တာမွေက မိုင်တဲလ်အရောင်းဆိုင်မှာ ဗုံးပေါက်


ရန်ကုန်မြို့၊ တာမွေမြို့နယ်ထဲမှာရှိတဲ့ ၁၅၅ လမ်းနဲ့ ၁၅၆ လမ်းကြား၊ ကျိုက္ကဆံ လမ်းမပေါ်မှာက မိုင်တဲလ်(Mytel)အရောင်းဆိုင်မှာ ဒီနေ့ ဇူလိုင်လ ၃ ရက်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့ အနီးနားမှာနေထိုင်သူတွေက ပြောပါတယ်။

''နေ့လယ် ၂ နာရီကျော်ကျော်လောက်မှာ ပေါက်ကွဲမှုဖြစ်တယ်။ အထဲမှာဆိုတော့ အသံက အကျယ်ကြီး မကြားခဲ့ရဘူး။ ပေါက်ကွဲမှုအပြီး ဆိုင်ထဲမှာ ထိခိုက်ဒဏ်ရာရသူရှိမလားဆိုပြီး ဝင်ရှာတော့ မီးခိုးတွေ အူနေတာပဲ ရှိတော့တယ်။ အထဲမှာတော့ အပျက်အစီးဖြစ်သွားတယ်။ နောက်ထပ်ဗုံးပေါက်ကွဲမှာ စိုးပြီး ကျွန်တော်တို့လည်း ဆိုင်ထဲကနေ ပြန်ထွက်လာခဲ့တယ်'' လို့ ပေါက်ကွဲမှုဖြစ်တဲ့သတင်းကြားလို့ အခင်းဖြစ်တဲ့နေရာကို ကူညီဖို့ သွားခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အနီးနားမှာရှိသူတွေရဲ့ပြန်ပြောပုံအရဆိုရင် လူနှစ်ယောက်က မွေးနေ့ဆုတောင်းလုပ်မယ်ဆိုပြီး ရုံးထဲက လူတွေကို ထွက်ခိုင်းခဲ့ပြီးနောက်မှာ ပေါက်ကွဲခဲ့တာလို့လည်း သူက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေက ကျိုက္ကဆံလမ်းမပေါ်မှာ အင်အား ၂၀ လောက်နဲ့ လုံခြုံရေးယူနေပေမဲ့ ကားတွေကို စစ်ဆေးဟန့်တားတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တာမွေ၊ မေတ္တာညွန့်ရပ်ကွက်ထဲက မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးယူနေတဲ့ ရဲတစ်ဦး ပစ်ခတ်ခံခဲ့ရလို့ ပစ်ခတ်သူနောက်ကို လိုက်ရင်း စစ်ကောင်စီတပ်တွေက ရပ်ကွက်ထဲ သေနတ် ၅ ချက်ထက်မနည်း ပစ်ဖောက်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဒီနေ့ ဇူလိုင်လ ၃ ရက်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့မွေးနေ့ဆိုပြီး နေရာ တော်တော်များများမှာ ဆန့်ကျင်ဆန္ဒပြတာတွေရှိနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

တာမွေက မိုင်တဲလ်အရောင်းဆိုင်မှာ ဗုံးပေါက် တာမွေက မိုင်တဲလ်အရောင်းဆိုင်မှာ ဗုံးပေါက် Reviewed by THITHTOOLWIN on 20:12 Rating: 5

No comments:

Powered by Blogger.