ကိုဗစ်ပြင်းထန်ချိန် ပရဟိတအဖွဲ့များ အသက်စွန့်ပြီး ကူညီနေ



ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းဟာ ကိုရိုနာကပ်ရောဂါ တတိယ လှိုင်းကြောင့် သေဆုံးမှုတွေ စတင်မြင့်တက်လာတဲ့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကစလို့ အခုချိန်ထိ ရုပ်အလောင်း တွေကို သက်ဆိုင်ရာသုသာန်တွေဆီ နေ့စဉ် ကူညီပို့ဆောင်ပေးနေပါတယ်။ အဲဒီအဖွဲ့မှာ အလောင်းတင်တဲ့ နာရေးကား ငါးစီးနဲ့အတူ စေတနာ့ဝန်ထမ်းလူငယ် အယောက် ၂၀ လောက်ပါဝင်ပြီး နေ့စဉ်ကူညီပေးနေ တာပါ။

အရင်က တစ်ရက်ကို သုံးလောင်းလောက်ပဲ ပို့ဆောင်ပေးခဲ့ရပေမယ့် ကိုဗစ်ကြောင့် သေဆုံးမှုတွေ မြင့်တက် ခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်ကစပြီး တစ်ရက်ကို အလောင်း ၂၀ ကနေ တချို့ရက်တွေဆို ၃၀ လောက်အထိ ပို့ဆောင်ပေးခဲ့ရတယ်လို့ မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်း တည်ထောင်သူ ဥက္ကဋ္ဌ ဦးမင်းဒင်က RFA ကို ပြောပါတယ်။

“ဒီ ၇ လပိုင်း ၁၁ ရက်နေ့ကစပြီး အခြေအနေတွေဆိုးတာပေါ့နော်၊ ၁၁ ရက်နေ့ကနေစလိုက်ရင် ဒီနေ့မနက် အထိပေါ့၊ စုစုပေါင်းပို့ခဲ့ရတာဆို ၁၈၇ လောင်းဖြစ်သွားပြီဗျ၊ ဒီရောဂါပြင်းထန်မှုအခြေအနေ မတိုင်ခင်တုန်း ကတော့ ကျွန်တော်တို့က ဒီအသင်းရဲ့ အနီးပတ်ဝန်းကျင်ရပ်ကွက်တွေပေါ့၊ အဲရပ်ကွက်တွေကနေ တစ်နေ့ ကို ပုံမှန် နှစ်လောင်း၊ သုံးလောင်း ဒါကပုံမှန်ပါပဲ၊ ဒီတတိယလှိုင်းစတဲ့ သေဆုံးမှုပြင်း ထန်တဲ့ရက်ပေါ့ ၁၀ ရက်၊ ၁၁ ရက်ကနေစပြီးတော့ ပုံမှန်တစ်နေ့ကို အလောင်း ၂၀ နဲ့ ၃၀ ကြားသွားတယ်ဗျ၊ ပထမတုန်း ကတော့ ရိုးရိုးသမစဉ်အတိုင်း အလောင်းတစ်လောင်း ပုံမှန်ပဲပို့တာပေါ့နော်၊ အဲလိုပုံမှန်ပို့နေရင်းနဲ့ အလောင်းတွေ တအားများသွားတဲ့အချိန်မှာ ကျွန်တော်တို့က ကားတစ်စီးကို အလောင်း သုံးလောင်း၊ လေးလောင်း၊ အဲလိုထပ်ပြီးတော့ ပို့ခဲ့ရတယ်ဗျ”

ဇူလိုင်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ရုပ်အလောင်း အများဆုံး ပို့ဆောင်ပေးခဲ့ပြီး တစ်ရက်တည်းမှာ တင် ရုပ်အလောင်း ၃၄ လောင်းအထိ ပို့ရတဲ့ရက်လည်း ပါဝင်တယ်လို့ ဦးမင်းဒင်က ဆိုပါတယ်။ ဇူလိုင်လ ၂၅ ရက်နောက်ပိုင်းမှာတော့ သေဆုံးမှုအနည်းငယ် ကျဆင်းသွားသလို ရေဝေးသုသာန်မှာရော ကျီစုသုသာန် မှာရော ကားတွေတန်းစီရတာလည်း နည်းသွားတယ်လို့ဆိုပါတယ်။

