စစ်ခေါင်းဆောင်မွေးနေ့မှာ ကျိန်စာတိုက် ဆန္ဒပြ

စစ်ခေါင်းဆောင်မွေးနေ့မှာ ကျိန်စာတိုက် ဆန္ဒပြ စစ်ကောင်စီဥက္ကဋ္ဌ မွေးနေ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူငယ်တွေ ၂၀၂၁ ဇူလိုင်လ ၃ ရက်နေ့ မရမ်းကုန်းမြို့နယ်မှာ ဆန္ဒပြခဲ့ကြစဉ် / Photo: RFA

ဇူလိုင်လ ၃ ရက် ဒီကနေ့ကျရောက်တဲ့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မွေးနေ့မှာ စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို ရန်ကုန်အပါအဝင် မြို့ကြီးတော်တော်များများမှာ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့က နေရာတော်တော်များများမှာတော့ လူငယ်တွေ ဦးဆောင်တဲ့ ပြောက်ကျားဆန္ဒပြအဖွဲ့တွေဟာ “မွေးနေ့မှစ၍ မြန်မြန်သေပါစေကြောင်း ပြည်သူများမှ ဆုမွန်ကောင်း တောင်းပါသည်’’ ဆိုတဲ့ ပြင်းထန်တဲ့ ကျိန်စာတိုက် ကြွေးကြော်သံ စာသားတွေကိုင်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မွေးနေ့ ဒီကနေ့မှာ ဆန္ဒပြခဲ့ပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲတွေမှာ အရင်ရက်တွေနဲ့မတူဘဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံတွေကို မီးရှို့ဖျက်ဆီးတာ၊ အခေါင်းတလားတွေကို မီးရှို့ ဖျက်စီးတာတွေအပြင် ပြင်းထန်တဲ့ ဆဲရေးတိုင်းထွာမှုတွေ၊ ကျိန်စာတိုက်တာတွေလည်း ရှိခဲ့ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ ဝန်ကြီး ဦးအောင်မျိုးမင်းက … အမေရိကန် အစိုးရက မနေ့က အသစ် ချမှတ်လိုက်တဲ့ ပိတ်ဆို့မှု အမည်မဲစာရင်းမှာ အာဏာသိမ်းအဖွဲ့ရဲ့ မိသားစုဝင်တွေကို ထည့်သွင်းလိုက်တာဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင်ပေးလိုက်တာလို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ သရော်ရေးသားထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဇနီး ဒေါ်ကြူကြူလှနဲ့ သားသမီးတွေ အပါအဝင် စစ်ကောင်စီမိသားစုဝင် ၁၅ ဦး၊ စစ်ကောင်စီအဖွဲ့ဝင် ခုနစ်ဦးနဲ့ ကုမ္ပဏီ သုံးခုကို ထပ်မံအရေးယူ ပိတ်ဆို့လိုက်ကြောင်း အမေရိကန် အစိုးရက မနေ့က ကြေညာထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့မွေးနေ့ကို ဆန့်ကျင်တဲ့ လမ်းမပေါ်ထွက် ဆန္ဒပြပွဲ တွေရှိခဲ့သလို အင်တာနက် လှုမှုကွန်ရက်စာမျက်နှာမှာလည်း ကျိန်စာတိုက်ရေးသားမှုတွေ ရှိခဲ့ပါတယ်။

ဒီနေ့ ဆန္ဒပြပွဲတွေနဲ့ပက်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရနိုင်ဖို့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီနေ့မှာ အသက် ၆၅ နှစ်ပြည့်တာဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရဲ့ သက်တမ်းအရ အသက် ၆၅ နှစ်ပြည့်ပြီး အနားယူရတော့မှာဖြစ်ပေမယ့် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကတော့ ကာကွယ်ရေးဦးစီးချုပ် သက်တမ်းကုန်ခါနီးမှာ အာဏာသိမ်းခဲ့ပြီးတော့ ကာကွယ် ရေးဦးစီးချုပ်တစ်ဦးရဲ့ သက်တမ်းကို ပယ်ဖျက်လိုက်တာကြောင့် လတ်တလောမှာ သက်တမ်းအကန့်အသက် မရှိ ယူခွင့်ရထားတာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/military-leader-birthday-07032021051301.html

စစ်ခေါင်းဆောင်မွေးနေ့မှာ ကျိန်စာတိုက် ဆန္ဒပြ စစ်ခေါင်းဆောင်မွေးနေ့မှာ ကျိန်စာတိုက် ဆန္ဒပြ Reviewed by THITHTOOLWIN on 19:56 Rating: 5

No comments:

Powered by Blogger.