရင်းသားတွေ၊ လက်နက်ကိုင် အင်အားစုတွေ အပစ်အခတ် ရပ်ထားတာရော၊ မရပ်ထားတာရော အကုန်လုံးကတော့ ညီညီညွတ်ညွတ်နဲ့ စုစုစည်းစည်းနဲ့ ဖြစ်လာတဲ့ပြဿနာတွေအပေါ်မှာ ဝိုင်းကြိုးစားရမယ်လို့ ထင်တယ်။ DKBA နဲ့ဖြစ်တာနဲ့ DKBA ကိစ္စပဲလို့ အကုန်လုံးက စဉ်းစားလို့တော့ မရဘူး။ အကုန်လုံးနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ ကျနော် အဲဒီလိုပဲမြင်တယ်။ အချိုးတွက်က မညီမျှမှုတွေလေဗျာ။ ဟုတ်တယ်မို့လား၊ သူတို့စစ်တပ်ကျတော့ လုပ်ချင်ရာလုပ်လို့ရတယ်၊ သူတို့ကျတော့ သွားချင်တိုင်းမသွားရ၊ ဟိုနားလက်နက်မကိုင်ရ၊ ဒီနား လက်နက်မကိုင်ရဆိုရင် အပစ်ရပ်ထားပြီဆိုရင် နှစ်ဘက် ယုံကြည်မှုတည်ဆောက်ရမှာပေါ့ဗျာ။”

လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ ကရင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ ဖားအံမြို့က အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ဆက်သွယ်ခဲ့ရာမှာလည်း တာဝန်ရှိသူတွေ မအားကြတဲ့အတွက် ဖြေဆိုဖို့ ငြင်းဆိုသွားပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/myawaddy-border-security-tightens-due-to-fighting-/2466257.html



ဗကသအဖွဲ့ဝင် ဖြူနှင်းထွေး လွှတ်ဖို့ တောင်းဆိုဆန္ဒပြ

ထောင်ဒဏ် တသက်တကျွန်း အထိ အပြစ်ဒဏ် ပေးနိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆို ခံနေရတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် မဖြူနှင်းထွေးကို အစိုးရ တာဝန်ရှိ သူတွေ အနေနဲ့ ပြန်လည် လွတ်ပေးခြင်း မရှိဘူး ဆိုရင် ပြန်လည်တရား ဆွဲဆိုသွားမယ်လို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမ္ဂများ အဖွဲ့ချုပ်က ပြောဆို လိုက်ပါတယ်။ မဖြူနှင်းထွေး လွတ်မြောက်ဖို့ အတွက် လက်ပတောင်းတောင် ဒေသခံ ပြည်သူတွေ အပြင် ကျောင်းသားကျောင်းသူတွေနဲ့ နိုင်ငံရေး တတ်ကြွ လှုပ်ရှားသူများက တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က စုံစမ်းတင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် လက်ပန်းတောင်းဒေသမှာ ၂ဝ၁၄ ခုနှစ် မေလအတွင်း ကြေးနီစီမံကိန်းက တရုတ်နိုင်ငံသားနှစ်ဦးကို ဆည်တဲရွာသားတွေက တရက်ကျော်ကြာ ထိန်းသိမ်းမှုအတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဖြူနှင်းထွေး ပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး ဦးပိုင်ကုမ္ပဏီ လီမိတက်က တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့ပါတယ်။ မဖြူနှင်းထွေးကို ပြန်ပေးမှု၊ တစ်ဦးတစ်ယောက်ကို အန္တရာယ် ပြုစေအောင် သွေးဆောင်ဖျားယောင်းမှု စတဲ့ ပုဒ်မ ၃၆၄၊ ၃၆၈ တို့နဲ့ တရားဆွဲဆိုထားတာပါ။ အစိုးရတာဝန်ရှိသူတွေအနေနဲ့ မဖြူနှင်းထွေးကို ပြန်လွှတ်ပေးခြင်းမရှိဘူးဆိုရင် ပြန်လည်တရားစွဲဆိုသွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချူပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောပါတယ်။

