မန္တလေးတွင် အင်ဂျင်နီယာကျောင်းသားကို ဖမ်းမမိသော စစ်အုပ်စုက မိခင်ကို ဓားစာခံအဖြစ် ကြိုးတုပ်ဖမ်းဆီးကာ အိမ်ကို ချိတ်ပိတ်

အာဏာသိမ်းပြီးနောက် စကစ၏ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံရသူ (၇၅၉၀)ကျော် ရှိလာ

နိုဝင်ဘာ - ၂၇

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် နိုဝင်ဘာ(၂၅)ရက်က အင်ဂျင်နီယာ ကျောင်းသားကို ဖမ်းမမိသော စစ်ကောင်စီ လက်နက်ကိုင်များက ကျောင်းသား၏ မိခင်နှင့် အသက်(၁၂)နှစ်အရွယ် ညီမငယ်တို့ကို ဓားစာခံအဖြစ် ကြိုးတုပ်ကာ ဖမ်းဆီးကာ အိမ်ကို ချိတ်ပိတ်ခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

ချမ်းမြသာစည်မြို့နယ်နေ အင်ဂျင်နီယာကျောင်းသား ကိုဟိန်းထက်ကို PDF တပ်ဖွဲ့ဝင်ဟုဆိုကာ စစ်ကောင်စီ လက်နက်ကိုင်များက နိုဝင်ဘာ(၂၅)ရက် မနက်ပိုင်းတွင် လာရောက်ရှာဖွေကာ ဖမ်းဆီးရန် ကြိုးစားခဲ့ပြီး ကျောင်းသားကို ဖမ်းမမိသဖြင့် ၎င်း၏ မိခင်ဖြစ်သူ ဒေါ်ခင်အေးမော် (ခ) မငယ် နှင့် အသက်(၁၂)နှစ်အရွယ် ညီမဖြစ်သူတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း AAPP က ယနေ့ ထုတ်ပြန်သည်။ ထို့ပြင် နေအိမ်ကိုပါ စစ်အုပ်စုက ချိတ်ပိတ်သွားခဲ့သည်ဟု ဆိုသည်။ 

အင်ဂျင်နီယာကျောင်းသား ကိုဟိန်းထက်၏ မိခင်ဖြစ်သူ ဒေါ်ခင်အေးမော် (ခ) မငယ်ကို စစ်အုပ်စုက လက်ပြန် ကြိုးတုပ်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိဘဲ ဓားစာခံအဖြစ် ဆက်လက် ဖမ်းဆီးထားကြောင်းနှင့် အသက်မပြည့်သေးသော ညီမဖြစ်သူကိုမူ စစ်အုပ်စုက ဖမ်းဆီးပြီးနောက် နိုဝင်ဘာ(၂၅) ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတဝန်း၌ ၄င်းတို့ ဖမ်းဆီးလိုသူကို မတွေ့သောအခါ အခြားမိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းက မတ္တရာမြို့နယ်တွင် သားကို မတွေ့သဖြင့် ဖခင်နှင့် ဦးလေးဖြစ်သူကို စစ်အုပ်စုက ဖမ်းဆီးခဲ့ရာ ဦးလေဖြစ်သူသည် ဖမ်းဆီးခံရပြီး (၂၄)နာရီမပြည့်မီ စစ်အုပ်စု၏ လက်တွင် သေဆုံးခဲ့ရသည်။

AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ(၁)ရက်မှ ယနေ့ နိုဝင်ဘာ(၂၇) ရက်အထိ နိုင်ငံတဝန်း စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ (၇၅၉၅) ဦး ရှိပြီး ၎င်းတို့အနက်  (၃၄၁) ဦးသည် ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) သည် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများကို နေ့စဉ် မှတ်တမ်းပြုစုကာ ထုတ်ပြန်နေသော အရပ်ဘက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။


Mandalay Free Press - MFP

မန္တလေးတွင် အင်ဂျင်နီယာကျောင်းသားကို ဖမ်းမမိသော စစ်အုပ်စုက မိခင်ကို ဓားစာခံအဖြစ် ကြိုးတုပ်ဖမ်းဆီးကာ အိမ်ကို ချိတ်ပိတ် မန္တလေးတွင် အင်ဂျင်နီယာကျောင်းသားကို ဖမ်းမမိသော စစ်အုပ်စုက မိခင်ကို ဓားစာခံအဖြစ် ကြိုးတုပ်ဖမ်းဆီးကာ အိမ်ကို ချိတ်ပိတ် Reviewed by THITHTOOLWIN on 19:56 Rating: 5

No comments:

Powered by Blogger.