မြန်မာပြည်အတွက် ၆ လအတွင်းစားနပ်ရိက္ခာရန်ပုံငွေ ဒေါ်လာ ၈၆ သန်းလိုအပ် WFP သတိပေး


မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ COVID-19 တကျော့ပြန်ကူးစက်မှုတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရချိန်မှာပဲ စားနပ်ရိက္ခာ အကူအညီလိုအပ်နေတဲ့ သန်းနဲ့ ချီတဲ့ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ဖို့ လာမယ့် ၆ လအတွင်း ရန်ပုံငွေ မလုံမလောက် ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (WFP) က ဒီကနေ့ သတိပေးလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ နိုင်ငံတွင်း မတည်ငြိမ် မှုတွေနဲ့ ကိုဗစ်ကပ်ဘေးအန္တရာယ် ရင်ဆိုင်နေရချိန်မှာ ဆာလောင်ငတ်မွတ်မှုဘေး ထပ်မကြုံရစေဖို့ မြန်မာနိုင်ငံအတွက် အကူအညီ ဒေါ်လာ (၈၆) သန်း လိုအပ်နေတဲ့အကြောင်း WFP ရဲ့ ဒီကနေ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာရှားပါးမှု တနေ့တခြား ပိုမိုဆိုးရွားလာနေတယ်လို့ WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး Stephen Anderson က ကြေညာချက်မှာ သတိပေးထားပါတယ်။

လာမယ့် ၆ လအတွင်း မြန်မာပြည်သူ ၆.၃ သန်းလောက် စားနပ်ရိက္ခာမလုံလောက်တဲ့ အခြေအနေကြုံရနိုင်ပြီး ဒါဟာ ဖေဖော်ဝါရီလ အာဏမသိမ်းခင်အချိန်ကထက် (၂.၈) သန်း ပိုများလာတာဖြစ်တယ်လို့လည်း WFP က ပြောပါတယ်။ ခုချိန်မှာ သူတို့အတွက်လိုအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ ရန်ပုံငွေ အရေးတကြီး လိုအပ်နေသလို လိုအပ်တဲ့နေရာတွေကို သွားရောက် ကူညီခွင့်ရဖို့ အင်မတန် အရေးကြီးတယ်လို့လည်း WFP ဌာနေကိုယ်စားလှယ် Anderson က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ လ ကြာလာတဲ့အထိ ဆန့်ကျင်ကန့်ကွက်လှုပ်ရှားမှုတွေ ပုံစံမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် သေဆုံးသူ ၉၀၀ ကျော်၊ ဖမ်းဆီး ထိန်းသိမ်းခံရသူ ၅,၀၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ မြန်မာစစ်တပ်ဘက်ကတော့ AAPP ရဲ့စာရင်းတွေ မှန်ကန်မှုမရှိဘဲ ဖောင်းပွနေတယ်ဆိုပြီး ငြင်းဆန်ထားတာပါ။

ဒီလိုအချိန်မှာပဲ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာလည်း တိုက်ခိုက်မှုတွေ တိုးလာနေပြီး နေရပ်စွန့်ခွာထွက်ပြေးရသူတွေလည်း ဆက်ပြီး တိုးလာနေတာဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/what-happening-in-myanmar-military-coup-hunger-/5993202.html

မြန်မာပြည်အတွက် ၆ လအတွင်းစားနပ်ရိက္ခာရန်ပုံငွေ ဒေါ်လာ ၈၆ သန်းလိုအပ် WFP သတိပေး မြန်မာပြည်အတွက် ၆ လအတွင်းစားနပ်ရိက္ခာရန်ပုံငွေ ဒေါ်လာ ၈၆ သန်းလိုအပ် WFP သတိပေး Reviewed by THITHTOOLWIN on 23:37 Rating: 5

No comments:

Powered by Blogger.