လွယ်လွယ်နဲ့ ကျေအေးမပေးဘူးဆိုလို့ရှိရင်တော့ ကျနော်တို့အနေနဲ့ကတော့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့အတူ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့သင့်တယ်လို့လည်း - စုံစမ်းစစ်ဆေးရေး ကော်မရှင်ဆိုတာ အစိုးရဘက်က ဖွဲ့တာကိုပြောတာမဟုတ်ဘူး။ ကျနော်တို့ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေ အကုန်လုံးစုပေါင်းပြီး ဒီဟာကို အတိအကျ စုံစမ်းစစ်ဆေးပြီးတော့မှ မခင်ဖြူထွေးမှာ အပြစ်မရှိဘူးဆိုတာကို ခိုင်ခိုင်မာမာ သက်သေပြနိုင်အောင်လို့ တခုခုလုပ်ဖို့တော့ လိုလာမယ်။ နောက်တခါကျတော့ မဖြူနှင်းထွေးကို ဘာဖြစ်လို့ မလွှတ်ပေးဘူးလို့ ဆိုလို့ရှိရင် ဒီလိုမျိုး မတရားဖမ်းဆီးတဲ့လူတွေကို ကျနော်တို့အနေနဲ့ ပြန်လည်တရားစွဲဆိုနိုင်တဲ့အထိ ကျနော်တို့ ကြိုးစားဆောင်ရွက်ထားဖို့၊ အဆင်သင့် လုပ်ထားရမယ်လို့ ကျနော်မြင်တယ်ဗျ။

မဖြူနှင်းထွေး လွတ်မြောက်ဖို့ ဒေသခံပြည်သူတွေအပါအ၀င် ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေကလည်း အစိုးရ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ကြပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ ရန်ကုန်မြို့မှာလည်း နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတို့က လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတဲ့ ၂၂ လပြည့်လည်းဖြစ်၊ မဖြူနှင်းထွေးလွတ်မြောက်ရေးရည်ရွယ်ပီး မြေနီကုန်းမှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

မဖြူနှင်းထွေးကို တရားစွဲဆိုထားတာနဲ့ပတ်သတ်ပီး လက်ပန်းတောင်းတောင်အရေး ဆောင်ရွက်နေသူ ဒေါ်နော်အုန်းလှက အခုလို ပြောပါတယ်။ ဖြူနှင်းထွေးက အမှန်တကယ်ဆို လွတ်သင့်တယ်။ တရားရုံးသဘောအရ အမှုတွေ ဝရမ်းထုတ်တာကို ထုတ်လို့ရသလို တရားရုံးက အဲဒီဝရမ်း ပြန် ပျက်ပြယ်ရမှာ။ အဲဒီအမှုတွေကို ဝရမ်းအရ မပျက်ပြယ်ဘဲနဲ့ ထပ်ပြီးတော့ ပထမ ရွာသားတွေအမှုကျတော့တရားရှင် လွှတ်တယ်။ ဒီအမှုမှာကျတော့ တရားစွဲပြီးတော့ စစ်ဆေးအရေးယူမယ်ဆိုတာဟာ မဖြစ်သင့်ဘူး။ တရားရှင် လွှတ်ကိုလွှတ်သင့်တယ်။ ဒါကြောင့်မို့လို့ ဖြူနှင်းထွေးလွတ်မြောက်ရေးကို တောင်းဆိုသွားမှာလည်း ပါပါတယ်။

