ဗြောင်မဲ​ပေး​စနစ်ကို လွှတ်​တော်ကိုယ်စား​လှယ်များ​ ​ဝေဖန်



လွှတ်​တော်မှာ လျှို့​ဝှက်မဲစနစ်အစား​ ​ဗြောင်မဲ​ပေး​စနစ် ကျင့်​သုံး​နေတာကို လွှတ်​တော် ကိုယ်စား​လှယ်တချို့​က ​ဝေဖန်​နေပါတယ်။
အခုကျင်း​ပ​ နေတဲ့​ ဒုတိယအကြိမ် ပြည်သူ့​လွှတ်​တော်ပုံမှန်အစည်း​အ​ဝေး​မှာ အဆို ပြုချက်တချို့​ကို မဲခွဲရာမှာ လျှို့​ဝှက်မဲ​ပေး​စက်ခလုတ် ရှိပါရက်နဲ့​ မတ်တတ်ရပ်ပြ​နေရတာလို့​ လွှတ်​တော်ကိုယ်စား​လှယ်တဦး​က ​ပြောပါတယ်။
“စက်က​တော့​ မပျက်ပါဘူး​။ သူတို့​ မ​နေ့​ကစမ်း​ကြည့်​တာ အား​လုံး​မှန်ပါတယ်။ ဒါ ​ပေမယ့်​ ဘာ​ကြောင့်​ဆိုတာ​တော့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေကြား​ထဲမှာ ​ဝေဖန်​နေကြ တာ​ပေါ့​။ ဒီစက်ခလုတ်​တွေကို ဘာလုပ်ထား​တာလဲ ဆိုပြီး​။”
အကျဉ်း​ ထောင်ဥပ​ဒေပြင်ဆင်​ရေး​နဲ့​ အ​ရေး​ပေါ်စီမံချက် အက်ဥပ​ဒေရုပ်သိမ်း​ရေး​ အဆိုတင်ရာမှာ မဲအပြတ်နဲ့​ ရှုံး​နိမ့်​ထား​တဲ့​ သင်္ဃန်း​ကျွန်း​ မဲဆန္ဒနယ်ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​က​တော့​ ဒီမဲ​ပေး​စနစ်ဟာ လွှတ်​တော်ဥက္ကဋ္ဌရဲ့​ အဆုံး​အဖြတ်ဖြစ်​နေတယ်လို့​ ​ပြောပါ တယ်။
“လွှတ်​ တော်ကိုယ်စား​လှယ်ဆိုတာ လွှတ်​တော်ဥက္ကဋ္ဌရဲ့​ အဆုံး​အဖြတ်ကို နာခံရမှာ ပဲ။ ဒီကိစ္စ ဘာမှ​ပြောစရာမရှိဘူး​။ ​ပြောစရာရှိတာက​တော့​ ​ဗြောင်မဲ​ပေး​စနစ်​အောက်မှာ ကျ​နော့်​အဆိုကို ​ထောက်ခံခဲ့​တဲ့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်များ​ကို​တော့​ သိပ်​ကျေး​ဇူး​တင်ပါတယ်။”
လွှတ်​ တော်ကိုယ်စား​လှယ် အများ​ဆုံး​ဖြစ်တဲ့​ ပြည်ခိုင်ဖြိုး​ပါတီကိုယ်စား​လှယ်​တွေက တင်ပြတဲ့​ ဥပ​ဒေပြု​ရေး​ အဆို​တွေက​တော့​ အား​လုံး​လိုလို အနိုင်ရ​နေပါတယ်။ လျှို့​ဝှက်မဲ စနစ်သာသုံး​ရင် အခုရှုံး​နိမ့်​သွား​တဲ့​ အဆိုပြုချက်​တွေကို ​ထောက်ခံသူ ခုထက်ပိုလာနိုင် တယ်လို့​ လွှတ်​တော်ကိုယ်စား​လှယ်တဦး​က ​ပြောပါတယ်။
“စပ်ကူး​ မတ်ကူး​ကာလဆို​တော့​ လူ​တွေက ပွင့်​ပွင့်​လင်း​လင်း​ မရှိကြ​သေး​ဘူး​။ စက် ခလုတ်သုံး​ရင်လည်း​ ကျ​နော်တို့​ အဆိုက​တော့​ ရှုံး​မှာပဲ။ ဘာလို့​လဲဆို​တော့​ ဟိုဘက်က အင်အား​များ​နေတာကို။ သုံး​စေချင်တာ​ပေါ့​ဗျာ။ စက်ခလုတ်ခုံကြီး​ ​ရှေ့​မှာထား​ပြီး​ လူက မတ်တတ်ရပ်​နေတယ်ဆို​တော့​ သဘာဝသိပ်မကျဘူး​။ သုံး​စေချင်တယ်၊​ ဖြစ်​စေချတယ်။ အဲလိုမျိုး​ဆိုရင်​တော့​ ဒီထက်ပိုပြီး​ ​ထောက်ခံမဲ ပိုလာနိုင်တယ်လို့​ ကျ​နော်တို့​ မြင်တယ်။”

