မန္တလေးမှာ နေအိမ်ထဲဝင် ဓားပြတိုက်ပြီး အိမ်ရှင်ကို ဓားနဲ့ထိုးမှု ဖြစ်ပွား

မန္တလေး လုယက်မှု ဖြစ်စဉ်မှ ဖမ်းမိသူ ၁ ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - C J ၊ အင်တာနက် စာမျက်နှာ


မန္တလေး၊ ဇူလိုင် ၂၄၊ ၂၀၂၁

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် လမ်း ၄၀ က နေအိမ် ၁ အိမ်ကို ဒီနေ့ မွန်းလွဲပိုင်းမှာ ဝင်ရောက် ဓားပြတိုက်လုယက်မှု ဖြစ်ပွားကြောင်း သတင်း ရရှိပါတယ်။

ဓားများ ယူဆောင်လာတဲ့ လူ ၄ ဦးက ဆိုင်ကယ်များနဲ့ ရောက်ရှိလာပြီး ဝင်ရောက်လုယက်ရာမှ အိမ်ပိုင်ရှင် အမျိုးသားကို ဓားနဲ့ ထိုးသွားခဲ့တယ် လို့လည်း သိရပါတယ်။

“အခင်းဖြစ်တဲ့နေအိမ်ကို ဆိုင်ကယ်၂ စီး၊ လူ ၄ ဦး၊ ဓား ၄ ချောင်းနဲ့ လာပြီး လုယက်တယ်၊ လုဖို့လုပ်နေချိန် အိမ်ပိုင်ရှင် အမျိုးသားရဲ့ ဇနီးက ပတ်ဝန်းကျင်ကို အော်ပြီး အကူအညီတောင်းတယ်၊ အဲ့ဒီလို အော်နေချိန် အမျိုးသားကို ဓားနဲ့ထိုးပြီး ထွက်ပြေးတယ်”လို့ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းဘက်က ပြောဆိုချက်ကို VOM သတင်းမှာလည်း ဖော်ပြထားပါတယ်။

အဆိုပါ ထွက်ပြေးသူများကို ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီးရာမှာ အမျိုးသား ၁ ဦးနဲ့ ဆိုင်ကယ် ၁ စီး ဖမ်းမိလိုက်ပြီး ရဲတပ်ဖွဲ့ က လာရောက် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အသက် ၅၁ နှစ်အရွယ် အိမ်ပိုင်ရှင် အမျိုးသားမှာ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ ရရှိခဲ့ပြီး မန္တလေး ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။

ဇူလိုင် ၂၂ ရက်နေ့က မန္တလေး ဗဟို အကျဉ်းထောင်မှ ၈၀၇ ဦး အပါအဝင် ပြည်၊ မြင်းခြံ၊ ရမည်းသင်း အကျဉ်းထောင်များရှိ မူးယစ်ဆေးဝါးမှု၊ ရာဇဝတ်မှု၊ လက်နက်မှု စတဲ့ အမှုတွေထဲက ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုတွေကို ပိတ်သိမ်းပြီး အကျဉ်းသား ၈၀၀ ကျော် စတင်လွှတ်ပေးခဲ့ပါတယ်။

လွှတ်ပေးသူများမှာ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်ပြစ်မှု ကျူးလွန်သူများ ဖြစ်တဲ့အတွက်လို့ ဆိုကာ ဝေဖန် ပြောဆိုမှုများလည်း ရှိနေပါတယ်။

ဇူလိုင် ၂၂ ရက်နေ့မှာပဲ ထောင်ကလွတ်တဲ့လူ ၂၀ ခန့်က စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာ ၁ ရွာကို ဝင်ရောက် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းတချို့မှာ ဖော်ပြတာလည်း တွေ့ရှိရပါတယ်။


ရွှေတြိဂံဒေသ သတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

မန္တလေးမှာ နေအိမ်ထဲဝင် ဓားပြတိုက်ပြီး အိမ်ရှင်ကို ဓားနဲ့ထိုးမှု ဖြစ်ပွား  မန္တလေးမှာ နေအိမ်ထဲဝင် ဓားပြတိုက်ပြီး အိမ်ရှင်ကို ဓားနဲ့ထိုးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:42 Rating: 5

No comments:

Powered by Blogger.