မြင်းခြံမှာ NLD အမာခံဆိုပြီး ပျူစောထီးစာရင်းမှာပါသူ ၂ ဦး သတ်ဖြတ်ခံရ

သင်္ချာဘာသာရပ်ပြဆရာ ဦးမိုးဟိန်းဟာ လူချစ်လူခင်ပေါသလို ပျော်ပျော်နေတတ်သူလို့ ရင်းနှီးသူတွေက မှတ်ချက်ပြု

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ NLD အမာခံဆိုပြီး ပျူစောထီးစာရင်းမှာ ပါတဲ့ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးတို့ မနေ့ ဇူလိုင် ၂ ရက်ညပိုင်းက သတ်ဖြတ်ခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အသတ်ခံခဲ့ရသူတွေဟာ မြင်းခြံမြို့က သင်္ချာဆရာ ဦးမိုးဟိန်းနဲ့ ဇနီးဖြစ်သူတို့ ဖြစ်ပြီး နေအိမ်မှာ သတ်ဖြတ်ခံခဲ့ရတာလို့ သိရပါတယ်။

''သူတို့နေတဲ့အရပ်က အမှတ် ၂၀ ရပ်ကွက်။ ချောင်းဒေါင်းအရပ်လို့လည်း ခေါ်ပါတယ်။ အရင်တုန်းကတော့ ရွာပေါ့။ အခုတော့ မြို့နယ်နိမိတ်ထဲပါသွားတာပေါ့။ ဝန်းခြံမဟုတ်ဘဲ ဈေးတိုက်တန်းလိုနေရာမျိုးမှာ တိုက်ခန်းလေး ငှားနေကြတာဆိုတော့ ဝင်ရ၊ ထွက်ရလွယ်တယ်။ သူတို့(ပျူစောထီး) ကြေညာထားတာ ရှိတယ်လေ။ သူတို့(သတ်ဖြတ်ခံရသူ)နှစ်ယောက်လည်း ပါတယ်။ ဒီလိုတိုက်ခန်းနဲ့ ပေါ့ပေါ့ပါးပါးနေတတ်ကြသူတွေဆိုတော့ သူတို့ဘက်က ပြောင်ကြေညာပြီးမှ လုပ်တာပါ။ ပြောင်လာကြတာပဲ'' လို့ မြို့ခံ NLD ပါတီဝင်တစ်ဦးက ပြောပါတယ်။

ဦးမိုးဟိန်းဟာ မြင်းခြံ NLD ပါတီဝင်အလုပ်အမှုဆောင်ဟောင်းဖြစ်ပြီး ဇနီးဖြစ်သူကတော့ ပါတီပြန်ကြားရေးတာဝန်ယူထားသူဖြစ်တယ်လို့ သိရပါတယ်။

ပျူစောထီးဆိုတဲ့အဖွဲ့က မြင်းခြံမြို့ထဲက အများပိုင်အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ ပြည်သူတွေကို ထိခိုက်မှုဖြစ်စေတာ တစုံတစ်ခုဆောင်ရွက်မယ်ဆိုရင် NLD ပါတီဝင်တွေနဲ့ ထောက်ပံ့ပေးနေတဲ့လူပုဂ္ဂိုလ်တွေ၊ မိသားစုတွေ၊ နေအိမ်တွေကို ထိထိရောက်ရောက်ပြန် တုံ့ပြန်မယ်ဆိုပြီး NLD ပါတီနဲ့ဆက်စပ်တဲ့ မြင်းခြံဒေသခံ အယောက် ၄၀ နီးပါးရဲ့နာမည်တွေ၊ နေရပ်လိပ်စာတွေကို ဇွန်လ ၂၆ ရက်တုန်းက စာထုတ်ခဲ့ပါတယ်။

အဲဒီလိုစာထုတ်ပြီးနောက်မှာ ဦးမိုးဟိန်းတို့ ဇနီးမောင်နှံ လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။

မြင်းခြံမြို့နယ် NLD ခေါင်းဆောင်ပိုင်းကတော့ ဦးမိုးဟိန်းဟာ စာပြဆရာတစ်ယောက်ဖြစ်တာကြောင့် လူချစ်လူခင်ပေါသလို ပါတီအလုပ်အမှုဆောင်အဖြစ်ကနေ ထွက်ထားတာ ၂၀၁၆ ခုနှစ်ကတည်းက ဖြစ်တယ်လို့ ပြောပါတယ်။

မြင်းခြံမြို့က NLD ပါတီရုံး အပိတ်ခံရပြီးနောက်မှာ ပျူစောထီးရဲ့စာရင်းထွက် လာတာဖြစ်သလို စာရင်းထဲက လူ ၂ ဦးထက်မနည်းဟာ မြို့နယ်အဆင့် ပါတီခေါင်းဆောင်ဟောင်းတွေဖြစ်ပေမဲ့ စာရင်းထဲမှာတော့ တာဝန်ထမ်းဆောင်ဆဲလို့ဖော်ပြထားလို့ နောက်ဆုံးအချက်အလက်မဟုတ်တာကို မြို့ခံတချို့က ထောက်ပြပါတယ်။

မြို့နယ်အဆင့်ပါတီခေါင်းဆောင်တစ်ဦးကလည်း ရုံးကို ဝင်ရှာမခံရခင် ပါတီဝင်တွေရဲ့စာရင်းအဟောင်းတွေကို ရှင်းလင်းပြီးဖြစ်လို့ ဒီလိုစာရင်းအဟောင်းတွေ ဘယ်နေရာကနေ ကျိုးပေါက်ပြီး ပျူစောထီးဘက်က ရသွားလဲဆိုတာ မေးခွန်းထုတ်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

မြင်းခြံမှာ NLD အမာခံဆိုပြီး ပျူစောထီးစာရင်းမှာပါသူ ၂ ဦး သတ်ဖြတ်ခံရ  မြင်းခြံမှာ NLD အမာခံဆိုပြီး ပျူစောထီးစာရင်းမှာပါသူ ၂ ဦး သတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 19:59 Rating: 5

No comments:

Powered by Blogger.