“နေ့စဉ်နဲ့အမျှတွေ့တဲ့အခက်အခဲကတော့ သင်္ချိုင်းလက်မှတ် ရယူရေးကိစ္စတစ်ခုရယ်၊ နောက် သုသာန် တွေမှာ စောင့်ရတဲ့ကိစ္စတစ်ခုပေါ့၊ ဒါဒီရက်ပိုင်းမှ အသက်ရှူချောင်သွားတာ၊ အရင်ရက်တွေကဆို သုသာန် လက်မှတ်က ဒီဒေသန္တရကနေ မနက် ၁၀ နာရီခွဲ ၁၁ နာရီမှ စထွက်တဲ့အတွက်ကြောင့် ကျွန်တော်တို့က အဲအလောင်းတွေကို သယ်လို့ရရဲ့သားနဲ့ စာရွက်မရသေးလို့ စောင့်ရတယ်၊ အဲဒါနံပါတ်တစ်အချက်ပေါ့၊ ရလာပြန်တော့လည်း သုသာန်မှာက အလောင်းတွေကို ချခွင့်မရှိဘူး၊ ကားတွေနဲ့ တစ်နာရီခွဲ၊ နှစ်နာရီ တန်းစီရတာပေါ့၊ အဲအခက်အခဲနှစ်ခုကတော့ ကျွန်တော်တို့အတွက် တော်တော်ဂယက်ရိုက်ပါတယ်ဗျ”

သေဆုံးမှုတွေများနေစဉ်က ရေဝေးသုသာန်မှာ မနက်ကတည်းကညနေအထိ ပိုင်ရှင်မဲ့ အလောင်းတွေ ကိုလည်း မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းအနေနဲ့ပဲ သင်္ဂြိုဟ်ပေးခဲ့ရပါတယ်။ နေမကောင်းဖြစ်ချိန်မှာလည်း ကိုဗစ်ရှိ/မရှိစစ်မနေတော့ပဲ ခဏနားပြီး နေပြန်ကောင်းတာနဲ့ ချက်ခြင်းပြန်ကူညီပေးခဲ့ရတယ်လို့ မတ္တာသင်္ဂဟ အဖွဲ့က စေတနာ့ဝန်ထမ်း ကိုနေမျိုးအောင်က ပြောပါတယ်။

“တစ်နေကုန်နီးပါးလောက် PPE ဝတ်ရတယ်၊ PPE ဝတ်ရတာနဲ့ အသက်ရှူကလည်းကျပ်တယ်လေ၊ နောက် ပြီးတော့ သယ်ရတဲ့ Dead Body တွေကလည်း အနံ့အသက်တွေက အရမ်းမကောင်းဘူး၊ တစ်ခါ တလေ ကျရင် နှစ်ရက်ကြာထားတာတို့ သုံးရက်ကြာထားတာတို့ရှိတယ်ဗျ၊ အဲလိုမျိုးတွေဆိုရင်တော့ အသက်ရှူ ကျပ်တာတို့ဘာတို့ရှိတာပေါ့၊ အဲဒီလတ်တလောတုန်းကဆိုရင် ကျွန်တော်တို့ သူငယ်ချင်းတွေ ထဲမှာ တစ် ဝက်လောက်နီးပါး ဖျားကြတာပေါ့၊ ဖျားတာနာတာတွေ ရှိပေမယ့်လည်း ကြိတ်မှိတ်ပြီးတော့ လုပ်နေတာ ပေါ့၊ ကျွန်တော်တို့လုပ်နေရင်း အနံ့ပျောက်တယ်၊ အနံ့ပျောက်ရင်စားတယ် ကြက်သွန်ဖြူတွေ စားလိုက် ကြက်သွန်နီတွေ စားလိုက်၊ အကုန်လုံး ထူထူထောင်ထောင်ပြန်ဖြစ်သွားရင်ပြန်ထ အကုန်လုံးပြန် လုပ်၊ Positive လား Negative လား ကျွန်တော်တို့လည်း တိုင်းမနေတော့ဘူးဗျာ၊ ကိုယ့်ကိုကိုယ်တော့ Safe ဖြစ်အောင်တော့ လုပ်ရတာပေါ့၊ ကူးတော့လည်းမထူးဘူး ကူးတော့လည်းကူးပေါ့၊ ဒါပဲ ကျွန်တော် အဲလိုပဲတွေးလိုက်တယ်”

