RDT Test Kit ရလဒ် ရာနှုန်းပြည့်မမှန်ကန်


သျှမ်းသံတော်ဆင့် ၊ ဇူလိုင် ၁၂ 

သျှမ်းပြည်တွင် ကိုဗစ်-၁၉  အတည်ပြုလူနာနှင့် ထိတွေ့မိသူများ၊ ကိုဗစ်လက္ခဏာပြသည့် သံသယလူနာများ၊ ခရီးသွားရာဇဝင်ရှိသူများကို လတ်တလောတွင် RDT test kit ဖြင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ 

RDT test kit ဖြင့် စစ်ဆေးရာတွင် ရလဒ်အား (၁၀၀%) အမှန်သတ်မှတ်လို့မရနိုင်သည့်အတွက် ပြည်သူများ အနေဖြင့် သတိထားနေသင့်ကြောင်း သျှမ်းတောင်မှ ဆရာဝန်တစ်ဦးက တိုက်တွန်းထားသည်။ 

“RDT test kit မှာ Negative ပြတဲ့သူတွေအနေနဲ့ ဆက်ပြီးတော့ Quarantine ဝင်ရပါမယ်။ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးကို သယ်ဆောင်သွားနေတဲ့သူတွေအဖြစ် ရှိနေနိုင်တာကြောင့်ပါ၊ PCR Test ပြန်လုပ်ပြီးမှ စိတ်ချရပါမယ်” ဟု အင်းလေးဒေသမှ ဆရာဝန်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းက RDT test kit ဖြင့် စစ်ဆေးပြီး Negative ထွက်ထားသည့် လူနာ (၃)ဦးကို တစ်ပတ်အကြာတွင် PCR Test ပြန်စစ်ရာ Positive ပြနေခဲ့သည့်အတွက် ကုသမှု ထပ်မံခံယူနေရသည့် ဖြစ်ရပ် ဖြစ်ပေါ်ခဲ့ကြောင်း ဆရာဝန်က ဆိုသည်။

ထို့အပြင် လတ်တလောကာလအတွင်း အင်းလေးဒေသရှိ ကျေးရွာတချို့တွင် (၂) ရက် (၃) ရက်ခန့်ဖျားနာပြီး ရုတ်တရက်သေဆုံးသွားသူများလည်း ရှိနေကြောင်း သိရသည်။ 

“အဲ့လို ရုတ်တရက်သေဆုံးတာတွေက ခပ်စိတ်စိတ်ဖြစ်လာနေတယ်၊ ရောဂါအတည်တကျ ဓာတ်ခွဲစစ်ဆေးမှုတွေ မလုပ်နိုင်တဲ့အတွက် ဘာကြောင့် သေဆုံးတယ် ဆိုတာကိုတော့ သေချာမပြောနိုင်ဘူး၊ ဒါပေမယ့် ကိုဗစ်ပိုးလို ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါကိုလည်း မေ့ထားလို့မရဘူး၊ ရာသီတုပ်ကွေးနဲ့ ကိုဗစ်ရောဂါဟာ လက္ခဏာတွေ ရောထွေးပြီး လာတဲ့အတွက် သာမန်ဖျားတယ်ဆိုရင်တောင် သတိထားရမယ့် အခြေအနေပါပဲ” ၎င်းက ဆက်ပြောသည်။ 

အာဏာသိမ်းစစ်ကောင်စီလက်ထက် ဖြစ်ပေါ်လာသည့် ကိုဗစ-၁၉ တတိယလှိုင်းအတွင်း Q Center နည်းပါးခြင်း၊ ကျန်းမာရေးဝန်ထမ်း နည်းပါးခြင်း၊ စေတနာ့ဝန်ထမ်း၊ လူမှုရေး ပရဟိတအသင်းအဖွဲ့များ အားနည်းလာခြင်းတွေကြောင့် ကိုဗစ်-၁၉  ပိုးကူးစက်နှုန်းအား ထိန်းချုပ်ရန် ခက်ခဲနေကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်လာသည့်အပြင် တချို့မြို့နယ်များတွင် အောက်ဆီဂျင်ပြတ်လပ်မှုများပါ ဖြစ်ပေါ်နေသည်။

သျှမ်းတောင် အင်းလေးဒေသ ညောင်ရွှေမြို့နယ်တွင် ဇူလိုင် (၁၁) ရက် ညပိုင်းထိ ကိုဗစ်ပိုး ကူးစက်ခံရသူ (၂၀၇)ဦး၊ သေဆုံးသူ (၃)နှင့် ဆေးရုံမှဆင်းခွင့်ရသူ (၁၀) ရှိနေကြောင်း သိရသည်။   


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

RDT Test Kit ရလဒ် ရာနှုန်းပြည့်မမှန်ကန် RDT Test Kit ရလဒ် ရာနှုန်းပြည့်မမှန်ကန် Reviewed by THITHTOOLWIN on 21:36 Rating: 5

No comments:

Powered by Blogger.