မြန်မာကို ပိုမတည်မငြိမ် ဖြစ်စေမယ့် နိုင်ငံတကာဆောင်ရွက်ချက်မျိုး အိန္ဒိယ မလိုလားဘူးလို့ပြော

အိန္ဒိယ မီဇိုရမ်နဲ့ မြန်မာနယ်စပ်

မြန်မာနိုင်ငံထဲက ဘယ်လို မငြိမ်မသက်ဖြစ်မှုမျိုးကမဆို အိန္ဒိယနိုင်ငံကို တိုက်ရိုက် အကျိုးသက်ရောက်တာကြောင့် မြန်မာကို အခုထက်ပိုပြီး မတည်မငြိမ်ဖြစ်စေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အရေးယူဆောင်ရွက်မှုကို အိန္ဒိယက မလိုလားဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယသံအမတ် တီအက်စ် တီရူမာတီက ပြောပါတယ်။

အိန္ဒိယဟာကုလ လုံခြုံရေးကောင်စီမှာ သြဂုတ်လအတွက် အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မြန်မာဟာ အိန္ဒိယအတွက် အင်မတန် အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံထဲမှာ ဖြစ်တာတွေက အိန္ဒိယအတွက် အင်မတန် အရေးကြီးကြောင်းနဲ့ မြန်မာနိုင်ငံထဲမှာ အိန္ဒိယအတွက် တိုက်ရိုက်အကျိုးသက်ဆိုင်မှုတွေ ရှိနေကြောင်းလည်း တနင်္လာနေ့က ကုလ ရုံးချုပ်မှာ လုံခြုံရေးကောင်စီဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာအရေးမှာ အိန္ဒိယ နိုင်ငံရဲ့ ရပ်တည်မှုက အတော်လေး ရှင်းလင်းပြတ်သားပြီး တစ်သမတ်တည်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အလေးအနက်ထားကြောင်း၊ အကြမ်းနည်းလမ်းသုံးတာကို ရှုတ်ချကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ရှေ့ဆက်သွားဖို့ တိုက်တွန်းကြောင်းနဲ့ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ လွှတ်ပေးဖို့ တောင်းဆိုထားကြောင်း ပြောပါတယ်။

အာဆီယံရဲ့ မြန်မာ့အရေးလုပ်ဆောင်မှုတွေကိုလည်း အိန္ဒိယက ထောက်ခံကြောင်းနဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက်လည်း မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဒါကြောင့် အပြုသဘောဆောင်ပြီး ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းလိုအပ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာဘက်က နိုင်ငံရေး ခိုလှုံခွင့်တောင်းလာသူတွေကို အိန္ဒိယ ငြင်းပယ်ခဲ့တယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး သတင်းထောက် တစ်ယောက်က မေးမြန်းခဲ့ရာမှာ ဒီသတင်း လုံးဝ မဟုတ်မှန်ဘူးလို့ ပြောပြီး အိန္ဒိယထဲမှာ မြန်မာဘက်ကလူတွေ ထောင်ဂဏန်း အတော်များများ ရောက်နေတယ်လို့ ပြောပါတယ်။

အိန္ဒိယဟာ မြန်မာနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ပြည်နယ်လေးခု ရှိနေတာကို နားလည်ဖို့ အရေးကြီးကြောင်းနဲ့ ဥပမာ မီဇိုရမ်မှာ ရှိတဲ့ တချို့လူမျိုးစုတွေဟာ မြန်မာဘက်က ချင်းပြည်နယ်ထဲမှာ ရှိတဲ့ လူမျိုးစုတွေနဲ့ အတူတူပဲ ဖြစ်တယ် ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-58072010

မြန်မာကို ပိုမတည်မငြိမ် ဖြစ်စေမယ့် နိုင်ငံတကာဆောင်ရွက်ချက်မျိုး အိန္ဒိယ မလိုလားဘူးလို့ပြော  မြန်မာကို ပိုမတည်မငြိမ် ဖြစ်စေမယ့် နိုင်ငံတကာဆောင်ရွက်ချက်မျိုး အိန္ဒိယ မလိုလားဘူးလို့ပြော Reviewed by THITHTOOLWIN on 00:59 Rating: 5

No comments:

Powered by Blogger.