ဒေါက်တာဇော်ဦးနှင့် တွေ့ဆုံခြင်း

dr_zaw_oo












လုပ်စရာရှိတာကို မြန်မြန်ဆန်ဆန် လုပ်ခြင်းဟာ၊ ကြိုတင်ကာကွယ်ခြင်းဟာ ဖြစ်မှ လုပ်ရတာထက် ပိုကောင်းပါတယ်dr_zaw_ooအမေရိကန် ပြည်ထောင်စုတွင် စီးပွားရေးပညာ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိခဲ့သူ ဒေါက်တာဇော်ဦးနှင့် တွေ့ဆုံခြင်း
ဒေါက်တာဇော်ဦးသည် အမေရိကန်ပြည်ထောင်စု အမေရိကန်တက္ကသိုလ်မှ စီးပွားရေးပညာ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ (Ph.D) ရထားသည့် ပညာရှင်တစ်ဦး ဖြစ်ပြီး လောလောဆယ် မြန်မာနိုင်ငံသို့ ရောက်ရှိနေပါသည်။ နေပြည်တော်တွင် ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့သော နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့၌ " ၂၀၁၅ အာဆီယံ စီးပွားရေး အသိုင်းအဝိုင်းနှင့် အဖွဲ့ဝင်သစ်များအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ " ခေါင်းစဉ်ဖြင့် စာတမ်းတင်ပြ ဆွေးနွေးခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်းပါး အများအပြား ရေးသားခဲ့သူ ဖြစ်သည့်အပြင့် ABSDF ဒုတိယဥက္ကဋ္ဌဌအဖြစ် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူ တစ်ဦးလည်းဖြစ်သူ ဒေါက်တာဇော်ဦးကို မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေများနှင့် ပတ်သက်၍ The Voice Weekly က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။VOICE » ဦးဇော်ဦးခင်ဗျာ၊ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ငွေရေးကြေးရေး အထူးသဖြင့် နိုင်ငံခြားငွေနဲ့ မြန်မာ ကျပ်ငွေနှုန်းထား လဲလှယ်တဲ့ အခြေအနေဟာ လွန်ခဲ့တဲ့ရက်က စံချိန် ကျိုးအောင် ၇၀ဝ အောက်ကို ရောက်ရှိသွားပါတယ်။ ဒီအခြေအနေကို ပညာရှင်ဖြစ်တဲ့ ဦးဇော်ဦးအနေနဲ့ ဘယ်လိုအဓိပ္ပာယ် ကောက်ယူပါသလဲ၊ မူဝါဒဆိုင်ရာ တာဝန်ရှိသူများ အနေနဲ့ ဘယ်လို ကောက်ယူသင့်တယ်ဆိုတာ သိပါရစေ။DR.ZO » ဟုတ်ကဲ့၊ ဒီအခြေအနေအထိ ရောက်သွားတဲ့ကိစ္စကို တွက်ကြည့်တဲ့အခါမှာ ပြီးခဲ့တဲ့နှစ်က ငွေလဲနှုန်းတွေနဲ့ ယှဉ်လိုက်ရင် အခု ငွေလဲနှုန်းက မြန်မာကျပ်ငွေ ၇၀ဝ အောက်အထိ ကျသွားတယ်။ တစ်နည်းအားဖြင့် ပြောရရင် မြန်မာကျပ်ဟာ မာသထက် မာလာတယ်ဆိုတာ ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ ငွေလဲနှုန်းတွေနဲ့ ယှဉ်လိုက်ရင် ၄၀ ရာခိုင်နှုန်း နီးပါးလောက်အထိ မာလာတာကို တွေ့ရတယ်။ နိုင်ငံတစ်ခုမှာ ငွေလဲနှုန်းက အများအားဖြင့် ပြောနေတာက ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း အပြောင်းအလဲကို ပြောနေကြတာ။ အခုက ၄၀ ရာခိုင်နှုန်းအထိ ဖြစ်လာပြီဆိုတော့ ငွေလဲနှုန်းတစ်ခုရဲ့ မတည်ငြိမ်မှု အများဆုံး ဖြစ်နေတာကို ပြောနေတာ။ အဲဒီတော့ ဒီဟာက စိုးရိမ်ရေမှတ်ကို ရောက်သွားတယ်လို့ တစ်ဖက်က သုံးသပ်လို့ ရပါတယ်။ဝေးဝေး မကြည့်နဲ့။ မဟာအင်အားကြီး အမေရိကနိုင်ငံမှာ ဖြစ်သွားတဲ့ ပြဿနာတွေကိုပဲ ကြည့်၊ စိုးရိမ်ရေမှတ် ရောက်တာကို နောက်ဆုံးအချိန်အထိ အချိန်ဆွဲပြီး လုပ်တဲ့အတွက် debt ceiling crisis ကနေ တစ်ကမ္ဘာလုံး စီးပွားရိုက်ခတ်တဲ့ ပြဿနာ ဖြစ်လာတယ်။ ကျွန်တော့်အနေနဲ့ ဒီနေရာမှာ လုပ်ဆောင်ရမယ့် ကိစ္စတွေကို မြန်မြန်ဆန်ဆန် သွက်သွက်လက်လက်နဲ့ ရဲရဲတင်းတင်း လုပ်ဖို့လိုတယ်။ ဘာပဲဖြစ်ဖြစ် လုပ်လိုက်ဖို့ လိုတယ်။ ဒီကိစ္စဟာ အရေးကြီးတယ်လို့ ထင်ပါတယ်။VOICE » ဦးဇော်ဦးခင်ဗျာ၊ တစ်ခုလောက် ဖြတ်မေးပါရစေ။ ဒီလို မြန်မာကျပ်ငွေဟာ သာမန်နိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းဝန်းကျင် မဟုတ်ဘဲ ၄၀ ရာခိုင်နှုန်းဝန်းကျင် မာလာတဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေး တစ်ခုလုံးအပေါ် ဘယ်လို သက်ရောက်သွားနိုင်တာ ဖြစ်တဲ့အတွက် ဦးဇော်ဦးက အရေးပေါ် အခြေအနေ စိုးရိမ်ရေမှတ်လို့ ဆိုလိုတာပါလဲ။ ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ ရှင်းပြစေလိုပါတယ်။DR.ZO » အခုလောလောဆယ် ကျွန်တော်တို့ နားလည်တာကတော့ ကုန်သွယ်ရေး ကဏ္ဍဍမှာ အများဆုံး ထိခိုက်နေတာ၊ ငွေလဲနှုန်းဟာ ကုန်သွယ်ရေးကို အဓိက သက်ဆိုင်နေတဲ့ ဈေးနှုန်းတစ်ခု။ ကုန်သွယ်ရေးဟာ ကုန်ထုတ်လုပ်မှုကဏ္ဍဍနဲ့ ဆက်စပ်နေတယ်၊ စားသုံးမှုကဏ္ဍဍနဲ့ ဆက်စပ်နေတယ်။ ဒီကဏ္ဍဍတွေကိုပါ တိုက်ရိုက်ဆက်နွှယ်လာပြီ ဆိုရင်တော့ စီးပွားရေးအခေါ် Systemic Effect စနစ်တစ်ခုလုံးကို ကူးစက်လာတဲ့ ပြဿနာလို့ ယူဆလို့ ရပါတယ်။ ကဏ္ဍဍ တစ်ခုကနေ တစ်ခု၊ နောက်ကဏ္ဍဍတစ်ခုကို ကူးစက်သွားရာမှာ တချို့နေရာမှာ မြန်မြန်ဆန်ဆန် ကူးစက်သွားတာ ရှိသလို တချို့နေရာတွေမှာ ဖြည်းဖြည်း ကူးစက်သွားတာလည်း ရှိတယ်။ တချို့နေရာတွေမှာ ဖြည်းဖြည်းနဲ့ အရှိန်ယူလာပြီးတော့ ကူးပြီးဟေ့ဆိုရင် မရှူနိုင် မကယ်နိုင် ဖြစ်သွားတဲ့အထိ ရှိတယ်။ Systemic Effect ရပြီဟေ့ဆိုရင် အင်မတန်မှ စိုးရိမ်စရာ ကောင်းတဲ့ကိစ္စ ဖြစ်တယ်။ ဒါကြောင့်မို့ နိုင်ငံအသီးသီးမှာ Systemic Effect ရှိ မရှိ သိနိုင်အောင် Early warning system ဆိုတဲ့ Mecahnism မျိုးတွေကို ချထားပြီး ဂရုတစိုက် လုပ်လေ့ရှိတယ်။ ကျွန်တော်တို့မှာကတော့ အားနည်းချက်ဟာ Early warning system မျိုးကို ချမှတ်ထားနိုင်မှု မရှိသေးဘူး။ ဒီဘက်မှာလည်း စောင့်ကြည့်နိုင်မှု အားနည်းတာမို့ တစ်ခါတစ်ခါ Early warning system တွေကို မမြင်မိဘဲနဲ့ Systemic crisis ကိုရောက်တော့မှ လုပ်ရမယ့် အခြေအနေ ရောက်သွားရင် သိပ်နောက်ကျသွား နိုင်ပါတယ်။ လုပ်စရာရှိတာကို မြန်မြန်ဆန်ဆန် လုပ်ခြင်းဟာ၊ ကြိုတင်ကာကွယ်ခြင်းဟာ ဖြစ်မှ လုပ်ရတာထက် ပိုကောင်းပါတယ်။VOICE » ဦးဇော်ဦးခင်ဗျာ ကျွန်တော် ဒီ Early Warning ဆိုတဲ့ဟာလေးနဲ့ ဆက်ပြီး မေးချင်ပါတယ်။ အဲဒါကို မမေးခင်မှာ တစ်ခုဖြတ်ပြီး မေးလိုက်ပါရစေ။ ငွေရေးကြေးရေး သို့မဟုတ် ငွေလဲလှယ်နှုန်းထားများရဲ့ ငွေကြေးမူဝါဒများနဲ့ ပတ်သက်လို့ အစိုးရများက ထားရှိသင့်တဲ့ မူဝါဒနဲ့ အခြေခံ သဘောတရားများကို ရှင်းပြပေးနိုင်မလား ခင်ဗျာ။ ဒီဟာလေး ရှင်းပြပြီးရင် ကျွန်တော့်အနေနဲ့ နောက်တစ်ဆင့် Early warning System ကို မေးချင်လို့ပါ။DR.ZO » ဟုတ်ကဲ့ခင်ဗျာ၊ အဓိက,ကတော့ ငွေလဲနှုန်းကို ကျွန်တော်တို့ ခေါ်ကြတာက Mother of all prices ဆိုပြီး ခေါ်ကြပါတယ်။ ဆိုလိုတာ တိုင်းပြည်တစ်ခုမှာ ရှိနေတဲ့ ဈေးနှုန်းအားလုံးရဲ့ အချုပ်ဟာ ငွေလဲနှုန်း ဖြစ်တယ်။ ဒီဈေးနှုန်း တည်ငြိမ်မှုဟာ နိုင်ငံတစ်ခုရဲ့ စီးပွားရေးတည်ငြိမ်မှု ဘယ်လောက်ရှိ၊ မရှိဆိုတာ ညွှန်ပြနေသလို ဖြစ်နေပါတယ်။ တိုင်းပြည် တစ်ခုရဲ့ ငွေလဲနှုန်းမှာ အဓိက အခြေခံ ချရမယ်။ အစိုးရရဲ့ မူဝါဒကတော့ တည်ငြိမ်မှုပါ။ အခု အခြေအနေကို ကြည့်ရင် ကျွန်တော်တို့ ငွေလဲနှုန်းဈေးကွက်ဟာ တော်တော့်ကို တည်ငြိမ်မှု ပျက်သွားပြီလို့ ပြောလို့ရပါတယ်။ ဒီ တည်ငြိမ်မှုကို အရင်ဆုံး ထိန်းဖို့သည် ကျွန်တော်တို့ စတင်ဆောင်ရွက်ရမယ့် ခြေလှမ်းဖြစ်ပါတယ်။VOICE » ဒီလိုဆိုရင် ကျွန်တော် ဆက်မေးပါရစေ။ ဒီလို ငွေလဲနှုန်း တည်ငြိမ်မှု ရှိဖို့အတွက် ဘယ်လို အဖွဲ့အစည်းမျိုးက မည်သို့မည်ပုံ ဆောင်ရွက်ရတယ်ဆိုတာ ဥပမာလေးကို ရှင်းပြပေးနိုင်မလား။ ငွေလဲနှုန်း တည်ငြိမ်ဖို့အတွက် ဘယ်လို အဖွဲ့အစည်းတွေက တာဝန်ယူရတယ်ဆိုတာ နိုင်ငံတကာစံနှုန်းနဲ့ ရှင်းပြပေးစေချင်ပါတယ်။DR.ZO » နိုင်ငံတကာမှာ အစိုးရတွေက ငွေကြေးဈေးကွက်မှာ ဝင်ပြီး ထိန်းညှိပေးတာကို ဗဟိုဘဏ်ကတစ်ဆင့် လုပ်ပါတယ်။ ဈေးကွက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ဗဟိုဘဏ်ဟာ အစိုးရနဲ့ မဆက်စပ်ဘဲ သီးသန့် ရပ်တည်ပြီး ဆောင်ရွက်ရတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ သူဟာ ဈေးကွက်ကို တာဝန်ခံပြီး ဆောင်ရွက်ရတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် သူ့မှာရှိတဲ့ ငွေရေး၊ ကြေးရေး၊ စီးပွားရေး Policy လက်နက်တွေကို ထုတ်သုံးလေ့ ရှိပါတယ်။ များသောအားဖြင့် သူထုတ်သုံးလို့ရတဲ့ ဒီငွေစက္ကူ ရိုက်ထုတ်တဲ့ကိစ္စ၊ ငွေတိုက်စာချုပ် ရောင်းချတဲ့ကိစ္စ၊ အစိုးရကို ငွေချေးတဲ့ကိစ္စတွေနဲ့ ဆိုင်တဲ့နှုန်းတွေအပေါ် ဗဟိုဘဏ်က စနစ်တကျ ညှိနှိုင်းပြီး ဆောင်ရွက်ပေးရပါမယ်။ တစ်ချိန်တည်းမှာ ငွေကြေးနဲ့ ပတ်သက်တဲ့ ဂယက်ရိုက်လာပြီဆိုရင် ဗဟိုဘဏ်နဲ့ မလုံလောက်တဲ့အခါ အစိုးရက သူရဲ့ Fiscal Policy တွေကို သုံးပြီး ရသုံးမှန်းခြေစာရင်းမှာ ဘယ်လိုပိုပြီး သုံးလိုက်မယ်၊ ဘယ်လို ခြိုးခြံချွေတာမယ် ဆိုတာကို စဉ်းစားပြီး လုပ်တာတွေ၊ အခွန် ကောက်ခံတဲ့ စနစ်တွေကို ထိန်းချုပ်လို့ ရတဲ့ဟာတွေ ရှိပါတယ်။ များသောအားဖြင့် ငွေရေးကြေးရေး ဂယက်တစ်ခု ဖြစ်လာပြီ ဆိုရင်တော့ ဗဟိုဘဏ်ကော အစိုးရပါ ပေါင်းပြီး Monetary Policy Tools ကော၊ Fiscal Policy Tools တွေကော အသုံးချပြီး မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆောင်ရွက်လေ့ ရှိပါတယ်။ ဒီမှာ အရေးအကြီးဆုံးက နိုင်ငံတော်ရဲ့ အကြီးအကဲ ဆိုသူတွေဟာ အစိုးရကော ဗဟိုဘဏ်ကော လုပ်နေတဲ့ အပေါ်မှာ ထပ်ဆောင်းပြီးတော့ လုပ်ဆောင်ချက်တွေကို လူထုယုံကြည်လာအောင်၊ ဈေးကွက်ထဲက Stakeholder တွေ ယုံကြည်လာအောင် ယုံကြည်မှု နှစ်ဆတိုးပြီး ရအောင် အကြီးအကဲတွေက ရှေ့မှာထွက်ပြီး ကတိကဝတ် လုပ်လေ့ရှိပါတယ်။ ငွေကြေးဈေးကွက်မှာ အဓိက ကြုံတွေ့ရတဲ့ ပြဿနာက စီးပွားရေး ကိန်းဂဏန်းတွေ ထက်စာရင် လူတွေရဲ့ စိတ်ခံစားမှုက၊ ပြဿနာက အများကြီး ပါလေ့ရှိပါတယ်။VOICE » ကျေးဇူးတင်ပါတယ် ဦးဇော်ဦး ခင်ဗျာ။ ကျွန်တော် စောစောက ဦးဇော်ဦး ပြောခဲ့တဲ့ Early Warning အကြောင်းကို မေးချင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း နောင်အသုံးတည့်မယ်ဆိုရင် အရေးကြီးလာမှာ ဖြစ်တဲ့အတွက် ဘယ်လို Early Warning System ကို ထည့်သွင်းထားခြင်းဖြင့် ဒီလို ငွေကြေးဂယက်ဟာ Systemic သဘောကို မရောက်ခင် ကြိုတင် သိရှိနိုင်တယ်ဆိုတာ ဥပမာလေးနဲ့ ရှင်းပြပေးပါ။DR.ZO » အဓိက,ကတော့ Early Warning System ရှိသင့်တဲ့ ကိစ္စကတော့ ဈေးနှုန်းတွေရဲ့ အပြောင်းအလဲကို ကြည့်ရှုနိုင်တဲ့ Mechansim တစ်ခု ထားရှိဖို့ပါပဲ။ ဈေးနှုန်းတွေက ကျွန်တော်တို့ဆီမှာဆိုရင် ငွေလဲနှုန်း၊ ငွေကြေး ဖောင်းပွမှုနှုန်း၊ တိုင်းပြည်ရဲ့ ကုန်သွယ်မှု အပေးအယူ ရှင်းတမ်း၊ ဈေးနှုန်းတွေ အပြောင်းအလဲ ဘယ်လိုရှိလဲဆိုတာ လေ့လာထားဖို့ လိုပါတယ်။ ဈေးနှုန်းဟာ အတက် ကြမ်းမယ်၊ အကျ ကြမ်းမယ်ဆိုရင် မတည်ငြိမ်မှု ရှိလာတာ ပြတဲ့ သဘောပါ။ သူများတိုင်းပြည်တွေမှာ ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းအောက် ဂဏန်းတစ်လုံး ပြောင်းရုံနဲ့ အမေရိကလို တိုင်းပြည်မှာ ဒသမ ပြောင်းရုံနဲ့တင် သူတို့မှာ တော်တော်ကြီးကို လေးလေးနက်နက်ထားပြီး ဆောင်ရွက်လေ့ ရှိပါတယ်။ လုပ်တဲ့အခါကျရင် ဘာတွေ လုပ်မယ်ဆိုတာ ပြင်ဆင်ထားနိုင်ဖို့၊ လုပ်ပြီဟေ့ဆိုရင် မြန်မြန်ဆန်ဆန် လုပ်ဖို့ လိုအပ်ပါတယ်။ လုပ်တာတွေ မှန်ဦးတော့ အချိန်ဆွဲပြီး လုပ်မယ်ဆိုရင်လည်း မအောင်မြင်တဲ့ သာဓကတွေ အများကြီး တွေ့ရပါတယ်။VOICE » ဦးဇော်ဦး ခင်ဗျာ။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေလေးကို အနည်းငယ် ရှင်းပြပြီး မေးခွန်းလေး မေးလိုပါတယ်။ ကျွန်တော်တို့ လောလောဆယ် Exchange Rate ခြောက်ချက်နဲ့ ဈေးကွက်ပေါက်ဈေးနဲ့ ကွာဟနေတဲ့ ကိစ္စ၊ FEC ကို ဖျက်သိမ်းဖို့ကိစ္စ အပါအဝင် အရေးပေါ် ဖြစ်လာတဲ့ ၇၀ဝ အောက်ကို ရောက်သွားတဲ့ အမေရိကန်ဒေါ်လာကို ဆွဲတင်ဖို့ ကိစ္စသုံးမျိုးမှာ ဘယ်လိုခွဲခြမ်းစိတ်ဖြာ သုံးသပ်သင့်တယ်။ ဘယ်ဟာကို အရေးတကြီး သဘောထားသင့်တယ်၊ ဘယ်လို သဘောထားသင့်တယ် ဆိုတာကို ပညာရှင်တစ်ဦးရဲ့ အမြင်ကို သိပါရစေ။DR.ZO » အဓိက ရင်ဆိုင်နေရတာက ငွေလဲနှုန်း မာလာတဲ့ကိစ္စ။ Devaluation, Unification ပြဿနာ၊ ငွေလဲနှုန်း မာလာပြီဆိုရင် အဓိက စဉ်းစားရမှာက ဒီဟာ မာလာတာကို ဆက်မမာအောင် ဘယ်လို ကာကွယ်မလဲဆိုတာ အရေးကြီး ပါတယ်။ များသောအားဖြင့် ငွေတန်ဖိုးတွေ ကျလာပြီဆိုရင် ဈေးကွက်ထဲမှာ တကယ်ပေါက်နေတဲ့ ဈေးထက် အစိုးရ သတ်မှတ်ထားတဲ့ ဈေးနဲ့ ကွာဟနေတာကို ညှိယူတဲ့ Devaluation, Unification တွေနဲ့ စဉ်းစားပြီး လုပ်လေ့ ရှိပါတယ်။ ငွေလဲလှယ်နှုန်း ဈေးတည်ငြိမ်ရေးသာ အရေးကြီးတဲ့ အတွက်ကြောင့် ငွေလဲနှုန်း ဘယ်နားမှာပဲ ရှိရှိ တည်ငြိမ်အောင် အစိုးရက ထိန်းပေးရတဲ့ ဆောင်ရွက်ချက် ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ဖြစ်နေတဲ့ ပြဿနာက ငွေလဲနှုန်း မာလာတာ ဖြစ်တဲ့အတွက် မာလာတာကို ဘယ်လို ကာကွယ်မလဲ ဆိုတာကို ဦးစားပေး စဉ်းစားပြီး ဆောင်ရွက်သင့်ပါတယ်။VOICE » ဦးဇော်ဦး ခင်ဗျာ။ အဓိက ဖြစ်တဲ့ မေးခွန်းကို မေးလိုက်ပါရစေ။ ဒီလို အရေးပေါ် အခြေအနေမျိုးကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် Monetary Policy ဖြစ်တဲ့ ငွေကြေးဆိုင်ရာ တာဝန်ရှိတဲ့ ဗဟိုဘဏ်။ Fiscal Policy လုပ်ပိုင်ခွင့်ရှိတဲ့ ဘဏ္ဍဍာ/ အခွန် ဝန်ကြီးဌာနနဲ့ အစိုးရနဲ့ သက်ဆိုင်တဲ့ စီးပွားကူးသန်း ဝန်ကြီးဌာနနဲ့ ဈေးကွက်ရဲ့ Trust ကို တည်ဆောက်ဖို့ နိုင်ငံတော် အကြီးအကဲများက အပိုင်းဆိုပြီး ဦးဇော်ဦး ပြောထားတာ ရှိပါတယ်။ လက်ရှိ အခြေအနေတွေကို ကာကွယ်ဖို့အတွက် ငွေရေးကြေးရေး အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုဘဏ်က မည်သို့ ဆောင်ရွက်သင့်တယ်၊ ဘဏ္ဍဍာရေးနဲ့ ကုန်သွယ်မှု အပိုင်းက မည်သို့ ဆောင်ရွက်သင့်တယ်၊ တတိယအပိုင်း ဖြစ်တဲ့ နိုင်ငံတော် အကြီးအကဲများ မည်သို့ လုပ်ဆောင်သင့်တယ် ဆိုတာ ဥပမာများနဲ့ ရှင်းပြစေလိုပါတယ်။DR.ZO » အခု ကျွန်တော်တို့ ဖြစ်သွားတဲ့ မြန်မာငွေတန်ဖိုး ခိုင်မာတဲ့နောက်မှာ ဒီပြဿနာကနေ ကုန်သွယ်ရေး ကဏ္ဍဍမှာ ဂယက်ရိုက်နေတဲ့ ပို့ကုန်လုပ်ငန်းကို အခြေခံပြီး အနောက်ကနေ အထောက်အကူ ပေးနေရတဲ့ လုပ်ငန်းတွေထိခိုက်နေရာကနေ တခြားစီးပွားရေးကို မထိခိုက်ရအောင် တားဆီးဖို့ အဓိက ဖြစ်ပါတယ်။ ကျွန်တော်တို့ အခေါ်မှာတော့ အများဆုံး အထိနာတဲ့သူတွေကို အရင်ဆုံး စဉ်းစားပြီး မြန်မြန်ဆန်ဆန် လုပ်ဖို့လိုပါတယ်။ ဒါမှသာလျှင် ဆက်တိုက် ကူးစက် ပြန့်ပွားမယ့် ကိစ္စတွေကို မပြန့်ပွားအောင် တားဆီးဖို့ လိုပါတယ်။ ဗဟိုဘဏ်အနေနဲ့ သူ့ရဲ့ ငွေကြေးလက်နက် ဖြစ်တဲ့ အတိုးနှုန်းတွေကို ဘယ်လို ပြင်ဆင်ဖို့ စဉ်းစားမလဲ။ ငွေကြေးဈေးကွက် ငွေစီးဆင်းမှု နှေးကွေးတာကို မြန်ဆန်လာအောင် ဘယ်လိုလုပ်မလဲ။ အဲဒီလို လုပ်တဲ့အတွက် အစိုးရရဲ့ ပိုငွေလိုငွေ ရှင်းတမ်းမှာ ထိခိုက်နိုင်တာတွေ ရှိပါတယ်။ ဘဏ္ဍဍာအခွန်ကလည်း ဘဏ္ဍဍာရေး အသုံးစရိတ်တွေကို ဘယ်လို စဉ်းစားပေးမလဲ။ ချက်ချင်း လုပ်ရမယ့်ဟာ ရှိသလို အချိန်ယူပြီး လုပ်ရမယ့်ဟာတွေလည်း ရှိပါတယ်။ အချိန် မမီတော့ရင်တောင် နောင်အချိန်ယူပြီး လုပ်ရမယ့်ဟာတွေကို တစ်ချိန်မှာ ဂယက်တွေ မကူးစက်ရအောင် ဘယ်လို အချိန်ယူပြီး လုပ်ထားမလဲ၊ အခွန်ကိစ္စတွေကို စဉ်းစားလို့ ရပါတယ်။ စီးပွားရေး ဂယက်ဆိုတာ တိုင်းပြည်တိုင်း ကြုံတွေ့နေရတဲ့ ပြဿနာပါ။ တွေ့တဲ့ပြဿနာကို ရှောင်လို့ မရဘူး။ လာမယ့်ဘေး ပြေးတွေ့၊ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ဒီအကျိုးဆက်တွေ အတွက်ပါ စဉ်းစားပြီး ဆက်ပြီး လုပ်သွားရမယ်။ အခုလောလောဆယ်မှာ တအုံနွေးနွေးနဲ့ အရှိန်ပြင်းပြင်း စလောင်တဲ့မီးကို အရင်ဆုံးငြှိမ်းဖို့ လိုပါတယ်။ ဒါအားလုံးကို ကျွန်တော်တို့ စနစ်တကျနဲ့ လုပ်မယ်ဆိုပြီး အချိန်ယူမယ်ဆိုရင် အချိန်လင့်သွားမယ့် ပြဿနာရှိတဲ့အတွက် စဉ်းစဉ်းစားစား လုပ်ဖို့ လိုပါတယ်။VOICE » ဦးဇော်ဦးခင်ဗျာ။ ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့ ပညာရှင်တချို့ရဲ့ မူဝါဒဆိုင်ရာ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဦးဇော်ဦးရဲ့ အမြင်ကို သိချင်ပါတယ်။ ဗဟိုဘဏ်နဲ့ ပတ်သက်လို့ ဗဟိုဘဏ်က လောလောဆယ်မှာ အမေရိကန်ဒေါ်လာ Demand ကို တိုက်ရိုက် ဖန်တီးတဲ့အနေနဲ့ အမေရိကန်ဒေါ်လာတွေကို ဝင်ရောက် ဝယ်ယူပေးဖို့ အဆိုပြုတာနဲ့ ပတ်သက်ပြီး ဦးဇော်ဦးရဲ့ Comment ကို သိပါရစေ။DR.ZO » ကျွန်တော်တို့ အခုလက်ရှိ အစိုးရရဲ့ ယန္တရားထဲမှာ ဒါကိုလုပ်ဖို့ စနစ်မရှိသေးဘူး။ ဒါကို လုပ်တဲ့အခါကျရင် အခြေခံဥပဒေနဲ့အညီ လုပ်ဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ကျွန်တော်တို့ဆီမှာ အခု ပြည်သူ့လွှတ်တော်ဆိုတာ ရှိတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့အစိုးရကလည်း ရှိနေပြီဖြစ်တဲ့အတွက် လုပ်ဖို့လိုနေတဲ့ ကိစ္စတွေကို ပြည်သူ့လွှတ်တော်ကနေ ဥပဒေကြမ်း အနေနဲ့ တင်နိုင်မယ်။ ဒါကို နိုင်ငံတော် အစိုးရကလည်း ချက်ချင်းလက်ငင်း အရေးယူ ဆောင်ရွက်မယ်ဆိုရင် လုပ်လို့မရတဲ့ကိစ္စဆိုတာ မရှိဘူးလို့ ထင်ပါတယ်။ ဘာကို ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဖို့ လိုပါတယ်။VOICE » ဒုတိယအချက်အနေနဲ့ စီးပွားရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ စီးပွားကူးသန်း အနေနဲ့ ဘာလုပ်သင့်လဲ ဆိုတာလေး မေးပါရစေ၊ ပညာရှင်တချို့က အဆိုပြုထားတဲ့ အထဲမှာ အမေရိကန်ဒေါ်လာ Demand ကို ဖန်တီးပေးတဲ့ အနေနဲ့ သွင်းကုန်တချို့နဲ့ ပတ်သက်တဲ့ မူဝါဒကို လျှော့ပေါ့ပေးဖို့ ပြောနေတာတွေ ရှိပါတယ်။ စီးပွားကူးသန်း ဝန်ကြီးဌာန အနေနဲ့လည်း သူတို့ရဲ့ ကုန်သွယ်မှုလိုငွေ၊ ပိုငွေကိစ္စမှာ Sensitive ဖြစ်တာလေးတွေ ရှိနေတယ်။ လောလောဆယ်မှာ စီးပွားကူးသန်း အနေနဲ့ အမေရိကန် ဒေါ်လာ Demand ကို ဖန်တီးပေးတဲ့ အနေနဲ့ သွင်းကုန်မူဝါဒ တချို့ကို လျှော့ပေါ့ခွင့်ပြုသင့်တဲ့ ကိစ္စအပေါ် ဘယ်လိုများ ရှုမြင်ပါသလဲ။ စီးပွားကူးသန်း အနေနဲ့ ကုန်သွယ်မှုပိုငွေ ဆိုတာကို အလေးပေးနေတော့ ဦးဇော်ဦး Comment လေးကို သိချင်တာပါ။DR.ZO » ကျွန်တော်တို့ စီးပွားရေး မကောင်းတော့ဘူးဆိုရင် ကုန်သွယ်ရေး ကဏ္ဍဍကလည်း တိုးတက်လာစရာ မရှိပါဘူး။ အဲဒီအခါကျရင် ကုန်သွယ်ရေးမှာ ဘယ်လောက် အတိုင်းအတာအထိ ပိုငွေပြအောင် ဘယ်လို ကြိုးစားမယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေကလည်း အရာမရောက်တော့ဘူး။ အဓိကကတော့ လောလောဆယ်မှာ ဖြစ်နေတဲ့ Crisis ကို ပိုဦးစားပေးပြီး ဖြေရှင်းဖို့ လိုပါတယ်။ ဒီတစ်နေ့မှာ လိုငွေပြသွားတယ် ဆိုရင်လည်း စီးပွားရေး ပြန်ပြီး ဦးမော့လာရင် ကုန်သွယ်ရေး ပြန်တက်လာမယ်။ ကုန်သွယ်ရေး ပြန်တက်လာရင် ပို့ကုန်မြှင့်တင်ရေးကို အမြဲ ဦးစားပေးတဲ့ မဟာဗျူဟာ ရှိတဲ့အတွက်ကြောင့် ပို့ကုန် မြှင့်တင်ဖို့ဟာ စီးပွားရေး တက်လာပြီဆိုရင် ပို့ကုန်ဟာ အလိုလိုနေရင်း မြင့်လာဖို့ ရှိပါတယ်။ အခု ပြဿနာနဲ့ နောင်ဖြစ်မယ့် အကျိုးဆက်မှာ နောင်ဖြစ်မယ့် အကျိုးဆက်ကို တွေးပူနေမယ့်အစား အခုဖြစ်နေတဲ့ အခက်အခဲကို အရင်ကျော်လွှားအောင် လုပ်လိုက်၊ ဒါကို စီးပွားရေးအရ တိုးတက်လာပြီဆိုရင် ပို့ကုန်မြှင့်တင်ရေးနဲ့ ကုန်သွယ်ရေး ပိုငွေ ပြရေးဟာ သူ့အလိုလို ဖြစ်လာမယ်လို့ ထင်ပါတယ်။VOICE » တတိယတစ်စု အနေနဲ့ ဘဏ္ဍဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍဍမှာ ဘဏ္ဍဍာရေးနဲ့ အခွန်ဝန်ကြီး ဌာနအနေနဲ့ အခွန်တချို့ကို လျှော့ပေါ့ပေးသင့်တယ်လို့ ဝိုင်းပြီး အဆိုပြုခဲ့တဲ့အတွက် ၁၀ ရာခိုင်နှုန်းမှာ ၈ ရာခိုင်နှုန်းကို ဖျက်ပေးလိုက်တဲ့အတွက် ၂ ရာခိုင်နှုန်းပဲ ကျန်ပါတော့တယ်။ တခြားသော Fiscal Authority အနေနဲ့ ဘာများ ဆက်လုပ်ပေးနိုင်ပါသေးလဲ။DR.ZO » ကျွန်တော်ပြောချင်တဲ့ ကိစ္စက ခုနကပြောခဲ့တဲ့ ကုန်သွယ်ရေးကဏ္ဍဍနဲ့ လည်းဆိုင်ပါတယ်။ အခွန်ဘဏ္ဍဍာ ကောက်ခံတယ်ဆိုတဲ့ ကိစ္စရပ်ကလည်း ရာခိုင်နှုန်း တချို့ကို ဝင်ငွေအနေနဲ့ ကောက်တယ်။ ကုန်သွယ်ခွန် အနေနဲ့ ကောက်တယ်။ အမြတ်ခွန်အနေနဲ့ ကောက်တယ်။ အဲဒီစီးပွားရေး တိုးတက် မှုတွေ အားလုံး အနုတ်လက္ခဏာ ပြပြီဆိုရင်တော့ ရာခိုင်နှုန်းအရ ရမယ့်အခွန်တွေကလည်း တစ်နည်းမဟုတ် တစ်နည်း လျော့နည်းလာမှာ ဖြစ်ပါတယ်။ အဓိက ဦးတည်ချက်ဖြစ်တဲ့ စီးပွားရေး နာလန်ထူဖို့၊ စီးပွားရေး တိုးတက်ဖို့က ပိုပြီး အဓိကကျတယ်။ စီးပွားရေး တိုးတက်လာတာနဲ့အမျှ ခုနက ပြောတဲ့ အခွန်ဘဏ္ဍဍာငွေတွေကလည်း စီးဝင်လာမှာပါ။ အခွန်နှုန်း နည်းခြင်းဟာ ပြဿနာ မဟုတ်ပါဘူး။ စီးပွားရေး တိုးတက်မှုနှုန်း နည်းခြင်းဟာ ပြဿနာပါ။ စီးပွားရေး တိုးတက်မှုနှုန်း မြင့်မယ်ဆိုရင် အခွန်နှုန်း နည်းပေမယ့်လည်း စီးပွားရေး တိုးတက်ရင် ဘဏ္ဍဍာငွေ ပမာဏမှာ များနေမှာပါ။VOICE » နောက်ဆုံးမေးခွန်း မေးချင်ပါတယ်။ ဦးဇော်ဦးခင်ဗျာ။ ဒီနေ့ အခြေအနေဟာ အရေးပေါ် အခြေအနေ ဖြစ်နေတော့ ဈေးကွက်ရဲ့ Confident ယုံကြည်မှု ရဖို့အတွက် နိုင်ငံတော် အကြီးအကဲများ အပိုင်းက မည်သို့သော ပံ့ပိုးကူညီမှုများ ဝင်ရောက် ဆောင်ကြဉ်း ပေးနိုင်မယ်ဆိုတာ မြန်မာနိုင်ငံ အခြေအနေ အပေါ်မှာ မည်သို့ အကြံပြုချင်တယ်ဆိုတာ သိပါရစေ။DR.ZO » ကျွန်တော်တို့ တိုင်းပြည်မှာ ယခင် ၂၀ဝ၃ ခုနှစ်တုန်းကလည်း ဘဏ်တွေမှာ ပြဿနာ ဖြစ်ခဲ့ပါတယ်။ ဒီလို ပြဿနာ ဖြစ်ခဲ့တဲ့ အရင်းခံတွေကို ကြည့်မယ်ဆိုရင် ဘဏ်တစ်ခု အားနည်းလာပြီလို့ ယူဆတဲ့အခါမှာ အားနည်းတဲ့ ဘဏ်ကနေ ငွေတွေကို အဆမတန် ထုတ်လိုက်တဲ့အခါမှာ ဘဏ်ကဏ္ဍဍတစ်ခုလုံးကို သွားပြီး ထိခိုက်တဲ့ ပြဿနာမျိုးပါ။ ဒီလို ဘဏ်တွေမျိုးပဲ ငွေရေးကြေးရေးနဲ့ ဆက်စပ်တဲ့ ဘယ်ကဏ္ဍဍမဆို လူထုရဲ့ စိတ်လှုပ်ရှားမှုနဲ့ သောကကြောင့် ဖြစ်တဲ့ အကျိုးဆက်တွေဟာ တခြားကဏ္ဍဍထက် ပိုပြီး ဖြစ်လေ့ရှိသလို ပိုပြီးတော့လည်း အန္တရာယ် ကြီးပါတယ်။ အဲဒီအတွက်ကြောင့် စီးပွားရေးအတွက် ဆောင်ရွက်ချက်တွေ မစနိုင်ခင်မှာ မစနိုင်သည် ထားဦး။ ဒါတွေ ဆောင်ရွက်ပေးဖို့ ရှိတယ် ဆိုတဲ့ကိစ္စကို နိုင်ငံတော် အကြီးအကဲတွေ၊ ခေါင်းဆောင်တွေက လူထုယုံကြည်မှု ရအောင်၊ ဈေးကွက်ယုံကြည်မှု ရအောင်၊ ပုဂ္ဂလိကကဏ္ဍဍရဲ့ ယုံကြည်မှု ရအောင် အမြန်ဆုံး လုပ်လိုက်ရင် ပြောင်းလဲနေတဲ့ ပြောင်းလဲမှုနှုန်းတွေ၊ တက်လိုက်ကျလိုက် ဖြစ်နေတဲ့ အတက်ကြမ်း၊ အကျကြမ်း ဖြစ်နေတဲ့ ကိစ္စတွေ အနည်းဆုံးတော တည်ငြိမ်မှုရအောင် ပထမဆုံးအဆင့်မှာ ထိန်းထားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။VOICE » ဦးဇော်ဦးခင်ဗျာ။ အပိတ်အနေနဲ့ သီးခြားမှတ်ချက် ပေးချင်တာရှိရင် သိပါရစေ။ ဒီနေ့ အရေးပေါ် အခြေအနေမှာ လုပ်သင့်လုပ်ထိုက်တာ ပြည်သူလူထုဘက်က ဖြစ်စေ၊ စီးပွားရေး အဖွဲ့အစည်းများဘက်က ဖြစ်စေ တခြားများ အကြံပြုချင်တာရှိရင် ဦးဇော်ဦးရဲ့ အကြံပြုချက်ကို သိပါရစေ။DR.ZO » ဟုတ်ကဲ့။ ကျွန်တော် အကြံပြုချင်တဲ့ ကိစ္စကတော့ အခုမလုပ်ရင်လည်း နောင်တစ်ချိန်မှာ AEC လို့ခေါ်တဲ့ အာဆီယံ စီးပွားရေးဝန်းကျင် အသိုင်းအဝိုင်း တစ်ခု ဖြစ်လာပြီဆိုရင် ခုနက ပြောတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို လုပ်ရမှာ။ အောက်တိုဘာလမှာ လာမယ် ဆိုတဲ့ IMF က စုံစမ်းဖော်ထုတ်လိုက်တဲ့ အခါမှာ သူတို့ အကြံပေးလာမယ့် ဆောင်ရွက်ချက်တွေဟာလည်း ခုနက ပြောခဲ့တဲ့ ဆောင်ရွက်ချက် တော်တော်များများ ပါဝင်ပါလိမ့်မယ်။ ကျွန်တော်တို့ တစ်နည်းမဟုတ် တစ်နည်းတော့ လုပ်ရမယ်ဆိုတာ သေချာနေပါတယ်။ အဲဒီတော့ အနည်းဆုံး ကျွန်တော်တို့အနေနဲ့ တာဝန်ရှိတဲ့ ပြည်သူရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်နဲ့ ပြည်သူ့လွှတ်တော်တွေ အနေနဲ့ အခုအချိန်မှာ ရဲရဲတင်းတင်းနဲ့ အားလုံး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း တစ်ခုခု လုပ်ထားမယ်ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်း အကူအညီတွေ ရလာတဲ့ အခါကျရင်လည်း လုပ်စရာ ရှိတာကို ပိုပြီး သွက်သွက်လက်လက် လုပ်သွားနိုင်မှာပါ။ သူတို့ လာပြီးတော့မှ သူတို့အကြံပေးချက်ရမှ ကျွန်တော်တို့ လုပ်ရမယ်ဆိုရင်တော့ ပိုပြီး နောက်ကျသွားမလားလို့ စိုးရိမ်မိတဲ့ ခံစားချက်လေးတွေ ရှိပါတယ်။VOICE » ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကိုယ်ရေးအကျဉ်း(၁၉၈၂) ခုနှစ်မှ (၁၉၈၈) ခုနှစ်အထိ ရန်ကုန် ဆေးတက္ကသိုလ် (၁) တွင် ပညာသင်ကြားခဲ့သည်။ အထက်တန်း ကျောင်းသားဘဝနှင့် တက္ကသိုလ် ကျောင်းသားဘဝတွင် တိုင်းပြည်ရှိ ထူးချွန်ကျောင်းသားများကို ချီးမြှင့်သော လူရည်ချွန်ဆုများ (၂) ကြိမ် ရရှိခဲ့သည်။ တက္ကသိုလ် ပညာရေးအတွက် နိုင်ငံတော်ပညာသင်ဆု ရရှိခဲ့သည်။ (၁၉၈၈) ခုနှစ်တွင် စစ်အစိုးရ ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သော ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည်။ စစ်အစိုးရမှ တက်ကြွလှုပ်ရှားသူများကို အပြင်းအထန် နှိမ်နင်းဖိနှိပ်သော ကာလတွင် ထိုင်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း တစ်ခုသို့ သွားရောက်နေထိုင်ခဲ့ပြီး၊ ဒုက္ခသည်များ၏ လူမှုရေး ထောက်ပံ့ပေးရေး လုပ်ငန်းများကို (၃) နှစ်တိုင် တာဝန်ထမ်းဆောင်ပေးခဲ့သည်။ (၁၉၉၄) ခုနှစ်တွင် မက်ဂွိုင်းယား ဖဲလိုးရှစ်ဆု ရရှိပြီး၊ ကိုလံဘီယာ တက္ကသိုလ်၊ နိုင်ငံတကာရေးရာနှင့် လူမှုရေးရာကျောင်း (School of International and Public Affairs) တွင် (၂) နှစ် ပညာသင်ကြားပြီးနောက် နိုင်ငံတကာ လေ့လာရေးဆိုင်ရာ မဟာဘွဲ့ ရရှိခဲ့သည်။ ၁၉၉၆ − ၉၈ ခုနှစ်အတွင်း မြန်မာ့စီးပွားရေး သုတေသန စီမံချက်အတွက် သုတေသနလက်ထောက်အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ဝါရှင်တန်ဒီစီ မြို့တော်ရှိ အမေရိကန် တက္ကသိုလ် စီးပွားရေး ပညာဌာနမှလည်း ဖွံ့ဖြိုးမှု ငွေရေးကြေးရေးနှင့် ဘဏ်များဆိုင်ရာ စီးပွားရေး မဟာဝိဇ္ဇာဘွဲ့ကို (၂၀ဝ၂) ခုနှစ်တွင် ရရှိခဲ့သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်းပါး အများအပြား ရေးသားခဲ့ပြီး တက်ကြွစွာ ပါဝင်လှုပ်ရှားနေဆဲ ဖြစ်သည်။ (၁၉၉၈) ခုနှစ်မှ (၂၀ဝ၆) ခုနှစ်အထိ အမေရိကန် အခြေစိုက် မြန်မာ့ ဒီမိုကရေစီ ရန်ပုံငွေအဖွဲ့တွင် သုတေသနနှင့် ပေါ်လစီများဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။


