စစ်ကိုင်းမှာ ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူ နေ့စဥ် ၁၀ ဦးကျော်ရှိလို့ လူမှုကူညီရေးအသင်းတွေပြေ


စစ်ကိုင်းမြို့မှာ ကိုဗစ်-၁၉ လက္ခဏာနဲ့ သေဆုံးသူဟာ နေ့စဉ် ၁၀ ဦးကျော်ရှိတယ်လို့ ပရဟိတ လူမှုကူညီကယ်ဆယ်ရေး အသင်းတွေက ပြောပါတယ်။

"ဒီရက်ပိုင်းတွေမှာ ၁၀ အောက်ကို မဆင်းတာ။ ခုနစ်လပိုင်းမကုန်ခင်ကတည်း လုံးဝ ၁၀ ကျော်ပဲရှိတာ။ လကုန်ပိုင်းကဆို ၂၂ ဦး သင်္ဂြိုဟ်ပေးရတယ်" လို့ စစ်ကိုင်းမြို့ လူမှုကူညီရေးအသင်းတခုရဲ့ တာဝန်ခံက ပြောပါတယ်။

စစ်ကိုင်းမြို့မှာ ကိုဗစ်-၁၉ လက္ခဏာနဲ့ သေဆုံးသူဦးရေဟာ ဇွန်လမှာ သုံးဦးထက်မပိုခဲ့ပါဘူး။ ဇူလိုင်လလယ်မှာ ကိုဗစ်ရောဂါ လက္ခဏာခံစားရသူ များလာသလို သေဆုံးသူတွေပါ ထပ်တိုးလာပါတယ်။ ကိုဗစ် သံသယလက္ခဏာနဲ့ သေဆုံးသူအများစုဟာ နေအိမ်မှာ နေထိုင်သူတွေ အများဆုံး ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကို စစ်ကိုင်းမြို့မှာ ပြည်သူ့ဆေးရုံကြီး၊ နှစ် ၇၀၀ ပြည့်ကွင်းနဲ့ စစ်ကိုင်းပညာရေး ကောလိပ်တွေမှာ ကုသပေးတာတွေ ရှိပါတယ်။ ဆေးရုံရော နေအိမ်မှာပါ ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူ အများစုဟာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်လို့ လူမှုကူညီကယ်ဆယ်ရေး အသင်းတွေကနေ သိရပါတယ်။

"စစ်ကိုင်းအတွက် အဓိကလိုအပ်နေတာက အောက်ဆီဂျင်ပါပဲ။ ရမယ့်နေရာတိုင်းကို ပတ်ရှာပါတယ်။ မန္တလေးစက်ရုံတွေကနေလည်း ခွဲတမ်းရတာ နည်းတယ်။ အခုအသင်းပေါင်းစုံက အောက်ဆီဂျင်ကို ရတဲ့နေရာက စုံစမ်းဖြည့်ရတယ်"လို့ စစ်ကိုင်းမြို့ လူမှုကူညီရေးအသင်းတခု တာဝန်ခံက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှု့မှု အခြေနေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ရာမှာ ဩဂုတ်လ ၂ရက်နေ့ စစ်ကိုင်းမြို့မှာ ကိုဗစ်အတည်ပြုလူနာ ၁၁ဦးနဲ့ သေဆုံးသူ ၇ ဦးသာရှိတယ်လို့ ဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-58072010

စစ်ကိုင်းမှာ ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူ နေ့စဥ် ၁၀ ဦးကျော်ရှိလို့ လူမှုကူညီရေးအသင်းတွေပြေ  စစ်ကိုင်းမှာ ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူ နေ့စဥ် ၁၀ ဦးကျော်ရှိလို့ လူမှုကူညီရေးအသင်းတွေပြေ Reviewed by THITHTOOLWIN on 01:00 Rating: 5

No comments:

Powered by Blogger.