စိုက်ပျိုးပြုစုစားရိတ် မြင့်တက်လာမှုကြောင့် သျှမ်းတောင်သူဉီးကြီးများ အခက်တွေ့



Share/Bookmark

သြဂုတ် ၁၈ ရက် ၂၀၂၁

မြေသြဇာစျေး၊ မျိုးစေ့စျေးများ၊ အလုပ်သမား ငှားခစျေးများ မြင့်တက်လာမှုကြောင့် သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ် မြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများ အခက်တွေ့နေကြောင်း သိရသည်။ 

တောင်သူ လယ်သမားများ အစိုက်များသည့် ပြောင်းဖူး၊ မြေပဲ နှင့် စပါး မျိုးစေ့စျေးမှာ ယခင်နှစ်ထက်   နှစ်ဆ မြင့်တက်နေပြီး အလုပ်သမား ငှားရမ်းခလည်း မြင့်တက်လာသဖြင့် တောင်သူ လယ်သမားများမှာ  လယ်ယာစိုက်ပျိုးရေးခေတ္တရပ်နားထားရသည် အထိ အခက်အခဲများ ရှိနေကြောင်း သိရသည်။ 

“ဒီနှစ် တော်တော်ကို ခက်ခဲပါတယ်၊ မရှိလို့ လုပ်စားပါတယ်ဆို လုပ်လိုက်လို့ အကြွေးတွေကပဲ ပိုများလာ နေတယ်၊ ဘယ်လိုမှအဆင်ပြေမနေဘူး၊ အရင်နှစ်ကဆိုရင် ပြောင်းမျိုးစေ့ တစ်ထုပ် ၃၅၀၀၀ က ဒီနှစ်မှာ ၅၀၀၀၀ နီးနီးဖြစ်လာတယ် ၊ မြေသြဇာစျေးတွေကလည်း နှစ်ဆလောက်တက်လာတယ်” ဟု မိုင်းရယ်မြို့နေ   ပြောင်းခြံလုပ်ကိုင်စားသောက်သည့် စိုင်းအောင်ခမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

မိုင်းရယ်မြို့သည် စိုက်ပျိုးရေး အဓိက လုပ်ကိုင်သူများ ဖြစ်ကြပြီး ယခုနှစ်တွင် မြေသြဇာ စျေးနှုန်းနှင့်  ကောက်စိုက်သမားများ၊ အလုပ်သမား ငှားရမ်းခ များလည်း အဆမတန် များပြားလာကြသဖြင့် တချို့သော လယ်သမားများက လယ်ကွင်းလယ်ကွက်များကို ထွန်ယက်စိုက်ပျိုးခြင်း မပြုနိုင်ပဲ ပစ်ထားကြရကြောင်း နားခိုရွာမှလယ်သမား စိုင်းရွက်ဆိုင်မိန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“ဒီနှစ်တော့ နိုင်ငံရေးကတစ်မျိုး၊ ရောဂါကတစ်မျိုးနဲ့ တောင်သူလယ်သမားတွေက တော်တော်လေးကို ဒုက္ခ ရောက်နေရတာ၊ တချို့လယ်တွေဆို ဘာမှတောင်မလုပ်နိုင်ဘူး၊ အလုပ်သမားခ ကောက်စိုက်သမားခ တွေ ကို တွေးကြည့်ရုံနဲ့တင် လယ်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး၊ ပြီးတော့ မြေသြဇာဖိုးတွေကလည်း အရင်နှစ်တွေ ထက် နှစ်ဆ စျေးတက်လာတယ်” - ဟု စိုင်းရွက်ဆိုင်မိန်းက ပြောသည်။ 

ယခုနှစ်အတွင်း နိုင်ငံရေး အခြေအနေ မငြိမ်သက်မှုနှင့် ကပ်ရောဂါ ကူးစက်ရောဂါ ပျံ့ပွားမှုနှုန်း မြင့်မား သောကြောင့် မိုင်းရယ်မြို့တွင် ပြောင်းစိုက်ပျိုးမှု လျော့နည်းလာပြီး၊ လယ်သမား တချို့သည်လည်း လယ်ကွက်များကို ပစ်ပယ်ကာ နှမ်း နှင့် မြေပဲ ကဲ့သို့သော စိုက်ပျိုးမှုများပိုလုပ်လာကြောင်း သိရသည်။

“ဒီနှစ် ပြောင်း မစိုက်တော့တဲ့ တောင်သူများတယ်၊ မျိုးစေ့စျေးကလည်းတက်။ မြေသြဇာစျေးလည်း တက်ဆိုတော့ ကိုယ့်ဒေသမျိုး ပြောင်းလောက်ပဲစိုက်တော့တယ်၊ နှမ်း နဲ့ မြေပဲ တွေလည်းစိုက်လာတာ တွေ့ရတယ်” ဟု နားယန်းကျေးရွာနေ တောင်သူ လယ်သမား ဦးကာလိန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

သျှမ်းပြည်၏ နေရာဒေသ အသီးသီးအနက် အဓိက ပြည်ပပို့သီးနှံအဖြစ် ပြောင်းနှင့် နှမ်းနက်ကို အဓိကထား စိုက်ပျိုးခဲ့ကြပြီး စိုက်တောင်သူများမှာ စျေးကောင်းမရခြင်း၊ ငမြောင်တောင်ပိုးကျရောက်ခြင်းများကို ကြုံခဲ့ ကြရကာ အခက်အခဲများကြုံတွေ့ခဲ့ရသည့် အပြင် ယခုနှစ်မှာတော့ လယ်ကွက်များကို ပစ်ထားရသည် အထိ အခက်အခဲ ကြုံနေရကြောင်းလည်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