မေလ ၂၂ ရက်က မဖြူနှင်းထွေးအပါအ၀င် ရွာသား ၇ ဦးကို ဆာလင်းကြီးမြို့နယ် ရဲစခန်းကနေ အမှုဖွင့်ပြီး တရားစွဲဆိုခဲ့ပေမဲ့ ရဲစခန်းကို သွားရောက် အစစ်ဆေးခံခဲ့တဲ့ ရွာသား ၅ ဦးကိုတော့ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက်ဆိုပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း တာဝန်ခံ ဦးလှစိန်က အမှုကနေ အပြီးပြတ် ကျေအေးပေးခဲ့ပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့က မဖြူနှင်းထွေးအမှုကို ရုံးတင်စစ်ဆေးခဲ့ပေမယ့် ရှေ့နေက တောင်းဆိုခဲ့တဲ့ အာမခံကို တရားရုံးကနေ ပယ်ချခဲ့တယ်လို့ သူမရှေ့နေတွေက ပြောပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့မှာတော့ တခြားကျန်နေသေးတဲ့ တရားလိုပြ သက်သေတွေကို စစ်ဆေးသွားမယ်လို့ မဖြူနှင်းထွေးရဲ့ရှေ့နေ ဦးဉာဏ်ဝေမင်းက ပြောပါတယ်။

မနက်ဖြန်မှာ ကြားက တရားလိုပြသက်သေတွေ၊ ကျန်သေးတဲ့သက်သေတွေကို ထပ်စစ်မှာပါ။ ပြီးခဲ့တဲ့ရုံးချိန်းကတော့ ကျနော်တို့ (၃) ယောက် စစ်ခဲ့ပြီးပါပြီ။ အခုက ကျန်နေသေးတဲ့ သက်သေတွေကို ထပ်စစ်မှာပေါ့။

မဖြူနှင်းထွေးလွတ်မြောက်ရေး ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေအပြင် ပြည်သူတွေပါ စုဝေးပီး ဆက်လက် တောင်းဆိုသွားမယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောကြပါတယ်။ AHRC အာရှလူ့အခွင့်အရေး ကော်မရှင်ကတော့ အခုလို မဖြူနှင်းထွေးကို အာဏာပိုင်တွေက ဖမ်းဆီးထောင်ချတာတွေနဲ့ ပတ်သတ်လို့ ကန့်ကွက်လိုက်ပြီး ဒေသခံတွေအရေး ကျောင်းသားတွေက ၀င်ရောက်ကူညီတာကို အာဏာပိုင်တွေက အငြိုးထားတဲ့လုပ်ရပ် ဖြစ်ပုံရတယ်လို့ ထောက်ပြဝေဖန်ထားပါတယ်ခင်ဗျာ။

ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/phyu-hnin-htwe-arrested-to-protest-/2466300.html

ဗကသအဖွဲ့ဝင်ကျောင်းသူ မဖြူနှင်းထွေး

ရဲတပ်ဖွဲ့ လုပ်ငန်းဆောင်ရွက်ပုံ ပြောင်းလဲဖို့ တိုက်တွန်း

တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းမှု ရှိဖို့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်း ဆောင်ရွက်ပုံ ကို ပြောင်းလဲဖို့ လိုအပ်ကြောင်း ပြည်သူ့ လွှတ်တော်က ဖွဲ့စည်း ထားတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီက ဒီနေ့ ပြည်သူ့ လွှတ်တော်ထံ တင်ပြ ခဲ့ပါတယ်။

တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီ အစီရင်ခံစာကို ကော်မတီ အတွင်းရေးမှူး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အခုလို တင်သွင်း ခဲ့တာ ဖြစ်ပါတယ်။

"တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်ပုံ ပြောင်းလဲရန် လိုအပ်ကြောင်းကို ယခင်ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်း၊ ရခိုင်ပြည်နယ်၊ မိတ္ထီလာမြို့ဖြစ်ရပ်များက ညွှန်ပြခဲ့ပါသည်၊ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားပြီး ပြည်သူလူထုကို ကာကွယ်ပေးသည့် ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်သည် ဒီမိုကရေစီနိုင်ငံများအတွက် မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းဖြစ်ပါသည်၊ ရဲတပ်ဖွဲ့၏ ပြုပြင်ပြောင်းလဲရေးသည် တရားဥပဒေ စိုးမိုးရေးကို အခြေခံသည့် ဒီမိုကရေစီ လူ့အသိုင်းအဝိုင်းအတွက် လိုအပ်ချက်တစ်ခုဖြစ်ပါသည်"