မေတ္တာသင်္ဂဟအဖွဲ့က နောက်ထပ်စေတနာ့ဝန်ထမ်း လူငယ်တစ်ဦးဖြစ်တဲ့ ကိုဇော်မိုးနိုင် ကလည်း ကိုယ့်ဆီ ကနေ မိသားစုဆီ ပိုးကူးစက်မလားဆိုတဲ့ စိုးရိမ်စိတ်ရှိပေမယ့် ပရဟိတစိတ်နဲ့ပဲ ဆက်လက်ကူညီပေးနေတာလို့ ပြောပါတယ်။

“ကျွန်တော်လည်း အရင်တုန်းက တစ်ခါမှမပို့ဖူးဘူး၊ ဒီလိုအလောင်းတွေ သယ်ပြီးတော့၊ အခုတော့ ပရဟိတစိတ်နဲ့ပဲ ကျွန်တော်တို့ ကူညီကြတာပေါ့နော်၊ စိတ်ထဲမှာတော့ တစ်မျိုးပေါ့၊ ကိုယ်တွေမလုံခြုံလို့ များ ကိုယ့်မိသားစုကို ကူးစက်သွားမလားဆိုတဲ့ စိတ်လေးတော့ နည်းနည်းရှိတယ်၊ ကျွန်တော်တို့ကတော့ ကူးသည်ဖြစ်စေ၊ မကူးသည်ဖြစ်စေ ကူညီရမယ်ဆိုတဲ့စိတ်က အပြည့်ဖြစ်နေတော့ ကျွန်တော်တို့က ကူညီ ရတာပေါ့နော်၊ တချို့တွေဆိုရင် မိဘတွေကိုတောင် ပြန်မကြည့်ချင်ဘူးလေ၊ မကပ်ကြဘူး အဲလိုတွေ ဖြစ်ကုန်ကြတယ်၊ အခုဆိုရင် အသက်ကြီးပိုင်းတွေဖြစ်ကြတယ်ဆိုတော့ ကျွန်တော်တို့လည်း ကိုယ့်မိဘ နေရာမှာထားပြီးတော့ အများဆုံး လုပ်ကြတာပေါ့”

သူတို့အနေနဲ့ တစ်ခေါက်သွားပို့ရင် ရုပ်အလောင်း သုံးလောင်းကနေ ခြောက်လောင်းခန့်အထိတင်ပြီး သုသာန် တွေဆီ သွားရောက်သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ ကိုဇော်မိုးနိုင်က ဆိုပါတယ်။

မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းမှာ လူငယ်စေတနာဝန်ထမ်း ၁၅ ယောက်က ကား ငါးစီးနဲ့ တစ်စီးပြီး တစ်စီး အလှည့်ကျ အလောင်းသယ်ယူ ပို့ဆောင်ပေးနေသလို ရုံးမှာပဲအထိုင်နေပြီး ကူညီပေးနေသူကလည်း ငါးယောက်လောက်ရှိပါတယ်။

"သူငယ်ချင်းတွေထဲမှာ တစ်ဝက်လောက်နီးပါး ဖျားကြတာပေါ့၊ ဖျားတာနာတာတွေ ရှိပေမယ့်လည်း ကြိတ်မှိတ်ပြီးတော့ လုပ်နေတာပေါ့"

ဒီလိုအခြေအနေမှာပဲ ရန်ကုန်မြို့က သုသာန်တွေမှာ တစ်ရက်ကို ရုပ်အလောင်း ၃၀၀၀ လောက် မီးသင်္ဂြိုဟ် လို့ရတဲ့ စက်တွေတည်ဆောက်ပေးနေတယ်လို့ စစ်ကောင်စီသတင်းမီဒီယာတွေကနေ ကြေညာခဲ့ပါတယ်။

စစ်ကောင်စီက မီးသင်္ဂြိုဟ်စက်တွေ အမြန်တည်ဆောက်တဲ့ကိစ္စက အနာနဲ့ဆေးတစ်ခြားစီ ဖြစ်နေတယ်လို့ ဥက္ကဋ္ဌ ဦးမင်းဒင်က ပြောပါတယ်။

