လားရှိုးတွင် သူခိုး၊ အကြမ်းဖက်လုယက်မှု ပိုများလာ


သျှမ်းသံတော်ဆင့် ၊ သြဂုတ် ၁၈ ရက် 

သျှမ်းမြောက် လားရှိုးမြို့နယ်တွင် အုပ်စုဖွဲ့ အကြမ်းဖက်လုယက်မှုများ၊ ပစ္စည်းခိုးယူခံရမှု  ပိုများလာကြောင်း  ဒေသခံများထံ စုံစမ်းသိရသည်။

လားရှိုးတွင် အုပ်စုဖွဲ့ကာ လမ်းသွားလမ်းလာများထံမှ တန်ဖိုးရှိပစ္စည်းများလုယူခြင်း၊ ဆိုင်ကယ်နှင့် ဖုန်းများအား လုယူခြင်း၊ နေအိမ်အတွင်း ဝင်ရောက်ခိုးယူမှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ဒေသခံများအတွက် လုံခြုံမှုအားနည်းနေကြောင်း သိရသည်။ 

“တစ်ယောက်ထဲဆိုရင် အပြင်ကို မထွက်ရဲတော့ဘူး၊ မိန်းကလေးဆိုတော့ ပိုပြီး သတိထားရတယ်၊ လူပြတ်တဲ့ နေရာတွေမှာ အုပ်စုဖွဲ့ ပစ္စည်းလုတာတွေ၊ ဆိုင်ကယ်လုတာတွေ မကြာခဏကို ဖြစ်နေတော့တာ” ဟု ရပ်ကွက် (၁၂)တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လားရှိုးမြို့ ရပ်ကွက်(၆)တွင် ဆိုင်ကယ်မောင်းလာသူ(၂)ဦးအား ဓားရှည်ကိုင်ထားသည့် လူတစ်စုမှ ဟန့်တားခဲ့ကြောင်း၊ ထိုဆိုင်ကယ်မရပ်ပေးသဖြင့် ဓားဖြင့် လှမ်းပေါက်မှုကြောင့် ဆိုင်ကယ်နောက်ထိုင်သည့်သူ ကျောကုန်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ ကြားသိရသည်။ 

“ခုက လမ်းမှာ အသွားအလာနည်းတော့ ဓါးထောက်လုယက်တာတွေ၊ နေ့လည်ခင်းကို နေအိမ်ထဲထိ ပစ္စည်းဝင်ခိုးတောတွေ ဖြစ်နေတယ်၊ အိမ်ထဲမှာနေလည်း လုံခြုံမှုက စိတ်မချရဘူး” ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

ထို့အပြင် နေအိမ်တွင်း ဝင်ရောက်ခိုးယူမှုများလည်း ပိုမိုများပြားလာသည့်အပြင် လယ်ယာထဲသွားသည့် ဒေသခံများ၏ ဆိုင်ကယ်များလည်း မကြာခဏ ခိုးယူခံနေရကြောင်း ကြားသိရသည်။ 

“မြို့ပေါ်ရပ်ကွက်တွေမှာပဲ သူခိုးတွေ သောင်းကျန်းတာမဟုတ်တော့ဘူး၊ လယ်ထဲ သွားတဲ့သူတွေ ဆိုင်ကယ်ကို တဲထဲမှာ ထားတာ၊ တချို့က စိုက်ခင်းနားမှာ ထားတာ အဲ့ဒါလည်း ခိုးယူခံနေရတာပဲ” ဟု အဆိုပါ ဒေသခံက ဆိုသည်။ 

Stay at home သတ်မှတ်ထားသည့် လားရှိုးမြို့တွင် မနက် (၆)နာရီမှ မွန်းတည့် (၁၂)နာရီအချိန်ထိသာ အပြင်ထွက်ခွင့် ပြုထားတာဖြစ်ပြီး တစ်အိမ်တစ်ယောက်သာ ထွက်ရန် တာဝန်ရှိသူတို့မှ ထုတ်ပြန်ထားသည်။ 

သို့သော် ညနေပိုင်းတွင် အစားအသောက်ထွက်ဝယ်သည့်သူ၊ အကြောင်းအမျိုးမျိုးကြောင့် အပြင်သို့ ထွက်လာသူများရှိနေပြီး အုပ်စုဖွဲ့လုယက်ခံနေရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ 


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

လားရှိုးတွင် သူခိုး၊ အကြမ်းဖက်လုယက်မှု ပိုများလာ လားရှိုးတွင် သူခိုး၊ အကြမ်းဖက်လုယက်မှု ပိုများလာ Reviewed by THITHTOOLWIN on 17:52 Rating: 5

No comments:

Powered by Blogger.