ရဟတ်ယာဥ် ငှားရမ်း၊ ဝယ်ယူမှုနဲ့ စပ်လျဥ်းပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် နောက်ထပ် အဂတိမှု တစ်မှုနဲ့ တရားစွဲဖို့ စစ်ကောင်စီ စီစဥ်နေ

သဘာဝဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရဟတ်ယာဥ် တစ်စီး ငှားရမ်း၊ ဝယ်ယူ အသုံးပြုခဲ့မှုနဲ့ စပ်လျဥ်းပြီး နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာ ဝင်းမြတ်အေးတို့အ‌ပေါ် အဂတိလိုက်စားမှု ဥပ‌ဒေနဲ့ တရားစွဲဆို အရေးယူဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

ဒေါက်တာ ဝင်းမြတ်အေးနဲ့ တာဝန်ရှိသူတွေအပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပ‌ဒေနဲ့အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူဖို့ တိုင်ကြားလာမှုနဲ့ ပတ်သက်လို့ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးနေခဲ့တာ ဖြစ်ပါတယ်။

ရဟတ်ယာဥ် ငှားရမ်း၊ ဝယ်ယူရာမှာ ‌ဒေါက်တာ ဝင်းမြတ်အေးဟာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်တာမျိုး မရှိတဲ့အတွက် နိုင်ငံတော် ဘဏ္ဍာငွေကြေး ထိခိုက် နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရကြောင်း စစ်ဆေး ‌တွေ့ရှိခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ သြဂုတ်လ ၂၇ ရက်နေ့မှာ ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် ထပ်မံစစ်ဆေး ပေါ်ပေါက်ချက်တွေအရ ဦးဝင်းမြင့်နဲ့ ‌ဒေါ်အောင်ဆန်းစုကြည် တို့ဟာလည်း သူတို့ရဲ့ လုပ်ပိုင်ခွင့် အာဏာကို အသုံးပြုပြီး စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာ ဆောင်ရွက်ခြင်း မပြုဘဲ ရုံးတွင်းစာအဆင့်ဆင့်နဲ့ ဆက်လက်ဆောင်ရွက်ဖို့ ခွင့်ပြုပေးခဲ့တဲ့အတွက် သူတို့ နှစ်ဦးကိုလည်း အလားတူ ဥပ‌ဒေ ပုဒ်မနဲ့ ဒီကနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အမှုဖွင့် အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီက အဂတိလိုက်စားမှုအပြင် နိုင်ငံတော်လျှို့ဝှက်ချက် ဥပ‌ဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲ မသမာမှု အပါအဝင် ‌စွဲချက် အတော်များများနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်အမှုဖွင့် တရားစွဲဆိုထားပါတယ်။

BBC Burmese

ရဟတ်ယာဥ် ငှားရမ်း၊ ဝယ်ယူမှုနဲ့ စပ်လျဥ်းပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် နောက်ထပ် အဂတိမှု တစ်မှုနဲ့ တရားစွဲဖို့ စစ်ကောင်စီ စီစဥ်နေ ရဟတ်ယာဥ် ငှားရမ်း၊ ဝယ်ယူမှုနဲ့ စပ်လျဥ်းပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် နောက်ထပ် အဂတိမှု တစ်မှုနဲ့ တရားစွဲဖို့ စစ်ကောင်စီ စီစဥ်နေ Reviewed by THITHTOOLWIN on 23:51 Rating: 5

No comments:

Powered by Blogger.