ကော်မတီအစ်ီရင်ခံစာမှာ တရားရုံးတွေကို စောင့်ကြည့်လေ့လာဖို့အတွက် လွတ်လပ်မှုရှိတဲ့အဖွဲ့တွေ ဖွဲ့စည်းဖို့လိုအပ်ကြောင်းနဲ့ လယ်ယာမြေအမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်က ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က မလိုက်နာကြောင်းလည်း ဖော်ပြပါရှိပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီကို တစ်နှစ်အတွင်း တရားစီရင်ရေး၊ လယ်ယာမြေ၊ အုပ်ချုပ်ရေး၊ တပ်မတော် စတာတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ ခုနစ်ထောင်ကျော် ရောက်ရှိနေကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။

အဲ့ဒီကော်မတီဥက္ကဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူထားပြီး အဖွဲ့ဝင် ၁၅ ဦးနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


ကွမ်းခြံကုန်း လျှပ်စစ်ဓါတ်အားစက်ရုံ ဒေသခံရွာသားများ ကန့်ကွက်

ရန်ကုန်တိုင်း ဒေသကြီး ကွမ်းခြံကုန်းမြို့နယ် သောင်ခုံ ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီး သွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ကန့်ကွက်ကြောင်း ကျေးရွာသားတွေက ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာ ဂျာနယ်လစ် ကွန်ရက်ရုံးမှာ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ကြရာမှာ သောင်ခုံ ကျေးရွာသား ကိုဇော်မင်းထိုက်က ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းကြောင့် ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ ထိခိုက်လာနိုင်တဲ့အတွက် အဲဒီစီမံကိန်းကို ကန့်ကွက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

"ကျောက်မီးသွေးကြောင့် ဖြစ်ပေါ်လာမယ့် ပြဿနာတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်လာမှာတွေ၊ လယ်ယာစိုက်ပျိုးရေး ရင်းနှီးစားသောက်ရာကအစ ရေလုပ်ငန်းရယ်၊ လယ်လုပ်ငန်းရယ် အဲ့လိုမျိုးလုပ်စားကြတာဆိုတော့ သူတို့လုပ်မှာက ပင်လယ်ကမ်းစပ်မှာ ဖြစ်တဲ့အတွက် လယ်ယာမြေတွေ လုပ်စားရတော့မှာ မဟုတ်တော့ဘူး၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျောက်မီးသွေးကလွှတ်မယ့် ဓါတ်တွေကလည်း တအားကိုကျန်းမာရေးအတွက် အန္တရာယ်ပြုတယ်၊ အဲ့တော့ ကျနော်တို့က ကျန်းမာရေးနဲ့ လဲပြီးယူရမယ့် လျှပ်စစ်မီးတွေကို ကျနော်တို့ လက်မခံနိုင်ဘူး၊ သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်မယ် ကျနော်တို့ရဲ့ လူထုပတ်ဝန်းကျင်တွေကို ထိခိုက်လာမယ်၊ ဒါကြောင့် ကျနော်တို့ ဒါကို ကန့်ကွက်နေတာဖြစ်တယ်"

အဲ့ဒီကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ စက်ရုံတာဝန်ရှိသူတွေ နှစ်ကြိမ်တွေ့ဆုံပြီး ကျေးရွာသားတွေက ကန့်ကွက်ခဲ့ပေမယ့် စက်ရုံတည်ဆောက်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာက ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်မှုလယ်ယာကနေ စက်မှုလယ်ယာ ပြောင်းလဲလုပ်ကိုင်ဖို့အတွက်ဆိုပြီး လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က Asia World ကုမ္ပဏီလက်ခွဲတွေဖြစ်တဲ့ Green Asia ကုမ္ပဏီက မြေဧက ၄၀၀ ကျော်ကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၂ ခုနှစ်မှာ ‘ကောင်းမြတ်သောမြေ’ ကုမ္ပဏီနဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့က နှစ်ငါးဆယ်စီမံကိန်းအဖြစ် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ်မှာ စက်ရုံကို စတင်တည်ဆောက်မှာဖြစ်ပြီး မီဂါဝပ် ၃၀၀၀ ကျော် ထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