 

အလင်းတန် ဂျာနယ် အမှတ်စဉ် ၆၆၉

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် နာဂစ်အတွေ့အကြုံ အတုယူစရာ

ကမ္ဘာ့နိုင်ငံအားလုံးတွင် ဆင်းရဲနွမ်းပါးသော လူတန်းစားတစ်ရပ် ဟူ၍ ရှိကြစမြဲဖြစ်သည်။ ရာခိုင်နှုန်း နည်းခြင်းများခြင်း ကွာခြားနိုင်သည်။ ထို့အပြင် လူတစ်ဦး သို့မဟုတ် မိသားစုတစ်စု ဆင်းရဲသည်ဟူသော အဓိပ္ပာယ်ဝေါဟာရကို စံသတ်မှတ် ချက်များမှာလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ တူညီကြမည် မဟုတ်ပေ။ နိုင်ငံ တစ်ခုထဲမှာပင် နေရာဒေသအလိုက် မြို့ပေါ်ကျေးလက်ကွဲပြားနိုင်ပေသည်။ ဗီယက်နမ်နိုင်ငံ၏ လူတစ်ဦး တစ်လဝင်ငွေ ၂ဝ-၂၅ ဒေါ်လာ အကြားကို ဆင်းရဲသားဟု သတ် မှတ်ကြသည်။ တရုတ်တွင် တစ်လ ဝင်ငွေ ၁၆-၂ဝ ဒေါ်လာ အကြား ရရှိသူကို ဆင်းရဲသားအဖြစ် သတ် မှတ်ထားသည်။ ထိုသို့မြန်မာ နိုင်ငံ တွင်လည်းကျေးလက်၊ မြို့ပေါ်၊ အဆင်းရဲဆုံးရွာ စသည့်အဆင့်ခွဲ၍ ဆင်းရဲသားများ ဝင်ငွေကို သတ်မှတ် ကြရတော့မည်ဖြစ်သည်။
ထို့ကြောင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန်အတွက် ပထမဆုံး အဆင့် လုပ်ဆောင်ရမည့် လုပ်ငန်း စဉ်မှာ မြို့နယ်ကျေးရွာဒေသများ၏ ဆင်းရဲနွမ်းပါး  သူတို့၏ နေ့စဉ်ဝင်ငွေ၊ လုပ်အားခ၊ အလုပ်အကိုင်၊ နေ့စဉ် စားသောက်စရိတ် အထွေထွေကုန် ကျစရိတ် စသည့် အသေးစိတ် အချက်အလက်များကို သုတေသန စာတမ်းများ ကောက်ယူခြင်းဖြင့် အကြောင်းအရာ၊ အချက်အလက် data များ၊ သုံးသပ်ချက်၊ အစီရင်ခံ စာများပြုစုကြရပေမည်။ သို့မှသာ မြို့နယ်တစ်ခုအတွင်း ပထမဆုံးအဆင့်အဖြစ် အကောင် အထည်ဖော်ကြရမည့် အဆင်းရဲ ဆုံးရွာ၊ အဆင်းရဲဆုံး ရပ်ကွက်များထဲ မှ အချို့တဲ့ဆုံးမိသားစု တို့အား အလုပ်အကိုင် ဖန်တီးပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသည့်ဒေသ များတွင် နိုင်ငံတော်နှင့် ကုမ္ပဏီအဖွဲ့အစည်း များမှ အလုပ် အကိုင် များထူထောင်ပေးခြင်းတို့ကိုအံဝင်ခွင်ကျ သုံးသပ်ချက်များဖြင့် အကောင်အထည် ဖော် ချမှတ်ကြရပေမည်။ ဆင်းရဲခြင်းအကြောင်း များထဲမှ (၁) သဘာဝကပ်ဘေးကျရောက်၍ ဆင်းရဲသွားရခြင်း၊ (၂) အချို့မိသား စုများမှာ အလုပ်လုပ်နိုင်သူ မရှိဘဲ သက်ကြီးရွယ်အိုများ၊ ကလေးသူ ငယ်များသာ ရှိခြင်း၊ (၃) အချို့မှာ အလုပ်လုပ်နိုင်သူ ရှိသော်လည်း ကျန်း မာရေးချို့တဲ့ခြင်း၊ (၄) အလုပ်လုပ် နိုင်သူများ ရှိသော်လည်း အလုပ်အ ကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ (၅) အချို့မှာ အသိပညာနည်းပါးမှုကြောင့် စီးပွားရေးစနစ်တကျ မလုပ်ကိုင်တတ်ခြင်း၊ (၆) အချို့မိသားစုများမှာ စာ ရိတ္တဆိုင်ရာ ယိုယွင်း   သော မိဘအုပ် ထိန်းသူများကြောင့် မိသားစုတစ်ခုလုံး ဆင်းရဲခြင်း၊ (၇) ရေမြေသယံဇာတ လုံလောက်စွာ ဖွံ့ဖြိုးမှုမရှိခြင်းကြောင့် အသက်မွေး လုပ်ငန်း လုပ်၍မရခြင်း၊ (၈) အရင်းအနှီး မရှိသောကြောင့် လုပ်ငန်းမထူထောင်နိုင်ခြင်း၊ (၉)နှစ်ရှည်လများ အကြွေးသံသရာတွင်းမှ မလွတ်ကင်းနိုင်အောင် အလုပ်ရှင်များက တမင်ဖန်တီးထားသော အလုပ်သမားဘဝ ဖြစ်နေရခြင်း၊ (၁ဝ) ပညာရေး၊ ကျန်းမာရေး၊ လူမှု ရေးစသည့် ဝန်ဆောင်စရိတ်များ မြင့် မားနေခြင်းကြောင့် အသုံးစရိတ်များ နေ့စဉ်တိုးလာခြင်း၊ (၁၁) ငွေကြေး ဖောင်းပွမှုကြောင့် ဝင်ငွေ၊ ထွက်ငွေ  မမျှမတဖြစ်လာခြင်း စသည့်အချက် များစွာအပေါ်တွင် မူတည်၍ ဆင်းရဲ သားမိသားစုဘဝအဖြစ် ရောက်ရှိ သွားကြရပေသည်။ သဘာဝကပ်ဘေးကြီး နာဂစ် ကြောင့် ဆင်းရဲမွဲတွေသွား သူများအ ပြင် ဂီရိကြောင့် စီးပွားပျက် ချို့တဲ့သူများကို ပြန်လည်ထူထောင်ခဲ့ကြ သည့် နိုင်ငံတကာINGO များ၊ မြန်မာ NGO များတွင်အတွေ့အကြုံ များစွာ ရှိခဲ့ကြပေသည်။ စတင်ထူထောင်ပေးရမည့် ဆင်း ရဲနွမ်းပါးသူများကို အဆင့်သတ်မှတ်ပြီး  မည်သည့် အလုပ်အကိုင် အခွင့်အလမ်းများနှင့် သင့်တော်ကြ မည်ကို စနစ်တကျလေ့လာ ကွင်းဆင်း သု တေသနစစ်တမ်းများ ပြုစုပြီးမှသာ အလုပ်အကိုင်၊ လိုအပ်သော မ,တည်ငွေပမာဏ စသည်တို့ကို စိစစ်နိုင် မည် ဖြစ်သည်။ ဤသို့ စနစ်တကျစီစဉ်၍ ကူညီအကောင်အထည် ဖော်ပေးရာတွင်ပင် အချို့ဒေသများ တွင် အံမဝင်သော အဖြစ်အပျက် များစွာကို ကြုံတွေ့ခဲ့ကြရသည်။ ၄င်းတို့အထဲမှ နမူနာတစ်ခုကို တင်ပြပေးပါမည်။ နာဂစ်တွင် ကျွဲ နွားများအားလုံးနီးပါး သေဆုံးကုန် ကြသည်။ အလှူရှင်များ က INGO နှင့်NGO အဖွဲ့များမှတစ်ဆင့် လှူဒါန်းပေးခဲ့ကြသည်။ ကျွဲများကို အခြားဒေသမှ ဝယ်ယူလာကြသည်။ မိသားစုတစ်စုကျွဲတစ်ရှဉ်းပေးသည်။ ကျွဲများရရှိလာသော်လည်း လက်ခံ ရရှိသူအတွက် ဒုက္ခများစွာ ကြုံတွေ့ ရပါတော့သည်။ ကျွဲများမှာ တောင် ပေါ်တွင်သစ်ဆွဲနေသော ကျွဲများ၊ အပူပိုင်းဒေ သမှကျွဲများ ဖြစ်သဖြင့် ရွှံ့ညွန်ထူလှသော ဧရာဝတီနွံထဲတွင် သွားဖို့မတတ်၊ မည်သို့မျှ အလုပ်ခိုင်း ၍မရ။ ဒုက္ခကြုံပြီး နောက်ဆုံးပြန် လည်ရောင်းချရာ တွင်ပင် ဝယ်မည့် သူမရှိ၊ အခက်ကြုံသူ အများအပြား ပင် ရှိခဲ့ကြရပေသည်။ အချို့ဒေသမှ ကျွဲများမှာ ရခိုင်ဘက်ကပင် လာသော ကြောင့် ဘာသာစကား နားမလည်၊ အတော်ပင် အချိန်ယူသင်ရသော ကျွဲများ၊ လယ်မထွန်တတ်သော ကျွဲများနှင့်လည်း ကြုံကြရပါသည်။ ယခုအခါတွင် ကျေးရွာအချို့၌ စာရင်း ထဲတွင် ကျွဲစာရင်းရှိနေသော် လည်း အမှန်တကယ် ရွာထဲတွင် ကျွဲလုံးဝမရှိတော့သော ရွာများ အတော်ပင်ရှိ နေပါသည်။ အထက် က တာဝန်ရှိသူများက အပြစ်တင် ခံရမည်ကို စိုးရိမ်သောကြောင့် စာရင်းထဲတွင် ထည့်သွင်းထားရ သည်ဟု ကျွန်တော်တို့၏ Myanmar Survey Research ဈေးကွက် သုတေသနအဖွဲ့ဝင် ကွင်းဆင်းဝန်ထမ်း များ ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ Project တစ်ခုကို မစတင်မီ ကနဦးစစ်တမ်းအစီရင်ခံစာအပြင်လုပ်ငန်း   အောင်မြင်မှုကို ပြန်လည် သုံးသပ်သည့် အဆုံးသတ်စစ်တမ်း အစီရင်ခံစာများဖြင့် စနစ်တကျ ဆောင်ရွက်နေသည့် UN အဖွဲ့အ စည်းများ၊ NGO အဖွဲ့အစည်းများစွာ ရှိပါသည်။ သူတို့၏ အတွေ့အကြုံ များမှာ နောက်နောင် လုပ်ဆောင်အ ကောင်အထည်ဖော်မည့် လုပ်ငန်း များအတွက် သင်ခန်းစာ အတွေ့ အကြုံများစွာကို ရရှိနိုင်ပေသည်။ အချို့ကျေး၇ွာများတွင် ဈေး ရောင်းချရန် ငွေထုတ်ချေးပြီး ဈေး ရောင်းမစွံ၊ ဝက်မွေး၊ ဘဲမွေး အလုပ် ပြောင်းလုပ် ကြည့်ကြပြီး နောက်ဆုံး အရင်းအနှီးဆုံးရှုံးကာ အကြေွးတင် သွားသည့် မိသားစုများလည်း တွေ့ မြင်ကြရသည်။ ထို့ကြောင့် Supply (ထုတ်လုပ်မှု)နှင့်   Demand (ဝယ်လိုအား)ရှိမှသာ စီးပွားရေး လုပ်ငန်းတစ်ခုအတွက် ရေရှည်ရပ် တည်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံအချို့တွင် One Village One Product အကောင်အထည် ဖော်ရန်ကြိုးစားနေကြ သည်ကိုတွေ့ရှိ နေရသည်။ ကျေးရွာမှထွက်လာ သော ထုတ်ကုန်တစ်ခုကိုဈေးကွက် ထဲသို့စနစ်တကျ တင်ပေးခြင်း၊ရှာပေးခြင်း၊ နည်းပညာများ မြှင့်တင် ၍ ထုတ်ကုန်သစ် Brand သစ်များ တီထွင်ပြောင်းလဲ ထုတ်လုပ်ပေးခြင်း၊ အသေးစားအိမ်တွင်း လုပ်ငန်းမှ သည်ကုမ္ပဏီကြီးများနှင့် ချိတ်ဆက်၍ နိုင်ငံတကာဈေးကွက် Export အထိ ရှိနိုင်မှသာပို၍ တိုးတက်မှုရရှိနိုင်ပေမည်။ အဆိုးရွားဆုံး အချက်တစ်ခုမှာ ဆင်းရဲသားများအား အဖွဲ့အစည်းများ မှ ငွေထုတ်ချေးခဲ့ပြီးနောက် ၄င်းငွေမှာ ဆင်းရဲသား မိသားစုလက်တွင် တစ်ညပင်မအိပ်လိုက် ရဘဲကြွေးရှင်က အိမ်ရှေ့မှ လာရပ်ပြီးချက်ချင်း ကြေွးတောင်းပါတော့သည်။ ချက်ချင်း ပင်ဆပ်လိုက်ရပေပြီ။ အကြွေးကတော့ ကျေသွားပြီ။ သို့သော် သူတို့ မှာ အရင်းအနှီး မဲ့သွားကြရသည်။ ဆင်းရဲသားများသည် ဆင်းရဲခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ အားနည်းစွာ နေထိုင်နေကြရပြီး စိတ်ပိုင်း ဆိုင်ရာမှာလည်း စိတ်အားငယ်နေခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အားလုံးကို ကြောက်ရွံ့နေရခြင်း၊ အားကိုး ရာမဲ့သူများ ဖြစ်နေကြခြင်း စသည် တို့ကြောင့် ၄င်းတို့အား စိတ်အားမြှင့်တင် ပြုစုပျိုးထောင်ပေးမှု မှာလည်း အထူးပင်လိုအပ်သော စီမံချက်တစ်ရပ်ပင် ဖြစ်သည်။ ထို့ကြောင့် ဆင်းရဲနွမ်းပါး မှု လျော့ကျရေးအတွက် ငွေကြေးချေး ငှားရုံနှင့် မလုံလောက်ဘဲ စနစ်တကျ ထောင့်စုံ၊ ဘက်စုံအဆင့်ဆင့်များကို မျက်ခြည်မပြတ် တာဝန်ယူခြင်း၊ စစ် ဆေးသုံးသပ် အကဲဖြတ်ခြင်း၊ ထပ်မံ အားဖြည့်ပြုပြင်ဆောင်ရွက်ခြင်း စသည့်ထိတွေ့မှုများဖြင့် လုပ်ဆောင်မှသာလျှင် ရည်မှန်းချက်ပြီးမြောက်   နိုင်မည်ဖြစ်ပါကြောင်း။
ကိုလင်းမာန်အောင်

(Visited 4 times, 4 visits today)

 

'နိုင်ငံ့ဝန်ထမ်းများနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်'



w64811
 Written by လူထုစိန်ဝင်း   
လွတ်လပ်တဲ့ သတင်းစာနဲ့ သတင်းမီဒီယာ လုပ်ငန်းများဟာ နိုင်ငံတိုင်းနဲ့ လူမျိုးတိုင်း အတွက် အင်မတန် အရေးကြီးတယ် ဆိုတာကို တစ်ကမ္ဘာလုံး သိကြတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှသိတာ မဟုတ်ဘူး။ အာဏာရှင်တွေလည်းသိ၊ ဖက်ဆစ်တွေလည်း သိတယ်။
စံတင်လောက်အောင်တော်တဲ့ ဟစ်တလာ
သိတဲ့အတွက် ဘယ်နိုင်ငံမှာမဆို အာဏာသိမ်းပွဲတစ်ခု ဖြစ်ပြီ ဆိုရင် သတင်းစာနဲ့ အသံလွှင့်ဌာနတွေကို အစိုးရရုံး သမ္မတအိမ်တော်၊ လွှတ်တော်တို့နဲ့အတူ အရင်ဆုံး သိမ်းပိုက်ကြတယ်။ ဒီမိုကရေစီ အစိုးရတွေက
သတင်းမီဒီယာရဲ့တန်ဖိုးကို သိပေမယ့်  တန်ဖိုး သိပ်ထားလေ့ မရှိကြဘူး။ သူတို့အတွက် အသုံးချလို့ ရရုံလောက်သာ နေရာပေးကြတယ်။ အာဏာရှင်တွေနဲ့ နာဇီတွေ ဖက်ဆစ်တွေကတော့ သတင်းမီဒီယာရဲ့ တန်ဖိုးကို
ကောင်းကောင်းသိသလို ကောင်းကောင်းလည်း အသုံးချကြတယ်။ ဂျာမန်အာဏာရှင်ကြီး ဟစ်တလာဟာ သတင်းမီဒီယာကို အသုံးချတဲ့ နေရာမှာ စံတင်လောက်အောင် တော်တဲ့သူ ဖြစ်တယ်။ စစ်အတွင်း နာဇီ အသံလွှင့်ဌာနက လွှင့်လိုက်တဲ့ သတင်းတွေဟာ နာဇီတို့ရဲ့ စစ်ရေး အောင်မြင်မှုတွေကို အများကြီး အထောက်အကူ ပြုခဲ့တယ်။ ဒီအသံလွှင့်ချက်တွေကြောင့် ဂျာမန်တွေ ရေလက်ကြားကိုဖြတ်ပြီး နက်ဖြန်ပဲ လန်ဒန်မြို့ကြီးကို ရောက်တော့ မလိုလို၊ သန်ဘက်ခါပဲ လေထီးတပ်တွေ ရောက်လာတော့ မလိုလိုနဲ့ အင်္ဂလန် တစ်ကျွန်းလုံး ထိတ်လန့်ချောက်ချား ဖြစ်ကုန်ကြရတယ်။ စိတ်ဓာတ် စစ်ဆင်ရေးနဲ့ ၀ါဒဖြန့်ချိရေး တာဝန်ခံ ပြန်ကြားရေးဝန်ကြီး ''ဂိုဘယ်''ကို ဂျာမန်ပြည်သူတွေ အားလုံးနဲ့ နာဇီတပ်တွေကပါ ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရတယ်။
ဟောရောရှိနဲ့ ဘန်ဇိုင်း
အာရှတိုက်က ဂျပန်ဖက်ဆစ်တွေလည်း အလားတူ အသံလွှင့်ဝါဒဖြန့် လုပ်ငန်းကို ကောင်းကောင်းကြီး အသုံးချခဲ့တာပါပဲ။ ''အာရှတိုက် သာတူညီမျှရေး'' နဲ့ ''မဟာအာရှ ထူထောင်ရေး''ဆိုတဲ့ တိုကျို အသံလွှင့်ဌာနရဲ့ ၀ါဒဖြန့်ချိရေး မှိုင်းလုံးကြီးတွေဟာ ဗြိတိသျှရဲ့ ကိုလိုနီ ထမ်းပိုးအောက်က ရုန်းထွက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေခဲ့ကြတဲ့ အာရှနိုင်ငံအားလုံး အပေါ်မှာ အများကြီး ရိုက်ခတ်ခဲ့တယ်။ကျွန်တော်တို့ဆီမှာ ဘယ်လောက်ထိ သြဇာလွှမ်းမိုးခဲ့သလဲ ဆိုရင် ပါးရိုက်နားရိုက် အလုပ်ခံနေရတဲ့ကြားကတောင် လက်သီးဆုပ်ကို ဆန့်တန်းပြီး ''နီပွန်ဘိရုမာ ဘန်ဇိုင်း၊ ဘန်ဇိုင်း''လို့ အော်တဲ့အထိ ဖြစ်ခဲ့ရတယ်။ ဂျပန်စကား မတတ်ပေမယ့် မြန်မာလူမျိုးတိုင်း ''ယောရောရှိ'' နဲ့ ''ဘန်ဇိုင်း''တော့ ကောင်းကောင်း ပြောတတ်နေကြတယ်။
ဝန်ကြီးနဲ့ တန်းတူ
စစ်အေးကာလ တစ်လျှောက်လုံးမှာလည်း အရှေ့ဥရောပ နိုင်ငံအားလုံးမှာ သတင်းမီဒီယာလုပ်ငန်းကို ကောင်းကောင်း အသုံးချခဲ့တယ်။ ပရာဗဒါလိုတပ်စ်လို သတင်းစာနဲ့ သတင်းဌာနကြီးတွေရဲ့ အယ်ဒီတာချုပ်တွေဟာ
ဝန်ကြီးတွေလောက်နီးပါး အာဏာ ရှိခဲ့ကြတယ်။ နိုင်ငံခြားကို စေလွှတ်တဲ့ သတင်းထောက်တွေ ဆိုရင်လည်း သံအမတ်ကြီးတွေနဲ့ တန်းတူလောက် သဘောထားကြတယ်။ တချို့ သတင်းထောက်တွေဆို
သံအမတ်ကြီးတွေထက်တောင် သြဇာ ရှိကြတယ်။ စိတ်ချရတဲ့ လက်ရွေးစင်တွေကိုမှ ရွေးပြီး နိုင်ငံခြား သတင်းထောက် အဖြစ် စေလွှတ်တာ ဖြစ်တယ်။ အဲဒါကြောင့် ဒီလူတွေဟာ တော်လည်းတော်ကြတယ်။ နှမြောစရာ
ကောင်းတာက လူတော်တွေရဲ့ အရည်အချင်းတွေ လုပ်ရည်ကိုင်ရည်တွေဟာ ပြည်သူလူထု အတွက် ဖြစ်ရမယ့်အစား သူတို့ပါတီရဲ့ အကျိုးစီးပွား အတွက် သက်သက် အဟောသိကံ ဖြစ်ပြီး ဆုံးရှုံးသွားရတာပဲ။


