ဒီပဲယင်းဒေသ ကျေးရွာတွေကို စစ်ကောင်စီတပ် ရှာဖွေဖမ်းဆီးမှုတွေ လုပ်နေ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် ဒေသတွင်း ရွာတွေမှာ စစ်တပ်ဘက်က လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်အတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၆ ဦးထက်မနည်း ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့တွေကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ၂ ရက်နေ့ မနက်ပိုင်းကစပြီး ဒီပဲယင်းမြို့နယ်ထဲက ကျည်ရွာနဲ့ ဆပ်ပြာကျင်း ကျေးရွာတွေမှာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက်စလုံးမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒီကနေ့အထိ နောက်ဆုံးသိရသလောက် သေဆုံးသူဦးရေဟာ ၂၆ ယောက်ထက်မနည်း ရှိသွားပြီဖြစ်တယ်လို့ ဒေသခံ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“သေဆုံးသူက ၂၆ ယောက်ပါ။ ပိုင်ရှင်ပေါ်တာကတော့ ၂၀ ရှိပါပြီ။ ပြည်သူက တယောက်ပဲ ပါပါတယ်။ သာမန် လမ်းသွားလမ်းလာ ပြည်သူပါပဲ။”

သေဆုံးတဲ့သူတွေထဲက ၂၅ ဦးကတော့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိတယ်လို့လည်း သူကပြောပါတယ်။

“လက်နက်ကြီးနဲ့ပစ်တာ သေချာပါတယ်။ RPG နဲ့ပစ်တာ၊ ကျနော်တို့ဆီမှာလည်း RPG ကျည်အခွံတွေ ရထားပါတယ်ခင်ဗျ။ သာမန်ပြည်သူကတော့ တယောက်ပဲ ပါပါတယ်။ ကျန်တာကတော့ ပြည်သူ့ကာကွယ်ရေးတပ်၊ PDF ပေါ့၊ ဒီပဲယင်း PDF က ကျနော်တို့ ရဲဘော်တွေ ကျတာပါ။”

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ နိုင်ငံပိုင်သတင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒေသခံ PDF တွေနဲ့ အရပ်သား သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်တာ မရှိသေးသလို ဗွီအိုအေက သီးခြားအတည်ပြုလို့လည်း မရသေးပါဘူး။

ဒီနေ့မှာတော့ နှစ်ဖက် ပစ်ခတ်မှုတွေ မရှိပေမယ့် ဒီပဲယင်းမြို့ အနောက်ဘက်ခြမ်းမှာ ဒီနေ့မနက်အစောပိုင်းက ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကတော့ ဒီပဲယင်းမြို့ အနောက်ဘက်ခြမ်း ရွာတွေ အပါအဝင် အဲဒီဒေသတဝိုက်မှာတော့ စစ်ကောင်စီဘက်က လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့လည်း အဆိုပါ PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။

“ဒီနေ့ကတော့ ထူးထူးခြားခြား ပစ်ခတ်မှုအခြေအနေ မရှိပါဘူး။ ဒီနေ့ကတော့ တောနင်းပြီးတော့ ရှာနေတာပဲ။ ဒီပဲယင်း အနောက်ဘက်ခြမ်းက ရွာတွေမှာ ရှာဖွေဖမ်းဆီးတာတွေ ရှိနေပါတယ်။ မြို့ပေါ်မှာတော့ မနက်ခင်း ၁၀ နာရီ ပတ်ဝန်းကျင်က ဗုံးတလုံးကွဲတယ်။ မြို့ပြင် မြို့ချုံစပ်မှာ။”

ဒါ့အပြင် ဒီပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ရက်ရက်စက်စက် ကျူးလွန်ထားတာတွေကိုလည်း တွေ့ရတယ်လို့ သူက ပြောပါတယ်။

“တော်တော်များများ ကျနော်တို့တွေတဲ့ ရုပ်အလောင်း (Dead Body) တွေမှာ မျက်နှာတွေ မကောင်းဘူး။ မျက်နှာတွေကို တေ့ပစ်ထားတာတွေ ရှိတယ်။ ဦးနှောက်တွေ ဖွာလန်ကျဲနေတာတွေ၊ မေးရိုးတွေ ပြုတ်ကျနေတာတွေ၊ လူနာကို ကျနော်တို့ ကောက်ခွင့်မပေးဘူး၊ လူနာကောက်တဲ့သူတွေကို ကိုယ့်လူနာနဲ့ကိုယ် တည်ထိုင်ပြီးတော့ အဲဒီနေရာကို တည်ကျင်းပြန်ထားတာပေါ့နော်။ ကောက်ခွင့်မရလို့ မကောက်တော့ဘူးဆိုတဲ့ အချိန်ကျပြန်တော့လည်း သူတို့လည်း မကောက်ဘူး။ သုံ့ပန်းအဖြစ်နဲ့လည်း မဖမ်းဘဲနဲ့ တေ့ပစ်တာတွေ ကျနော်တို့ တွေ့ထားရတယ်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး နိုင်ငံတဝန်း ဆန္ဒပြပွဲတွေနဲ့အတူ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ဗုံးကွဲတာတွေလည်း နေ့စဉ်လိုလို ဖြစ်ပွားနေတာပါ။ ဒါ့အပြင် မြင်းခြံမြို့မှာဆိုရင်လည်း ဒီနေ့မနက်အစောပိုင်းက စစ်ကောင်စီဘက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်ခံခဲ့ရတယ်လို့ မြင်းခြံမြို့ခံတဦးက ပြောပါတယ်။

“အမှတ် ၁၉ စွန်းလွန်ရပ်ကွက်ထဲမှာ မနက်ခင်း ၈ နာရီလောက်က “ဒိုင်း” ဆိုတဲ့အသံ ကြားလိုက်တော့ စစ်ကောင်စီက ခန့်ထားတဲ့ ရပ်ကွက်ဥက္ကဋ္ဌ မှန်တယ်လို့ သိရတယ်ရှင့်။ အဲဒီဘက်ကို သွားကြည့်တော့ စစ်ကောင်စီက ခန့်ထားတဲ့ ဥက္ကဋ္ဌ အပစ်ခံရတာလို့ ပြောတယ်။ သူ့အခြေအနေက မသေဘူးလို့တော့ ထင်တယ်။ ဘာလို့လဲဆိုတော့ ညီမတို့ ဒီဘက်ကနေပြီးတော့ ကားတစင်းနဲ့တစင်း သူပြောင်းပြီးတော့သွားတယ်။ ငုတ်တုတ်ထိုင်လိုက််သွားတာ မြင်လိုက်တယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး သေဆုံးသူဦးရေ ၈၉၀ ကျော်ရှိပြီး ဖမ်းဆီးခံရသူ ၆,၀၀၀ ကျော်ရှိတယ်လို့ ဖော်ပြပါတယ်။ AAPP ရဲ့ စာရင်းတွေဟာ ချဲ့ကားပြောဆိုထားတာ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ထားပါတယ်။


ရန်နိုင်/ VOA Burmese

https://burmese.voanews.com/a/sagaing-depayin-myingyan-shooting/5952788.html

ဒီပဲယင်းဒေသ ကျေးရွာတွေကို စစ်ကောင်စီတပ် ရှာဖွေဖမ်းဆီးမှုတွေ လုပ်နေ ဒီပဲယင်းဒေသ ကျေးရွာတွေကို စစ်ကောင်စီတပ် ရှာဖွေဖမ်းဆီးမှုတွေ လုပ်နေ Reviewed by THITHTOOLWIN on 03:07 Rating: 5

No comments:

Powered by Blogger.