အင်းစိန်ထောင်ဆန္ဒပြမှု စစ်ကောင်စီတပ်ဖွဲ့တွေ အကြမ်းဖက်ဖြိုခွဲ


ဇူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်းကစပြီး အင်းစိန်ထောင် သီးသန့်ဆောင်မှာ ပုဒ်မ ၅ဝ၅ (က) စစ်တပ် အကြည်ညိုပျက်မှုနဲ့ တရားစွဲခံထားရတဲ့ အကျဉ်းသား ရာပေါင်းများစွာ ဆန္ဒပြခဲ့ပါတယ်။ ညနေပိုင်းမှာတော့ စစ်ကားတွေ အင်းစိန်ထောင်တွင်း ဝင်ရောက်သွားပြီး ဆန္ဒပြအကျဉ်းသားတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။

"အင်းစိန်ထောင်မှာ ထောင်တွင်းသပိတ်ဖြစ်တယ်။ ကြွေးကြော်သံ ၃ ချက်၊ သွေးသစ္စာသီချင်းဆိုတယ်။ တောင်းဆိုချက်တွေက (၁) နိုင်ငံရေးအကျဉ်းသားတွေကို အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ (၂) ထောင်တွင်းမှာ ဆေးကုသခွင့်နဲ့ပတ်သက်လို့။ ထောင်တွင်းမှာ ကိုဗစ်နဲ့ပတ်သက်လို့ တော်တော် အခြေအနေ ဆိုးနေတယ်။ ဦးဉာဏ်ဝင်းလည်း ဆုံးသွားပြီ၊ ဦးဟန်သာမြင့်နဲ့ ရှေ့နေကြီးဦးကျော်ဟိုးလည်း ICU ထဲ ထည့်ထားတယ်၊ မင်းသွေးသစ်လည်း ကိုဗစ်ဖြစ်နေတယ်၊ ရွှေညဝါ ဆရာတော်လည်း ရန်ကုန် ICU ထဲ ရောက်နေပြီ ဆိုတော့ ထောင်ထဲမှာ ကိုဗစ်က တော်တော် ပျံ့နှံ့နေတဲ့အချိန်။ ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိလို့ ကျန်းမာရေးစောင့်ရှောက်မှု တောင်းဆိုတယ်။ (၃) အသစ်ပြောင်းလာတဲ့ ထောင်ပိုင်အသစ်က အလွန်တရာ စည်းမျဉ်းစည်းကမ်း တင်းကြပ်တယ်။ ဒီစည်းမျဉ်းစည်းကမ်းတွေက တရားဥပဒေနဲ့ မညီညွတ်လို့ ဖြေလျှော့ပေးဖို့ တောင်းဆိုတယ်။ မနက်ပိုင်းမှာတော့ ထောင်အုပ်စု ညွှန်ကြားရေးမှူး ဦးဇော်ဇော်နဲ့ ညှိနှိုင်းနေတယ်လို့ ပြောပေမဲ့လည်း ညနေ ၅ နာရီလောက်မှာတော့ စစ်ကား ၇ စင်းလောက်က ထောင်ထဲဝင်သွားတယ်လို့ ကြားတယ်။ အခင်းဖြစ်တာက သီးသန့်အကျဉ်းထောင် ဖြစ်တော့ အဲဒီ သီးသန့် အကျဉ်းထောင်ကလည်း ထောင်နဲ့ချီရှိတယ်၊ အဲဒီမှာသူတို့ဝင်ပြီး ဖြိုခွင်းတယ်လို့ ကြားတယ်။ သူတို့က အင်အားသုံး ဖြိုခွင်းတာမို့ အပြင်းအထန် ဒဏ်ရာရတဲ့သူတွေ ရှိတယ်လို့ ကြားတယ်၊ သေလောက်တဲ့ဒဏ်ရာ ရတဲ့သူ အနည်းဆုံး ၈ ယောက်လောက် ရှိတယ်ကြားတယ်၊ ဒါပေမဲ့အတည်ပြုလို့ မရသေးဘူး"

RFA က ရရှိတဲ့ တခြားသတင်းတွေမှာတော့ အကြမ်းဖက် ရိုက်နှက်မှုတွေကြောင့် သေဆုံးသူခြောက်ဦးရှိပြီး၊ ဒါဇင်များစွာ ဒဏ်ရာရရှိကြောင်းနဲ့ ဆန္ဒပြလှုပ်ရှားမှု ခေါင်းဆောင်သူ ၂ဝ လောက်ကို အခု ရိုက်နှက် တိုက်ပိတ်ထားကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီသတင်းကို RFA က အတည်ပြုလို့ မရသေးပါဘူး။

တကသကျောင်းသားဟောင်းများအဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုနန်းလင်းက စစ်ကောင်စီဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဖြိုခွဲဖို့အတွက် ကိုဗစ်ဗိုင်းရပ်စ်ကို လက်နက်အဖြစ်သုံးစွဲနေတယ်လို့ ပြောပါတယ်။

"သူတို့ရဲ့ရပိုင်ခွင့်ကို တောင်းဆိုတိုက်ပွဲဝင်တဲ့ ထောင်တွင်းဆန္ဒပြပွဲလို့ ကျနော်တို့ ယုံကြည်ပါတယ်"

