ကနီ၊ မင်းကင်းနဲ့ကောလင်းနယ်တဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွား၊ အနည်းဆုံး အရပ်သားတစ်ဦးသေဆုံးပြီး ရွာပေါင်း ၂၀ ကျော်ကဒေသခံတွေထွက်ပြေးနေရ

မင်းကင်းကတိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က CDM ကျောင်းဆရာတစ်ဦး ကျဆုံး

စစ်ကိုင်းတိုင်းထဲက ကနီနဲ့ မင်းကင်းနယ်တဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ အကြားတိုက်ပွဲတွေဖြစ်ပွားနေပြီး မနေ့က ဇူလိုင် ၂ ရက်နေ့ပစ်ခတ်မှုတွေအတွင်း အရပ်သား တစ်ဦးထက် မနည်းသေဆုံးကာ ရွာပေါင်း ၂၀ ကျော်က ဒေသခံအများအပြားထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

မနေ့က ဇူလိုင် ၂ရက်နေ့မှာ ကနီနယ်တွင်းက တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲက အရပ်သားတွေနေထိုင်ရာနေရာကိုပါ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။

' ' မနေ့ကလည်း စစ်တပ်က နေအိမ်တွေထဲလက်နက်ကြီးတွေကျလို့ အိမ်တွေပျက်စီးတာရှိတယ်။ ဆိုင်ကယ်ဝပ်ရှော့တွေကလည်း ဆိုင်ကယ်အကောင်းတွေယူသွားတယ်။ ရွာထဲက ရွာသူရွာသားတွေရဲ့ ပစ္စည်းတွေ ရိက္ခာတွေလည်းသယ်သွားတယ်။ ဒီနေ့ ရွာပြန်မလို့ကို ရွာနားမှာ လူရိပ်မြင်ရင်ပစ်မယ်ပြောလို့ မပြန်ရဲကြဘူး။ ရွာရှိလူကုန် ကလေး လူကြီးပါမကျန်ပြေးနေရတာ။ ပြေးနေရတာတော့ ဘုတင်လင်နယ် ဘက်အဆုံးက သခွပ်တနယ်၊ ခရားကြီး၊ ဗျူးတူး၊ မုံအိုတို့ ဟိုဘက်က ဇီးကုန်းတို့အကုန်ပြေးရတာ။ တောထဲမှာက မနေ့က မိုးတွေလည်း ရွာတော့ နေရတာအဆင်မပြေကြဘူး။ မနေ့ကပစ်တာ လူအထိအခိုက် ကိုတော့ မသိရသေးဘူး။ ရွာကိုမပြန်ရဲလို့ သေချာမသိရဘူး။''လို့ ကနီဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါ တယ်။

ကနီမှာ အရပ်သားနေအိမ်တွေပါ လက်နက်ကြီးနဲ့ပစ်ခံရ

ဇူလိုင် ၁ ရက်နေ့က ကနီမြို့နယ် ကနဲ - သခွပ်တနယ် ဘုတလင်လမ်းအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကနီပြည်သူ့ကာကွယ်ရေးတပ်တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒေသကာကွယ်ရေးဘက်က ၂ဦးဒဏ်ရာရကာ ၄ဦးပျောက်ဆုံးနေတယ်လို့ ကနဦး သိခဲ့ရပါတယ်။

' ' PDF က ကျဆုံးလား မကျဆုံးလားလည်းအတည်ပြုလို့မရဘူး။ အတည်ပြုလို့ရတာက ပြည်သူ့ကာကွယ်ရေးဘက်ကနှစ်ယောက် ဒဏ်ရာရတယ်။ လေးယောက်ပျောက်နေတယ် ။ အွန်လိုင်းမှာပြန့်နေတဲ့ စစ်ကောင်စီဘက်က ၃ဝသေတယ်။ ကားတွေကိုဘယ်လိုလုပ်လိုက်တယ်ဆိုတာသတင်းမှားတွေဖြစ်တယ်။ ဆူပူမှုကိုဖန်တီးနေတဲ့သူတွေက သတင်းအမှားတွေ ထုတ်နေတာဖြစ်တယ် ။''လို့ ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ဘီဘီစီကိုအတည်ပြုပြောဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့နယ်တွင်းမှာလည်း မနေ့က ဇူလိုင် ၂ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ဒေသ PDF တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး အရပ်သားတွေနေထိုင်ရာ မြို့ထဲထိပါ လက်နက်ကြီးကျတာတွေရှိခဲ့ပြီး ကုန်ကားမောင်းသူအမျိုးသားတစ်ဦးလည်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အလားတူ မင်းကင်းနယ်ဘက်မှာလည်း မနေ့က ဇူလိုင် ၂ရက်နေ့က မင်းကင်းနယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး အနီးတဝိုက်ရွာတွေကိုပါ စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီးတာတွေရှိတဲ့အတွက် ဒေသခံတွေထွက်ပြေးနေကြရတယ်လို့လည်း သိရပါတယ်။

' ' မနေ့ကတော့ မောက္ကတော် ရွာနှစ်တစ်ဘက်ကမ်းမှာ တိုက်ပွဲတွေဖြစ်တယ်။ အဲဒီတဝိုက်က ပန်းဆက်ရွာမှာ စစ်ကောင်စီတပ်တွေရောက်လာပြီး အနီးက ရွာတွေကိုပါ လက်နက်ကြီးတွေနဲ့ရမ်းပစ်တာတွေလုပ်လို့ ရွာခံတွေလည်းပြေးနေကြရတယ်။ မနေ့က မင်းကင်းတိုက်ပွဲအတွင်းမှာတော့ ပြည်သူ့ကာကွယ်ရေးဘက်က CDM လုပ်ထားတဲ့ကျောင်းဆရာတစ်ဦး တိုက်ပွဲကျသွားတယ်လို့ သိရတယ်''လို့ မင်းကင်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

ဒီကနေ့ ဇူလိုင် ၃ရက်နေ့မှာလည်း စစ်ကောင်စီတပ်တွေဟာ ကနီနယ်တွင်းနဲ့ ကနီမြောက်ဖျား မင်းကင်းနယ်တဝိုက်ထဲက ကျေးရွာတွေဘက်မှာပါ အင်အားတိုးချဲ့ပြီးရောက်လာလို့ တောထဲ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံအများအပြားဟာ ရွာတွေကိုမပြန်ရဲကြဘူးဖြစ်နေတယ် လို့လည်းသိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-57705209

ကနီ၊ မင်းကင်းနဲ့ကောလင်းနယ်တဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွား၊ အနည်းဆုံး အရပ်သားတစ်ဦးသေဆုံးပြီး ရွာပေါင်း ၂၀ ကျော်ကဒေသခံတွေထွက်ပြေးနေရ  ကနီ၊ မင်းကင်းနဲ့ကောလင်းနယ်တဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွား၊ အနည်းဆုံး အရပ်သားတစ်ဦးသေဆုံးပြီး ရွာပေါင်း ၂၀ ကျော်ကဒေသခံတွေထွက်ပြေးနေရ Reviewed by THITHTOOLWIN on 20:16 Rating: 5

No comments:

Powered by Blogger.