တောင်ကြီးမြို့ အရပ်သား (၂) ကို စစ်ကောင်စီမှ ဖမ်းဆီးသွား၊ စစ်ကြောရေးတွင် ရိုက်နှက်စစ်ဆေး

 


ဇူလိုင် ၁၂ရက် ၂၀၂၁

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် ယမန် (ဇူလိုင် ၁၁)ရက် မနက်ပိုင်းတွင် စစ်ကောင်စီ မှ အရပ်သား (၂) ဦးကို လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ယမန့် (ဇူလိုင် ၁၁) ရက် မနက် (၃) နာရီတွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်တွင်နေထိုင်သည့်  ကိုခိုင်မြင့်ထွန်း နှင့် ၎င်းအမျိုးသမီး မနှင်းနုနုနိုင်တို့၏ နေအိမ်ကို စစ်ကောင်စီမှ  စစ်ကားများဖြင့်လာရောက်ပြီး (၂)ဦးစလုံး ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။

“ မနက် ၃ နာရီလောက်မှာလာဖမ်းသွားတယ်။ ရိုက်တာတွေတော့ရှိတယ်။ ဘာကြောင့် လာဖမ်းသွားလဲတော့ သူတို့မပြောဘူး။ ကျမတို့သိရတာတော့ PDF ထဲပါဝင်နေလို့ အဲကြောင့်လာဖမ်တာထင်တယ်” ဟု တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်နေ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။  

ဖမ်းဆီးခံရသည့် ကို ကိုခိုင်မြင့်ထွန်းသည် လွန်ခဲ့သည့် လပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုထံ စစ်သင်တန်းသွားရောက်ခဲ့သည်ဟုဆိုပြီး စစ်ကောင်စီ က  လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း  ၎င်းအမျိုးသမီး က ပြောပြသည်။

အဆိုပါ (၂)ဦးကို စစ်ကောင်စီ အုပ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၎င်း (၂)ဦး ၏ လက်ကိုင်ဖုန်းကို ဖွင့်ခိုင်းရာတွင် မဖွင့်ပေးသဖြင့် မနှင်းနုနုနိုင်၏ လက်ချောင်းများကိုလည်းရိုက်နှက် စစ်ဆေးမှု ပြုလုပ်ထေားကြောင်း သတင်းရရှိသည်။

“ သူက သင်တန်းသွားတက်လာတယ်လို့ပြောတယ်။ ပြီးတော့ သူရဲ့ဖုန်းကိုတောင်းစစ်တယ်လို့ပြောတယ်။ ဖုန်းမဖွင့်ပေးလို့ သူလက်တွေကို ရိုက်ထားတယ်လို့ကြားတယ်။ အတိအကျတော့ မသိရသေးဘူး။” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။ 

လက်ရှိစစ်ကောင်စီမှ ဖမ်းဆီးထားသည့် ကိုခိုင်မြင့်ထွန်းနှင့် မနှင်းနုနုနိုင်တို့ကို မည်သည့်နေရာ တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးပေ။ 

ကိုခိုင်မြင့်ထွန်းသည် ယခင်က ရွှေတြိဂံသတင်းဌာနတွင် အလုပ်လုပ်ကိုင်ဖူးခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ဖမ်းဆီးထားသောတောင်ကြီးမြို့ဒေသခံ စုစုပေါင်း ၂၀၀ ကျော်ရှိကြောင်းသိရသည်။  


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

တောင်ကြီးမြို့ အရပ်သား (၂) ကို စစ်ကောင်စီမှ ဖမ်းဆီးသွား၊ စစ်ကြောရေးတွင် ရိုက်နှက်စစ်ဆေး တောင်ကြီးမြို့ အရပ်သား (၂) ကို စစ်ကောင်စီမှ ဖမ်းဆီးသွား၊ စစ်ကြောရေးတွင် ရိုက်နှက်စစ်ဆေး Reviewed by THITHTOOLWIN on 21:34 Rating: 5

No comments:

Powered by Blogger.