အစိုးရလုပ်သမျှအားလုံး ကောင်းပါသည်ခင်ဗျား လုပ်တိုင်း အစိုးရက သဘောကျပြီး နေရာပေးလိမ့်မယ် မထင်နဲ့၊ ဘယ်သူမှ ဒါလောက် မညံ့ဘူး။ ကောင်းတာကို ကောင်းတယ်ပြော၊ မကောင်းတာကို မကောင်းဘူးပြော၊ မှန်ရင်မှန်တဲ့အတိုင်း၊ မှားရင်မှားတဲ့အတိုင်း သိက္ခာရှိရှိ ပြောတဲ့ ရေးတဲ့သူများကိုသာ လူတွေက လေးစားကြမှာ ဖြစ်တယ်။ သတင်းသမားကောင်းလို့ သတ်မှတ်ကြမှာ ဖြစ်တယ်  . . .
ပည်သူလူထုမှတစ်ပါး
ဒီမိုကရေစီ နိုင်ငံတွေက သတင်းစာဆရာ စစ်စစ်တွေကတော့ သူတို့ကို သတင်းစာဆရာအဖြစ် သတ်မှတ်လေ့ မရှိကြဘူး။ ၀ါဒါဖြန့်ချိရေး အရာရှိတွေလို့ပဲ သဘောထားကြတယ်။ သတင်းသမား ဆိုတာ ပြည်သူလူထုမှ တစ်ပါး ဘယ်သူ့သစ္စာခံမှ မဖြစ်ရဘူး ဆိုတဲ့ ပြဋ္ဌာန်းချက်ကို သိပ်အလေးထားကြတယ်။ သတင်းသမားစစ်စစ်ဟာ ပြည်သူလူထုရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့ မျက်နှာမှ မကြည့်ရဘူး။ အစိုးရရဲ့ မျက်နှာကို မကြည့်ရသလို နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေရဲ့ မျက်နှာကိုလည်း မကြည့်ရဘူး။ ဘယ်သူ့ အထောက်အပံ့ကိုမှလည်း မခံယူရဘူး။ တစ်စုံတစ်ဦး ဒါမှမဟုတ် တစ်ပါတီ တစ်ဖွဲ့တစ်စည်းရဲ့ အထောက်အပံ့ကို ရယူ လက်ခံမိရင် ဘယ်နည်းနဲ့မှ ဖြောင့်မတ်မှန်ကန်တဲ့ သတင်းသမား မဖြစ်နိုင်တော့ဘူး။ ထောက်ပံ့ ကူညီတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်ရဲ့ မျက်နှာကို ငဲ့ကြည့်ရတော့မှာ အသေအချာ ဖြစ်တယ်လို့ ထောက်ပြလေ့ ရှိကြတယ်။
တန်ဖိုးထားလေးစား
ဒီလို ကျင့်ဝတ်တွေကို လိုက်နာ စောင့်ထိန်းတဲ့ သတင်းမီဒီယာတွေ ဆိုရင် စာဖတ်ပရိသတ် ပြည်သူလူထုကသာ မဟုတ်ဘူး အစိုးရတွေနဲ့ နိုင်ငံရေးသမားတွေကလည်း တန်ဖိုးထား လေးစားကြတယ်။ ထိုက်တန်တဲ့နေရာကို
ပေးကြတယ်။ ရှေးက နယူး ယောက်တိုင်း၊ ၀ါရှင်တန်ပို့စ်တို့လို သတင်းစာတွေနဲ့ တိုင်းမ်မဂ္ဂဇင်းလို သတင်းမဂ္ဂဇင်းကြီးတွေက အယ်ဒီတာတွေ သတင်းထောက်တွေ မော်စကို သွားရင် ကရင်မလင်က ခေါင်းဆောင်ကြီးတွေ
ကိုယ်တိုင်က လက်ခံ တွေ့ဆုံလေ့ ရှိတယ်။ မြန်မာပြည်မှာလည်း ဗိုလ်ချုပ်နေ၀င်း အစိုးရ လက်ထက်က ကျင်းပတဲ့ အလုပ်သမား ညီလာခံ တောင်သူလယ်သမားညီလာခံ ဆိုတဲ့ ညီလာခံကြီးတွေမှာ ဆရာကြီးရွှေဥဒေါင်းလို၊ ဆရာဇ၀နလို၊ ဆရာလူထုဦးလှလို အယ်ဒီတာကြီးတွေကို ရှေ့ဆုံးတန်း ဗိုလ်ချုပ်နေ၀င်းဘေးမှာ နေရာပေးပြီး ထိုင်စေတာ ဖြစ်တယ်။
သီလ၊သမာဓိ၊ သိက္ခာရှိရှိ
အခု အစိုးရ လက်ထက်မှာလည်း သမ္မတသစ် ဦးသိန်းစိန်ရဲ့ တိုင်းပြည်ကို ပြောကြားတဲ့ ပထမဆုံး မိန့်ခွန်းမှာတောင် စတုတ္ထမဏ္ဍိုင်ရဲ့ အရေးပါပုံကို အသိအမှတ်ပြု တန်ဖိုးထားပြီး ပြောကြားသွားခဲ့တယ်။ နောက်ပြောကြားတဲ့ မိန့်ခွန်းတိုင်းမှာလည်း စတုတ္ထမဏ္ဍိုင် အကြောင်း အမြဲလိုလို ပါခဲ့တယ်။ အစိုးရကိုယ်တိုင်က အခုလို အလေးအနက်ထား ပြောကြားနေချိန်မှာ သတင်းမီဒီယာသမားများ ဘက်ကလည်း သီလ၊ သမာဓိ၊ သိက္ခာရှိရှိနဲ့ ကိုယ့်တာဝန် ကိုယ်ကျေပွန်စွာ ထမ်းဆောင်ဖို့ လိုအပ်ပါတယ်။ ဗိုလ်ချုပ်နေ၀င်းဘေးမှာ နေရာပေးခံခဲ့ရတဲ့ သတင်းစာဆရာကြီးတွေလို သတင်းသမား ဒီနေ့ ဘယ်နှယောက်များ ရှိသလဲသို့ ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်ကြဖို့ လိုတယ်။ အနာပေါ်တုတ်ကျ ဖြစ်ကြရင်လည်း မတတ်နိုင်ဘူး။ မှန်တဲ့အတိုင်း ပြောရမယ် ဆိုရင် လက်ချိုး ရေကြည့်တဲ့အခါမှာ လက်တစ်ဖက်တောင် ပြည့်အောင် မရှိပါဘူးလို့ပဲ ပြောလိုက်ပါရစေ။
ဒါလောက်မညံ့ဘူး
အစိုးရက အသိအမှတ်ပြု နေရာပေးတယ် ဆိုရင် ကိုယ့်ဘက်ကလည်း ထိုက်တန်အောင်တော့ ကြိုးစားရမှာ ဖြစ်တယ်။ အစိုးရ လုပ်သမျှအားလုံး ကောင်းပါသည်ခင်ဗျား လုပ်တိုင်း အစိုးရက သဘောကျပြီး နေရာပေးလိမ့်မယ် မထင်နဲ့၊ ဘယ်သူမှ ဒါလောက် မညံ့ဘူး။ ကောင်းတာကို ကောင်းတယ်ပြော၊ မကောင်းတာကို မကောင်းဘူးပြော၊ မှန်ရင်မှန်တဲ့အတိုင်း၊ မှားရင်မှားတဲ့အတိုင်း သိက္ခာရှိရှိ ပြောတဲ့ ရေးတဲ့ သူများကိုသာ လူတွေက လေးစားကြမှာ ဖြစ်တယ်။ သတင်းသမားကောင်းလို့ သတ်မှတ်ကြမှာ ဖြစ်တယ်။ ဥပမာအနေနဲ့ ပြောရရင် ဒီနေ့ အစိုးရက လက်နက်ကိုင် ပဋိပက္ခတွေ ရပ်စဲဖို့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းတာဟာ ကောင်းတယ်။ ဒါကြောင့် ကောင်းတယ်လို့ ပြောရဲရမယ် ရေးရဲရမယ်။ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် ဆည်ကြီးတွေ ကိစ္စကို ပြန်လည် သုံးသပ်လေ့လာနေပါတယ်လို့ ပြောတာ ကောင်းတယ်။ ကောင်းတယ်လို့ ထောက်ခံရဲရမယ်။ သမ္မတဦးသိန်း စိန်က ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံတာဟာ အင်မတန် ကောင်းတယ်။ ထောက်ခံကြိုဆိုရမယ်။ အထူးသဖြင့် ဗိုလ်ချုပ်ဓာတ်ပုံ ချိန်ဆွဲထားတဲ့ နေရာမှာ ဓာတ်ပုံတွဲ ရိုက်ပြီး တိုင်းပြည်က သိအောင်ပြလိုက်တာဟာ အစိုးရအနေနဲ့ ချစ်ကြည်ရင်းနှီးလိုစိတ် ရှိကြောင်း ပြသတဲ့ လက္ခဏာတစ်ရပ် ဖြစ်တယ်။ ၀မ်းသာအားရ ကြိုဆို ထောက်ခံရမယ်။
မကြောက်မရွံ့ထောက်ပြ
အလားတူပဲ မသင့်လျော်ဘူးလို့ ထင်မြင် ယူဆစရာများ ရှိရင်လည်း မကြောက်မရွံ့ ထောက်ပြရမှာ ဖြစ်တယ်။ ဥပမာ စက်မှု(၁)က မော်တော်ကားရောင်းတဲ့ကိစ္စမျိုး ဆိုပါတော့။ လောလောဆယ် လွှတ်တော် ကိုယ်စားလှယ်တွေကို ရောင်းပေးတယ်။ နောက်ကျရင် တတ်သိ ပညာရှင်တွေ၊ ပါမောက္ခတွေ၊ ဆရာဝန်တွေ၊ စာရေးဆရာတွေနဲ့ စာနယ်ဇင်းသမားတွေကို ရောင်းပေးမယ် ဆိုတဲ့ ကိစ္စမျိုးဟာ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရဘူး။ အခွင့်ထူးခံ လူတန်းစား မရှိစေရဘူး ဆိုတဲ့ သမ္မတကြီးနဲ့ လွှတ်တော် ဥက္ကဋ္ဌတို့ ပြောကြားခဲ့တဲ့ စကားတွေနဲ့ ဆန့်ကျင်နေတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့လည်း ဖီလာ ဖြစ်နေတယ်။ ဒီမိုကရေစီ စနစ်မှာ အခွင့်ထူးခံ လူတန်းစားဆိုတာ လုံးဝ မရှိရဘူး။ စာရေးဆရာမို့ စာနယ်ဇင်းသမားမို့ သာမန် ပြည်သူတွေထက် ပိုပြီး အခွင့်အရေး မယူသင့်ဘူး ဆိုတာကို ထောက်ပြရမယ်။
ဘယ်မှမသွားသူတွေ ပြန်လာစေသင့်
ပလက်ဖောင်းပေါ်က လမ်းဘေးဈေးသည်တွေ အားလုံးကို ရှင်းလင်း ဖယ်ရှားပစ်နေချိန်မှာ မီဒီယာကော်နာဆိုတဲ့ ဆိုင်ကြီးတွေက ထီးထီး ကျန်ရှိနေတာက မတင့်တယ်ဘူး။ အခွင့်ထူးခံတွေလို ဖြစ်နေတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ ရောက်သွားသူတွေကို ပြန်လာခွင့် ပြုမယ်လို့ ပြောပေမယ့် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကိုချစ်လို့ ဘယ်မှထွက်မသွားဘဲ နေရစ်ခဲ့သူတွေကို ပြန်လာခွင့် မပေးသေးတာကတော့ မသင့်တော်ပါဘူးလို့ ထောက်ပြရမယ်။ ဒီလူတွေကို အိမ်ပြန်ခွင့် ပေးလိုက်မယ် ဆိုရင် တိုင်းသူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်သွားကြရမှာ ဆိုတာကိုလည်း ရေးရဲရမယ်။
ဝန်ထမ်းကြီးငယ်များပါ
နောက်ဆုံး ပြောချင်တာကတော့ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်၊ ရေးသားခွင့် ဆိုတာက ရိုးရိုး အရပ်သူ၊ အရပ်သားများသာ ခံစားခွင့်ရှိတာ မဟုတ်ဘူး။ တိုင်းသူပြည်သားတွေထဲမှာ ပါဝင်နေတဲ့ အရာထမ်း
အမှုထမ်းတွေမှာလည်း ခံစားခွင့်ရှိကြောင်း ၀န်ထမ်းကြီး ၀န်ထမ်းငယ် အားလုံး သိရှိအောင် လုပ်ပေးဖို့ လိုကြောင်း ထောက်ပြသင့်တယ်။ ရပ်ကွက်တစ်ခုမှာ လူသတ်မှု၊ ဒါမှမဟုတ် လုယက်မှု ဖြစ်တယ် ဆိုရင် ရပ်ကွက်မှာ
တာဝန်ယူထားရတဲ့ ရဲစခန်းကို သတင်းထောက်က သွားမေးလိမ့်မယ်။ အဲဒီအခါ ရဲစခန်းက တာဝန်ရှိသူ ဘယ်သူမဆို ဖြစ်စဉ်အတိုင်း ဒါမှမဟုတ် ''ပထမ သတင်းပေး တိုင်ကြားချက်(FIR)မှာ ရေးမှတ်ထားတဲ့ အတိုင်း
ပြောခွင့်ပေးထားလိုက်ရင် အထက်ဆင့်တွေထိ မလိုအပ်ဘဲ အလုပ်ရှုပ်စရာ မလိုတော့ဘူးပေါ့။
အလေ့အကျင့်လုပ်
အလားတူပဲ ရပ်ကွက်ထဲက မီးလောင်တဲ့သတင်းကို သက်ဆိုင်ရာ မီးသတ်ဌာနက တာဝန်ရှိသူက ဖြေလိုက်ပေါ့။ ဒီမိုကရေစီနိုင်ငံတွေမှာ ဗဟိုက ချုပ်ကိုင်တဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ ဆိုတာမျိုး ထားလေ့မရှိပါဘူး။ ဌာနဆိုင်ရာ ၀န်ထမ်းတိုင်း သူတို့ရဲ့ ၀တ္တရားနဲ့ တာဝန်ယူမှုကို မှန်မှန်ကန်ကန် ကျင့်သုံးတတ်အောင် အလေ့အကျင့် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ ၀န်ထမ်းတွေနဲ့လည်း အကျုံးဝင်ကြောင်း ထောက်ပြသင့်တယ်လို့ ထောက်ပြ လိုက်ရပါတယ်။

ပြည့်တန်ဆာအချို့ အဖမ်းခံရမည်စိုးသဖြင့် ကွန်ဒုံးဆောင်ရမှာကြောက်

ပြည့်တန်ဆာလုပ်ငန်းဖြင့် မသင်္ကာဖွယ်ရာရှိသော အမျိုးသမီးများ လက်ဝယ်တွင် ကွန်ဒုံးတွေ့ရှိတိုင်း ပြည့်တန်ဆာမှုဖြင့် ဖမ်းဆီးမှုမပြုလုပ်ရန် ညွှန်ကြားချက် ၃ ကြိမ် ထုတ်ပြန်ထားသော်လည်း အဖမ်းခံရမည်စိုးသောကြောင့် ပြည့်တန်ဆာများအနေဖြင့် ကွန်ဒုံးဆောင်ရမည်ကို စိုးထိတ်နေကြသေးကြောင်း Marie Stopesမှ မြန်မာ နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က ပြောသည်။
ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေတွင် အမျိုးသမီးတစ်ဦးကို ကွန်ဒုံးလက်ဝယ်တွေ့ရှိရုံနှင့် ဖမ်းဆီးခြင်း၊ စွဲချက်တင်ခြင်း၊ အရေးယူခြင်းများ ပြုလုပ်နိုင်သည်ဟူသော အချက်များ လုံးဝမပါဝင်ကြောင်း၊ သို့သော်လည်း ကွန်ဒုံးသည် ၂ဝ ရာစုကာလက ပြည့်တန်ဆာများထံသွားလျှင် အသုံးပြုသည့်ပစ္စည်း တစ်ခုဖြစ်ခဲ့သောကြောင့် တားဆီးရေးဘက်တွင် ကွန်ဒုံးလက်ဝယ်တွေ့ရှိပါက ပြည့်တန်ဆာမှုဖြင့် အရေးယူခြင်းများ ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
”ပြည့်တန်ဆာ တားဆီးကာကွယ်ရေးမှာ ကွန်ဒုံးကို သက်သေခံပစ္စည်းလို သုံးလာကြတော့ HIVကာကွယ်ရေးနဲ့ကလွဲနေတယ်။ ပြည့်တန်ဆာလုပ်ငန်းလုပ်တဲ့သူတွေ ကလည်း ကွန်ဒုံးဆောင်ထားရင် အ လွယ်တကူ ဖမ်းခံရနိုင်တယ်ဆိုပြီး ကွန်ဒုံးကို မကိုင်ရဲ၊ မထိရဲ၊ အနား မှာ မထားရဲကြတော့ဘူး။ တကယ်ဆိုရင် အဲဒီအချိန်မှာ ကွန်ဒုံး က တကယ်လိုပေမယ့် ကြောက်လို့မသုံးတာ ဖြစ်သွားတယ်။ ဒါမျိုးကို မလုပ်ဖို့တော့ စာထုတ်ပြီးတားထားပါတယ်။ ဒါပေမဲ့ အောက်ခြေမှာတော့ ဒါကိုသုံးပြီး တားဆီး တာ ရှိနိုင်သေးတာပေါ့” ဟု ဒေါက်တာစစ်နိုင်က ပြောသည်။
တချို့ ပြည်ပနိုင်ငံများတွင် ပြည့်တန်ဆာလုပ်ငန်းကို အတိုင်းအတာတစ်ခုထိ တရားဝင်ခွင့်ပြုထားပြီး ကွန်ဒုံးကို မဖြစ်မနေအသုံးပြုရကြောင်း၊ ကွန်ဒုံးအသုံးမပြုပါက ဖမ်းဆီးအရေးယူခြင်း၊ လုပ်ငန်းပိတ်သိမ်းခြင်းတို့ကို ပြုလုပ်ကြကြောင်း သိရသည်။
”ကွန်ဒုံးလက်ဝယ်တွေ့ရှိရုံနဲ့ ဖမ်းဆီးတယ်ဆိုတာ လွယ်ကူနေတဲ့အတွက် တချို့ လုပ်ကောင်း လုပ်မိနိုင်တယ်။ စည်းမျဉ်းနဲ့တော့ ကိုက်ညီမှုမရှိဘူး။ အဲဒီလိုလုပ်တာလေး တစ်ခါတစ်လေရှိနေသေးရုံနဲ့ ပြည့်တန်ဆာတွေက ကွန်ဒုံးဆောင်ရမှာကို ကြောက်ပြီး HIV ရောဂါ ကူးစက်မှုအန္တရာယ်ကလည်း ဆက်ရှိနေမှာပေါ့” ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။
ကွန်ဒုံးအသုံးပြုမှုနှင့်ပတ်သက် ပြီး စစ်တမ်းများကောက်ယူသည့်အခါတွင် ရာခိုင်နှုန်း ၈ဝ/၉ဝ သုံးစွဲကြသည်ဟု ဆိုကြသော်လည်း တကယ်တမ်းတွင် ၅ဝ ရာခိုင်နှုန်း ပင် မပြည့်နိုင်သေးဟု ယူဆကြကြောင်း သိရသည်။
မင်းချစ်နိုင်

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ဧရာဝတီလင်းပိုင် ကောင်ရေ ၇၅ ကောင်ခန့်သာ ကျန်ရှိတော့

4224
ရေလုပ်သားတစ်ဦးနှင့် ဧရာဝတီလင်းပိုင် တစ်ကောင်အား ဧရာဝတီမြစ်အတွင်း၌ တွေ့ရစဉ်
ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ဧရာဝတီလင်းပိုင် ကောင်ရေ ၇၅ ကောင်ဝန်းကျင်ရှိကြောင်း သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသော ငါးလုပ်ငန်းဦးစီး ဌာနမှ သိရှိရသည်။
မဲခေါင်မြစ်တွင်ရှိသည့် ဧရာဝတီလင်းပိုင် ကောင်ရေမှာ အကြမ်းဖျင်း သတ်မှတ်ချက်အရ ၈၅ ကောင် ရှိကြောင်းနှင့် မျိုးသုဉ်းမည့် အန္တရာယ် မြင့်မားနေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ WWF က ထုတ်ပြန်ခဲ့ပြီး ဧရာဝတီမြစ်ကြောင်း အတွင်းရှိ လင်းပိုင်ကောင်ရေမှာ မဲခေါင်မြစ်အတွင်းရှိ ကောင်ရေ ပမာဏထက် ပိုဖွယ်မရှိဟုသိရသည်။
ဧရာဝတီမြစ်ကြောင်းအတွင်း ရှင်သန်ပေါက်ဖွားသော ကမ္ဘာ့ရှားပါး မျိုးနွယ်စာရင်းဝင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို မင်းကွန်းနှင့်ကျောက်မြောင်းအကြား ထိန်းသိမ်းရေးနယ်မြေ သတ်မှတ် ကာ ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS တို့ ပူး ပေါင်းဆောင်ရွက်လျက်ရှိပြီး အဆိုပါ ထိန်းသိမ်းရေးနယ်မြေ ဧရိယာ တွင် လင်းပိုင်ကောင်ရေ ၂၁ ကောင် ခန့်ကျက်စား နေထိုင်လျက်ရှိကြောင်း သိရသည်။ “မနှစ်က ဒီထိန်းသိမ်း ရေး ဧရိယာထဲမှာ လင်းပိုင်လေးကောင် သေဆုံးခဲ့တာကြောင့် ၁၇ ကောင်လောက်ပဲ ကျန်ရှိနိုင်မယ်လို့ ခန့်မှန်းထားတာ။ ဇန်န၀ါရီလ အတွင်းက ထိန်းသိမ်းရေး ဧရိယာ ထဲမှာ စောင့်ကြည့်လေ့လာမှုအရ ကောင်ရေ ၂၁ ကောင် လောက် တွေ့ရှိခဲ့တယ်။ မနှစ်ကမြစ်အထက် ပိုင်းမှာ တစ်ကောင်သေဆုံးခဲ့ပြီး မြစ်ကြောင်းတစ်လျှောက် လုံးမှာ ကောင်ရေ ၇၅ ကောင် ၀န်းကျင်လောက်တွေ့ရှိရ ပါတယ်။ ဒီအရေအတွက်ထက်ပိုရင် ငါးကောင်၊ လျော့ရင်ငါးကောင်ပါပဲ” ဟု ငါးလုပ်ငန်းဦးစီးဌာန လက်ထောက်  ဦးစီးမှူးဦးဟန်ဝင်း (ပတ်ဝန်းကျင်/ မျိုးသုဉ်းရှားပါး)က ပြောကြားသည်။
“လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်းမှာ မနှစ်က လင်းပိုင်ကောင်ရေ လေးကောင်သေဆုံးခဲ့ပေမယ့် ဒီနှစ်ကောင်ရေပိုပြီး တိုးလာတာ တွေ့ရတယ်။ ခုလိုကောင်ရေများလာတာက လင်းပိုင်ထိန်းသိမ်းရေး နယ်မြေအတွင်း မှာ ပေါက်ဖွားတာလည်း ဖြစ်နိုင်သလို မြစ်အထက်ပိုင်းက လင်းပိုင်တွေဆင်း လာတာလို့ ယူဆရတယ်၊၊ ဘာကြောင့် လဲဆိုရင် မြစ်ကျဉ်းတွေကိုဖြတ်ပြီး သွားလာနေထိုင်မှုတွေ တွေ့လာရတာကြောင့် ဧရာဝတီ လင်းပိုင်တွေရဲ့ နေထိုင်ရှင်သန်မှုတွေ ပြောင်းလဲလာတာ တွေ့ရတယ်။ ရေချိုလင်းပိုင်တွေက ကျောက်သားဆန်တဲ့ ရေအောက် ကျောက်စိုင်တွေ ကြားမှာ ကူးခတ်သွားလာတာ တွေ့ရလေ့မရှိဘူး” ဟု ဦးဟန်ဝင်းက ဆက်လက် ပြောကြား ခဲ့သည်။
“မဲခေါင်မြစ်မှာ နေထိုင်ကြတဲ့ ရေချိုလင်းပိုင်တွေဟာ မြစ်ကြောင်းကျပ်တာ၊ ရေအောက် ကျောက်ဆောင်တွေ ထူထပ်တာကြောင့် ကူးခတ်ရှင်သန်ရတာ မလွတ်လပ်တော့ပါဘူး။ ဒါကြောင့် မျိုးသုဉ်း အန္တရာယ်ရင်ဆိုင် ရနိုင်ပါတယ်။ ဧရာဝတီလင်းပိုင် တွေဟာ မြစ်ကြောင်း ကျယ်ကျယ် ပြန့်ပြန့်နဲ့ အရင်ကလို ရှင်သန်နေ ထိုင်နိုင်ခြင်း မရှိတော့ဘူး။ မနှစ်က ရေနည်းကာလမှာ လင်းပိုင် ငါးကောင်သေဆုံးခဲ့ပြီး ဒီနှစ်တစ်ကောင် သေဆုံးခဲ့တာ တွေ့ရတယ်။ မြစ်ရေနည်းပါး သွားတဲ့အချိန်မှာ ဆိုရင် လင်းပိုင်တွေက မြစ်ညာ အထက်ဘက်ကို တက်ပြီး ပြောင်းရွှေ့နေထိုင်ကြပေမယ့် လူတွေကြောင့် မြစ်ကြောင်းပိတ်တာ၊ ရေပြင်ညစ်ညမ်းတာ၊ မျိုးမပွားနိုင်တာတွေ ဖြစ်နိုင်တယ်”ဟု လေ့လာသူကဆိုသည်။
“ရှော့တိုက်ပြီး ငါးဖမ်းတဲ့ ဓလေ့ရှိနေတဲ့အတွက် လင်းပိုင် တွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရပါတယ်။ ပြဒါးဆိပ် သင့်မှုကြောင့် သေဆုံးရတာလို့ အတိအကျ မပြောနိုင်သေးပေမယ့် ဒီအချက်ကလည်း ရေနေသတ္တ၀ါတွေ အသက်ရှင် ရပ်တည်မှုအပေါ် ခြိမ်းခြောက်နေပါတယ်”ဟု ဦးဟန်ဝင်းကဆိုသည်။

အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အတည်ပြု

4222
လွှတ်တော် အစည်းအဝေးများ မကျင်းပမီ လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ်
၂၀၁၁ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် အမျိုးသားလွှတ်တော်က အလုပ်သမားအဖွဲ့အစည်း ဥပဒေကြမ်းအား အတည်ပြုခဲ့ပြီး ယင်းဥပဒေကြမ်း တွင် ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦ၊ လေဆိပ်၊ ဘူတာရုံ၊ ခရီးသည်တင် ယာဉ်ရပ်နား စခန်း၊ ဆိပ်ကမ်း သို့မဟုတ် သံတမန် အဖွဲ့အစည်းများ၊ တပ်မတော် သို့မဟုတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့အဆောက်အအုံ တစ်ခုခုမှ ကိုက် ၅၀၀ အတွင်းတွင် ဆန္ဒပြခြင်းမပြုရ အချက် ပါဝင်သည်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစံထွန်းက အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခဲ့သည်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစံထွန်း ဖတ်ကြားရှင်းလင်းခဲ့သော အစီရင်ခံစာပါ အချက်များအရ အလုပ်သမားဝန်ကြီးဌာနမှ တင်ပြသည့် ဥပဒေပါအချက်များကို အမျိုးသား လွှတ်တော်ဥပဒေကြမ်း ကော်မတီက မြန်မာစာသဒ္ဒါ ရေးထုံးနှင့်ညီညွတ်စေရန် ပြင်ဆင်ခြင်း၊ ဥပဒေရေးထုံး နှင့် ညီညွတ်စေရန် ပြင်ဆင်ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြင်ဆင်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။

