လောင်းလုံးမြို့နယ်ထဲမှာ ပျူ စောထီးနဲ့သတင်းပေးဒလန်တွေ ပိုမိုသောင်းကျန်းလာ


လောင်းလုံး၊ နိုဝင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ထဲမှာ ပျူ စောထီးတွေနဲ့သတင်းပေးဒလန်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အားကိုးနဲ့ ပိုမိုသောင်းကျန်းလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယခင်က ပျူ စောထီးနဲ့သတင်းပေးဒလန်တွေက စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားသူတွေကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးခြင်းသာ လုပ်ဆောင်ခဲ့ရာမှ နောက်ပိုင်းမှာ ဒေသခံတွေရဲ့ နေအိမ်တွေကို ဖျက်စီးတာ၊ ပိုင်ဆိုင်မှုအချို့ကို မီးရှို့တာနဲ့ ဒေသခံတွေကို ရိုက်နှက်ဖမ်းဆီးတာတွေအထိ လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။

"အရင်ကဆို သူတို့တွေက စကစ က ဆန္ဒပြသူတွေကို လိုက်ဖမ်းရင် နေအိမ်တွေကိုလမ်းပြပေးတဲ့ အဆင့်လောက်ဘဲ လုပ်ဆောင်ကြတာ။ ခုနောက်ပိုင်းမှာ ဒေသခံအချို့ပိုင်ဆိုင်တဲ့ ဓါတ်ဆီဆိုင်ကို မီးရှို့တဲ့အဆင့်ထိ လုပ်ဆောင်လာတယ်။ ပြီးရင် လူတွေကို ဖမ်းဆီးတဲ့အခါ ဝင်ရောက်ရိုက်နှက်တဲ့ အထိလုပ်လာတာတွေရှိတယ်။ သူတို့ဘဲ သီးသန့်လုပ်တာမျိုးရှိသလို စကစ အဖွဲ့တွေနဲ့ပေါင်းလုပ်တာတွေလဲရှိတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ မင်းရပ်နဲ့သာယာကုန်းရွာကြားမှာ ပျူ စောထီးခေါင်းဆောင် ကိုဇော်လိုက်ပါလာတဲ့ ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း ပိုမိုသောင်းကျန်းလာတယ်လို့ ဆိုပါတယ်။

လောင်းလုံးမြို့နယ်ထဲမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း စစ်ကောင်စီသတင်းပေးတွေနဲ့ပျူ စောထီးတွေကို ရှင်းလင်းနေသလို စစ်ကောင်စီယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ် - Than Lwin Times 

လောင်းလုံးမြို့နယ်ထဲမှာ ပျူ စောထီးနဲ့သတင်းပေးဒလန်တွေ ပိုမိုသောင်းကျန်းလာ လောင်းလုံးမြို့နယ်ထဲမှာ ပျူ စောထီးနဲ့သတင်းပေးဒလန်တွေ ပိုမိုသောင်းကျန်းလာ Reviewed by THITHTOOLWIN on 18:03 Rating: 5

No comments:

Powered by Blogger.