ထားဝယ်မှာ လူငယ်တွေ ဆက်တိုက်ဖမ်းဆီးခံနေရ


ထားဝယ်၊ နိုဝင်ဘာလ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ နိုဝင်ဘာလ အတွင်း စစ်ကောင်စီဘက်မှ လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ လုပ်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့ညက ထားဝယ်မြို့၊ သင်္ဘောဆိပ်ရပ်ကွက် ဧရာဝတီဘဏ်ရှေ့လမ်းကြားမှာ နေထိုင်သူ ကိုရှိုင်းထက်အောင်နဲ့လူငယ် ၂ ဦး စုစုပေါင်း ၃ ဦးတို့ နေအိမ်မှာ  ဂိမ်းဆော့နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

"ညက ဂိမ်းဆော့နေတဲ့ လူငယ် ၃ ဦးကိုထပ်ဖမ်းသွားတယ်။ ဒီရက်ပိုင်း စကစတွေက လူငယ်တွေ တော်တော်များများကို ဖမ်းထားတယ်လို့ သိရတယ်။ အကြောင်းပြချက်ကတော့ မျိုးစုံပေါ့''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့က ထားဝယ်မြို့၊ ဗျောတောဝ စစ်ဆေးရေးဂိတ်မှာ အသက် ၁၇ နှစ်အရွယ် မောင်ရဲရဲကို ဖုန်းထဲမှာ သပိတ်စစ်ကြောင်းပုံများ တွေ့တယ်လို့ဆိုကာ ဖမ်းဆီးသွားခဲ့ပါတယ်။

မောင်ရဲရဲရဲ့ ဖုန်းကို စစ်ကောင်စီက စစ်ဆေးပြီးနောက်ပိုင်း သပိတ်စစ်ကြောင်းထဲပါတယ်ဟုဆိုကာ မောင်ညီလင်းခန့်၊ မောင်ညီပိုင်ခန့်တို့ကို ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့မှာလည်ပိုင်းမှာ ပုံးကျွန်းရပ်က CDM ဝန်ထမ်းအမဖြစ်သူကို မမိတာကြောင့် အသက်မပြည့်သေးတဲ့ မောင်ချမ်းမြေ့အောင် ၁၆ နှစ်နဲ့မောင်ငြိမ်းချမ်းအောင် ၁၄ နှစ်တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့ညပိုင်းမှာ ထိန်ဟောင်းရပ်ကွက် စျေးလေးလမ်းက မမြတ်ဆုမွန်ကိုလည်း ဖမ်းဆီးသွားသေးတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့ထိ ထားဝယ်မြို့ပေါ်ရပ်ကွက်တွေထဲက စစ်ကောင်စီဖမ်းဆီးတာကိုခံရတဲ့ လူငယ် ၂၀ ဦးထက်မနည်းရှိလာပြီလို့လည်း သိရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေထဲမှာ အချို့ကို ပြန်လွှတ်ပေးတာရှိပြီး အချို့ကတော့ မိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ် - Than Lwin Times 

ထားဝယ်မှာ လူငယ်တွေ ဆက်တိုက်ဖမ်းဆီးခံနေရ ထားဝယ်မှာ လူငယ်တွေ ဆက်တိုက်ဖမ်းဆီးခံနေရ Reviewed by THITHTOOLWIN on 22:59 Rating: 5

No comments:

Powered by Blogger.