“အနာနဲ့ဆေးတခြားစီ ဖြစ်နေတယ်ဗျ၊ အခုသုသာန်တွေမှာ အားချင်း ၃၀၀၀ လောက် ကျွန်တော်တို့လည်း မျက်စိနဲ့မြင်ခဲ့ပါတယ်ဗျ၊ ကျီစုမှာရော အားချင်းသင်္ဂြိုဟ်နိုင်အောင်လို့ စက်တွေဆောက်နေတယ်ဗျ၊ တကယ်လို့ ဒီကပ်ရောဂါထပ်ပြီးတော့ ဒီလိုမျိုးနှစ်ဆလောက် ပြင်းထန်မယ်၊ မပြင်းထန်ဘူးဆိုတာတော့ ကျွန်တော်တို့ထက် အဆင့်မြင့်တဲ့ပညာတတ်တွေက မှန်းလို့ရမှာပါဗျ၊ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ အတွေ့အကြုံအရ ဒီအနေအထားက ဒီထက်လည်းပိုပြီးတော့ များစရာလည်း မရှိတော့ဘူးလို့ ထင်ပါတယ် ဗျ၊ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ သေစရာကုန်သွားပြီလို့ပဲ ပြောရမှာပေါ့၊ စီမံမှုနည်းနည်းလွဲတယ်လို့ပဲ ပြောရမှာပေါ့ဗျာ၊ လက်ရှိနိုင်ငံရေး အခြေအနေအရရော သိကြမှာပါ၊ လက်ရှိလုပ်နေတဲ့သူတွေကလည်း လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်မရှိတဲ့အခါကျတော့ အဲဒီမှာက ပိုပြီးတော့ စီမံခန့်ခွဲမှုတွေလွဲကုန်တာ အဲဒါလည်း ပါပါလိမ့်မယ်ဗျ”

သေဆုံးမှုတွေမများခင် ဇူလိုင်လ ပထမပတ်အတွင်းမှာ ပိုးကူးစက်လူနာတွေကို စစ်ဆေးတာနဲ့ ထိတွေ့တဲ့ သူတွေကို စစ်ဆေးတာတွေအပြင် အကောင်းဆုံးနည်းလမ်းတွေကို ပရဟိကအဖွဲ့တွေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံ တင်ပြခဲ့ပေမယ့် မြို့နယ်ကနေ ခရိုင်၊ ခရိုင်ကနေ တိုင်းကိုတင်ပြပြီး ပြန်ခွင့်ပြုလာမှ လုပ်ရမယ်ဆိုတဲ့ ကိစ္စတွေကြောင့် မြန်မြန်ဆန်ဆန် လုပ်ရမယ့်အရာတွေ နောက်ကျကုန်တယ်လို့ ဦးမင်းဒင်က ပြောပါတယ်။

စေတနာ့ဝန်ထမ်းတွေဟာ ကူးစက်မှုပြင်းထန်တဲ့ ကိုဗစ်ရောဂါလူနာတွေကို အနီးကပ် ကူညီပေးကြရတာနဲ့ ကိုဗစ်ရောဂါကြောင့် သေဆုံးသူတွေကို ထိတွေ့သယ်ယူကြရတာတွေကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးဖို့လည်း အရေးတကြီး လိုအပ်ကြပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး ကတော့ စေတနာ့ဝန်ထမ်းတွေကိုလည်း ဦးစားပေးအဆင့်အနေနဲ့ ထိုးပေးသွားမယ့်အထဲ ပါဝင် တယ်လို့ ဇူလိုင်လ ၂၆ ရက်နေ့ MRTV နဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

“၆၅ နှစ်အထက်တွေကို ဦးစားပေးထိုးမှာဖြစ်ပါတယ်၊ ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အခြားဝန်ထမ်း တွေကလည်း နောက်ထပ်ဦးစားပေးပဲဖြစ်ပါတယ်၊ နောက်ထပ်ကတော့ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းတွေ ပေါ့နော်၊ နောက် Volunteers တွေပေါ့နော်၊ Volunteers တွေဆိုတာက တကယ့်ကို ကျွန်မ လေးစားရတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ပါဝင်ပါတယ်၊ ကွာရတင်းစင်တာတွေမှာပဲဖြစ်ဖြစ် လူနာတွေပို့ဆောင်တဲ့အခါမှာပဲဖြစ်ဖြစ် နောက်တစ်ခုက သေဆုံးတဲ့လူနာတွေကို ပို့ဆောင်တဲ့အခါမှာပဲဖြစ်ဖြစ် အခုဆို နောက်တစ်ခုက ကာကွယ် ဆေးထိုးတဲ့အခါမှာလည်း Volunteers တွေရဲ့ အခန်းကဏ္ဍက အများကြီးပါဝင်ပါတယ်၊ ဒီ Volunteers တွေကလည်း ဦးစားပေးအုပ်စုထဲမှာ ပါဝင်ပါတယ်”