အမျိုးသားလွှတ်တော်က အလုပ်သမားအဖွဲ့အစည်း ဥပဒေ ကြမ်းအား အတည်ပြုခဲ့ပြီး ယင်းဥပဒေကြမ်းတွင် ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦ၊ လေဆိပ်၊ ဘူတာရုံ၊ ခရီးသည် တင်ယာဉ်ရပ်နားစခန်း၊ ဆိပ်ကမ်း သို့မဟုတ် သံတမန် အဖွဲ့အစည်းများ၊ တပ်မတော် သို့မဟုတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဆောက်အအုံတစ်ခုခုမှ ကိုက် ၅၀၀ အတွင်းတွင် ဆန္ဒပြခြင်း မပြုရအချက် ပါဝင်
ဥပမာ အလုပ်သမားဝန်ကြီးဌာန မှ တင်ပြသည့် ဥပဒေပါ အလုပ်သမား အဖွဲ့အစည်းများ ဥပဒေအစား လွှတ်တော်ဥပဒေကြမ်း ကော်မတီက အလုပ်သမား အဖွဲ့အစည်းဥပဒေဟု ပြင်ဆင် အကြံပြုခဲ့ပြီး ဥပဒေရေးထုံးအရ ဗဟုဝုစ်အစား ဧက၀ုစ်သာ အသုံးပြုရသဖြင့် ဥပဒေအမည်ပါများအား ဖြုတ်သင့်၍ ပြင်ဆင်ခြင်း ဖြစ်ပါသည်ဟူ၍ ရှင်းလင်းခဲ့သည်။
ထို့ပြင် အလုပ်သမားဝန်ကြီး ဌာနမှ တင်ပြသည့် ဥပဒေပါ “အလုပ်ပိတ်ခြင်း ဆိုသည်မှာ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတစ်ခုခု တွင် ညှိနှိုင်း၍မရတော့သည့် အခြေအနေနှင့် ဆက်နွှယ်၍ အလုပ်ရှင်က လုပ်ငန်းတစ်ခုခု၏ အလုပ်လုပ်သော နေရာကို ယာယီပိတ်ခြင်း၊ အလုပ်ကို ခေတ္တရပ်ဆိုင်းထားခြင်း သို့မဟုတ် အလုပ်ခွင်ရှိ အလုပ်သမားများအား ဆက်လက် အလုပ်လုပ်ခွင့်မပြုခြင်းကို ဆိုသည်။” ကို လွှတ်တော်ဥပဒေကြမ်း ကော်မတီက “အလုပ်ပိတ်ခြင်းဆိုသည် မှာ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု တစ်ခုခုတွင် ညှိနှိုင်း၍ မရနိုင်သည့် အခြေအနေ၌ အလုပ်ရှင်က လုပ်ငန်းတစ်ခုခု၏ အလုပ်လုပ်သော နေရာကို ယာယီပိတ်ခြင်း၊ အလုပ်ကို ခေတ္တရပ်ဆိုင်းထားခြင်း သို့မဟုတ် အလုပ်ခွင်ရှိ အလုပ်သမားများအား ဆက်လက် အလုပ်လုပ်ခွင့်မပြုခြင်းကို ဆိုသည်။”ဟူ၍ ပြင်ဆင်အကြံပြုခဲ့ပြီး ဥပဒေရေးထုံးနှင့် မြန်မာစာသဒ္ဒါ ရေးထုံးနှင့်အညီ ပြင်ဆင်ခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။
အလုပ်သမား အဖွဲ့အစည်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်ရွှေက ဆွေးနွေးခဲ့သလို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ကလည်း ဒေါက်တာတင်ရွှေ၏ ဆွေးနွေးချက်အပေါ် ပြန်လည်ဆွေးနွေး ခဲ့သည်။
ထို့နောက် အလုပ်သမားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းအား အတည်ပြုရန်အဆို ပြုခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခဲ့သည်။
ထို့နောက် အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းအား အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူသည့်အနေဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက သဘော တူပါသလား သုံးကြိမ် မေးမြန်းခဲ့ရာ သဘောမတူသည့်သူ မရှိသဖြင့် အလုပ်သမား အဖွဲ့အစည်းဥပဒေကြမ်းအား အတည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အလုပ်သမားသမဂ္ဂ ဖွဲ့ခွင့်ရမည်

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည် တင်သွင်းခဲ့သော အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့် ဥပဒေမူကြမ်းအား တနင်္လာနေ့က အတည်ပြု လိုက်ခြင်းကို အလုပ်သမား အရေး ဆောင်ရွက်နေသူများက သတိနှင့် ကြိုဆိုလိုက်ကြသည်။

၂၀၁၀ ဖေဖော်ဝါရီလ အတွင်းက ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတရုံတွင် အလုပ်သမားများ ဆန္ဒပြနေစဉ် (ဓာတ်ပုံ - niknayman ဘလော့)
“အရင်တုန်းက ဒီလို အလုပ်သမား သမဂ္ဂဆိုတာမျိုး ဖွဲ့စည်းခွင့် ဆိုတာ မရှိခဲ့ဘူး။ အခု ဥပဒေအရပါ လုပ်ဆောင်ခွင့်ရှိတာကို ကြိုဆိုတယ်။ ဒါပေမယ့် အဲဒီဥပဒေအရ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းတဲ့အခါ မဆလ ခေတ်တုန်းကလို အစိုးရက ဖွဲ့စည်းပေးတာမျိုးမဟုတ်ဘဲ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ အလုပ်သမားသမဂ္ဂ ဖြစ်ဖို့ လိုတယ်” ဟု အလုပ်သမားသမဂ္ဂများ ပေါ်ထွန်းရေး ကြိုးပမ်းသူ တဦးဖြစ်သည့် ကိုဟိန်းလတ်က ဧရာဝတီကို ပြောသည်။

အတည်ပြုလိုက်သော ဥပဒေအရ အလုပ်သမားများက ရပိုင်ခွင့်၊ အခွင့်အရေးများ တောင်းဆိုနိုင်ပြီး ဆန္ဒ ဖော်ထုတ်ခွင့်လည်း ရှိမည် ဖြစ်သည်။  သတ်မှတ်နေရာ၊  သတ်မှတ် အချိန်အတွင်း ဆန္ဒဖော်ထုတ်ရန် လုံခြုံရေး တာဝန်ရှိသူများကို ကြိုတင်အသိ ပေးရမည်ဟု ဥပဒေတွင် ဖော်ပြထားကြောင်း သိရသည်။

ယခင်က အစိုးရများ စီစဉ်ပေးသည့် အလုပ်သမားအစည်းအရုံးများကိုသာ ဖွဲ့စည်းခဲ့ကြပြီး အလုပ်ရှင် အလုပ်သမားပြဿနာ ဖြေရှင်းရာတွင်လည်း ဘက်လိုက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ လွတ်လပ်သည့် သမဂ္ဂများ ဖွဲ့စည်းခွင့် မရှိဘဲ ဆန္ဒဖော်ထုတ်ခွင့်လည်း မရခဲ့ကြပေ။

“အရင်တုန်းကထက်စာရင် အခုလို ဥပဒေနဲ့ ပြဋ္ဌာန်းပေးလိုက်တာကို တော်တော်များများက သဘောကျတယ်။ ဒါပေမယ့် ဒီဥပဒေဟာ လက်တွေ့မှာ ဘယ်လောက်ထိ အလုပ်သမားအရေး ကာကွယ်ပေးနိုင်မလဲ ဆိုတာတော့ စောင့်ကြည့် သွားရမယ်” ဟု ကိုဟိန်းလတ်က ပြောသည်။

မြန်မာနိုင်ငံသည် ILO ခေါ် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်၏ အလုပ်သမားများအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် ကို သဘောတူ လက်မှတ်ရေးထိုးထားသည့် နိုင်ငံ ဖြစ်သည့်အားလျော်စွာ နိုင်ငံတကာ အလုပ်သမားဥပဒေများကို လေးစားလိုက်နာရန် တာဝန်ရှိနေသည်။

မြန်မာနိုင်ငံတွင် အလုပ်သမားအရေး ပြဿနာများ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေခြင်း၏ အဓိက အကြောင်းတရားမှာ အလုပ်သမားအရေး ကာကွယ်ပေးသည့် လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် မရသောကြောင့် ဖြစ်သည်။

“အလုပ်သမားအရေးပြောရင် တလျှောက်လုံး နိုင်ငံရေး ဆန့်ကျင်မှု လုပ်တယ်လို့ သဘောထားနေကြတာ။ တကယ်က အစိုးရ ၀န်ထမ်းပဲဖြစ်ဖြစ်၊ ပုဂ္ဂလိက အလုပ်သမားပဲဖြစ်ဖြစ် ကိုယ့်အခွင့်အရေးနဲ့ တာဝန်ကို နားလည်ပြီး အလုပ်သမား အခွင့်အရေး ရပိုင်ခွင့် နစ်နာ ဆုံးရှုံးနေတာတွေကို တောင်းဆိုခွင့် ဆိုတာ ရှိနေရမယ်” ဟု အလုပ်သမားအရေး ဆောင်ရွက်နေသော ရန်ကုန်မြို့မှ ကိုမောင်စိုးက ပြောသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်မှာ  လယ်သမားများ ဖြစ်သောကြောင့် ၎င်းတို့ အတွက် သမဂ္ဂများလည်း ပေါ်ထွက်လာရန် လိုအပ်ကြောင်း ရှေ့နေ ကိုဖိုးဖြူက ဧရာဝတီကို ပြောသည်။

“ဥပဒေအဖြစ် အခုလို ဖြစ်လာတာကို ကျနော်တို့ ကြိုဆိုတယ်။ ဒါပေမယ့် ဥပဒေ ထုတ်ပြန်ချက်ကို ပြန်ကြားရေးက ပုံနှိပ် ထုတ်ဝေခြင်း မပြုသေးသည့်အတွက် ဥပဒေရဲ့သဘာဝတွေ၊ ဥပဒေလမ်းကြောင်း အရ  ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ မသိရသေးတော့ သုံးသပ်ချက် ကျနော်တို့ မပေးနိုင်သေးပါဘူး” ဟု ကိုဖိုးဖြူက ပြောသည်။

၂၀၀၆ ခုနှစ် ကတည်းက အလုပ်သမား၊ လယ်သမားဆိုင်ရာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ပေးရန် အကြိမ်ကြိမ် တင်ပြခဲ့ပြီးနောက် အာဏာပိုင်တို့ကလည်း ILO ကဲ့သို့သော အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်သည့်အတွက် ယခုကဲ့သို့ ဖြစ်ထွန်းလာသည်ဟု ထင်မြင်မိကြောင်း ၎င်းက ဆက်ပြောသည်။

အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေ အတည်ပြုလိုက်သည့်အတွက် ကျောင်းသားများအတွက်လည်း ဥပဒေ ပေါ်ထွက်လာရန် လိုကြောင်း ရန်ကုန်မြို့ရှိ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကိုသီဟက ဆိုသည်။

“အလုပ်သမားအရေး ကာကွယ်ပေးဖို့ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့်ရမယ် ဆိုတာ ကောင်းပါတယ်။ အလားတူ ကျောင်းသား အရေး ကာကွယ် ပြောကြားရမယ့် ကျောင်းသားသမဂ္ဂ တရားဝင် တည်ရှိဖို့ အတွက်လည်း ကျနော်တို့က တောင်းဆို ချင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

KNUခေါင်းဆောင် မန်းငြိမ်းမောင်ကို အစိုးရ ဖမ်းမိ

ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို တရုတ် အာဏာပိုင်များက မြန်မာနိုင်ငံသို့ ပို့ဆောင်လိုက်သဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရကြောင်း မိသားစုဝင်များ၊ လုပ်ဖော် ကိုင်ဖက်များက ပြောသည်။

KNU-Karenမန်းငြိမ်းမောင်သည် တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနက ပြည်ဝင်ခွင့် မပြုဘဲ တရုတ်ပြည်သို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း၊ တရုတ်အာဏာပိုင်များက သူ့ကို ကူမင်းလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ယခင်လက ရန်ကုန်သွားမည့် လေယာဉ်တစီးဖြင့် မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မန်းငြိမ်းမောင်၏ သားကြီးဖြစ်သူက “အဖေ့ သတင်းကြားရတာ သိပ်မကောင်းဘူး၊ ကျနော်တို့ နောက်ဆုံးသိရတဲ့ သတင်းက အဖေ မြန်မာထောက်လှမ်းရေးလက်ထဲ ရောက်သွားပြီလို့ ကြားသိရတယ်” ဟု  ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဧရာဝတီကို ပြောသည်။

မန်းငြိမ်းမောင်သည် ထိုင်းမြန်မာနယ်စပ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လက မန်းငြိမ်းမောင်သည် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ သွားရောက်လေ့လာခဲ့သေးကြောင်း စစ်ရေး လေ့လာသူများ အဆိုအရ သိရသည်။

KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC)တွင် ပဒိုမန်းငြိမ်းမောင်က  ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။

KNU တာဝန်ရှိသူများကလည်း  မန်းငြိမ်းမောင်၏ ဖြစ်ရပ်နှင့် ပတ်သက်ပြီး စုံစမ်းဆဲဖြစ်သည်ဟု ထိုင်းမြန်မာနယ်စပ်တွင် နေထိုင်သည့် သူ့မိသားစုဝင်များက ပြောသည်။

မန်းငြိမ်းမောင် မြန်မာပြည်တွင် အဖမ်းခံရပါက သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့်  အကြီးအကျယ် နှိပ်စက်ခံရဖွယ်ရှိသည်ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောအားတိုးက ဆိုသည်။

မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည်အကျဉ်းစခန်း၊ ထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူးသည်။

ကိုကိုးကျွန်းအကျဉ်းစခန်းတွင် ရှိနေစဉ်  မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကိုအောင်ငွေ တို့နှင့်အတူ ပင်လယ်ပြင် မိုင်ပေါင်း ၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးနိုင်ခဲ့သည်။  သို့သော်လည်း ပြည်မသို့ အရောက်တွင် ဒေသခံ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထိုအတွေ့အကြုံများကို ၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြထားသည်။

ကိုကိုးကျွန်းရောက် နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာငတ်ခံဆန္ဒပြရာတွင်လည်း မန်းငြိမ်းမောင် ပါဝင်ခဲ့သည်။

မြန်မာပို့စ်ဂျာနယ် Vol.3, No.33


The Voice 7-37


တရုတ်ဗိုလ်ချုပ်ကြီးရဲ့ စပိုင်အကြောင်း ထုတ်ဖော်ချက် အင်တာနက်ပေါ် ပျံ့နှံ့


တရုတ်ဗိုလ်ချုပ်ကြီး တစ်ယောက်ကနေပြီးတော့ စပိုင်ကိစ္စကို ပြောဆိုတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့လာပါတယ်။ ဒီလို စပိုင်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေဟာ တရုတ်ပြည်အတွက်ဆို အရမ်းကို လျှို့ဝှက်ထားတဲ့ အရာတွေပါ။
ဒီ ဗီဒီယိုထဲမှာတော့ Maj Gen Jin Yinan က ကွန်မြူနစ်ပါတီက အဖွဲ့ဝင်တွေ အကြောင်းကို ဝေဖန်ပြောဆို ထားတာပါ ။ သူက ပါတီဝင်တွေဟာ တဖြည်းဖြည်း ခြစားနေပြီးတော့ နိုင်ငံရဲ့ အရေးကြီးတဲ့ ထိပ်တန်း လျှို့ဝှက်ချက်တွေကို အခြားနိုင်ငံများသို့ ရောင်းချနေကြကြောင်း သူက ပြောကြားခဲ့ပါတယ်။
တရုတ်အစိုးရကတော့ ဒီကိစ္စရပ်အပေါ် တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြားတာတော့ မရှိသေးပါဘူး။ တရုတ်တွေ အတွက်တော့ စပိုင်နဲ့ပတ်သက်တဲ့ ရှက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ် ။ ဒါကြောင့် ဒီအကြောင်းကိစ္စတွေကို ထုတ်ပြောလေ့မရှိပါဘူး ။
ဗီဒီယိုဖိုင်ထဲကို Gen Jim က ဘေဂျင်း အမျိုးသားကာကွယ်ရေး တက္ကသိုလ်မှာ ကျောင်းသားတွေအား ဟောပြောနေတုန်း ရိုက်ထားတာပါ ။ သူက အရင်မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ စပိုင်ကိစ္စအတော်များများကို ဖွင့်ချသွားခဲ့တာကို ဗီဒီယိုမှာ တွေ့မြင်ရပါတယ် ။
သူက ဆိုးလ်ရှိ တရုတ်သံအမတ်ကိစ္စကိုလည်း ပြောကြားသွားပါသေးတယ်။ အဆိုပါ တရုတ်သံအမတ်ဟာ အရေးပါတဲ့ အချက်အလက်တွေကို တောင်းကိုးရီးယားသို့ ပေးအပ်ခဲ့ပါတယ် ။ သူ့ကို စီးပွားရေးဆိုင်ရာ ရာဇ၀တ်မှုနဲ့ပဲ ဖမ်းဆီးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်အစိုးရအနေနဲ့ သံအမတ်ရဲ့ မှားယွင်းတဲ့ လုပ်ဆောင်ချက်ဟာ ရှက်ဖွယ်လိလိလို့ ထင်မြင်လို့ပါပဲလို့ Gen Jim က ဖွင့်ချပြောဆိုခဲ့ပါတယ်။
သူက အခြားစီနီယာ အရာရှိရဲ့ သူလျှိုကိစ္စတွေကို ဆက်လက်ပြောဆိုခဲ့ပါတယ်။ သူ့အဖေလည်း အရင်မျိုးဆက် တစ်ခုလောက်က သူလျှိုကိစ္စတွေကို ဆောင်ရွက်ဖူးကြောင်းပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူ့အဖေကတော့ ကွန်မြူနစ်တွေအတွက် သူလျှိုလုပ်ခဲ့တာဖြစ်ကြောင်းနဲ့ အခုလို ကွန်မြူနစ်ပါတီရဲ့ သတင်းတွေကို သူလျှိုလုပ် ရောင်းစားတာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။
ဒီအကြောင်းကို နားထောင်ရသူတွေက တက္ကသိုလ်ကျောင်းသားလေးတွေပါ။ ဒီဟောပြောချက်အတွင်းမှာ သူက ဒီလိုနိုင်ငံကို သစ္စာဖောက်ပြီးတော့ သူလျှိုလုပ်နေသူတွေကို သတိပေးပြောကြားခဲ့ပါသေးတယ် ။
တရုတ်ခေါင်းဆောင်တွေဟာ သူလျှိုနဲ့ ပတ်သက်တာတွေကို ပြောလေ့မရှိတဲ့အတွက် ဒီလို အသေးစိတ် အချက်အလက်တွေ ပေါက်ကြားသွားတာကို ဒေါသအမျက်ခြောင်းခြောင်း ထွက်နေမှာတော့ သေချာပါတယ်။
သုခသခင်

နိုင်ငံရေး အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပရန် အစီအစဉ်ရှိ

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားရေး ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်နိုင်ရန် အတွက် ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်သူများ ပါဝင်မည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တရပ်ကို နေပြည်တော်တွင် ကျင်းပရန် သမ္မတရုံးမှ စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

naypyitaw-president-house
နေပြည်တော်ရှိ သမ္မတအိမ်တော် (ဓာတ်ပုံ - ဧရာဝတီ)

“နိုင်ငံရေးဖိုရမ်နဲ့ ပတ်သက်လို့ မူအားဖြင့်တော့ ဆက်တိုက်လုပ်သွားဖို့ ရှိတယ်လို့ သိရပေမယ့် ဘယ်တော့၊ ဘယ်လို ကျင်းပမယ်ဆိုတာတော့ မသိပါဘူး” ဟု သမ္မတ အကြံပေးအဖွဲ့ဝင် တဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်က ဧရာဝတီကို ပြောသည်။

အဆိုပါ နိုင်ငံရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့နိုင်ငံရေးတွင် ပါဝင် ပတ်သက်နေကြသူများနှင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော နိုင်ငံရေး လှုပ်ရှားသူများကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နေပြီး လာမည့် နိုဝင်ဘာလတွင် ကျင်းပနိုင်ရန် ပြင်ဆင် နေသည်ဟု နေပြည်တော် သမ္မတရုံးနှင့် နီးစပ်သူ တဦးက ပြောသည်။

“တကယ်လို့ ဒီနိုင်ငံရေး ဖိုရမ်ကို ဖိတ်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူ လူထုအကျိုးအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုတာ စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်လို့ တက်လိမ့်မယ်လို့ ကျနော်ထင်တယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ထိပ်တန်း ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် (NLD) ပါတီက ကိုင်စွဲထားသည့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုကာ ပါတီ တရားဝင် တည်ရှိခွင့်ရရှိရေးသည် အရေးကြီးကြောင်း၊ နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည် ဆိုလျှင် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အာဃာတ မထားကြဘဲ အားလုံးက အပြန်အလှန် အသိအမှတ်ပြုရန် လိုအပ်ကြောင်း၊ တိုင်းပြည်အမြန်ဆုံး ငြိမ်းချမ်းစွာ အသွင်ကူးပြောင်း နိုင်ရေးအတွက် အတူလက်တွဲ ဖော်ဆောင်သင့်ကြောင်း ဦးဝင်းတင်က ဆိုသည်။

ယခုကဲ့သို့ ကျင်းပရန်ရှိသည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အကျဉ်းကျနေကြသည့် ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသူများ၊ နှစ်ရှည်နိုင်ငံရေးအကျဉ်းသား ဦးခွန်ထွန်းဦးအစရှိသည့် တိုင်း ရင်းသားခေါင်းဆောင်များ အပြင် လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များ ပါဝင် ဆွေးနွေးနိုင်ခြင်း ရှိ၊ မရှိ မရှင်းလင်းပေ။

ကျယ်ပြန့်သည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရန်အတွက် ပြည်ပရောက် မြန်မာနိုင်ငံအရေး လှုပ်ရှားသူများကို ဖိတ်ကြားမည်ဆိုလျှင် ၎င်းတို့ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေးအတွက် ခိုင်မာသည့် အာမခံချက်ရှိရန် လိုအပ်ကြောင်း ဝေဖန်သူများက ထောက်ပြသည်။

သမ္မတ ဦးသိန်းစိန် အစိုးရက ကျင်းပမည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသည် နိုင်ငံရေး ဟောပြောပွဲမျှသာ ဆိုလျှင် မသွားလိုကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း၊ တန်းတူရည်တူ ဖြစ်သည့် ဆွေးနွေးမှုနှင့် ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်မည့် အခြေအနေများ ရှိသင့်ပြီး ပါဝင်သင့် ပါဝင် ထိုက်သည့် လူပုဂ္ဂိုလ် အားလုံးပါဝင်မည့် ဆွေးနွေးပွဲဖြစ်ခဲ့လျှင် သွားရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်က ပြောသည်။

“နိုင်ငံရေးအကျဉ်းသားတွေ လွတ်နေရမယ်။ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးတွေလုပ်ပြီး ရန်လိုတဲ့ အပြုအမူတွေ ရပ်ဆိုင်းထားဖို့လိုမယ်။ ထစ်ကနဲရှိ ဖမ်းမယ်၊ ၅ (ည) နဲ့ ထောင်ချမယ် ဆိုတာမျိုးတွေလည်း ပယ်ဖျက် ထားဖို့ လိုတာပေါ့။ အခု အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့လို တကယ် အရေးပါတဲ့ လူတွေက ဒီလို ဆွေးနွေးပွဲမှာ တန်းတူဆွေးနွေးခွင့် ရှိနေရမယ်” ဟု သူကဆိုသည်။

လွန်ခဲ့သည့် မတ်လကုန်က စတင် တာဝန်ယူထားသည့် မြန်မာအစိုးရသစ်အနေဖြင့် အချိန်တိုအတွင်း ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တချို့ကို လုပ်ဆောင်လာခဲ့ရာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ၀န်ကြီး ဦးအောင်ကြည်တို့ ၂ ကြိမ်တွေ့ဆုံခဲ့ပြီး ပူးတွဲကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

ထို့နောက် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည်တော် သမ္မတ ဧည့်ခန်းမဆောင်တွင် တွေ့ ဆုံ ဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီး နေပြည်တော်တွင် ကျင်းပသည့် စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့လည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူလူထု အကျိုးအတွက် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကာ မတူကွဲလွဲသည့်အရာများကို ရှောင်ရှားပြီး တူညီသည့် ကိစ္စရပ်များကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို ခဲ့သည်။

အာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးဌေးဦး ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို အလေးအနက်ထားပါကြောင်း မကြာသေးမီက သတင်းထောက် များ၏ အမေးကို ဖြေကြားခဲ့သည်။

