စစ်ကောင်စီဥက္ကဋ္ဌ ပြောဆိုချက်ကို ထောက်ခံတဲ့အထဲ 'ဝ' ပါတီ မပါကြောင်း ငြင်းဆို

စစ်ကောင်စီဥက္ကဋ္ဌ ပြောဆိုချက်ကို ထောက်ခံတဲ့အထဲ 'ဝ' ပါတီ မပါကြောင်း ငြင်းဆို "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့ တစ်နေရာကို ၂၀၁၉၊ ဧပြီ ၁၄ ရက်နေ့က တွေ့ရစဉ် / Photo: RFA

စစ်ကောင်စီက ရွေးကောက်ပွဲအသစ် ပြန်ကျင်းပပေးမယ့်အပေါ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း နိုင်ငံရေးပါတီ ၂၈ ပါတီရဲ့ ပူးတွဲကြေညာချက်မှာ 'ဝ' အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် ပါဝင်လက်မှတ်ထိုးခဲ့တဲ့ လုပ်ရပ်ဟာ ပါတီနဲ့ ‌မသက်ဆိုင်ဘူးလို့ 'ဝ' အမျိုးသားပါတီ ဗဟိုကော်မတီဝင်တွေက ဩဂုတ် ၆ ရက် ဒီနေ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။

လက်မှတ်ရေးထိုးတာနဲ့ ပတ်သက်ပြီး ပါတီဗဟိုကော်မတီကို တင်ပြတာ မရှိခဲ့တဲ့အတွက် ဒီလုပ်ရပ်ဟာ ပါတီနဲ့ မသက်ဆိုင်ဘဲ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်ရဲ့ တစ်ဦးတည်း သဘောထားသာ ဖြစ်တယ်လို့ ပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးဆိုင်နပ်က RFA ကို အတည်ပြုပြောဆိုပါတယ်။

၂၈ ပါတီ ထုတ်ပြန်ချက်မှာ 'ဝ' အမျိုးသားပါတီ ဥက္ကဋ္ဌ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အပေါ် 'ဝ' လူငယ် နဲ့ 'ဝ' လူထုက ပါတီကို ကန့်ကွက်တာတွေ ရှိနေတဲ့အတွက် အခုလို သဘောထား ထုတ်ပြန်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

‌လောလောဆယ် ပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်ကို အရေးယူဖို့ မရှိသေးဘဲ သူနဲ့ ထပ်ပြီး တွေ့ဆုံဆွေးနွေးမယ်လို့ ပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးဆိုင်နပ်က ပြောပါတယ်။

သြဂုတ် လ ၄ ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်ပြီး နိုင်ငံရေးပါတီ ၂၈ ပါတီ စုပေါင်းထုတ်ပြန်တဲ့ အဲဒီကြေညာချက်မှာ ၂၀၀၈ အခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ်ဆိုတဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ပြောဆိုချက်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်းနဲ့ ပူးပေါင်း ကူညီကြမယ့်အကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

'ဝ' အမျိုးသားပါတီ (Wa National Party) ဟာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ဧပြီ ၂ ရက်နေ့မှာ ‘ဝ’ လစ်ဘရယ်ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီ၊ ‘ဝ’ ဒီမိုကရက်တစ် ပါတီနဲ့ ‘ဝ’အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ စတဲ့ 'ဝ' တိုင်းရင်းသားပါတီ သုံးခု ပူးပေါင်းပြီး တစ်ပါတီတည်းအဖြစ် ဖွဲ့စည်းခဲ့တာပါ။

၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ 'ဝ' အမျိုးသားပါတီက ရှမ်းပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း ၂၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ဟိုပန်မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ် နှစ်နေရာနဲ့ မိုင်းတုံမြို့နယ်မှာ တစ်နေရာ စုစုပေါင်း သုံးနေရာ အနိုင်ရရှိထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်အသစ် တွေ့ဆုံပွဲ မတက်ဘဲ သပိတ်မှောက်ခဲ့တဲ့ထဲမှာ 'ဝ' အမျိုးသားပါတီလည်း ပါဝင်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/wa-national-party-statement-08062021093051.html

စစ်ကောင်စီဥက္ကဋ္ဌ ပြောဆိုချက်ကို ထောက်ခံတဲ့အထဲ 'ဝ' ပါတီ မပါကြောင်း ငြင်းဆို  စစ်ကောင်စီဥက္ကဋ္ဌ ပြောဆိုချက်ကို ထောက်ခံတဲ့အထဲ 'ဝ' ပါတီ မပါကြောင်း ငြင်းဆို Reviewed by THITHTOOLWIN on 23:35 Rating: 5

No comments:

Powered by Blogger.