ဥသျှစ်ပင်မြို့ အရှေ့ရပ်သာရွာက NLD ပါတီဝင် ၂ ဉီး ဖမ်းဆီးခံရ

မနေ့ညကအဖမ်းခံရသူ ကိုစည်သူအောင်

ပန်းတောင်း၊ နိုဝင်ဘာ ၂၁၊ ၂၀၂၁။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ အရှေ့ရပ်သာရွာက NLD ပါတီဝင်တဦးကို နိုဝင်ဘာ ၂၀ ရက်နေ့ညက စစ်ကောင်စီကဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူမှာ နိုင်ငံရေးအကျဉ်းသားဟောင် NLD ပါတီဝင် ကိုစည်သူအောင်ဖြစ်ပြီး၊ လာရောက်ဖမ်းစဥ်က သူအပါအဝင် NLD ရပ်ကျေးဥက္ကဌ ဦးကျော်သန်းကိုပါ တပါတည်းဖမ်းဆီးရန် လာရောက်ခဲ့သော်လည်း သူတဦးထဲသာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ထွက်ပြေးလွတ်မြောက်သွားသူ ဦးကျော်သန်းကတော့ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီထံ သွားရောက်အဖမ်းခံခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"လာအဖမ်းခံရင်ခံအဖမ်းမခံရင် တွေ့တဲ့နေရာမှာအသေပစ်မယ်လို့ စစ်သားတွေက ပြောသွားလို့ သွားအဖမ်းခံတယ်လို့ပြောတယ်" လို့ အရှေ့ရပ်သာနေသူတဦးက ပြောပါတယ်။

ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မှာ အခုလထဲ နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်သူတွေကို မကြာခဏဆိုသလို ခပ်စိပ်စိပ်ဖမ်းခံနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"ပြေးဘို့လွှားဘို့ ငွေလိုတယ်။ ရောက်တဲ့နေရာမှာ စားဘို့သောက်ဘို့ကအစ ဝမ်းရေးမလွယ်တော့ အလွယ်တကူအဖမ်းခံနေရတာ တနေ့နေ့ ဖမ်းမယ်ဆိုတာ သိသိကြီးနဲ့ နေရတာ မလုပ်ဘဲလဲ မနေနိုင်ဘူး" လို့ တိမ်းရှောင်နေသူတဦးက ပြောပါတယ်။

အခုလပိုင်းအတွင်း ဥသျှစ်ပင်မြို့ အနီးတဝိုက်က ဖမ်းဆီးခံရသူတွေကတော့ မကျီးထုံးကျေးရွာက ပညာရေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားနဲ့ မိခင်ဖြစ်သူနဲ့ ပြည်တော်သာရပ်ကွက်က CDM ကျောင်းဆရာမတဦးတို့ဖြစ်ပါတယ်။

မြေလတ်အသံ - Myaelatt Athan 

ဥသျှစ်ပင်မြို့ အရှေ့ရပ်သာရွာက NLD ပါတီဝင် ၂ ဉီး ဖမ်းဆီးခံရ ဥသျှစ်ပင်မြို့ အရှေ့ရပ်သာရွာက NLD ပါတီဝင် ၂ ဉီး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:24 Rating: 5

No comments:

Powered by Blogger.