ကဒါဖီ ဘယ်လောက် ပိုင်ဆိုင်ထားပါလဲ

gaddafi sofa
gaddafi sofaကဒါဖီ အိမ် က သူထိုင်တဲ့ ဆိုဖာ   
လစ်ဗျားက အာဏာရှင် ခေါင်းဆောင် ကာနယ် ကဒါဖီ မိသားစုတွေ သုံးစွဲတဲ့ ရွှေ တွေ၊ မွမ်းမံခြယ်သထားတဲ့ ပစ0x081စည်းတွေ၊ ရွက်လှေတွေ စတာ တွေ ကို က အမေရိကန် ဒေါ်လာ သန်းပေါင်း များစွာ တန်ပါတယ်။လစ်ဗျားဟာ ကမ0x081ဘာမှာ နဝမ မြောက် ရေနံ အထုတ်လုပ်ဆုံး နိုင်ငံ လည်း ဖြစ်ပါတယ်။နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို ကာနယ် ကဒါဖီ နဲ့ သားတွေ၊ အနီးကပ် အဖွဲ့ဝင် တွေကို တရားစွဲတင်တဲ့ ရှေ့နေတွေ ရဲ့ စွဲချက်ထဲမှာတော့ ကဒါဖီ ဟာ နိုင်ငံ့ အရင်းအမြစ် တွေ နဲ့ သူ့ ပိုင်ဆိုင်မှုကို ပြတ်ပြတ် ထင်ထင် မပိုင်းခြားထားဘူး လို့ ခုံရုံးက တရားသူကြီး မင်းတွေကို တင်ပြ ခဲ့ကြ ပါတယ်။ကဒါဖီရဲ့ သားတွေဟာ စစ်တပ် အပါအဝင် အစိုးရ ဒေါက်တိုင်တွေ အားလုံးကို ထိန်းချုပ် ထားခဲ့ကြ ပါတယ်။ဒါကြောင့် လည်း အစိုးရ ဝင်ငွေ ဟာ သူတို့ မိသားစုဝင်ငွေ လို အလွယ်တကူ ရယူ သုံးစွဲနိုင် ခဲ့ကြ ပါ တယ်။
Gaddafiကဒါဖီ လေယာဉ် အတွင်းပိုင်းဘယ်လောက်တောင် သုံးခဲ့သလဲ ဆိုတာတော့ ဘယ်သူ မှ မသိ နိုင် ပါဘူး။ဘဏ0x081ဍာရေး စီးဆင်းမှုတွေကို စောင့်ကြည့် ဝေဖန် နေတဲ့ Global Witness အဖွဲ့ ကတော့ သူတို့မှာ ရှိတဲ့ အထောက်အထားကို ကိုးကားလို့ လစ်ဗျား ရဲ့ အစိုးရ အဖွဲ့ အစည်း တခု ဖြစ်တဲ့ လစ်ဗျား ရင်းနှီး မြှုပ်နှံမှု အာဏာပိုင် တဖွဲ့တည်းရဲ့ ရန်ပုံငွေ ဟာ မနှစ်တနှစ် ထဲ အမေရိကန် ဒေါ် လာ ၆၄ ဘီလီယံ ရှိတယ်လို့ ပြောပါတယ်။ဒါပေမယ့် လစ်ဗျား ရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့ ဆိုတာ က လန်ဒန်နဲ့ တခြား မြို့ကြီး တွေမှာ ရုံးခွဲတွေ ဖွင့်ထားပြီး၊ နိုင်ငံ တကာ စာရင်းစစ် အဖွဲ့တွေက အမြဲ ဆို သလို စစ်ဆေး နေကြပါ။ရှင်းရှင်းလင်းလင်း မသိမြင်နိုင်တဲ့ တခြား ရန်ပုံငွေ ဆိုတာကလည်း အများကြီးပါ။အခု ပြည်ပမှာ ခိုလှုံနေတဲ့ လစ်ဗျား ဗဟိုဘဏ် အကြီးအကဲ ဟောင်း က လစ်ဗျား ရဲ့ အရန် နိုင်ငံခြားငွေဟာ အမေ ရိကန် ဒေါ်လာ ၁၆၈ ဘီလီယံတောင် ရှိတယ် လို့ ဆို ပါတယ်။တကယ်တော့ ဒီထက်မကဖြစ်နိုင် ပါသေးတယ်။တခါ လစ်ဗျားငွေ ဒိုင်နာပေါင်းများစွာ တန်တဲ့ ရင်းနှီး မြှုပ်နှံမှုကြီးတွေ ကို လစ်ဗျားက နိုင်ငံ တကာ မှာ လုပ်ထားတာ အများကြီး ရှိပါ သေးတယ်။ဆယ်စုနှစ် ပေါင်းများစွာ ကဒါဖီ ဟာ အာဖရိကရဲ့ ဆာဟာရ သဲကန0x081တာရ ထဲ က နိုင်ငံတွေမှာ တယ်လီဖုန်း ဆက်သွယ်ရေး နဲ့ စိုက်ပျိုးရေးပိုင်း အပါအဝင် ရင်းနှီး မြှုပ်နှံမှု အကြီးကြီးတွေ လုပ်ခဲ့ ပါတယ်။ဒီတော့ လစ်ဗျားကို ခြေရာကောက်မယ်၊ ကဒါဖီ ကို တူးဆွကြည့်မယ် ဆိုရင်တော့ အမေရိကန် ဒေါ်လာ ဘီလီယံ နဲ့ချီ ပိုင်တယ် ဆိုတာ အနည်း အကျဉ်း ပဲ ရှိပါ သေး တယ် လို့ ဆိုရ မှာပါ။

ငွေလဲနှုန်း သတ်မှတ်ရေး – စီးပွားရေးမဂ္ဂဇင်း အယ်ဒီတာချုပ်ကို မေးမြန်းခြင်း

ts
ငွေလဲနှုန်းကို တဒေါ်လာ ကျပ် ၉၀၀ နဲ့ ၁,၀၀၀ ကြား သတ်မှတ်ဖို့ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အစိုးရက ဘယ်သူမှ မနစ်နာမယ့် နှုန်းထားတခု သတ်မှတ်နိုင်ဖို့  ကြိုး ပမ်းနေတယ်လို့လည်း သိရပါတယ်။
တဒေါ်လာကို ၇၃၀ ကျပ်ဝန်းကျင် ဈေးပေါက်နေချိန်မှာ ဒေါ်လာနဲ့ဆက်စပ်ပြီး စီးပွား ရေးအခြေအနေ၊ ဖြစ်နိုင်ခြေတွေကို မြန်မာ့ဓန စီးပွားရေးမဂ္ဂဇင်း အယ်ဒီတာချုပ် သီဟစော ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဒေါ်လာဈေး ကျနေချိန်မှာ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေ အပါအ၀င် လုပ်ငန်း အတော် များများရဲ့ အနေအထား ဘယ်လိုတွေ့ရပါသလဲ။
“ကိုယ့်တိုင်းပြည်ရဲ့ပိုက်ဆံ ကျပ်ဖြစ်ဖြစ်၊ ဘတ်ဖြစ်ဖြစ် တန်ဖိုးမြင့်လာတယ်ဆိုရင် Exporter (ပို့ကုန်သမားတွေ)က ထိတယ်။ ဥပမာ- တဒေါ်လာကို အစက (ကျပ်) ၁,၀၀၀ ပေါ့။ အခု ၇၀၀ ဆိုပါစို့၊ အကြမ်းဖျင်းပေါ့။ ပထမက ငါးရောင်းလို့ တသန်းဖိုး ရတယ်ဆိုရင် ပြန်လာတဲ့အခါ ဗမာကျပ် သန်း ၁,၀၀၀ ရတယ်။ အခုဆိုရင် ကျပ်သန်း ၇၀၀ ပဲရတာပေါ့။ အဲဒါဆိုရင် ရောင်းတာတော့ တသန်းဖိုးရောင်းတာပဲ။ ပြည်တွင်းမှာ ပြန်ရတဲ့အခါ သူ့ငွေက နည်းသွားတာပေါ့။ ကိုယ့်မိခင်နိုင်ငံငွေ ကျပ်တန်ဖိုး တက်တယ်ဆိုရင် Exporter တွေက အမြဲတမ်းရှုံးတာပဲ။ အခုလည်း အဲဒီပြသနာမျိုးတွေ တွေ့ရတာပေါ့။”
ပြည်ထောင်စုဝန်ကြီးတဦးက အမေရိကန်ဒေါ်လာနှုန်းထားကို ၉၀၀ နဲ့ ၁,၀၀၀ ကြား သတ် မှတ်မှပဲ အားလုံး လုပ်နိုင်ကိုင်နိုင် ရှိလိမ့်မယ်လို့ ပြောလိုက်တဲ့အတွက် ၉၀၀ နဲ့ ၁,၀၀၀ ကြားဆိုတာ လုပ်ငန်းရှင်တွေ တကယ်အလုပ်ဖြစ်နိုင်တဲ့ အနေအထား တွေ့ရလား။
“အရင်က ၁,၀၀၀ – ၁,၂၀၀ ရောက်ခဲ့ဖူးတာကိုး။ အဲဒီလောက် ပြန်သွားရင်တော့ အရင်လိုပဲ အလုပ်ဖြစ်မယ်လို့ တွက်တာပေါ့။ ဒါပေမယ့် အဲဒီလောက်ရောက်ဖို့ဆိုတာ လွယ်မလွယ် မပြောနိုင်ဘူး။ နှစ်ပိုင်းရှိတယ်။ နိုင်ငံတကာမှာလည်း ဒေါ်လာတန်ဖိုးက ဆက်တိုက်ကျနေတာ။ နောက်တပိုင်းက ပြည်တွင်းမှာလည်း အဲဒီ ၇၀၀ လောက် ရောက်နေတဲ့ ပိုက်ဆံကို ၉၀၀ လောက်ထိအောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားစရာ ရှိတာပေါ့။
“အစိုးရအနေနဲ့က Money Supply လို့ခေါ်တဲ့ လှည့်ပတ်စီးဆင်းတဲ့ မြန်မာကျပ်ငွေ ပမာဏကို အရမ်းတိုးပစ်လိုက်ရလိမ့်မယ်။ တကယ်တမ်းပြောရင်တော့ ၉၀၀ လောက်ကို ရောက်အောင် တိုးရင်တိုလို့ရတယ်။ ဒါပေမယ့် အဲဒီလိုလုပ်တယ်ဆိုရင် ပြည်တွင်းမှာ ကုန်ဈေးနှုန်းတက်မှုတွေ ဖြစ်လာမှာတခု ရှိမယ်။ အဲဒီဘက်က အကျိုးဆက်တွေကို ရင် ဆိုင်ရဦးမယ်။ အဲဒီလို ချက်ချင်းကြီး ဆွဲတင်လို့ ရမယ်မထင်ဘူး။”
စီးပွားရေးပညာရှင်က နေပြည်တော်မှာ ပြောခဲ့တာက ဒီကိစ္စကို အစိုးရအနေနဲ့ အလျင်အ မြန် ကုစားဖို့လိုတယ်။ ဥပမာ၊ အစိုးရအနေနဲ့ ၀င်ဝယ်လိုက်ဖို့လည်း တိုက်တွန်းသွားတာမျိုး ရှိတယ်။ အဲဒါမျိုးကရော တကယ်ဖြစ်နိုင်မလား။
“ပရော်ဖက်ဆာဦးမြင့် တင်တဲ့စာတမ်းထဲမှာ ကျနော်တို့လည်း တွေ့လိုက်ပါတယ်။ ဒါက နိုင်ငံတကာမှာလည်း လုပ်လေ့ရှိပါတယ်။ ကိုယ့်ငွေတန်ဖိုးကို မြှင့်ချင်နှိမ့်ချင်တဲ့အခါ မှာ ဗဟိုဘဏ်တွေက ၀ယ်ပြီးလုပ်ဆောင်လေ့ရှိတာပေါ့။ ဒါက နိုင်ငံတိုင်းမှာ လုပ်လေ့ရှိ တယ်။ အဲဒီအခါမျိုးမှာ ဒေါ်လာဝယ်သင့်ရင် ၀ယ်တယ်၊ ကျပ်ဝယ်သင့်ရင် ၀ယ်တယ်၊ စသ ဖြင့်ပေါ့။ Government Intervention (အစိုးရက ကြားဝင်ဆောင်ရွက်ခြင်း) လို့ ခေါ်တယ်။ ဗဟိုဘဏ်က ဈေးကွက်ထဲမှာ ၀င်ကစားပေးတာပေါ့။ အဲဒီလိုလုပ်လို့လည်း ရပါတယ်။ ဒါပေမယ့် အဲဒီလိုမယ်ဆိုရင်လည်း ၉၀၀ – ၁,၀၀၀ ထိ ရောက်အောင်တော့ လုပ် လို့ရမယ် မထင်ဘူး။ တန်ဖိုးတခုတော့ လုပ်လို့ရမယ်။ အများကြီးတော့မထင်ဘူး။ ကျန်တဲ့ ရင်ဆိုင်ရမယ့်အကျိုးဆက်တွေကို  ထည့်ပြီးစဉ်းစားရမှာပဲ။”
ငွေလဲလှယ်နှုန်း သတ်မှတ်ဖို့က IMF (အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့) က ပညာ ရှင်တွေရဲ့ အကူအညီကို ရယူဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ ပညာရှင်တွေက လာမယ့် အောက်တိုဘာလဆန်းလောက်မှ မြန်မာပြည်ကိုရောက်မယ်လို့လည်း သိရ ပါတယ်။ ဒီတော့ ဒီကြားထဲမှာ ဒီအတိုင်း ဒေါ်လာဈေးအကျဈေးနဲ့ပဲ ဆက်သွားနေမယ်၊ အစိုးရကလည်း တစုံတရာ ၀င်ပြီးတော့ဆောင်ရွက်ပေးခြင်း မရှိဘူးဆိုရင် ဒီကြားကာလမှာ အများဆုံး နစ်နာသွားမှာက ဘယ်သူတွေ ဖြစ်မလဲ။
“IMF က လိုတော့လိုတယ်။ သူတို့ဘက်က ကျွမ်းကျင်မှုအကူအညီတွေ၊ ငွေကြေး အကူအညီတွေ၊ စသည်ဖြင့်ပေါ့။ ဒါပေမယ့် လက်ရှိလည်း ပြည်တွင်းမှာ ရှိသလောက်အား နဲ့ လုပ်မယ်ဆိုရင်လည်း ရတဲ့ဟာတွေ ရှိပါတယ်။ ခုနပြောသလို Intervention ပေါ့၊ ဆက်ပြီးမကျသွားအောင် ထိန်းပေးထားတာတို့၊ နည်းနည်းတက်အောင် လုပ်ပေးတာတို့။ အစိုးရကလည်း ဘာမှမလုပ်ဘဲတော့ မနေပါဘူး။ Export သမားတွေနဲ့ ပတ်သက်လို့ ကုန် Commercial Tex ကုန်သွယ်ခွန် လျှော့ပေးတာတို့၊ သက်သာအောင်ပေါ့၊ လုံးဝကြီး 100 percent (ရာနှုန်းပြည့်) ကုစားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် သက်သာအောင် ကုစား ပေးတဲ့အပိုင်းတွေတော့ ရှိပါတယ်။ တကယ်လုပ်မယ်ဆိုရင် World Bank (ကမ္ဘာ့ဘဏ်) တို့ IMF တို့ အကူအညီကတော့ လိုအပ်တာ အမှန်ပဲ။”
အများ ပြောနေထင်နေကြတာက “ကိုယ့်လက်ထဲ ဒေါ်လာမရှိဘူး၊ ဒေါ်လ ငါတို့နဲ့ မဆိုင် ဘူး”ပေါ့။ အဲဒီလိုပြောလို့ရမလား။ ဒီကိစ္စက သာမန်ပြည်သူတွေကိုရော ဘယ်လို သွားထိ ခိုက်နိုင်သလဲ။
“အဲဒီလိုတော့ ပြောလို့မရဘူး။ ဥပမာ၊ ဒေါ်လာနဲ့ လစာရသူတွေဆိုရင် ထိခိုက်တာ ပေါ့။ ‘ကိုယ်က ကျပ်နဲ့ရတာပဲ၊ ငါ တလကို ၆၀,၀၀၀ ရတယ်၊ တသိန်းရတယ်ဆိုပြီး မထိ ခိုက်ဘူး’ပေါ့။ အဲဒီလိုဆိုပေမယ့် အများပြည်သူ ထိခိုက်မှုရှိတယ်၊ ဥပမာ၊ ငါးလုပ်ငန်း၊ ပဲလုပ်ငန်း၊ အဲဒီမှာ နိုင်ငံခြားကို ကုန်တင်ပို့တဲ့သူတွေက ထိခိုက်တယ်ဆိုရင် သူက၀ယ်တဲ့ အခါမှာ၊ ပြည်တွင်းမှာ ၀ယ်ရခြမ်းရတာတွေ ရှိတာပဲ … ပြည်တွင်းမှာ ငါးမွေးတဲ့သူတွေ၊ ငါးကန်သမားတွေ၊ ပဲသမားတွေ၊ အရင်ဆုံး အဲဒီအဆင့်လောက်ထိ ဂယက်က ထိခိုက်မှာပဲ လေ။ ဆိုတော့ အများကို မထိခိုက်ဘူးဆိုတာ မဟုတ်ပါဘူး။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်လေယဉ် ပစ်ချခံရခြင်းဖြစ်၊ ဗြိတိသျှတို့ လုပ်ကြံဟု ယူဆရ


