ဒီဇင်ဘာ ၁ ယနေ့ စစ်ကောင်စီသတင်းပေးဆိုသူ (၉) ဦး သေဆုံး

Photo : CJ ( သာကေတ ဆယ်အိမ်မှူး သေဆုံးနေသည်ကို မြင်ရစဉ်)

ရန်ကုန်၊ ဒီဇင်ဘာ ၁

အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင်အဖြစ် စွပ်စွဲခံထားရသူများနေ့စဉ်လိုလို အသတ်ခံရမှုများရှိနေပြီး ယနေ့ ဒီဇင်ဘာ(၁) ရက်နေ့တွင်လည်း လူငယ့်ခေတ်၏ လက်လှမ်းမီသမျှ စာရင်းများအရ ဖြစ်စဉ် (၄) ခုရှိခဲ့သည်။

(၁) PDF များကို စိန်ခေါ်ခဲ့သူဆိုသည့်  ရေစကြိုသိန်းမြင့် 

ယနေ့ နံနက်(၁၀)နာရီဝန်းကျင်ခန့်က ရေစကြိုမြို့နယ်၊ ရပ်သာရွာနေ ဦးသိန်းမြင့်ကို သေနတ်ဖြင့် သုံးချက်ပစ်သတ်ခဲ့သည်ဟု UURF -YSO က ထုတ်ပြန်ထားသည်။

၎င်းသည်ကျေးရွာတွင်း၌ စစ်တပ်ခေါ်မည်ဟုဆိုကာ ပြည်သူလူထုအား အနိုင်ကျင့် ခြိမ်းခြောက်ခြင်း၊ စစ်ကောင်စီလက်ပါးစေများကို ရိက္ခာထောက်ပံ့ခြင်း၊ မြေပြင်သတင်းပေးခြင်း၊ ပျူစောထီးအဖွဲ့များဖြင့် အစည်းအဝေးများပြုလုပ်ကာ PDF များအား စိန်ခေါ်ခြင်း စသည်တို့ကို ကျူးလွန်ကြောင်း တိကျသည့် သတင်းများရှိသည့်အတွက် နှုတ်ပိတ်လိုက်ခြင်းဖြစ်သည်ဟု UURF-YSO ကဆိုသည်။


(၂) သာကေတ ဆယ်အိမ်မှူး 

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၆)အရှေ့ရပ်ကွက် စစ်ကောင်စီခန့် ဆယ်အိမ်မှူး ဦးဝင်းကြိုင် ယနေ့ နံနက်(၈)နာရီ ခွဲခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။ 

၎င်းမှာ ဝေဇယန္တာ(၁၃)လမ်းထိပ် လက်ဖက်ရည်ဆိုင်၌ ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး မည်သူက လုပ်ဆောင်သည်ကိုမူ လူငယ့်ခေတ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။


(၃) ကြံ့ခိုင်ရေးပါတီဝင်တဖြစ်လဲ စစ်တပ်သတင်းပေးဆိုသူ

ယနေ့ ညနေ(၄)နာရီဝန်းကျင်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၌ ကြံ့ခိုင်ရေးပါတီဝင်လည်းဖြစ်ကာ စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူ မြင့်သိန်း ပစ်ခတ်ခံရ ပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

၎င်းကိုလည်း မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်က ပစ်သတ်ခဲ့ကြောင်းကို လူငယ့်ခေတ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။


(၄) တန့်ဆည် မြို့နယ်မှ အုပ်ကြီး 

တန့်ဆည်မြို့နယ်၊ ကျွန်းတောကုန်းကျေးရွာရှိ မိသားစုလိုက် စစ်ကောင်စီသတင်းပေးနှင့် ထောက်ခံသူအဖြစ် စွပ်စွဲခံထားရသည့် အုပ်ချုပ်ရေးမှူး ဦးတိုက်ငွေ၏ နေအိမ် ယနေ့ မီးလောင်ပြီး မိသားစုဝင်(၆)ဦး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဦးတိုက်ငွေနှင့် ၎င်း၏ဇနီး ဒေါ်ခင်နှင်းမှာ  ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး  ကျန်မိသားစုဝင်(၆)ဦးမှာ သေဆုံးခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

သေဆုံးခဲ့သူများသည် စစ်ကောင်စီသတင်းပေး ဟုတ်၊ မဟုတ်ကို မူ လူငယ့်ခေတ် အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။


Lu Nge Khit

ဒီဇင်ဘာ ၁ ယနေ့ စစ်ကောင်စီသတင်းပေးဆိုသူ (၉) ဦး သေဆုံး ဒီဇင်ဘာ ၁ ယနေ့ စစ်ကောင်စီသတင်းပေးဆိုသူ (၉) ဦး သေဆုံး Reviewed by THITHTOOLWIN on 04:58 Rating: 5

No comments:

Powered by Blogger.