မြစ်ကြီးနားမြို့ ပြည်နယ်တရားရုံးဝင်းအတွင်း အသံမိုင်းပေါက်ကွဲ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်က ပြည်နယ်တရားလွှတ်တော်ရုံး ဝင်းအတွင်းမှာ ဒီနေ့ မနက်ခင်းက အသံမိုင်းတလုံးပေါက်ကွဲခဲ့ပါတယ်။ တနင်္လာနေ့ မနက်ပိုင်းကလည်း မိုးညှင်းမြို့နယ် အတွင်းမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ကချင်ပြည်နယ်က အခြေအနေကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မြစ်ကြီးနားမြို့ ဧရာရပ်ကွက်မှာရှိတဲ့ ပြည်နယ်တရားလွှတ်တော်ဝင်းအတွင်း ဒီနေ့ နိုဝင်ဘာ ၃၀ ရက် အင်္ဂါနေ့ မနက်က အသံမိုင်း ပေါက်ကွဲခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တရားစွဲခံထားရတဲ့ အမှုတွေထဲက ပုဒ်မ ၅၀၅-ခ အမှုအတွက် နေပြည်တော်တရားရုံးက အမိန့်ချမယ်လို့ မူလသတ်မှတ်ထားတဲ့ရက်မှာ မြစ်ကြီးနားတရားရုံး ပရဝဏ် မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့ခံတဦးက VOA ကို အခုလို ပြောပါတယ်။

“မြို့နယ် ခရိုင်တရားရုံးဝင်း။ အဆောက်အဦထဲတော့မဟုတ်ဘူး။ အပြင်မှာ ဝင်းထဲမှာပဲလို့ ပြောတယ်။ ၈ နာရီ ၅၀ ကျော်လောက်လို့ ပြောတယ်။ အသံမိုင်းလို့ ပြောတာပဲ။ ထိခိုက်မှုတွေတော့ မရှိဘူးတဲ့။ ”

လုံခြုံရေးတပ်ဖွဲ့တွေက ဗုံးဖောက်ခွဲတဲ့ လက်သည်တရားခံကို စုံစမ်းဆဲရှိနေပြီး ဖမ်းမိတဲ့သတင်းတော့ မကြားရသေးကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးက မြန်မာ့ စီးပွားရေးဘဏ်မှာ အသံမိုင်းတလုံး ပေါက်ကွဲခဲ့သလို မေလအတွင်းကလည်း ကမ္ဘောဇဘဏ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

တနင်္လာနေ့ မနက်ပိုင်းကတော့ မိုးညှင်းမြို့နယ် နမ္မားနဲ့ လက်ပန်းတန်းရွာအကြားမှာ စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။မိုးညှင်းဒေသခံက တနင်္လာနေ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“မနေ့တုန်းက ဖြစ်တာက နမ္မားအလွန် လက်ပံတန်းဘက်မှာ မိုင်းဆွဲပြီးတော့ ဖြစ်သွားတာ။ မိုင်းခွဲပြီးတဲ့အချိန်ကတော့ ဟိုလိုကြီး တိုက်ပွဲကြီးတော့ မဖြစ်ဘူး။ မိုင်းခွဲခံရပြီဆိုတော့ သူတို့ဘက်ကနေ ရမ်းပစ်တာပေါ့နော။ ဟိုပစ် ဒီပစ် အဲလိုလေးတွေတော့ ဖြစ်သွားတယ်။”

ဒီတိုက်ခိုက်မှုဟာ KIO နဲ့ဒေသခံ PDF ပူးပေါင်းတိုက်ခိုက်တာဖြစ်ပြီး စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ၇ ယောက်လောက် သေဆုံးကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဗွီအိုအေက သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။ အခြားဒေသခံတဦးကတော့ ထိခိုက်သေဆုံးမှုသတင်းနဲ့ပတ်သက်လို့ ခုလိုပြောပါတယ်။

“မနက်ပိုင်းဗျ။ ၅နာရီခွဲလောက် စစ်ကားတန်းလာတာကို နမ္မားဝင်ခါနီး၊ မိုးညှင်းက ကျော်ပြီးတော့ နမ္မားကို ဝင်ခါနီး လက်ပံတန်းဆိုတဲ့ရွာ၊ အဲဒီရွာထိပ်မှာ သူတို့ မိုင်းခွဲပြီးတော့ တိုက်တယ်လို့ ပြောတယ်။ ဒီကလည်း ပြန်ပစ်နဲ့ သိပ်တော့ အရာမရောက်လောက်ဘူးနဲ့ တူပါတယ်။ ဒါပေမဲ့အပြင်မှာ စကားတွေကတော့ အရာရှိတယောက်အပါအဝင် ၈ ယောက်သေတယ်တို့၊ အရာရှိတယောက်အပါအဝင် ၇ ယောက်သေတယ်တို့ ကြားနေရတယ်။ ဒါပေမဲ့လို့ ကျနော်မိုးညှင်းကို လှမ်းမေးတော့ အသေအပျောက် မရှိဘူးလို့ ပြောကြတာပါပဲ။ ”

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က တုံ့ပြန်ပစ်ခတ်တာကြောင့် လက်ပံတန်းရွာက နေအိမ်အချို့ ထိခိုက်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ နိုဝင် ဘာလ ၂၈ ရက်နေ့ကလည်း ဗန်းမော်ခရိုင် မိုးမောက်မြို့အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ကို KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် မိုးမောက်မြို့နယ်အတွင်းမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေပါတယ်။

ငြိမ်းချမ်း  / ဗွီအိုအေ ( မြန်မာပိုင်း)

မြစ်ကြီးနားမြို့ ပြည်နယ်တရားရုံးဝင်းအတွင်း အသံမိုင်းပေါက်ကွဲ မြစ်ကြီးနားမြို့ ပြည်နယ်တရားရုံးဝင်းအတွင်း အသံမိုင်းပေါက်ကွဲ Reviewed by THITHTOOLWIN on 23:53 Rating: 5

No comments:

Powered by Blogger.