မန္တလေး ကျောက်ဝိုင်းအနီးတွင် ယနေ့ မနက် ဗုံးနှစ်လုံးဆင့် ပေါက်ကွဲ


လူထိခိုက်သူ မရှိဘဲ ကျောက်ဝိုင်းသို့ သွယ်ထားသော ကေဘယ်ကြိုးတစ်ချောင်း ပျက်စီးဟုဆို၊

MFP ၊ နိုဝင်ဘာ - ၂၈

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ကျေက်ဝိုင်းအနီးတွင် ယနေ့ နိုဝင်ဘာ (၂၈)ရက် မနက်(၆)နာရီဝန်းကျင်က ဗုံးနှစ်လုံးဆင့် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက MFP သို့ ပြောသည်။

ကျယ်လောင်သော ပေါက်ကွဲသံ ကြားရပြီးနောက် မရှေးမနှောင်းမှာပင် ပေါက်ကွဲသံတစ်ချက် ထပ်မံ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီ လက်နက်ကိုင်တစ်ဦး ကားပေါ်မှ ပြုတ်ကျကာ ထိခိုက်မှု ရှိနိုင်ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီ ဘက်ကမူ အဆိုပါ ပေါက်ကွဲမှုကြောင့် လူထိခိုက်သူ မရှိဘဲ ကျောက်ဝိုင်းအတွင်း သွယ်တန်ထားသော ကေဘယ်လ်ကြိုးတစ်ချောင်း ပျက်စီးခဲ့သည်ဟု ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ ယနေ့ မနက် (၆)နာရီဝန်းကျင်က မန္တလေး ကျောက်ဝိုင်း အနောက်ဘက်ပေါက် ဆိုင်းဘုတ်အောက်တွင် လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ ထို့နောက် အနီးရှိ ရီမုပါသော လက်လပ်ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့သည်ဟု စစ်ကောင်စီ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းနှင့် နီးစပ်သော MFP ၏ သတင်းရင်းမြစ်က ပြောသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေနှင့် မည်သည့်အဖွဲ့က ဖောက်ခွဲသည်ကိုမူ MFP အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်အာဏာသိမ်းပြီးနောက် မန္တလေး ကျောက်ဝိုင်းအနီး ဖောက်ခွဲတိုက်ခိုက်မှု ခြောက်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ကျောက်ဝိုင်းအနီး ဖောက်ခွဲတိုက်ခိုက်မှုများတွင် စစ်ကောင်စီ လက်နက်ကိုင်အချို့ သေဆုံး ဒဏ်ရာရခဲ့သည်။

လက်ရှိတွင် မန္တလေးမြို့၌ စစ်ကောင်စီနှင့် ဆက်စပ်သူများ၊ စစ်ကောင်စီနှင့် ဆက်စပ်သော ရုံး၊ အဆောက်အဦး၊ နေရာများ ပစ်မှတ်ထား ဖောက်ခွဲ တိုက်ခိုက်ခံနေရသည်။ တချိန်တည်းမှာပင် စစ်အုပ်စုကလည်း လမ်းသွားလမ်းလာများကို ဖမ်းဆီး စစ်ဆေး ငွေညှစ်ခြင်း အပါအဝင် ၄င်းတို့ကို ဆန့်ကျင်သူများကို နည်းမျိုးစုံသုံးကာ ဖိနှိပ်လျှက် ရှိသည်။

Mandalay Free Press - MFP

မန္တလေး ကျောက်ဝိုင်းအနီးတွင် ယနေ့ မနက် ဗုံးနှစ်လုံးဆင့် ပေါက်ကွဲ မန္တလေး ကျောက်ဝိုင်းအနီးတွင် ယနေ့ မနက် ဗုံးနှစ်လုံးဆင့် ပေါက်ကွဲ Reviewed by THITHTOOLWIN on 10:53 Rating: 5

No comments:

Powered by Blogger.