ရန်ကုန်မှာ ဗုံးသုံးလုံး ပေါက်ကွဲ

ရန်ကုန်မှာ ဗုံးသုံးလုံး ပေါက်ကွဲ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိတဲ့ ယာဉ်ထိန်းရုံးအနီး ၂၀၂၁၊ သြဂုတ် ၆ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွားစဥ် / Photo: Citizen Journalist

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗိုလ်သူရလမ်းပေါ်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးမှာ ဒီနေ့ ဩဂုတ်လ ၆ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့သလို ညနေ ၄ နာရီ ၁၈ မိနစ် လောက်မှာလည်း လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိတဲ့ ယာဉ်ထိန်းရုံး အနီးမှာ ပေါက်ကွဲမှု တစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကြည့်မြင်တိုင်မြို့နယ်က ဖြစ်စဉ်မှာ ရွှေအိုး ဆေးဆိုင်ရှိရာနဲ့ ထွေအုပ်ရုံးဘေးမှာ တစ်ကြိမ်၊ လပွတ္တာ ကုန်စုံဆိုင်နဲ့ ထွေအုပ်ရုံးကြားမှာ တစ်ကြိမ် ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတစ်ဦးကို ဆေးရုံကားနဲ့ ခေါ်သွားတာတွေ့ရတယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဒီပေါက်ကွဲမှုဖြစ်ပြီးနောက် အခင်းဖြစ်နေရာနားကို စစ်သားတွေရောက်ရှိလာသလို ထွေအုပ်ရုံးအနီးမှာရှိတဲ့ ဈေးဆိုင်တွေ ဒေသခံတွေက ချက်ချင်းပိတ်သိမ်းနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

လမ်းမတော်မြို့နယ်က ပေါက်ကွဲမှုဖြစ်စဉ်မှာတော့ တုန်ခါမှုနဲ့ မီးခိုးငွေ့တချို့ ထွက်ပေါ်လာခဲ့သလို ယာဉ်ထိန်းရုံးဟာလည်း ပျက်ဆီးမှုတချို့ ရှိခဲ့တယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာတော့ အနီးတစ်ဝိုက်က လမ်းတွေကို ခေတ္တပိတ်ထားပြီး ရဲကားတွေလည်း ရောက်နေတယ်လို့ ဆိုပါတယ်။

လမ်းမတော်မြို့နယ်က ဖြစ်စဉ်မှာတော့ ထိခိုက်မှု ရှိ၊ မရှိ မသိရသေးဘူးလို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ဒီပေါက်ကွဲဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ RFA က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/bomb-blast-in-ygn-08062021074446.html


ရန်ကုန်မှာ ဗုံးသုံးလုံး ပေါက်ကွဲ  ရန်ကုန်မှာ ဗုံးသုံးလုံး ပေါက်ကွဲ Reviewed by THITHTOOLWIN on 23:34 Rating: 5

No comments:

Powered by Blogger.