အောက်တိုဘာလ (၁)ရက်နေ့ ထုတ် Mobile Guide Journal Issue 172

အောက်တိုဘာလ (၁)ရက်နေ့ ထုတ် Mobile Guide Journal Issue 172

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



စက်တင်ဘာလ (၂၉)ရက်နေ့ ထုတ် The Street View Journal Vol-3,Issue-37

စက်တင်ဘာလ (၂၉)ရက်နေ့ ထုတ် The Street View Journal Vol-3,Issue-37

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



စက်တင်ဘာလ (၂၈)ရက်နေ့ ထုတ် Reporter News Journal Issue - 89

စက်တင်ဘာလ (၂၈)ရက်နေ့ ထုတ် Reporter News Journal Issue - 89

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



စက်တင်ဘာလ (၂၉)ရက်နေ့ ထုတ် Myanmar Times (English) Issue 748

စက်တင်ဘာလ (၂၉)ရက်နေ့ ထုတ် Myanmar Times (English) Issue 748 | SEPTEMBER 29 - OCTOBERS 5,2014

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



စက်တင်ဘာလ (၂၅)ရက်နေ့ ထုတ် Myanmar Business Today Vol 2, Issue 38

စက်တင်ဘာလ (၂၅)ရက်နေ့ ထုတ် Myanmar Business Today Vol 2, Issue 38 - September 25-OCTOBER 1, 2014

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



စက်တင်ဘာလ (၃၀)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

စက်တင်ဘာလ (၃၀)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



စက်တင်ဘာလ (၃၀)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

စက်တင်ဘာလ (၃၀)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



စက်တင်ဘာလ (၃၀)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

စက်တင်ဘာလ (၃၀)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



DKBA နဲ့ အစိုးရတပ် တိုက်ပွဲဆက်

ဒီကနေ့ တနင်္လာနေ့ မနက်ပိုင်းမှာ ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်ထဲမှာ DKBA နဲ့ အစိုးရ စစ်တပ် တွေ တိုက်ပွဲ ဖြစ်ပွားခဲ့လို့ ရွာသားတွေ အိုးအိမ်စွန့် ထွက်ပြေး ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အစိုးရ စစ်ကြောင်းက ကော့ကရိတ်မြို့နယ်၊ မြောက်ကြာအင်း လှေဆိပ်ကို အရောက်မှာ နယ်မြေခံ DKBA တပ်နဲ့ နာရီဝက်လောက် မော်တာတွေ၊ စက်သေနတ်တွေနဲ့ အပြင်းအထန် ပစ်ခတ် တိုက်ခိုက် ခဲ့ကြတယ်လို့ သိရပါတယ်။

နောက်ဖြစ်စဉ် တခု အနေနဲ့ ဘားအံကနေ ကော့ကရိတ်ကို သွားတဲ့ ခရီးသည်တင် ကားတစီး သာမညနဲ့ ကျုံဒိုးကြားမှာ ပစ်ခတ်ခံရလို့ ခရီးသည် တယောက်ကို ထိမှန်ခဲ့ရာမှာ ဆေးရုံ တင်ထားရပြီး အခြေအနေ စိုးရိမ်ရကြောင်း ကော့ကရိတ် ဒေသခံ တယောက်က ပြောပါတယ်။

ဒီနေ့မှာပဲ မြိုင်ကြီးငူ ဒေသ မိဇိုင်း တောင်ခြေမှာလည်း တိုက်ပွဲဖြစ်လို့ ကြားသိရပေမယ့် သီးခြား အတည်ပြု ချက်တော့ မရသေးပါဘူး။

ပြီးခဲ့တဲ့ သောကြာနေက အစိုးရနဲ့ DKBA တပ်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ ကျိုက်မရော မြို့နယ်မှာတော့ တိုက်ပွဲတွေ ထပ်မဖြစ်တော့ပေမယ့် စာသင်ကျောင်းတွေကိုတော့ ပိတ်ထားတုန်းပဲလို့ မြို့ခံတွေက ပြောပါတယ်။

