ရွှေဘိုနှင့် ခင်ဦးနယ်စပ်တွင် စကစများ မိုင်းဆွဲခံရ၊ နှစ်နာရီကြာ တိုက်ပွဲဖြစ်ပြီး စကစ (၁၀)ဦး သေကာ ငါးဦး ဒဏ်ရာရဟုဆို

ရွှေဘိုခရိုင်အတွင်း စစ်ကောင်စီ ရဟတ်ယာဉ်များ ယနေ့ ပျံဝဲနေစဉ်/ Photo – ရေဦး မီဒီယာ

နိုဝင်ဘာ - ၂၇

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် ခင်ဦးမြို့နယ်အစပ် အင်ကြင်းပင်ရွာအနီးတွင် ယနေ့ နိုဝင်ဘာ(၂၇)ရက်  နေ့လည်ပိုင်းက စစ်ကောင်စီ လက်နက်ကိုင်အုပ်စုကို ဒေသခံ တော်လှန်ရေး အင်အားစုများဖြစ်သော Fight For Freedom - FFF အဖွဲ့နှင့် ခင်ဦးမဟာမိတ် ညီအကိုများက  မိုင်းဆွဲတိုက်ခိုက်ပြီး နှစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် (၁၀)ဦးခန့် သေပြီး ငါးဦးခန့် ဒဏ်ရာရရှိသွားကြောင်း FFF အဖွဲ့က ထုတ်ပြန်သည်။

"၁ဝဦးလောက် သေဆုံးပြီး ငါးဦးမှာ ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးနိုင်ဖွယ်ရှိ" ဟု  FFF အဖွဲ့က ဆိုသည်။

ရွှေဘိုမြို့နယ် အင်ကြင်းပင်ကျေးရွာအနီးတွင် စစ်ကောင်စီ လက်နက်ကိုင်အုပ်စုကို မိုင်းခွဲတိုက်ခိုက်ပြီးနောက် အင်ကြင်းပင်ရွာ သချိုင်းအနီးတွင် နှစ်နာရီခန့်ကြာ  နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ လက်နက်ကိုင်အုပ်စုက စနိုက်ပါသမားများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို စစ်အုပ်စုအတွက် တပ်ကူများ ရောက်ရှိလာသည်ဟူသော သတင်းကြောင့် FFF အဖွဲ့နှင့် ဒေသခံ တော်လှန်ရေး မဟာမိတ်ညီနောင်များ တပ်ပြန်ဆုတ်ခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားချိန် ရွှေဘိုမှ တော်လှန်ရေး အင်အားစုများလည်း တပ်ကူရောက်လာပြီး စစ်ကောင်စီ လက်နက်ကိုင်အုပ်စုကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းနှင့် အဆိုပါ တိုက်ပွတြွင် တော်လှန်ရေး ရဲဘော်များ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့် စစ်ကောင်စီ လက်နက်ကိုင်များ ထိခိုက်သေဆုံးမှု အခြေအနေကို MFP အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ.

အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်အုပ်စုက ရေဦး၊ ခင်ဦးစသည့် ရွှေဘိုခရိုင် မြို့နယ်များတွင် ရဟတ်ယာဉ်များ ပျံဝဲနေသည်ဟု ရေဦးမီဒီယာက ဖော်ပြသည်။

စစ်ကိုင်းတိုင်းအတွင်း PDF များကို ထိုးစစ်ဆင်နေသော စစ်ကောင်စီသည် မြေပြင်တိုက်ပွဲများတွင် အနိုင်မတိုက်နိုင်ဘဲ ၄င်းတို့၏ လက်နက်ကိုင်များ အထိနာ အသေများပါက ရဟတ်ယာသ်၊ လေယာဉ်များ အသုံးပြုကာ တိုက်ခိုက်လေ့ရှိသည်ဟု PDF ရဲဘော်များက ပြောသည်။


Mandalay Free Press - MFP

ရွှေဘိုနှင့် ခင်ဦးနယ်စပ်တွင် စကစများ မိုင်းဆွဲခံရ၊ နှစ်နာရီကြာ တိုက်ပွဲဖြစ်ပြီး စကစ (၁၀)ဦး သေကာ ငါးဦး ဒဏ်ရာရဟုဆို ရွှေဘိုနှင့် ခင်ဦးနယ်စပ်တွင် စကစများ မိုင်းဆွဲခံရ၊ နှစ်နာရီကြာ တိုက်ပွဲဖြစ်ပြီး စကစ (၁၀)ဦး သေကာ ငါးဦး ဒဏ်ရာရဟုဆို Reviewed by THITHTOOLWIN on 19:55 Rating: 5

No comments:

Powered by Blogger.