ကုလသမဂ္ဂနှင့် အာဖရိကတိုက်၏ လျှို့ဝှက်ဆန်းကြယ် သမိုင်းမြှုပ်ကွက်တခု အသစ်ပေါ်ထွက်လာပြန်ပြီ ဖြစ်သည်။ ၎င်း မှာ ဆွီဒင်နိုင်ငံသားကမ္ဘာ့ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သည့် ဒက်ဟမ္မားရှိုး (Dag Hammarskjold) စီးနင်းလိုက်ပါလာသည့် လေယာဉ်သည် မှတ်တမ်းတင်ထားသကဲ့သို့ သွေးရိုးသားရိုးပျက်ကျမှုမျိုး မဟုတ်ဘဲ ပစ်ချလုပ်ကြံခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ဆွီဒင်နိုင်ငံသားကမ္ဘာ့ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သည့် ဒက်ဟမ္မားရှိုး ယခု ဖောက် ထုတ်တွေ့ရှိရသည့်ယူဆချက်အသစ်မှာ လွတ်လပ်သည့်သုတေသီတဥိးဖြစ်သည့် ဆွီဒင်နိုင်သား၏ လေ့လာဆန်းစစ်ချက် များအရ သိရှိရခြင်းဖြစ်သည်။ လွန်ခဲ့သည့် အနှစ်ငါးဆယ် (၁၉၆၁) ခုနှစ်က မြောက်ရိုဒီရှား (Northern Rhodesia) (ယခုဇမ်ဘီယာ now Zambia) ၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် စီးနင်းလိုက်ပါလာသည့် လေယာဉ်ပျံပျက်ကျခဲ့ပြီး လေ ယာဉ်ပေါ်ပါလာသူ (၁၅) ဦးလုံး သေဆုံးခဲ့ရသည်။ ယခုတွေ့ရှိချက်များအရ ထိုပျက်ကျမှုမှာ သာမန်ပျက်ကျမှု မဟုတ်ဘဲ ထိုစဉ်ကမြောက်ရိုဒီရှားကိုလိုနီ အာဏာပိုင် ဗြိတိသျှတို့က ပစ်ချလုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းတွေ့ရှိရသည့် အချက်အ လက်များက ညွန်ပြလျက်ရှိသည်။
ထိုပျက်ကျမှုနှင့်ပတ်သက်၍ ဗြိတိသျှစုံစမ်းရေးကော်မရှင်က လေယဉ်မှူး၏အမှားအဖြစ် သတင်းပို့ မှတ်တမ်းတင်ခဲ့သည်။ ဗြိတိသျှကော်မရှင်၏စုံစမ်းချက်များကို ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်ကလည်း ဆက်လက်အတည်ပြုခဲ့သည်။ ထိုကော် မရှင်နှစ်ခုတို့သည် လေယဉ်ပျက်ကျမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာ၌ အဖြစ်မှန်ကို ဖော်ထုတ်ပေးနိုင်မည့် အဓိက မျက်မြင်သက်သေဖြစ်သည့် အနီးဝန်းကျင်မှ ကျေးရွာသားများကို မေးမြန်းမှတ်တမ်းတင်ခြင်းမပြုခဲ့ပေ။ ထိုသက်သေ များ၏ပြောဆိုချက်များကို ငြင်းပယ်ခဲ့သည်။ ယခုတွေ့ရှိရသည့် အချက်အလက်များမှာ ယခုတိုင် သက်ရှင်လျက်ရှိသော ထိုစဉ်က မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များကို အခြေခံထားသည်။ ထိုမျက်မြင်သက်သေတို့၏ ထွက်ဆိုချက် များအရ တွေ့ရှိလာရသည့် အချက်အလက်သစ်များမှာကြီးမားသည့် လုပ်ကြံမှုကြီးဖြစ်နေသည့်အတွက် သုတေသီက ဆက်လက်စုံစမ်းဖော်ထုတ်ရန် စိုးရိမ်ကြောက်လန့်နေသည်။
လေယဉ်ပျက်ကျသည့် ဒိုလာ (Ndola) မြို့စွန် ဆင်ခြေဖုံး ရပ်ကွက်များတွင် နေထိုင်သူများ၏ ပြောကြားချက်အရ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် စီးနင်းလိုက်ပါလာသည့် ဒီစီ-၆ (DC6) လေယာဉ်ကို ဒုတိယမြောက်လေယာဉ် အသေးစားတ စီးမှ ပစ်ချခဲ့ခြင်းဖြစ်သည်ဟု တညီတညွတ်တည်း ထွက်ဆိုခဲ့ကြသည်။ မြောက်ရိုဒိရှားဗြိတိသျှ အာဏာပိုင်များက လေ ယာဉ်ပျက်အား ရှာဖွေတွေ့ရှိကြောင်း ရားဝင်ထုတ်ပြန်ကြေငြားခြင်းမပြုမီအနီးဝန်းကျင် နယ်မြေအာ စစ်တပ်မှ ဝန်းရံပိတ် ဆို့လိုက်ပြီး ကျေးရွာသားများအား အဓမ္မခြိမ်းခြောက် မောင်းထုတ်ပစ်ခဲ့သည်။
ယခုတွေ့ရှိရသည့် အချက်အလက်များသည် ဇိုရမ်ဗော့ဒါးဆို (Goran Bjorkdahl,)သည့် ဆွီဒင်အမျိုးသား၏ တကိုယ်တော် လေ့လာစုံစမ်းမှုများအရ ပေါ်လာရခြင်းဖြစ်သည်။ ဇိုရမ်သည် အဆိုပါဒေသတွင် အမှုထမ်းခဲ့သော ပုဂ္ဂိုလ် တဦး၏ သားဖြစ်ပြီး ၎င်းဖခင်၏ပြန်လည်ပြောပြချက်များကြောင့် ဤလေယာဉ်ပျက်ကျမှုကို စုံစမ်း ဖော်ထုတ်ရန် စိတ် အားထက်သန်ဖြစ်ခဲ့ရသည်။ ၎င်းက “ကျနော့်အဖေဟာ ဇမ်ဘီယာမှာ ၁၉၇၀ လောက်မှာ တာဝန်ကျခဲ့တယ်။ လေယဉ် ပျက်ကျတဲ့ နေရာကိုလည်း ရောက်ခဲ့တယ်။ ဒေသခံတွေနဲ့ တွေ့တဲ့အချိန်မှာ ဒီအဖြစ်ပျက်ကို စုံစမ်းကြည့်ခဲ့တယ်။ ရွာ သားတဦးက လေယာဉ်အပိုင်းအစတခုကိုပေးပြီး သူတို့ မျက်မြင်တွေ့ ရှိချက်တွေကို ပြောပြခဲ့တယ်။ အဲဒီ့အချိန်ကစပြီး ကျနော် ဒီကိစ္စရဲ့ အဖြစ်မှန်ကို သိချင်လာတယ်။ တကိုယ်တော် စုံစမ်းဖော်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။”
မစ္စတာဇိုရမ်ဗော့ဒါးသည် ကျေးရွာသားများ၏ ထွက်ဆိုချက်များအပြင် လေယဉ်ပျက်ကျခဲ့သည့် ၁၉၆၁ ခုနှစ် စက်တင် ဘာ ၁၇ ရက် မတိုင်မီရက်များအတွင်းက ဗြိတိသျှကြေးနန်းဆက်သွယ်မှတ်တမ်းများကိုလည်း ဖတ်ရှုလေ့လာခဲ့သည်။ ထိုကြေးနန်းများအရ ဗြိတိသျှနှင့် အမေရိကန်တို့သည် ကတန်ဂါ (Katanga) အရေးအခင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဆုံးဖြတ်ဆောင်ရွက်ချက်များကို အလွန်ဒေါသ ထွက်ခဲ့ကြောင်းတွေ့ရသည်။ စိန်၊ ကြေးနီ၊ ယူရေနီ ယံနှင့် သယံဖာတပေါကြွယ်ဝသည့် ကတန်ဂါသည် ကွန်ဂို (Congo) နိုင်ငံမှ ခွဲထွက်ရန် လက်နက်ကိုင်ပုန်ကန်နေသည်။
ထို ကတန်ဂါ ခွဲထွက်ရေးစစ်တွင် ဗြိတိသျှ၊ အမေရိကန်နှင့် ဘယ်လ်ဂျီယံနိုင်ငံ တို့မှ ကြေးစားစစ်တပ်များဖြင့် အလုံးအ ရင်း အားပေးထောက်ခံခဲ့ကြသည်။ ကုလသမဂ္ဂဆုံးဖြတ်ချက်အမှတ် (၁၆၁) အရ ထိုကြေစားတပ်များ ကတန်ဂါမှ ထွက် ခွာသွားရန်နှင့် ထွက်ခွာခြင်းမပြုပါက ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်မျာမှ တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက် အား အကောင်အထည်ဖော်၍ ကြေးစားတပ်များအား တိုက်ခိုက်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဆုံးဖြတ်အ မိန့်ပေးခဲ့သည်။ တည်ကြည်၍ ကိုယ်ပိုင်အမြင်နှင့် လွတ်လပ်စွာဆောင်ရွက်တတ်သည့် ဆွီဒင်နိုင်ငံသား အတွင်းရေးမှူး ချုပ်သည် ကုလသမဂ္ဂဆုံးဖြတ်ချက်ဖြစ်သော ကိုလိုနီနယ်မြေများ လွတ်မြောက်ရေးကို စိတ်အားထက်သန် ဆောင်ရွက် တတ်လေ့ရှိသည်။ ထိုသို့ ၎င်း၏ဆောင်ရွက်ချက်များအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် အင်အားကြီးနိုင်ငံများ၏ မျက်မုန်းကျိုးခြင်း ခံခဲ့ရသည်။ ၎င်းမှာ သေဆုံးစဉ်ကာလ၌ အတွင်းရေးမှူးချုပ်ရာထူး ဒုတိယသက်တမ်းအတွက် ရွေး ချယ်တင်မြောက်ခံရဖို့ သေချာသလောက်အခြေအနေတွင် ရှိနေသည်။
သုတေသီ ဇိုရမ်ဗော့ဒါးက ၎င်းစုံစမ်းဖော်ထုတ်တွေ့ရှိချက်မျာကို နိဂုံးကောက်ချက်ပြုရာတွင် “ဒက်ဟမ္မားရှိုးရဲ့ လေယဉ် ကို အမည်မသိ ဒုတိယလေယာဉ်က ပစ်ချခဲ့တာ အခိုင်အမာဖြစ်တယ်။ ဗြိတိသျှ ရိုဒီရှားကိုလိုနီ အာဏာပိုင်တွေရဲ့ လုံခြုံရေးတပ်တွေက ရှာဖွာကယ်ဆယ်ရေး လုပ်ငန်းတွေကို နှောက်နှေးအောင်လုပ်ခဲ့တယ်။ ပြီးတော့ အနီးဝန်းကျင် နယ်မြေတွေကို ပိတ်ဆို့ရှင်းလင်းတယ်။ တွေ့ရှိပြီးအချိန် အတော်ကြီးကြာမှ တရားဝင် ကြေငြာခဲ့တယ်။ လေယဉ်ပျက်မှာ ပျက်ကျ မှုမှာ အသက်ရှင်ကျန်ခဲ့တဲ့ တဦးတည်းသော ပုဂ္ဂိုလ်ကိုလည်း ဆေးဝါးကုသတာ အသေအချာမလုပ်ဘဲ ရတဲ့ ဒဏ်ရာတွေနဲ့ သေသွားအောင် တမင်ပစ်ထားခဲ့တယ်။” ၎င်း၏ နောက်ဆုံးအချိန် ကာလအတွင်း ဒက်ဟမ္မားရှိုးက ဗြိတိသျှ သံအရာရှိတဦးသည် ခွဲထွက်ရေး ကတန်ဂါ သူပုန်များအား လျှို့ဝှက်ထောက်ခံနေပြီး ကုလသမဂ္ဂကြီး ကြပ်မှုဖြင့် ဆွေးနွေးအဖြေရှာသည့် ကြိုးပမ်းမှုများကို ဟန့်တားနှောက်ယှက်နေသည်ဟု သံသယဖြစ်ခဲ့သည်။
ကတန်ဂါ သူပုန်များအား တိုက်ခိုက်ရန် ဆုံးဖြတ်အမိန့်မပေးမီ အတွင်းရေးမှူးချုပ်အား ထိုသို့ ဆုံးဖြတ်ပါက အမေရိ ကန်နှင့် ဗြိတိသျှ အင်္ဂလိပ်တို့က အလွန်အမျက်ထွက်စိတ်ဆိုးကြလို့မည်ဟု ၎င်း၏ အကြံပေးများက အတွင်းရေးမှူးချုပ် အား သတိပေးခဲ့သည်။ ထိုကြားမှ တိုက်ခိုက်ရန် အမိန့်ကိုပေးခဲ့ခြင်း ဖြစ်သည်။ ပျက်ကျသည့် လေယာဉ်ခရီးစဉ်မှာ တိဗြိသျှ တို့၏ အစီအမံဖြင့် နိုဒါမြိ့တွင် ကတန်ဂါ သူပုန်များနှင့်တွေ့ဆုံရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ယခုတွေ့ရှိချက်များသည် ထိုစဉ်က မျက်မြင်ကိုယ်တွေ့ သက်သေများဖြစ်သည့် ယခုအခါ အသက် (၇၀)မှ (၈၀) အကြား ရှိ ကျေးရွာသားများ၏ ထွက်ဆိုချက်များကိုအခြေခံသည်။ ထိုပုဂ္ဂိုလ်များအား ယခင်က မည်သူတဦးတယောက်က စုံ စမ်းမေးမြန်းခဲ့ခြင်း မရှိပေ။ အသက် (၈၄) နှစ်ရှိ မျက်မြင်သက်သေတဦးဖြစ်သည့် မစ္စတာဒါတန်ဘီဝီ (Dickson Mbewe) သည် အခင်းဖြစ်ပွားစဉ်ညက ၎င်း၏ အိမ်ျေရှ့တွင် မိတ်ဆွေများထိုင်၍ စကားပြောနေခဲ့သည်။ ထိုစဉ် “လေယာဉ်ပျံတဦး က လေယဉ်ကွင်းပေါ်မှာ ဝဲနေတာတွေ့လိုက်တယ်။ ပထမတော့ အလေးမထားမိဘူး။ နှစ်ကြိမ်၊ သုံးကြိမ်လောက်ရှိတော့ သတိထားမိတယ်။ လေယဉ်ပျံပျံကွင်းက ဆင်းသက်ခွင့်မပေးလို့ ဝဲနေတာလို့ထင်တယ်။ သိပ်မကြာဘူး နောက်ထပ် လေ ယဉ်ပျံတစင်းပေါ်လာတယ်။ အဲဒီတစင်းက သေးတယ်။ ပိုပြီးတော့လည်းမြန်တယ်။ ရှေ့ကလေယာဉ်ပျံကြီးနောက် ကို မောင်းလိုက်သွားတယ်။ အနီးကပ်ရောက်တော့မှ မီးရှူးမီးပန်းတွေ လွတ်လိုက်တယ်။ ပြီးတော့ တခြားတဖက် ကို မောင်းထွက်သွားတယ်။ ရှေ့ကလေယဉ်ပျံကြီးကတော့ ပျက်ကျသွားတယ်။” ဟု ပြန်ပြောင်းပြောဆိုခဲ့သည်။ မစ္စတာ ဘီဝီမှာ မီးသွေးဖုတ်သမားတဦးဖြစ်ပြီး နောက်မနက် ငါးနာရီခန့်တွင် လေယဉ်ပျက်ကျရာအနီးရှိ ၎င်း၏ မီးသွေးဖိုသို့ သွားရာ စစ် သားများ ရောက်ရှိနေပြီး အားလုံးကို ခြိမ်းခြောက် မောင်းထုတ်ခဲ့သည်။ သို့သော် ရိုဒီရှားး အာဏာပိုင် များက လေယဉ်ပျက်ကို ရှာဖွေတွေ့ရှိကြောင်း နေ့လည်သုံးနာတွင်မှ တရားဝင်ကြေငြာခဲ့သည်။
၎င်းက ဆက်လက်ပြောကြားရာတွင် “လူဖြူစစ်သားတစုက လူသေအလောင်းတခု ကို ရှေ့နှစ်ယောက် နောက်နှစ်ယောက် သယ်သွားတယ်။ ပြီးတော့ အဲဒီနေရာကို ဘယ်သူ့မှ နေခွင့်မပေးတော့ဘူး။” တချို့ပြောတာကတော့ လေ ယာဉ်ပျက်က တယောက်တော့ အသက်ရှင်နေသေးတာ တွေ့ခဲ့ရတယ်။ ဘီဝီသည် ထိုအကြောင်းနဲ့ ပတ်သက်၍ မည် သူ့ကိုမျှ ပြန်လည်ပြောပြခြင်း မရှိခဲ့ပေ။ “ကြည့်ရတာ အခြေအနေတွေ က အေးအေးဆေးဆေး ပုံမှန်မဟုတ်ဘူး။ အဲဒီ့ အနီးဝန်း ကျင်မှာရှိတဲ့ ကျုပ်တို့အားလုံး ခြိမ်းခြောက် မောင်းထုတ် ခံခဲ့ရတယ်။ ကြောက်တာနဲ့ ရဲစခန်းလည်း သွားသတင်းမပို့ရဲဘူး၊ သွားရင်တော့ အသေအခြာ အဖမ်းခံရမှာပဲ။”
မျက်မြင်သက်သေ နောက်တဦးမှာအသက်(၇၅)နှစ်ရှိ မစ္စတာချီပိုရာ (Custon Chipoya) ဖြစ်သည်။ ၎င်းမှာလည်း မီးသွေး ဖုတ်သမား တဦးပင်ဖြစ်သည်။ ၎င်းကလဲ ပထမလေယဉ်ကြီးကို ဒုတိယလေယဉ်ပျံက ပစ်ချခဲ့ကြောင်း သက်သေခံ ပြောကြားခဲ့သည်။ “ဂျိုးဂျိုး ဂျိမ်းဂျိုမ်းအသံနဲ့ လေယာဉ်ပျံတစီးကို တွေ့လိုက်တယ်။ လေယာဉ်ထဲက မီးရောင်တွေကို တောင်ရှင်းရှင်းကြီးတွေ့နေရတော့ ဆင်းဖို့လုပ်နေတာလို့ ကျနော်ကထင်ခဲ့တယ်။ ဒါပေမယ့် လေယာဉ်ပျံက နောက်တ ခေါက်ထပ်ပြီးတော့ ဝဲလာပြန်တော့ ကျနော်တို့အားလုံးက အလေးထား ကြည့်လိုက် မိတယ်။ တတိယခေါက်ဝဲလာပြီး လေဆိပ်ဆီကို ဦးတည်ပျံနေတဲ့အချိန် လေယာဉ်ပျံလေးတစီး ရုတ်တရက် ပေါ်လာပြီး လေယဉ်ကြီးနောက်ကို လိုက် သွားတယ်။ အဲဒီလေယာဉ်ပျံက ဂျက်လေယာဉ်ဖြစ်ဖို့များတယ်။ လေယာဉ်ကြီးနောက်ကို ရောက်တာနဲ့ မီးရှူးမီးပန်းလို ဟာတွေ ပစ်ပြီး ဆန့်ကျင်ဘက် အရပ်ကို မောင်းသွားတယ်။” “အဲဒီနောက် ရှေ့ကလေယာဉ်ပျံကြီး မီးစလောင်တယ်။ နောက်တော့ ပေါက်ကွဲသွားတယ်။ အစအနတွေက ကျနော်တို့ဘက်ကိုတောင် လွင့်လာပြီး သစ်ပင်က သစ်ကိုင်းတွေ တောင် ပြတ်ကျကုန်တယ်။ ကျနော်တို့လည်း စစ်ဖြစ်နေတာလို့ ထင်ပြီး ထွက်ပြေးခဲ့ကြတယ်။” မနက် ၆ နာရီတွင် ထိုနေ ရာသို့ ရောက်စဉ်၌ ရဲနှင့် စစ်တပ်မှ ထိုနေရာအား ဝိုင်းဝန်းပိတ်ဆို့နေသည်ကို တွေ့ခဲ့ရကြောင်းလည်း ပြောဆိုခဲ့သည်။
ထိုစဉ်က မြောက်ရိုဒီရှားကိုလိုနီအစိုးရမှ အဖြစ်အပျက် စုံစမ်းစစ်ဆေးရေးကော်မရှင်တခုကို ဖွဲ့စည်းခဲ့သည်။ သို့သော် ထိုကော်မရှင်သည် အထက်ပါမျက်မြင်သက်သေများအား မေးမြန်းစုံစမ်းခြင်း မပြုလုပ်ခဲ့သကဲ့သို့ တွေ့ရှိချက်များအား စုံစမ်းရေးကော်မရှင်သို့ သတင်းပို့ကြရန်  အများပြည်သူတို့အား ကြေငြာဖိတ်ခေါ်ခြင်းလည်း မပြုလုပ်ခဲ့ပေ။ ထို့အပြင် အများပြည်သူတို့အကြား လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ပြောဆိုမှုများအား သွယ်ဝိုက်သောနည်းများဖြင့် ပိတ်ပင် ခဲ့သည်။ အဖြစ်အပျက်နှင့် ပတ်သက်သည့် မျက်မြင်သက်သေတချို့ပင် ဖမ်းဆီးထောင်ချခံခဲ့ရကြောင်း မျက်မြင်သက် သေတဦးဖြစ်သည့် အသက် (၇၅) နှစ်ရှိ ဂျွန်ဂွန်ဂို (John Ngongo)က ပြောကြားခဲ့သည်။ အဆိုပါ ဒီစီ-၆ လေယာဉ်၌ စီးနင်းလိုက်ပါလာသော အတွင်းရေးမှူးချုပ် ဒက်ဟမ္မာရှိုးအပါအဝင် ၁၅ ဦးရှိသည့်အနက် တဦးသာ အသက်ရှင် ကျန် ခဲ့သည်။ ၎င်းမှာ အတွင်းရေးမှူးချုပ်၏ လုံခြုံရေးဝန်ထမ်း အမေရိကန်တပ်ကြပ်ကြီး ဟာရိုးဂျူလီယံ (Harold Julian) ဖြစ်သည်။ တရားဝင် မှတ်တမ်းများအရ ၎င်းမှာလည်း ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရသည်။ သို့သော် ၎င်းအား ကုသခဲ့ရသည့် ဒေါက်တာမာ့ခ်လော်ရင်သယ် (Mark Lowenthal) ကမူ ၎င်းရရှိသည့် ဒဏ်ရာများမှာ ကယ်တင်ကုသ နိုင်သည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။ ဒေါက်တာမာ့ခ်က “ဒီလောက် ရှည်လျားလှတဲ့ ကျွန်တော့်ရဲ့ ဆရာဝန် သက်တမ်းမှာ စံတင်လောက်တဲ့ အံ့မခန်း ကုသမှုဆိုင်ရာ ချွတ်ချော်ပျက်ကွက်မှု ဖြစ်ပါတယ်။ ဘယ်လိုမှ မမေ့နိုင်ပါဘူး။ အမေရိကန်တွေ သူတို့နိုင်ငံသားတယောက် ဒဏ်ရာရနေတာကို ဘာကြောင့် ကယ်ဆယ်ရေး အစီအမံတွေ မလုပ်သလဲ။ ကျောက်ကပ်ယိုယွင်းပျက်စီးပြီး သေမလို ဖြစ်နေတဲ့ သူ့နိုင်ငံသား တယောက်အတွက် ကယ်ဆင်ရေးလေယာဉ် လွှတ်မ ပေးခဲ့တာလဲဆိုတာ အဲဒီ့အချိန်ကတော့ ကျနော် မစဉ်းစားမိခဲ့ပါဘူး။” ဟု သုတေသီ ဗော့ဒါးထံ အီးမေးလ်ဖြင့် အကြောင်း ကြားခဲ့သည်။ ဆက်လက်ပြီး ၎င်း၏ အီးမေးလ်တွင် “ကျနော်ကတော့ နောက်ငါးရက်အကြာမှာ နိုဒါးမြို့က ထွက်ခဲ့ရတယ်။ တပ်ကြပ်ကြီး ဟာရိုးဂျူလီယံက မသေခင်မှာ ဝေဟင်မှာ လျှပ်ပျက်သလို မီးပန်းတွေကို တွေ့လိုက်ရပြီး ပေါက်ကွဲသံ တခုကိုပါ ကြားလိုက်ရကြောင်း ရဲတွေဆီမှာ ထွက်ဆိုသွားတယ်။” ဟု ဒေါက်တာမာ့ခ်က ဆိုသည်။ သုတေသီဗော့ဒါးက ၎င်း၏ သုတေသနစာတမ်းတွင် အတွင်းရေးမှူးချုပ် စီးနင်းလာသည့် လေယာဉ်သည် အဘယ့်ကြောင့် ဆင်းသက်ခွင့် မရဘဲ နိုဒါးလေဆိပ်တွင် အကြိမ်ကြိမ်ပျံဝဲနေရသနည်း။ လောလောလတ်လတ် အသစ်တပ်ဆင်ထားသည့် လေကြောင်း ထိန်း မျှော်စင်၏ အသံဖမ်း တိတ်ခွေမှတ်တမ်း၌ အဘယ်ကြောင့် လေယဉ်ပျက်ကျမှု အဖြစ်အပျက်ကို မှတ်တမ်းမတင် ခဲ့သနည်း။ အဖြစ်အပျက်နှင့် ပတ်သက်၍ အဘယ်ကြောင့် နောက် ၃၃ နာရီကြာမှ တမ်းတမ်းတင်ခဲ့သနည်းဆိုသည့် အ ချက်များကို မေးခွန်းထုတ်ထားသည်။
ထိုမှတ်တမ်းအရ ထိုစဉ်က ရိုဒီရှားနှင့် ညာဆာလန်းဆိုင်ရာ ဗြိတိသျှ မဟာမင်းကြီး ကုဘာ့သ်အယ်ပို့တ် (Cuthbert Alport) သည် အခင်းမဖြစ်ပွားမီညနေ၌ လေဆိပ်သို့ရောက်လာပြီး “အတွင်းရေးမှူးချုပ် ဒက်ဟမ္မားရှိုးဟာ (နိုဒါးလေ ဆိပ်တွင် ဆင်းသက်မည့်) စိတ်ကူးပြောင်းသွားပြီး တခြားတနေရာသို့ သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ထို့ကြောင့် လေဆိပ်မန်နေဂျာက တစုံတရာနှိုးဆော်ခြင်း မပြုခဲ့ခြင်းကြောင့် ဝန်ထမ်းများ ပြင်ဆင်မှုမလုပ်ဘဲ အိပ်ရာ ဝင်ခဲ့ကြကြောင်း မှတ်တမ်းတင်ရေးထားသည်။ ဗြိတိသျှတို့၏ မသင်္ကာဘွယ် ကြံစည်ဆောင်ရွက်မှုများသည် အခင်းမ ဖြစ်ပွားမီ ရက်များစွာကပင် ပြုလုပ်နေကြောင်း မှတ်တမ်းများတွင် တွေ့ရှိရသည်။
တရားဝင်အားဖြင့်ဗြိတိသျှတို့သည် ကတန်ဂါအရေးအခင်းတွင် ကုလသမဂ္ဂ၏ကြားဝင်ဆောင်ရွက်မှုကို ထောက်ခံခဲ့သော် လည်း နောက်ကွယ်၌မူ ခွဲထွက်ရေးသူပုန်များကို အားပေးထောက်ခံနေသည်။ စေ့စပ်ဆွေးနွေးပွဲများကို နှောက်ယှက်နေ သည်ဟု အတွင်းရေးမှူးချုပ်နှင့် ၎င်း၏လက်ထောက်များက ယုံကြည်ကြသည်။ အကြောင်းမှာ ကတန်ဂါရှိ သတ္ထုတွင်း များမှ ဗြိတိသျှတို့၏အကျိုးစီးပွားများနှင့် လူဖြူကိုလိုနီများအား ထောက်ခံ၍ ဖြစ်သည်။စက်တင်ဘာ(၁၃))ရက်နေ့ မနက်ပိုင်းတွင် ကတန်ဂါ ခွဲထွက်ရေး သူပုန်ခေါင်းဆောင် မွန်ဆီ ရွှန်ဘေ (Moise Tshombe) က ကုလသမဂ္ဂ၏ ကြား ဝင်ဆောင်ရွက်မှုကို လက်ခံလိုက်နာရန် အရိပ်အမြွက်ပြခဲ့သော်လည်း ကတန်ဂါဆိုင်ရာ ဗြိတိသျှကောင်စစ်ဝန် ဒင်ဇယ် ဒွန်းနစ်(Denzil Dunnett)နှင့်တွေ့ဆုံပြီးနောက် ညနေပိုင်းတွင် စိတ်ကူးပြောင်း၍ငြင်းဆန်သွားခဲ့သည်။
ဆိုဗီယက်၊ ပြင်သစ်နှင့် ကွန်ဂိုနှင့် ကတန်ဂါကိုလိုနီပိုင်ရှင်ဟောင်း ဘယ်လ်ဂျီယံတို့၏ ဖယ်ကြဉ်မှုကို ခံနေရသော မစ္စတာ ဒက်ဟမ္မာရှိုးသည် ကတန်ဂါသူပုန်များနှင့် ၎င်းတို့တွင် ပါဝင်နေသော ပြည်ပ ကြေးစားစစ်သားများအား တိုက်ခိုက်ရန် မော်သော်စစ်ဆင်ရေး (Operation Morthor) အားဆင်နွှဲရန် ၎င်း၏ဆုံးဖြတ်ချက်ကြောင့် ဗြိတိသျှနှင့်အမေရိကန်တို့ အားဒေါသအမျက် ထွက်စေခဲ့သည်။ ထိုစဉ်က အမေရိကန်သမ္မတကနေဒီသည် အတွင်းရေးမှူးချုပ်၏ဆုံးဖြတ်ချက်ကို အကြီးအကျယ်ဝမ်းနည်းကြောင်း မိမိလည်း ထို့အတူဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဒင်းရပ်စ် (Dean Rusk) က ဟမ္မားရှိုး၏ လက်ထောက်တဦးအား ပြောကြားခဲ့သည်။
မည်သူက လုပ်ကြံသည်ကို အတိအကျ မသိနိုင်သော်လည်း ခိုင်လုံသော အချက်များအရ အတွင်းရေးမှူးချုပ်မှာ လုပ်ကြံ ခံရခြင်း အသေအခြာပင်ဖြစ်သည်။ ထိုတွေ့ရှိချက်များအရ လုပ်ကြံမှု နောက်ကွယ်၌ အနောက်တိုင်း အင်အားကြီး နိုင် ငံများ ပါဝင်ပါတ်သက်နေကြောင်း သုတေသီဗောဒါးက နိဂုံးကောက်ချက်ချထားသည်။
ကွန်ဂိုနိုင်ငံ၏ ပေါကြွယ်ဝသည့် သယံဇာတများနှင့် ၎င်းအပေါ်မှ အနောက်နိုင်ငံများ၏ ကြီးမားသည့် အကျိုးစီးပွားများမှာ အာဖရိကန်လူမည်း လွတ်မြောက်ရေး လှုပ်ရှားမှုများကြောင့် အကြီးအကျယ် ခြိမ်းချောက်ခံနေရသည်။ လက်လွတ်ဆုံးရှူံး မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ သို့သော် လူဖြူများက ထိုအကျိုးစီးပွားကို အငန်းမရ ဖက်တွယ်ရန် အားထုတ် ကြိုးပမ်းမှုများက ဤလုပ်ကြံသတ်ဖြတ်မှု၏ အခြေခံအကြောင်းတရားပင် ဖြစ်သည်။
မစ္စတာဒက်ဟမ္မာရှိုးမှာ ကုလသမဂ္ဂ၏ ပဋိညဉ်စာတမ်းနှင့် နိုင်ငံတကာတရားဥပဒေစိုးမိုးရေးကို ယုံကြည်၍ အခိုင်အမာ ရပ်ခံသူတဦးဖြစ်သည်။ ၎င်း၏ ကြေးနန်းနှင့် ပုဂ္ဂိုလ်ရေးပေးစာများအရ မစ္စတာဟမ္မာရှိုးသည် အင်အားကြီးနိုင်ငံများ၏ ညစ်ကျယ်ကောက်ကျစ်သည့် စရိုက်များကို စက်ဆုတ်စိတ်ပျက်မိကြောင်း ရေးသားထားသည်ကိုတွေ့ရသည်။ ဤသု တေသနစာတမ်းအရ ဖော်ထုတ်တွေ့ရှိရသည့် အချက်များနှင့် ပတ်သက်၍ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာနမှ သမိုင်း ရေးရာ အရာရှိတဦးကမူ ဤစာတမ်းပါ စုံစမ်းတွေ့ရှိချက်များကို တစုံတရာ ဝေဘန်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။
ရွှေရိုး
(အင်အားကြီးနိုင်ငံများ၏ ညစ်ကျယ်ကျယ်စရိုက်နှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရန် ဘာမဆိုလုပ်တတ်သည့် အမူအ ကျင့်ကို သတိပြုနိုင်ရန်အတွက် အင်္ဂလန်ဂါးဒီယန်းသတင်းစာ (August 19, 2011 ) ၌ ပါရှိသော Julian Borger နှင့် Georgina Smith  တို့၏ UNchief’s plane ‘was shot down’ ကိုဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်သည်။)

