ဒီပဲယင်း အပြန်အလှန်ပစ်ခတ်မှု အရပ်သားအပါအဝင် ဒေသPDFဘက်က ၁၀ ဦးကျော် သေဆုံး

ဒီပဲယင်း အပြန်အလှန်ပစ်ခတ်မှု အရပ်သားအပါအဝင် ဒေသPDFဘက်က ၁၀ ဦးကျော် သေဆုံး

ဒီပဲယင်းမြို့နယ် ၊ အနောက်ဘက်ခြမ်းက ဆပ်ပြာကျင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ မနေ့က မနက် ၆နာရီဝန်းကျင်လောက်က ရောက်ရှိလာပြီးနောက် ပစ်ခတ်မှုတွေဖြစ်ခဲ့ရာက နှစ်ဖက်အထိအခိုက်အကျအဆုံးရှိခဲ့တယ်လို့ ဒီပဲယင်း PDFအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

PDF ဘက်က ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးဝန်းကျင်နဲ့ သေဆုံးသူ ၉ ဦးရှိခဲ့တယ်လို့ ဒေသ PDFဘက်က ကနဦး ထုတ်ပြန်ပါတယ်။

ဒေသခံပြည်သူတချို့ကို ဘီဘီစီက ညနေ ၄နာရီခွဲဝန်းကျင်မှာ ဆက်သွယ်မေးမြန်းချက်တွေအရတော့ သေဆုံးသူ ၁၇ ဦးရဲ့ ရုပ်အလောင်းတွေကို ကောက်ယူပြီးဖြစ်တယ်လို့ ပြောပါတယ်။

"အခု ဒီနေ့မှ စစ်တပ်က နေရာရွှေ့သွားတော့မှ အနီးအနားကရွာတွေက သေတဲ့သူတွေကို ထွက်ကောက်ရတာ။ အခုထိ ကောက်နေတုန်းပဲ။ အခုကောက်ထားတဲ့အလောင်းတွေထဲမှာ ရိုးရိုးအရပ်သား ပါသလား ဘာလားတော့ သေချာမသိရသေးဘူး။ တပ်ကရွာတွေထဲ လက်နက်ကြီးတွေနဲ့ပါ ပစ်တာ ရှိလို့ ရိုးရိုးအရပ်သားတွေလည်းထိတာရှိတယ်။ အခုက နှောထဲဘက် တပ်က တစ်ဖွဲ့ခွဲပြီး ဝင်နေတယ်။ စစ်တာ ပစ်တာတွေရှိတယ်ပြောတယ်။ ဆပ်ပြာကျင်းဘက်က ရွာတွေဘက်က တချို့ကတော့ပြေးနေတော့ ဆက်သွယ်လို့မရတာလည်းရှိတယ်"လို့ ဒီပဲယင်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီတပ်ဘက်မှာလည်း ဒဏ်ရာရသူ ၇ ဦးနဲ့ သေဆုံးသူ ၄ ဦး လောက် ရှိတယ်လို့ ဒီပဲယင်း PDF က ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

မနေ့က ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်တွေဘက်က ကား ၄ စီး၊အင်အား ၁၅၀ ခန့် ဝင်ရောက်လာတဲ့အတွက် ဆပ်ပြာကျင်းကျေးရွာ၊ဘုတ်ရွာ၊ အုန်းဒင်၊ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ အင်ပင်နဲ့ အနီးနားက ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျီစုရွာအနီးက လမ်းသွားလမ်းလာ ၂ ဦးကိုလည်း စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့အတွက် ကျည်ထိမှန်ပြီး ဆေးကုသနေရတယ်လို့ သိရပါတယ်။

"မြို့ပေါ်မှာလည်း ပစ်တာခတ်တာလုပ်တယ်။ နေ့လယ်လောက်ကလည်း ကျွန်မတို့နားက အိမ်က ကောင်လေးတယောက် အပြင်သွားတာ ဆိုင်ကယ် မရပ်ပေးလို့ဆိုပြီး ပစ်ဖမ်းတယ်။ ကျည်ထိမထိတော့ သေချာမသိရပေမယ့် ဖမ်းထားတယ်"လို့ ဒီပဲယင်းမြို့ပေါ်နေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

ဒီပဲယင်း အပြန်အလှန်ပစ်ခတ်မှု အရပ်သားအပါအဝင် ဒေသPDFဘက်က ၁၀ ဦးကျော် သေဆုံး ဒီပဲယင်း အပြန်အလှန်ပစ်ခတ်မှု အရပ်သားအပါအဝင် ဒေသPDFဘက်က ၁၀ ဦးကျော် သေဆုံး Reviewed by THITHTOOLWIN on 20:01 Rating: 5

No comments:

Powered by Blogger.