လက်ရှိမှာ အသက် ၆၅ နှစ်အထက်တွေကို ကာကွယ်ဆေးစထိုးနေပြီဖြစ်ပေမယ့် ပရဟိတ စေတနာ့ဝန်ထမ်း တွေကို ထိုးပေမယ့်ကိစ္စကိုတော့ ပြောဆိုကမ်းလှမ်းတာတွေ တစ်ခွန်းမှ မကြားရသေးဘူးလို့ ဩဂုတ်လ ၂ ရက် ဒီနေ့မှာ မြို့နယ်ကိုဗစ်ကော်မတီ အစည်းအဝေး သွားတက်ပြီးပြန်လာတဲ့ မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမင်းဒင်က ပြောပါတယ်။

“လောလောဆယ်တော့ အသက် ၆၅ နှစ်အထက် လူကြီးပိုင်းတွေ ထိုးနေတယ်ဗျ၊ အဲဒါပြီးရင် ကျန်းမာရေး ဝန်ထမ်းလို့ ပြောတယ်ဗျ၊ ကျန်းမာရေးဝန်ထမ်းပြီးရင်တော့ ကျွန်တော်တို့ Volunteers တွေ အပြင်မှာလုပ် နေတဲ့ ပရဟိအသင်းတွေ ထိုးပေမယ်လို့တော့ကြားတယ်၊ ဒါပေမဲ့ အခုချိန်အထိတော့ ကမ်းလှမ်းတာ မရှိ ပါဘူးခင်ဗျ၊ လောလောဆယ်အထိ တရားဝင် ဘယ်သူမှ အကြောင်းမကြားဘူးဗျ၊ မြေပြင်မှာဆောင်ရွက်နေ တဲ့ အသင်းတွေကို ထိုးပေးမယ်ဆိုတဲ့စကား တစ်လုံးမှတောင် မပါဘူး၊ သူတို့တော့ အစီအစဉ်တော့ ရှိပါလိ့မ်မယ်ဗျ၊ ကျွန်တော်တို့တော့ သူတို့ ပြောတာပဲနားထောင်ပြီး အစည်းအဝေးကို ဖြတ်လိုက်တယ်ဗျ”

အာဏာသိမ်းမှုမဖြစ်ခင် NLD အရပ်သားအစိုးရလက်ထက် ကိုဗစ်ဒုတိယလှိုင်းအစမှာ ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးခဲ့ဖူးပေမယ့် ဒုတိယအကြိမ် ထပ်မထိုးရသေးတဲ့အတွက် ဆေးမအောင်ဖြစ်ခဲ့ပြီး လက်ရှိဘယ်လို ဆက်လုပ်ရမလဲဆိုတာလည်း မသိရသေးဘူးလို့ ဦးမင်းဒင်က ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ကိုဗစ်တတိယလှိုင်း ကူးစက်မှုတွေမများခင် ဇူလိုင်လ အစပိုင်းကတည်းက ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ကာကွယ်ဆေး ထိုးနှံပေးပြီးသားဖြစ်သင့်တယ်လို့လည်း ပရဟိတလုပ်ကိုင်နေသူတွေက ပြောကြပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဩဂုတ်လ ၂ ရက် ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မနေ့ကတစ်ရက်တည်း ပိုးတွေ့လူနာသစ် ၃၆၈၉ ဦးရှိပြီး သေဆုံးသူ ၃၃၀ ရှိပါတယ်။ ကိုဗစ်ကူညီတားဆီးရေး ဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်တဲ့ စာရင်းထက် လက်တွေ့လူထု အကြား သေဆုံးမှုက အဆမတန်ပိုများနိုင်ကြောင်း ခန့်မှန်းပြောဆိုကြပါတယ်။

RFA Burmese

(မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းသားတွေ ကိုဗစ်ကြောင့် သေဆုံးတဲ့ ရုပ်အလောင်းတွေကို သယ်ဆောင်ခဲ့ကြစဉ်) Photo: Minn Din


ကိုဗစ်ပြင်းထန်ချိန် ပရဟိတအဖွဲ့များ အသက်စွန့်ပြီး ကူညီနေ ကိုဗစ်ပြင်းထန်ချိန် ပရဟိတအဖွဲ့များ အသက်စွန့်ပြီး ကူညီနေ Reviewed by THITHTOOLWIN on 00:56 Rating: 5

No comments:

Powered by Blogger.