ကျိုက်မရော မြို့နယ်မှာ ဖြစ်တဲ့ တိုက်ပွဲမှာ အစိုးရ စစ်တပ်က ဗိုလ်မှူးတယောက် အပါအဝင် ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရတဲ့ သူတွေ အပါအဝင် အစိုးရဘက်က ၁၉ ယောက်နဲ့ လက်နက် အလက် ၂၀ ကို DKBA တပ်က လက်ရ ဖမ်းဆီးလိုက်ပြီး အဲဒီနေ့ ညနေမှာ ပြန်လွှတ်ပေးလိုက်ပေမယ့် လက်နက်တွေကို ပြန်မပေးသေးလို့ အစိုးရနဲ့ DKBA ကြားမှာ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ DKBA ဘက်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/09/140929_dkba_gov_fighting_continues


ဟောင်ကောင်မှာ သောင်းနဲ့ချီ ပိတ်ဆို့ ဆန္ဒပြ

ဟောင်ကောင်မှာ သောင်းနဲ့ ချီတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ဆန္ဒပြသမားတွေက ဟောင်ကောင် မြို့လယ်က စီးပွားရေး အချက်အချာ လမ်းတွေမှာ ပိတ်ဆို့ နေရာ ယူထားကြပါတယ်။

ပြီးခဲ့တဲ့ တစ်ညလုံး ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အရင် ရက်တွေထက် အရေအတွက် ပိုများတဲ့ ဆန္ဒပြသမားတွေ လမ်းပေါ် ထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။

ဆယ်ကျော်သက် အရွယ် လူငယ်တွေနဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တွေ ထောင်နဲ့ ချီပြီး ဆန္ဒပြမှုမှာ ပါဝင်လာကြောင်း၊ ဆန္ဒပြမှုတွေကို တားလို့ ရတော့မှာ မဟုတ်ကြောင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောပါတယ်။

လာမယ့် ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့်သူကို တရုတ် အစိုးရ စိတ်ကြိုက် ရွေးချယ်ဖို့ ပြဋ္ဌဌာန်းထားတဲ့ စည်းကမ်းချက်တွေကို ပယ်ဖျက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆို နေတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဟောင်ကောင် ဆန္ဒပြသမားတွေကို ပြည်ပကနေ ထောက်ခံမှု မပြုကြဖို့ တရုတ် အစိုးရက သတိပေး လိုက်ပါတယ်။

ဟောင်ကောင်ဟာ တရုတ် နိုင်ငံပိုင် နယ်မြေ ဖြစ်လို့ ဟောင်ကောင် အရေးဟာ တရုတ် နိုင်ငံရဲ့ ပြည်တွင်းရေး သက်သက် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဘယ်လို ဝင်ရောက် စွက်ဖက်တာကိုမှ လက်မခံကြောင်း တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hua Chunying က ပြောသွားပါတယ်။

ဗြိတိန် အစိုးရကတော့ ဟောင်ကောင်ရဲ့ သာယာ ဝပြောမှုနဲ့ လုံခြုံရေးဟာ လူ့အခွင့်အရေး ရှိမှုတွေ၊ လွတ်လပ်မှုတွေနဲ့ ကျားကန် ပေးထားတာ ဖြစ်လို့ ဟောင်ကောင် ပြည်သူတွေ အနေနဲ့ အဲဒီ အခွင့်အရေးတွေ အတွက် တရားဥပဒေ ဘောင်အတွင်းကနေ လှုပ်ရှား ဆောင်ရွက်သင့်ကြောင်း၊ ဟောင်ကောင်မှာ အဓိပ္ပာယ် ပြည့်ဝတဲ့ ဒီမိုကရေစီ အတွက် ရှေ့တက်လှမ်းမှုကို ထောက်ခံကြောင်း ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/09/140929_hong_kong_protests


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