PDF ထောင်ထားတဲ့မိုင်းနင်းမိပြီး စစ်ကောင်စီဘက်က အရာခံဗိုလ်တဦးအပါအဝင် ၂ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ

ကနီ၊ ဇန်နဝါရီ ၁၁၊ ၂၀၂၂။ 

ကနီမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၀ ရက် မနေ့က နေ့လည် ၁၂ နာရီ‌ လောက်က PDF ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး စစ်ကောင်စီဘက်က အရာခံဗိုလ်တဦးအပါအဝင် ၂ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KLG Kani PDF ဆီကသိရပါတယ်။ 

အင်အား ၂၀ ကျော်ပါ စစ်သားနဲ့ပျူစောထီးပူးပေါင်းအဖွဲ့ဟာ  စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းရွာနဲ့ ငါးဖျက်တောတိုက်ကြားအရောက်မှာ နင်းမိခဲ့တာဖြစ်တယ်လို့ ကနီ PDF ရဲ့တာဝန်ခံ AT ကပြောပါတယ်။ 

"ကျနော်တို့က လုံခြုံရေးအရမိုင်းတွေဆင်ထားတာ၊ အဲ့ဒါကိုသူတို့ကနင်းမိပြီး ကျနော်တို့သတင်းအတိအကျ ရတာက‌တော့ ၂ ယောက်ကသေတယ်၊ တယောက်ကတော့ အရာခံဗိုလ် နောက်တယောက်ကတော့ ပျူစောထီးလား စစ်သားလားတော့ အတိအကျမသိရဘူး။ ၆ ယောက်ကတော့ ဒဏ်ရာရပြီး လှည်းပေါ်ကိုတင်ခေါ်သွားတယ်၊ ဒဏ်ရာရတဲ့အထဲမှာ ပျူတွေလည်းပါတယ်" လို့ သူကပြောပါတယ်။ 

သေဆုံးသူတွေရဲ့အလောင်းကိုတော့ ကနီဆေးရုံအတွင်းက ရင်ခွဲရုံမှာထားရှိထားပြီး ဒဏ်ရာရသူတွေကိုလည်း အဲ့ဒီဆေးရုံးမှာပဲ ဆေးကုသမှုတွေပေးနေတယ်လို့ တာဝန်ခံ AT ကဆက်ပြောပါတယ်။

မိုင်းနင်းမိပြီးတဲ့နောက် ကျန်ခဲ့တဲ့ စစ်ကောင်စီအဖွဲ့တွေဟာ သူတို့တပ်စွဲထားတဲ့ အလယ်ကျွန်းရွာကိုပြန်တဲ့လမ်းက ဒေသခံတဦးရဲ့အိမ်ကိုမီးရှို့သွားခဲ့တယ်လို့လည်း သိရပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ ဒလန်ဆိုသူတွေအများစုနေထိုင်တဲ့ အလယ်ကျွန်းရွာမှာ တပ်စွဲထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက် ၂၀ လောက်ကလည်း အလယ်ကျွန်းရွာရဲ့ ဘေးကပ်လျက် သရက်တောရွာက အများသားတဦးကို စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ကနီ PDF ရဲ့တာဝန်ခံ AT ကပြောပါတယ်။  

ကနီ PDF ရဲ့ထုတ်ပြန်ချက်အရ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်ကလည်း ကနီမြို့နယ်မြို့နယ်၊ ဘန့်‌ဘွေးရွာအနီးမှာ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။ 

မြေလတ်အသံ - Myaelatt Athan 


PDF ထောင်ထားတဲ့မိုင်းနင်းမိပြီး စစ်ကောင်စီဘက်က အရာခံဗိုလ်တဦးအပါအဝင် ၂ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ PDF ထောင်ထားတဲ့မိုင်းနင်းမိပြီး စစ်ကောင်စီဘက်က အရာခံဗိုလ်တဦးအပါအဝင် ၂ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 22:33 Rating: 5

No comments:

Powered by Blogger.