စစ်ကောင်စီလက်ဝေခံ သွေးသောက်အဖွဲ့ထဲ ဝင်ဖို့ ပုလောမြို့နယ်မှာ လိုက်လံစည်းရုံး၊ သိမ်းသွင်းနေ

ပုံ - ပုလောမြို့နယ်မှာကပ်ထားတဲ့ သွေးသောက်အဖွဲ့ရဲ့စာ

တနင်္သာရီတိုင်းမ် ၊ မေ ၉

ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ ပြည်သူတချို့ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ပူးပေါင်းတိုက်ခိုက်ဖို့ သွေးသောက်အဖွဲ့က လိုက်လံ စည်းရုံးသိမ်းသွင်းနေတယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က စာထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲတွေက ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ ပြည်သူတချို့ကိုပစ်မှတ်ထား ရှင်းလင်းတာမခံရအောင် သူတို့အဖွဲ့နဲ့ ပူးပေါင်းဖို့၊ အဖွဲ့ဝင်ဖို့ သိမ်းသွင်းနေတာမျိုးဖြစ်တယ်လို့ ထုတ်ပြန်စာမှာ ရေးသားထားပါတယ်။

အခုရက်ပိုင်းမှာ ပုလောမြို့နယ်အတွင်း သွေးသောက်အဖွဲ့က အပြစ်မဲ့ ပြည်သူတွေကို  ခြိမ်းခြောက်နေတဲ့ အဖြစ်အပျက်တွေ ရှိနေပြီး အနီရောင်လက်ကမ်းစာစောင်တွေကို ဖြန့်ဝေနေတာတွေရှိလာနေတယ်လို့သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြည်ခိုင်ဖြိုး ပါတီဝင်တွေနဲ့ စစ်အာဏာရှင်  တော်လှန်ရေး မထောက်ခံသူတွေကို ပစ်မှတ်ထားပြီးရှင်းပစ်နေတာကြောင့် သူတို့အဖွဲ့ကလည်း NLD အဖွဲ့ဝင်တွေ PDFအဖွဲ့ဝင်တွေ၊ သူတို့နဲ့ ပတ်သက်တဲ့ မိသားစုဝင်တွေနဲ့ ထောက်ပံ့ပေးနေသူတွေကို ပစ်မှတ်ထား ရှင်းလင်းမှာဖြစ်တယ်လို့ သွေးသောက်အဖွဲ့က ခြိမ်းခြောက်နေတယ်လို့လည်း သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ ပါတီစွဲ၊ ခံစားချက်စွဲ၊ ပုဂ္ဂိုလ်စွဲတွေနဲ့ တော်လှန်တိုက်ခိုက်နေတာမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကိုသာ တော်လှန်နေတာဖြစ်တယ်လို့ မိဘပြည်သူတွေကို ပြောဆိုထားပါတယ်။

စစ်အာဏာရှင် တော်လှန်ရေးကို ဘယ်လောက် အနှောက်အယှက်ပေးနေသလဲဆိုတဲ့ အချက်ကို မူတည်ပြီး ကိုင်တွယ် ဖြေရှင်းသွားမှာဖြစ်ပြီး ဘယ် ပါတီဝင် ဖြစ်ပါစေ၊ အပြစ်မဲ့သူ ဘယ်သူကိုမဆို အနှောက်အယှက်ပေးမှာ မဟုတ်ဘူးလို့ ကတိပြုထုတ်ပြန်ထားပါတယ်။


The Tanintharyi Times

စစ်ကောင်စီလက်ဝေခံ သွေးသောက်အဖွဲ့ထဲ ဝင်ဖို့ ပုလောမြို့နယ်မှာ လိုက်လံစည်းရုံး၊ သိမ်းသွင်းနေ စစ်ကောင်စီလက်ဝေခံ သွေးသောက်အဖွဲ့ထဲ ဝင်ဖို့ ပုလောမြို့နယ်မှာ လိုက်လံစည်းရုံး၊ သိမ်းသွင်းနေ Reviewed by THITHTOOLWIN on 20:17 Rating: 5

No comments:

Powered by Blogger.