မြင်းခြံ စွန်းလွန်း ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

မြင်းခြံ စွန်းလွန်း ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ မြင်းခြံမြို့ အဝင်ကိုတွေ့ရစဉ် / Photo: CJ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် စွန်းလွန်းရပ်ကွက်မှာ စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး တစ်ယောက် သေနတ်နဲ့ အပစ်ခံခဲ့ရတယ်လို့ မြင်းခြံမြို့ ဒေသခံတစ်ဦးက RFAကို ပြောပါတယ်။

စွန်းလွန်းရပ်ကွက် တောင်ဖျားမှာ နေထိုင်တဲ့ အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသန့်ဟာ ဇူလိုင်လ ၄ ရက် ဒီနေ့ မနက်ပိုင်းမှာ သူ့အိမ်မှာရှိနေချိန် ထောက်ခံစာလုပ်ဖို့ အမည်မသိ လူတချို့ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ် သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ထောက်ခံစာ လုပ်ချင်လို့လာပြီး ပစ်သွားတာတဲ့။ ပစ်သံ သုံးချက်လောက်တော့ ကြားလိုက်ရတယ်။ ပစ်ပြီးတော့ အဲလူတွေက ပြေးသွားတာ။ ဆိုင်ကယ်ကယ်ရီသမား ပုံစံနဲ့လာတာ။ ဆေးရုံရောက်ပြီး သေသွားပြီလို့တော့ကြားတယ်။” 

ဦးအောင်မျိုးသန့်ဟာ သေနတ်ဒဏ်ရာကြောင့် တကယ်သေဆုံးတယ် မသေဆုံးသေးဘူးဆိုတာကို အတည် မပြုနိုင်သေးပါဘူး။ သူဟာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးဖြစ်သလို စစ်ကောင်စီကို သတင်း ပေးတာတွေ လုပ်လေ့ရှိတယ်လို့ ဆိုကြပါတယ်။ 

မြင်းခြံ Zero ပြောက်ကြားအဖွဲ့ကတော့ ဦးအောင်မျိုးသန့်ဟာ ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး ဒေသသတင်းတွေကို စစ်ကောင်စီထံ သတင်းတွေပေးတာကြောင့် သူတို့အဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ 

"မနက် ၇ နာရီခွဲလောက်က ကျွန်တော်တို့အဖွဲ့က သူ့အိမ်ထဲ ဝင်ပစ်လိုက်တာ။ မှန်တာတော့ ညာဘက် ရင်အုံကို မှန်တာ။ တစ်ချက်ထဲ ပစ်ခဲ့တာ။ သူက ပျူစောထီးအဖွဲ့ဝင်လည်း ဖြစ်သလို သတင်းပေးတဲ့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးဖြစ်တာကြောင့် ရှင်းခဲ့တာပါ။ သူတို့က ကျွန်တော်တို့နဲ့ သဘောထား မတူညီ မတိုက်ဆိုင်တဲ့ ရန်သူလို့ သတ်မှတ်ပြီး ဖြေရှင်းနေတာပါ။ " 

ဦးအောင်မျိုးသန့် သေနတ်ပစ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရပ်ကွက်အတွင်းမှာ ဝင်ရောက် စစ်ဆေးမှုတွေလုပ်နေတာကြောင့် ရပ်ကွက်နေ ပြည်သူအများစုက အိမ်မှာမနေရဲတော့ဘဲ ထွက်ပြေးနေကြရ တယ်လို့ ဆိုပါတယ်။

မြင်းခြံမြို့မှာ စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်အမှုထမ်းနေတဲ့သူတွေ မကြာခဏဆိုသလို သေနတ်နဲ့ ပစ်ခတ်ခံနေရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်မှာ မြင်းခြံမြို့ အမှတ် ၁၉ ရပ်ကွက် စွန်းလွန်း တံတားတောင်ဘက်ထိပ်မှာ ယာဉ်ထိန်းရဲ တစ်ဦးဟာ သေနတ်နဲ့အနီးကပ် ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားခဲ့ရသလို ဇွန်လ ၂၇ ရက် နေ့ကလည်း မြင်းခြံမြို့ သဲဖြူဝကျေးရွာမှာ စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး တစ်ယောက် သေနတ်နဲ့ ပစ်သတ် ခံခဲ့ရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myingyan-gun-shot-admin-officer-died-07042021065105.html

မြင်းခြံ စွန်းလွန်း ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ  မြင်းခြံ စွန်းလွန်း ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 02:56 Rating: 5

No comments:

Powered by Blogger.