ဒီးမော့ဆို၊ စံပြ ၆ မိုင်တိုက်ပွဲအတွင်း ဇနီးမောင်နှံ နှစ်ယောက် ပစ်သတ်ခံရ

ဒီးမော့ဆို၊ စံပြ ၆ မိုင်တိုက်ပွဲအတွင်း ဇနီးမောင်နှံ နှစ်ယောက် ပစ်သတ်ခံရ ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ရွာရဲ့ ခရစ်ယာန်ဘုရားကျောင်းအနီးမှာ သေနတ်နဲ့အပစ်ခံရလို့ သေဆုံးခဲ့တဲ့ မောင်ထွန်းထွန်းငြိမ်းနဲ့ မချစ်စုဝေ ကို တွေ့ရစဉ် Photo: CJ

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ရွာရဲ့ ခရစ်ယာန်ဘုရားကျောင်းအနီးမှာ နိုဝင် ဘာ ၁၈ ရက်နေ့က စစ်ကောင်စီတပ်တွေ သေနတ်နဲ့ပစ်လိုက်လို့ ဇနီးမောင်နှံ နှစ်ယောက် သေဆုံးခဲ့ရတယ်လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။

အဲဒီနေရာမှာ စစ်ကောင်စီနဲ့ ဒေသခံ ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေလို့ ဘယ်သူမှ မသွားအလာမလုပ်ရဲကြတဲ့နေရာဖြစ်ပြီး နောက်နေ့မနက် နိုဝင်ဘာ ၁၉ ရက်မနက်ပိုင်းမှာ ဇနီးမောင်နှံ နှစ်ယောက် အလောင်းကို အဲဒီနေရာမှာ တွေ့ခဲ့ရတယ်လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။

“၈ နာရီနောက်ပိုင်း တိုက်ပွဲဖြစ်တယ် ကြားတဲ့ခါကျတော့ သူ့ကို ဖုန်းပြန်ဆက်သွယ်တဲ့အခါ ကျတော့်တို့ ဖုန်းဆက်သွယ်လို့ မရတော့ဘူး။ ငွေတောင်ဘက်လည်း ဆက်သွယ်လို့ မရတော့ဘူး။ လွိုင်ကော် ဘက်လည်း ဆက်သွယ်လို့ မရတော့ဘူး။ အဲမှာ တစ်ညပျောက်သွားတာပေါ့”

တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မိသားစုဝင်တွေက လိုက်ရှာကြရာမှာ စံပြ ၆ မိုင် ခရစ်ယာန်ဘုရားကျောင်းရှေ့မှာ သူတို့ရဲ့အလောင်းကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရင်း နိုဝင်ဘာလ ၁၈ ရက်နေ့က ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာ က သူတို့အိမ်ကိုပြန်ပြီး ပစ္စည်းတချို့ပြန်ယူဖို့ ဆိုင်ကယ်နဲ့အသွားမှာ အခုလို သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာလို့ မိသားစုဝင် တစ်ဦးက ပြောပြပါတယ်။

လင်မယားနှစ်ယောက်စလုံးမှာ အရှေ့ခေါင်းပိုင်း မျက်နှာတခြမ်းက ပွင့်ထွက်ပြီး သေဆုံးနေတာ တွေ့ခဲ့ရ တယ်လို့ ဆိုပါတယ်။ အသက် ၂၂ နှစ်သာရှိကြပြီး အမျိုးသားက မောင်ထွန်းထွန်းငြိမ်း၊ အမျိုးသမီးက မချစ်စုဝေလို့ သိရပါတယ်။

အိမ်ထောင်သက် ၂ နှစ်လောက်သာရှိပြီး လက်ရှိ ကြုံရာကျပန်းအလုပ်လုပ်နေကြတဲ့ သာမှန်ပြည်သူတွေဖြစ် ကြပြီး ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ သူတို့တွေကို သင်္ဂြိုဟ်လိုက်တယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တို့ဟာ နိုဝင်ဘာ ၁၈ ရက်နေ့က စံပြ ၆ မိုင် ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လမ်းသွား လမ်းလာ ပြည်သူနှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ဖြစ်စဉ်ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကယား (ကရင်နီ) ပြည်နယ်ထဲမှာ တိုက်ပွဲတွေကြောင့် သေဆုံးခဲ့တဲ့ ဒေသခံပြည်သူ ၁၀၂ အထိဦးရှိသွားပြီလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က နိုဝင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

RFA Burmese

ဒီးမော့ဆို၊ စံပြ ၆ မိုင်တိုက်ပွဲအတွင်း ဇနီးမောင်နှံ နှစ်ယောက် ပစ်သတ်ခံရ  ဒီးမော့ဆို၊ စံပြ ၆ မိုင်တိုက်ပွဲအတွင်း ဇနီးမောင်နှံ နှစ်ယောက် ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 18:14 Rating: 5

No comments:

Powered by Blogger.