ညောင်ရွှေမြို့နယ် သန်းထောင်စျေးမှာ စစ်ကောင်စီ သတင်းပေး ၂ ဦး ပစ်သတ်ခံရ

သတင်း/ဓာတ်ပုံ- CJ

မေလ ၉ ရက်၊ ညောင်ရွှေ

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ သန်းထောင်စျေးမှာ ဒီနေ့မနက်က စစ်ကောင်စီ သတင်းပေးဆိုသူ ဒလန် ရဲမြင့်နဲ့ ၎င်းရဲ့သမက်ဖြစ်သူ ကျော်စွာတို့ စျေးရောင်းနေစဥ် ပစ်သတ်ခံရကြောင်း သန်းထောင် စျေးသည်တွေဆီက သိရပါတယ်။

“မနက် ၇ နာရီ (၁၅)မိနစ်လောက် ဆိုင်ဖွင့်ခါစပဲ ရှိသေးတယ်။ ဒိုင်း ဒိုင်းကြားလို့ စားပွဲအောက် ဝပ်နေရတယ်။ ပြီးတာနဲ့ ဘာမှ လှည့်မကြည့်နိုင်တော့ဘူး။ ဆိုင်သိမ်းပြီး ပြန်ပြေးရတာပဲ။ နှစ်ယောက်လုံး ဦးခေါင်းမှန်ပြီး ပွဲချင်းပြီးတယ်လို့ ပြောနေကြတယ်” လို့ သန်းထောင်စျေးသည်တစ်ဦးက ပြောပါတယ်။

ဒလန် ရဲမြင့်ဆိုသူနဲ့ သမက်ဖြစ်သူ ကျော်စွာတို့ဟာ ညောင်ရွှေမြို့နယ် ဟဲယာရွာမမှာ နေထိုင်ကြပြီး ၎င်းတို့ရဲ့ သတင်းပေးမှုကြောင့် ဒီလအတွင်း PDF ကို ထောက်ပံ့နေတဲ့ ရွာသားတစ်ဦး ဖမ်းဆီးခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အရင်နှစ် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလတုန်းကလည်း ၎င်းတို့ သတင်းပေးမှုကြောင့် ယခင် ၅ နှစ်တာကာလအတွင်း  အင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကနေ အနိုင်ရထားတဲ့ ဝန်ကြီး ဒေါက်တာ ထွန်းလှိုင်လည်း ဖမ်းဆီးခံခဲ့ရဖူးပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ဟဲယာရွာမ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းရာ “ရဲမြင့်ကတော့ စျေးမှာ အထည်ရောင်းတာ။ သူတို့နှစ်ယာက်ကို ကျည်ဆံတစ်တောင့်နဲ့ သတိပေးစာ ရောက်လာတာက နှစ်ပတ်ရှိပြီ။ အဲဒါကြောင့်လည်း သူတို့ ရှေ့အပတ်က သန်းထောင်စျေး သွားမရောင်းရဲဘူး။ အခု စိတ်ချပြီအထင်နဲ့ စျေးသွားလိုက်တာ သေတာပဲ” လို့ ​ဆိုပါတယ်။

၎င်းရဲ့သမက်ဖြစ်သူ ကျော်စွာလည်း စစ်ကောင်စီသတင်းပေး လုပ်တဲ့အပြင် သန်းထောင်စျေးအနောက်ဘက် ရွာငယ်တွေမှာ နွားမွေးမြူရေးသမားဆီကနေ ဆက်ကြေးကောက်ပြီး ကားဝယ်ထားကြောင်း ရွာခံတွေက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီ ခန့်အပ်ထားတဲ့ ဟဲယာရွာမ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးခေါ် သားကြီးဆိုသူကိုလည်း ကျည်ဆံတစ်တောင့်နဲ့အတူ သတိပေးစာ ရောက်လာပြီး ဖြစ်တယ်လို့ ရွာခံတွေက ​ဆိုပါတယ်။

ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းရှိ အင်းတိန်ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဒလန် ဇင်မင်းဆိုသူကလည်း ယခင်လက ကွမ်းရာဝယ်နေစဥ် PDF တစ်ဖွဲ့က ပစ်ခတ်ခဲ့ပြီး အောင်ပန်း ကုတင်တစ်ထောင် စစ်ဆေးရုံမှာ ဒဏ်ရာပြင်းထန်မှုကြောင့် လက်ရှိအချိန်ထိ သတိမလည်သေးပဲ အောက်ဆီဂျင် ပေးထားရကြောင်း အင်းတိန်ရွာခံတွေဆီက သိရပါတယ်။

ညောင်ရွှေမြို့နယ်အတွင်း အင်းတိန်ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ဟဲယာရွာမရှိ ဒလန် ၂ ဦး ပစ်သတ်ခံရပြီးနောက် ကျန်တဲ့ကျေးရွာတွေဖြစ်တဲ့ သာလေးနဲ့ အင်းပေါခုံ ကျေးရွာအုပ်ချုပ်ရေးမှူး တို့ကိုလည်း ကျည်ဆံတစ်တောင့်နဲ့ သတိပေးစာ ရောက်ရှိလာခဲ့ပြီးဖြစ်ရာ ယင်းသို့ လုပ်ဆောင်မှုကိုမူ ဘယ် PDF က လုပ်ဆောင်ကြောင်း ထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူး။


Shwe Phee Myay News Agency 

ညောင်ရွှေမြို့နယ် သန်းထောင်စျေးမှာ စစ်ကောင်စီ သတင်းပေး ၂ ဦး ပစ်သတ်ခံရ ညောင်ရွှေမြို့နယ် သန်းထောင်စျေးမှာ စစ်ကောင်စီ သတင်းပေး ၂ ဦး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 20:21 Rating: 5

No comments:

Powered by Blogger.