မြစ်ရေစီးသံ နာခံလော့

ဗမာပြည်ကတော့ ထွေလာဆန်းကြယ်တွေ တမျိုးပြီးတမျိုး ပေါ်နေတော့တာပဲ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာကြီး ကင်တာနား ဗမာပြည်သွားလိုက်မှဘဲ ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ တပ်ကုန်းက NLD ခေါင်းဆောင် ကိုဖိုးထောင်တို့ ပြည့်ပြည့်ဝဝ ထောင်ကျသွားတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံပွဲကလည်း (သူတို့အပြောအရ) ကျေနပ်စရာကောင်းနေတဲ့အချိန် သွားတာဆိုတော့ ကော်မရှင်နာကြီးရဲ့ ခရီးကို ပရိတ်သတ်အပေါင်းက မျှော်လင့်ချက်ကောင်းကောင်းနဲ့ စောင့်ကြည့်နေလိုက်တာ ကင်တားနားလည်း ဖင်ကားယားနဲ့ အဆုံးသတ်သွားတော့မှ ဟာခနဲ ဖြစ်ကျန်ခဲ့ရတယ်။
ရယ်လည်းရယ်စရာ၊ မောလည်းမောစရာ မင်းကိုနိုင်ရဲ့စကားလေးကို သတိရမိတယ်။ အရင် ကုလကိုယ်စား လှယ်တော်ကြီး ဂမ္ဘာရီလက်ထက်ကပေါ့။ ထောင်ထဲမှာ အကျဉ်းသားတွေအကြား ဂမ္ဘာရီလာမယ်၊ ထူးမယ်၊ ဂမ္ဘာရီပြန်ရင် ထူးမယ်နဲ့ မျှော်လိုက်ရတာ ဂမ္ဘာရီသာ လာလိုက်ပြန်လိုက်နဲ့ သူ့တာဝန်သာ ပြီးဆုံးသွားတယ် ဘာမှ ထူးမလာဘူး။ အခု ကင်တားနားလည်း ရယ်စရာမောစရာနဲ့ဘဲ ပြီးသွားပြန်ပြီ။ ဒီတခါကတော့ မတူတာတွေ ဘေးထားပြီး တူတာတွေ အတူလုပ်ကြမယ်ဆိုတဲ့ စကားသံတွေကြောင့် အကောင်းမျှော်လင့်နေ ချိန်မှာဆိုတော့ မောစရာက ပိုကြီးသွားတော့တယ်။ လူထုအပေါင်းခင်ဗျာ ရင်ခေါင်းလောက်အထိ တက်လာတဲ့ ဝမ်းမြောက်ချင်တဲ့ သဒ္ဓါစိတ်ကလေးတွေ ဖုတ်ခနဲဖုတ်ခနဲ ပြုတ်ကျသွားရရှာတော့တယ်။
ဒါလားဟဲ့ စစ်ဗိုလ်ချုပ်များရဲ့ စိတ်ကောင်းစေတနာ၊ ဒါလားဟဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ မျိုးချစ်စိတ်။
ကြက်တူရွေးလွှတ်တော်ဥက္ကဋ္ဌကြီးဗိုလ်ချုပ်ကြီး(အရပ်ဝတ်)ရွှေမန်းတို့၊ခင်အောင်မြင့်တို့က နိုင်ငံရေးအကျဉ်းသား တွေကိုလွှတ်ချင်ပါတယ်။ အခုတော့မလွှတ်နိုင်သေးဘူး။ အခြေအနေကောင်းမှ လွှတ်မယ်လို့ ကော်မရှင်နာကြီး ကိုပြောလိုက်သတဲ့။ (၂၃)နှစ်ရှိနေတာတောင် အခြေအနေတွေကမကောင်းသေးဘူးလား။ သူတို့အုပ်ချုပ်မှ ဘယ်ခေတ်နဲ့မှ မတူအောင်ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်နေပြီလို့ တစာစာပြောခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ ရဲ့စကားတွေ ဘယ်ပျောက်ကုန်ပြီလဲ၊ ကြက်တူရွေးဥက္ကဋ္ဌကြီးတွေရဲ့ အခြေအနေကောင်းမှ လွှတ်မယ်ဆိုတော့ အခုကအခြေအနေ မကောင်းသေးဘူးလို့ဆိုတဲ့ အဓိပ္ပါယ်ပေါ့၊ ဒါဆို အဘက်ဘက်က ဘယ်ခေတ်နဲ့မှမတူအောင် တိုးတက်နေပြီလို့ပြောခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေလိမ်တာပေါ့။ မတူတာတွေ ဘေးထားပြီး တူတာတွေ တွဲလုပ်ကြမယ်ဆိုတာကော တကယ်ပဲလား၊ လိမ်တာလားလို့ မေးရင် ဘယ်လိုဖြေ မလဲ။ ဒါလဲ နောက်ကွယ်က လူလိမ်ကြီးတွေ ခိုင်းတဲ့အတိုင်း ပြောရတာပါလို့ ပြောဦးမယ် ထင်ပါရဲ့။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မဟုတ်သေးပါဘူး။ ပခုံးနဲ့ရင်ဘတ်မှာ သူရသတ္တိဆိုင်ရာဘွဲ့ တံဆိပ်တွေ အပြည့်ချိတ်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ သတ္တိကောင်းလိုက်ပုံက ဒီနိုင်ငံရေးအကျဉ်းသားတွေက လွှတ်ပေးပြီးရင် လမ်းမတွေပေါ်တက်ပြီး ဆန္ဒမပြကြဘူးလို့အာမခံမှ လွှတ်ပေးမယ်လို့ပြောလိုက်ပြန်သေးတယ်။ ပြောရဲပေ့ မောင်ကာဠုရယ်။ ကံကုန်ခါနီးတော့ဉာဏ်ထုံဆိုသလို ဒီစကားပြောရင် အာရပ်ကမ္ဘာကစခဲ့တဲ့ ကမ္ဘာ့ ဒီမိုကရေစီလှိုင်းတံပိုးကြီး ဗမာပြည်ကိုကူးစက်ရိုက်ခတ်မှာ စိုးရိမ်ကြောက်လန့်နေတဲ့ သူတို့အတွင်းသဘော ပေါ်သွားလိမ့်မယ်ဆိုတာတောင်မစဉ်းစားနိုင်ကြရှာတော့ဘူး။ ဖြစ်ရရှာပေ စစ်ဗိုလ်ချုပ်တွေရဲ့ဘဝ။ ပြောပဲ ပြောရဲ နိုင်လွန်းလိုက်တာ။ ဆာလို့ငိုတဲ့ကလေးကိုရိုက်ပြီး အရိုက်မခံချင်ရင်မငိုနဲ့လို့ပြောသလို ဖြစ်နေပြီ။ ကလေး ဆာတာကို ရှာကြံကျွေးမယ်လို့ စိတ်မကူးဘူး။ ဒါလားဟဲ့ မိဘနဲ့တူတဲ့ နိုင်ငံတော် အကြီးအကဲများဆိုတာ။
ဒါကို အဟုတ်လုပ်ပြီး ကော်မရှင်နာကြီးကလည်း အတိုက်အခံ နိုင်ငံရေးသမားတွေကို ခင်ဗျားတို့ ကြားဝင် အားမခံပေးမလားလို့ မေးရဲပြောရဲသလို၊ သူပြောရင် လိုက်လျောမယ်ဆိုတဲ့ အကျင့်စွဲနေတဲ့ နိုင်ငံရေးသမား ဆိုသူများကလည်း ကျနော်တို့ ကြိုးစားပါ့မယ်လို့ ပြောလိုက်ပြန်တယ်။ ပြီးတော့ စစ်ဗိုလ်ချုပ်ကြီးတွေ အကြိုက် နိုင်ငံရေးအကျဉ်းသားဆိုတဲ့စကားလုံးကို မသုံးဘဲ ယုံကြည်ချက်ကြောင့် အကျဉ်းချခံသူများလို့ နာမည်ပြောင်း သုံးပြီး အသနားခံကြမယ်ဆိုပါလား။ တိုင်းပြည်ကောင်းဖို့ ကိုယ့်အမြင်ကိုယ်ပြော၊ ကိုယ်ယုံကြည်ရာကို ဘယ်သူ့ကိုမှ မထိခိုက်စေဘဲလုပ်တာ နိုင်ငံရေးလုပ်တာမဟုတ်လား။ ဒီလိုပြော ဒီလိုလုပ်လို့ အဖမ်းခံရ အကျဉ်းချထားခံရသူဟာ နိုင်ငံရေးအကျဉ်းသား မဟုတ်ဘူးလား။ ပုဂံမင်း မိဖုရားဖြစ်လာတဲ့ အရပ်သူ မယ်နုက သူ့နာမည်ကို ပြည်သူပြည်သားတွေ မခေါ်ရ မသုံးရလို့ မတော်တရော် ကမောက်ကမ အမိန့်ထုတ်လို့ အရပ်သားတွေ မကျည်းရွက်နု၊ ဟင်းရွက်နုကို မကျည်းရွက်ထွတ်၊ ဟင်းရွက်သစ်လို့ ပြောခဲ့ကြ သုံးခဲ့ကြရတာကို သတိရစရာပဲ။ သမိုင်းစဉ်ဆက် ရယ်စရာကို ဖြစ်ရောပဲ။
ကြုံလို့ ပညာရှိသူတော်ကောင်းတွေရဲ့စကား နားခါးတတ်တဲ့စစ်ဗိုလ်ချုပ်တွေကို ကျွဲပါးစောင်းတီး လုပ်ပါဦးမယ်။ ဆရာကြီး ဒေါက်တာသန်းထွန်းက သမိုင်းဆိုတာ မအ အောင်လို့သင်တာလို့ဆိုတယ်။ သမိုင်းထဲမှာ သင်္ခန်းစာ ယူစရာတွေအပြည့်ရှိတယ်။ ဒါ့ကြောင့် ဆရာကြီးကဒီစကား မှာထားခဲ့တာပဲ။ ပုဂံမင်းဆိုတာ ဒီနေ့ စစ်ဗိုလ်ချုပ်မင်းတွေနဲ့အတော်တူတဲ့ ကုန်းဘောင်ခေတ်ကမင်းဆိုးမင်းညံ့တယောက်ပဲ။ ပြည်သူတွေဆီက အခွန် အကောက်ရထားတဲ့ ကောက်ပဲသီးနှံတွေကို သူ့မိဖုရားတွေက ငတ်နေတဲ့ပြည်သူကို ပြန်ရောင်စားတဲ့သူပဲ။ တိုင်းသူပြည်သားတွေအရေး တစက်ကလေးမှထည့်မစဉ်းစားဘဲ ကြက်တိုက်ငှက်တိုက်နဲ့ သောက်စားမူးယစ် အချိန်ဖြုန်းတယ်။ သူ့ဝါသနာဆိုးကို ကောင်းကောင်းဖြည့်ဆီးပေးနိုင်လို့ ကြက်သမား၊ နွားတိုက်သမား ကုလား ဘိုင်ဆတ်ကို မြို့ဝန်ခန့်တယ်။ လူပေါ့လူသွမ်း ကုလားဘိုင်ဆတ်က မြို့ဝန်အာဏာနဲ့ တိုင်းပြည်သူသားတွေကို နှိပ်စက်ညှင်းပန်းလွန်းလို့ နောက်ဆုံးသူကိုယ်တိုင်အမိန့်ထုတ် သတ်ပစ်ရတယ်။ အခု စစ်ဗိုလ်ချုပ်များက အရပ်ပျက် ကလေကဝတွေကို ကြံ့ဖွတ်တို့ စွမ်းအားရှင်တို့ဆိုပြီး လက်သပ်မွေး အာဏာပေးထားတာနဲ့ တပုံစံတည်းပဲ။ အခုတော့ ဗမာပြည်က ထောင်ထဲထားရမဲ့သူတွေကို အာဏာပေး၊ တိုင်းပြည်အုပ်ချုပ်ရမဲ့သူတွေကို ထောင်ထဲထဲ့နဲ့ တကဲ့ကို ကမောက်ကမတိုင်းပြည်။ အုပ်ချုပ်မင်းလုပ်သူတွေ တရားမဲ့ရင် ပြည်ပျက်တာပဲ။ သူ့လက်ထက်မှာ အောက်ဗမာပြည်ကို အင်္ဂလိပ်တွေ အလွယ်လေးသိမ်းသွားတာ ခံလိုက်ရတယ်။ ပြည်သူပြည်သားတွေ မခံမရပ်နိုင်လို့ ညီတော် မင်းတုန်းမင်းသားက ထီးနန်းသိမ်းလိုက်ရတယ်။ ပုဂံမင်းလည်း အရူးဘဝနဲ့ ဇာတ်သိမ်းသွားရတယ်။
အခု စစ်ဗိုလ်ချုပ်များခေတ်မှာလည်း ဗမာပြည် ခေါင်းပြတ်တော့မလို ဖြစ်နေပြီ။ ဗမာပြည်ရဲ့ မိခင်မြစ်ကြီး ဧရာဝတီလည်း ဖုတ်လိုက်ဖုတ်လိုက် အသက်ငင်နေပြီ။ ဒီတော့ စစ်ဗိုလ်ချုပ်တွေမှာ မျိုးချစ်စိတ်ကလေး နည်းနည်းကျန်သေးရင် ပုဂံမင်းအဖြစ်ကို င်္သခန်းစာယူပြီး လက်တွဲသင့်တဲ့သူနဲ့ လက်တွဲ၊ ပြင်စရာရှိတာတွေကို ပြင်ပြီး အမိဗမာပြည်ကို ကယ်တင်ရမဲ့ အချိန်ပဲဖြစ်တယ်။
ဒီနေ့စစ်ဗိုလ်ချုပ်တွေအနားမှာရှိတဲ့ ပြည်တွင်းပြည်ပကအသင်းအပင်းတွေကြားမှာ စစ်ဗိုလ်ချုပ်တွေကို ကြည်သာ နှစ်လိုလို့ပေါင်းနေတဲ့မိတ်ဆွေတယောက်မှမပါဘူး။ သူတို့ လိုဘ တခုတည်းအတွက်  မချစ်သော်လည်း အောင့်ကာနမ်းနေကြတယ်ဆိုတာ စစ်ဗိုလ်ချုပ်တွေအသိဆုံးပါ။ ဒီနေ့ခေတ် ကမ္ဘာ့အခင်းအကျင်းကြီးမှာ ဒီတခါ တိုင်းပြည်နွံနစ်ရင်တော့ကမ္ဘာ့သုဉ်းတဲ့အထိကျွန်ဖြစ်ကြဘို့ဘဲရှိတော့တယ်။ နိုင်ငံရေး အကြပ်ဆိုက်လာမှ ဟိုလူနဲ့ တွေ့ပြလိုက်၊ ဒီလူကို ကတိကဝတ်ပြုလိုက်၊ နိုင်ငံရေးအကျဉ်းသားလေး မဆိုစလောက် လွှတ်ပြလိုက်။ ပြီးတော့ အသက်ရှူချောင်လာရင် ရူးချင်ယောင်ဆောင်လိုက်နဲ့ တသက်လုံးဘိန်းစွဲသလိုစွဲလာတဲ့ နိုင်ငံရေးကလိန် ကကျစ် မျက်လှည့်ပွဲတွေရပ်သင့်ပါပြီ။ မင်းမှာသစ္စာ လူမှာကတိ ဖြစ်အောင် ကြိုးစားပြင်ဆင်ဖို့ လိုပါပြီ။
ဒီနေ့ စစ်ဗိုလ်ချုပ်တွေ လုပ်နေတဲ့ နိုင်ငံရေးစတန့်တွေကို ဘာကြောင့်လုပ်တယ်။ ဘာလိုချင်လို့ လုပ်တယ်ဆိုတာ နည်းနည်း အကင်းပါးတဲ့သူတိုင်းမြင်ပါတယ်။ သူတို့ခြေလှမ်းက (၈၈) အရေးအခင်းပြီးစမှာ လူမျိုးစု လက်နက် ကိုင်အဖွဲ့တွေကို မရ ရတဲ့ဈေးနဲ့ စေ့စပ်ထားပြီး ပြည်တွင်းကဒီမိုကရေစီအင်စားစုတွေကို အာရုံစိုက်ဖိနှိပ် ကွပ်ညပ်ခဲ့သလို အခုတခါ ပြောင်းပြန်တဆစ်ချိုးပြီး ပြည်တွင်းကအင်အားစုတွေနဲ့ ဟန်ပြနားလည်မှုယူပြီး လူမျိုး စုလက်နက်ကိုင်အဖွဲ့တွေကို အာရုံစိုက်ချေမှုန်းဘို့ဟန်ပြင်တာပါပဲ။ ဒီဖော်နည်းကားကဒီတခါ အသုံးမဝင်နိုင် တော့ဘူး။ ခေတ်ကပြောင်းသွားပြီ။ လူထုဆက်သွယ်ရေးနည်းပညာတွေတိုးတက်လာလို့ အင်အားစုတွေ တခုနဲ့ တခုအကြား သတင်းဆက်သွယ် အမြင်ဖလှယ်နိုင်တာတွေက သိပ်ကိုအားကောင်းနေပြီ။ တနေရာတည်းမှာ နှစ်ခါချောင်းတဲ့မုဆိုးဟာ သားကောင်ဖြစ်တတ်တယ်။ ဒီတခါဖြစ်မယ့်သားကောင်က စစ်ဗိုလ်ချုပ်တွေတင်မကပဲ တိုင်းပြည်နဲ့ လူမျိုးပါ ရောပါသွားမှာပဲ။
နောက်အာရပ်ကမ္ဘာကစလိုက်တဲ့ ကမ္ဘာ့ဒီမိုကရေစီလှိုင်းကြီး ဗမာပြည်ကိုရိုက်ခတ်ပြီး လူထုအုံကြွမှာကိုကြောက် တယ်။ စစ်တပ်အောက်ခြေ အများစုကလည်း အရင်လို ခိုင်းမရတော့မှာကိုသိနေတယ်။ ဒါဟာ မြစ်တစင်းထက် အင်အားပြင်းတဲ့ လူထုရဲ့ဆန္ဒဖြစ်တယ်။ ဧရာဝတီကိုပိတ်ဆို့လို့ ရကောင်းရမယ်။ (၂၃) နှစ်တိုင်တိုင် ဖိနှိပ်ဖျောက်ဖျက်လို့ မရတဲ့အပြင် ပြင်းသထက်ပြင်းလာတဲ့ လူထုဆန္ဒကိုတော့ ဖိနှိပ်ပိတ်ဆို့လို မရနိုင်ဘူး။ ရနေတယ်ဆိုတာက အခိုက်အတန့်သာဖြစ်တယ်။ ဒါကြောင့် မြစ်ရေစီးသံကို နာခံဘို့ လိုပါတယ်။
ဒီနိုင်ငံရေးစတန့်တွေလုပ်ရတဲ့နောက်တချက်က စစ်အုပ်စုဟာတဖက်မှာလည်း အတုအယောင်ရွေးကောက်ပွဲက ထင်သလောက်ခရီးမပေါက်ပဲ နိုင်ငံတကာဝင်ဆံ့ဖို့အကြံမမြောက်ဖြစ်နေတယ်။ အာဆီယံဥက္ကဋ္ဌနေရာရဖို့ဆိုတာ  ဒီအကြံအစည်းရဲ့ပထမခြေလှမ်းပဲ။ ဒီက တဆင့်တိုးပြီး နိုင်ငံတကာကို ဝင်ဆံ့လာရာကနေ နောက်ဆုံး အရေးယူ ပိတ်ဆို့မှု ဆန်ရှင်တွေရုတ်သွားဖို့ပဲဖြစ်တယ်။ စစ်ဗိုလ်ချုပ်တွေ အရူးအမူးဆန်ရှင်ပြုတ်စေချင်တာကလည်း တိုင်းပြည်နဲ့လူမျိုးအကျိုးထက် သူတို့ အတ္တအကျိုးကပိုပါတယ်။ ဆန်ရှင်ပြုတ်မှလည်း သူတို့ရဲ့နည်းပေးလမ်းပြ ခေါင်းကိုင်အဖ ဝဲစားကြီးဗိုလ်နေဝင်းနဲ့ နိုင်ငံတကာကအာဏာရှင်များလို ပြည်သူတွေဆီက ခိုးဆိုးလုယက် စုဆောင်းထားတာတွေကို ဆွစ်ဇာလန်ဘဏ်လို နိုင်ငံခြားဘဏ်တွေမှာ ဆွေစဉ်မျိုးဆက် သုံးစားနိုင်ဖို့ ပြောင်းရွှေ့သိုဝှက်နိုင်မှာ ဖြစ်တယ်။
အချုပ်ပြောရရင်တော့ ဗမာတပြည်လုံး ဘက်ပေါင်းစုံမှာ အကြပ်အတည်းပေါင်းစုံ ဆိုက်နေတယ်။ တိုင်းပြည် အနာဂါတ်ကို ခြိမ်းခြောက်ခံရပြီ။ လူမျိုးစုံ ပြည်သူတွေအကြား အမျိုးသားရင်ကြားစေ့ရေးကတဆင့် အမျိုးသား ညီညွတ်ရေးနဲ့ အမိဗမာပြည်ကို ဝိုင်းဝန်းကယ်တင် စောင့်ရှောက်ကြဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်တယ်။ သေချာတာကတော့ အမျိုးသားရင်ကြားစေ့ရေးတို့ အမျိုးသားစည်းလုံးညီညွတ်ရေးတို့ဆိုတာ (၂၀၀၈) စစ်ကျွန် ဖွဲ့စည်းပုံဘောင်ထဲမှာ လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့အချက်ပဲ။ (၂၀၀၈) အဖွဲ့စည်းပုံဟာ စစ်ခေါင်းဆောင်တွေ အချင်းချင်းကြားတင်မက စစ်တပ်နဲ့ လူမျိုးစုံပြည်သူတွေအကြား ထာဝရစိတ်ဝမ်းကွဲစေပြီး ပဋိပက္ခတွေ တခြိမ်းခြိမ်း ထုတ်လုပ်ပေးနေမယ့် ယန္တရားဖြစ်တယ်။
လူမျိုးစုံ ပြည်သူတွေအကြား အမျိုးသားရင်ကြားစေ့နိုင်ဖို့ဆိုတာက သမမျှတတဲ့ အပေးအယူ ညှိနှိုင်း သဘောတူညီမှုတွေနဲ့မှသာဖြစ်နိုင်ပါတယ်။ ငါက အသာစီးရလို့ မတော်မတရား သဘာဝမကျတဲ့ တောင်းဆိုမှု တွေကိုတောင်းဆို၊ ပြေလည်ချင်ဇောနဲ့ သဘာဝမကျတဲ့လိုက်လျောတဲ့သဘောတူညီမှုတွေဆိုတာ သမမျှတမှု မရှိတဲ့ အပေးအယူညိနှိုင်းသဘောတူမှုတခုပဲဖြစ်တယ်။ ဒီလို မတော်မတရားသဘာဝမကျတဲ့ စေ့စပ်ဆွေးနွေးပွဲ က ရလာတဲ့ အဖြေဆိုတာကလည်း တိုင်းပြည်အနာဂါတ်အတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။
စစ်ဗိုလ်ချုပ်တွေတိုင်းပြည်ကို တကယ်ကောင်းစေချင်၊ ပြောင်းလဲချင်ရိုးမှန်ရင်တော့ ပညာရှိ သတိမမူ ဂူမမြင် ဖြစ်မှာစိုးရိမ်လို့ မဟတ္တမဂန္ဒီကြီးရဲ့ စကားတခုကို မျှဝေလိုက်ပါတယ်။ ဂန္ဒီကြီးက စေ့စပ်ဆွေးနွေးရေးနဲ့ ဆက်စပ်ပြီး အောက်ကအတိုင်း ပြောခဲ့ပါတယ်။
“စေ့စပ်ဆွေးနွေးမှု မှန်သမျှဟာ အပေးအယူကို အခြေခံပေမယ့်၊ အခြေခံမူ ကျောရိုးကိုတော့ အပေးအယူလုပ်လို့ မရဘူး။ အခြေခံမူ ကျောရိုးကို အပေးအယူလုပ်တဲ့ စေ့စပ်ညိနှိုင်းမှုဆိုတာ လက်နက်ချခြင်းတမျိုးဖြစ်တယ်။ အရာအားလုံးကို အချည်းအနှီးပေးလိုက်ခြင်းဖြစ်တယ်။” (All compromise is based on give and take, but there can be no give and take on fundamentals. Any compromise on mere fundamentals is a surrender. For it is all give and no take.)

ရဲဘော်ကျော်သန်း
၂၉၊ ၈၊ ၂၀၁၁။
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