မိုးညှင်းရဲစခန်းမှ အချုပ်သား (၇) ဦး ပိုးကူးစက်ခံရ


ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ မိုးညှင်းရဲစခန်းတွင် အချုပ်ကျနေသည့် အချုပ်သား (၇)ဉီးတွင် ဇူလိုင် ၂၃ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

"မနေ့က အချုပ်သား (၁၃) ယောက်ကို စစ်တဲ့အထဲမှာ (၇) ယောက်တွေ့တာပေါ့နော်။ အဲကြောင့် ခုလက်ရှိက ပိုးတွေ့တဲ့သူတွေကို အချုပ်သားဆေးကုဆောင်မှာဘဲ ထားထားပါတယ်" မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပိုးကူးစက်ခံထားရသည့် (၇)ဦးတွင် အသက် (၇၆)နှစ် အမျိုးသားတစ်ဦးပါဝင်ပြီး စုစုပေါင်း အမျိုးသား (၅)ဦး၊ အမျိုးသမီး (၂) ဖြစ်သည်။

မိုးညှင်း ရဲစခန်းတွင် မြို့နယ်ရဲမှူးဇနီး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခဲ့သည့်နောက် ဇူလိုင် ၂၁ရက်တွင် ဆက်စပ်သူ ၄ ဦးတွင် ထပ်မံပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကာ လက်ရှိ မိုးညှင်းရဲစခန်းတွင်း ပိုးကူးစက်ထားသူ (၁၀) ဦး ကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။

"ကူးစက် ပိုရှိလာတယ်။ ဘာလို့လဲဆိုရင် ရဲဝန်ထမ်းတွေကလည်း လိုက်လံဖမ်းဆီးရတာမျိုးတွေ ရှိနေကြတော့ ထိ‌တွေ့မှု အမြဲလိုလိုရှိနေကြတယ်။ ပိုးကူးစက်တာတော့ ဒီရက်ပိုင်း ပိုများလာတယ်" ဟု မြို့နယ်ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

ပိုးတွေ့လူနာများမှာ ဇူလိုင်(၁)ရက်နေ့မှ ဇူလိုင်(၂၃)ရက်နေ့အထိ မိုးညှင်းမြို့တွင် (၂၅၂)ဦး၊ ဟိုပင်မြို့တွင်(၈၁)ဦး၊ နန့်မွန်းမြို့တွင် (၁၇)ဦး ၊ အင်းတော်ကြီးမြို့တွင်(၁)ဦး၊ ပြည်နယ်ပြင်ပမှ ဝင်ရောက်လာသည့် ယာဉ်မောင်းယာဉ်နောက်လိုက်(၆၆)ဦး ရှိခဲ့သည့်အတွက် မိုးညှင်းမြို့နယ်တွင် ပိုးတွေ့ရှိသူ စုစုပေါင်း (၄၁၇)ဦးရှိပြီဖြစ်ကာ သေဆုံးသူ ၂ ဦးရှိပြီ ဖြစ်သည်။


Kachin News Group 

https://www.facebook.com/theKachinNews

မိုးညှင်းရဲစခန်းမှ အချုပ်သား (၇) ဦး ပိုးကူးစက်ခံရ မိုးညှင်းရဲစခန်းမှ အချုပ်သား (၇) ဦး ပိုးကူးစက်ခံရ Reviewed by THITHTOOLWIN on 20:47 Rating: 5

No comments:

Powered by Blogger.