ကန်ပက်လက်မြို့တွင်းတိုက်ခိုက်မှု ထွေ/အုပ်ရုံးနဲ့လဝကရုံး မီးလောင်ပျက်စီး


ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ ကန်ပက်လက်ချင်းကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာမှာ ကန်ပက်လက်မြို့အစိုးရရုံးတချို့ မီးလောင် ပျက်စီးခဲ့ပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ကန်ပက်လက်မြို့အတွင်း ကန်ပက်လက်ချင်းကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တို့ ဒီမနက်နဲ့မနေ့ညပိုင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာမှာ အစိုးရရုံးတချို့မီးလောင်ပျက်စီးခဲ့တာပါ။ မနေ့ညတိုက်ပွဲကြောင့် မီးလောင်ပျက်စီးခဲ့တဲ့ အဲဒီ ရုံးနေရာကိုလာရောက်ကြည့်ရှုတဲ့ စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးအဖွဲ့ CDF ကနေပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတဦးကပြောပါတယ်။

“ဒီနေ့မနက်ကျတော့ စစ်သားတွေက (၉) နာရီခွဲလောက်က ဆင်းလာတဲ့အခါမှာ ကန်ပက်လက်အရှေ့ဘက်ကနေ ဘုန်းကြီး ကျောင်းအနားပေါ့။ အဲဒီအနားလောက်မှာ စပြီးမှ သေနတ်တွေပစ်ခတ်ကြတယ်။ ပစ်နေကြတယ်တဲ့။ သေတဲ့သူကတော့မသိရဘူး။ "

မနေ့ညပိုင်းမှာ နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း အစိုးရအထွေထွေအုပ်ချုပ်ရေးရုံးနဲ့ လူဝင်မှုကြီးကြပ်ရေးရုံး မီးလောင်ကျွမ်းခဲ့တယ်လို့CDF ခေါင်းဆောင်တဦးကပြောပါတယ်။

“မနေ့ည (၁၀) နာရီမှာ အုပ်ချုပ်ရေးမှူးရုံး၊ ထွေအုပ်ရုံးနဲ့ လဝကရုံးက မီးလောင်တယ်။ အကုန်လုံးလောင်တယ်။ ဘာမှမကျန်ဘူး။ တိုင်တွေဘာတွေ ဘာမှလည်းမရှိတော့ဘူး။ ပထမ (၈) နာရီလောက်မှာတော့ တော်တော်လေးပစ်ကြတယ်။"

မနေ့က ကန်ပက်လက်ချင်းကာကွယ်ရေးအဖွဲ့ CDF တပ်စခန်းတခုကို စစ်ကောင်စီတပ်ကနေ မီးရှို့ခဲ့လို့ အခုလိုအစိုးရရုံးတွေကို တန်ပြန်မီးရှို့တာလို့ယူဆကြောင်း မြို့ခံတဦးကပြောပါတယ်။

“CDF စခန်းတခုကို စစ်တပ်ကမီးရှို့လိုက်တယ်တဲ့။အထက်လက်မော်နားမှာလို့ ပြောတယ်။ အဲဒါ မီးရှို့လိုက်တာနဲ့ ညကျတော့ ကန်ပက်လက်ကကောင်စီရုံးနဲ့ လဝကရုံးကိုမီးရှို့ကြတယ်။ အဲဒါကတော့လူငယ်တွေရဲ့လက်ချက်လို့ အဓိကတော့။ ရမ်းသန်းပြီးတော့ သေနတ်တွေပစ်တဲ့အခါကျတော့ မြို့ထဲတွေမှာလက်နက်ကြီးတွေကျည်ဆံတွေကျတယ်။"

ဒီကနေ့ဖြစ်တဲ့တိုက်ပွဲအတွင်းမြို့ခံတချို့ နေရပ်ကနေ တိမ်းရှောင်နေရတာလည်းရှိနေပါတယ်။ ကန်ပက်လက်မြို့ဘက် တိုက်ပွဲအခြေအနေနဲ့ပက်သက်လို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ကန်ပက်လက်မြို့မှာ ချင်းကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တို့အကြား မေလလယ် က စပြီး ပစ်ခတ်တိုက်ခိုက်မှု တွေရှိလာနေခဲ့တာပါ။ မေလကနေ ဒီကနေ့အထိတိုက်ပွဲဖြစ်ပွားမှုအကြိမ် (၃၀) ရှိနေပြီး နှစ်ဘက်ထိခိုက်မှုတွေရှိနေတယ်လို့ CDF ခေါင်းဆောင်တဦးကပြောပါတယ်။ ဒီလိုတိုက်ပွဲတွေကြောင့်မြို့ခံပြည်သူ(၆၀၀)ကျော်ဟာ ခါရိုင်းဒုက္ခသည်စခန်း အောင်ရင်းဒုက္ခသည်စခန်းနဲ့ မကွေးတိုင်း ဆောမြို့နယ်တွေဘက်မှာတိမ်းရှောင်နေရပါတယ်။

ချင်းပြည်နယ်မှာဆိုရင် မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ ဖလမ်းစတဲ့မြို့နယ်က ဒေသခံ ကာကွယ် ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ် ပွါးနေတာပါ။

မြန်မာစစ်တပ်ကနေ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်ကွက် ဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အကြမ်းဖက်နှိမ်နင်းခံရတဲ့နောက်မှာတော့ စစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။

ငြိမ်းချမ်း  / ဗွီအိုအေ ( မြန်မာပိုင်း)

ကန်ပက်လက်မြို့တွင်းတိုက်ခိုက်မှု ထွေ/အုပ်ရုံးနဲ့လဝကရုံး မီးလောင်ပျက်စီး ကန်ပက်လက်မြို့တွင်းတိုက်ခိုက်မှု ထွေ/အုပ်ရုံးနဲ့လဝကရုံး မီးလောင်ပျက်စီး Reviewed by THITHTOOLWIN on 21:55 Rating: 5

No comments:

Powered by Blogger.