"လွန်ခဲ့တဲ့ရက်ပိုင်းထဲက အကျဉ်းသားတချို့ပေါ့နော်၊ စိစစ်ဆဲအကျဉ်းသား ပြစ်မှုနဲ့တရားစွဲတဲ့ အနေအထားမှာ လွှတ်ပေးတာရှိတယ်။ ရာဇဝတ်မှုပြစ်မှုတွေ များတယ်။ ထောင်က လွှတ်ပေးလို့ ဝမ်းသာတယ်၊ ဒါပေမဲ့ တကယ်ဖြစ်သင့်တာက နိုင်ငံရေးအကျဉ်းသားတွေ လောလောဆယ်မှာ တရားစွဲခံထားရသူတွေ လွှတ်ပေးဖို့ အရေးပေါ် လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်နဲ့ပတ်သက်ပြီး စကစ ဟာ အပြင်မှာလည်း ပြည်သူတွေနဲ့ပတ်သက်ပြီး ဘာမှ စနစ်တကျ ကိုင်တွယ်နိုင်တာ မရှိဘူး၊ ထောင်ထဲမှာပိုဆိုးတယ်။ ကျနော်တို့ကြားသိရတာက ထောင်ထဲမှာ ဖျားတာနားတာ အင်မတန်မှ ကူးစက်လွယ်ပြီးတော့ ဘာမှအရေးယူတာ မရှိသေးဘူး။ စကစ ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ကိုဗစ်ကို လက်နက်အဖြစ်အသုံးချပြီးတော့ မသေသေအောင်၊ သေလည်းအေးတာဘဲ ဆိုတဲ့ပုံစံ လုပ်နေတာ တွေ့ရတယ်။ ဒီနေ့ဖြစ်ရပ်ဟာ အဲဒီလို ထောင်ထဲမှာ သေဖို့အတွက် ပြင်ဆင်ပြီးသား၊ ဒီလိုမလုပ်လဲ သေမှာဘဲ ဆိုတဲ့ အနေအထားမျိုးနဲ့ ကျနော်တို့ရဲဘော်တွေဟာ ထောင်ထဲမှာ သူတို့ရဲ့ရပိုင်ခွင့်ကို တောင်းဆိုတိုက်ပွဲဝင်တဲ့ ထောင်တွင်းဆန္ဒပြပွဲလို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒီညလည်း ထောင်ကို ဝင်ပြီး ထိန်းလိုက်တယ်လို့လည်း ကြားတယ်။ ဒါကြောင့် ကျနော်တို့ပြည်သူတွေ သံပုံးတွေ ပြိုင်တီးပြီးတော့ ထောင်ထဲက ရဲဘော်တွေနဲ့ အတူရှိကြောင်း ပြသတဲ့အနေနဲ့ ည ၈ နာရီမှာလည်း နေရာအနှံ့မှာ သံပုံးတီးပြီး ထောင်တွင်းတိုက်ပွဲမှာ ရဲဘော်တွေနဲ့ အတူရှိတာ ပြသတာလည်း တွေ့ရတယ်"

အခုလို အင်းစိန်ထောင်ဆန္ဒပြပွဲ ဖြိုခွဲခံရတဲ့ သတင်းနဲ့ပတ်သက်ပြီး အချက်အလက်တွေကို စုဆောင်းနေကြောင်း နဲ့ လိုအပ်သလို အရေးယူမှုတွေ ဆက်လက် ဆောင်ရွက်မယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ပြောခွင့်ရသူနဲ့ အမျိုးသားညီညွတ်ရေးအစိုး (NUG) ဆက်သွယ်ရေးဝန်ကြီး ဦးထင်လင်းအောင်က RFA ကိုပြောပါတယ်။
u htin lin aung.jpg
ဦးထင်လင်းအောင် - NUG ဆက်သွယ်ရေးဝန်ကြီး

"ထောင်ထဲမှာ ဆူပူမှုဖြစ်ရင် နှိပ်ကွပ်ခဲ့တာ ကျနော်တို့ အသိဘဲလေ။ ခုလိုမျိုး စစ်ကားတွေပါဝင်ပြီး နှိပ်ကွပ်မှုရှိရင် ဒါဟာ သေဆုံးမှုတောင် ရှိနိုင်တဲ့ အနေအထား ရှိတယ်။ ဒီ့အတွက် ကျနော်တို့ အတော်စိုးရိမ်ပါတယ်။ ဒီကိစ္စကို ကျနော်တို့ နိုင်ငံတကာ သိအောင်၊ UN သိအောင် ဆောင်ရွက်ဖို့ရှိပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ကျနော်တို့ ရှုတ်ချပါတယ်၊ ဒီအကြမ်းဖက်မှုတွေကို ဆက်လက်ပြီး ဖော်ထုတ်သွားမယ်၊ ဆန့်ကျင်သွားမယ်လို့ ကျနော်ပြောချင်ပါတယ်"

ဒီအတောအတွင်းမှာပဲ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်၊ နော်ဝေ၊ သြစတြေးလျ… စတဲ့ နိုင်ငံ ၁၅ နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံး အကြီးအကဲတွေကလည်း စုပေါင်းကြေညာချက်တစ် စောင်ကို မနေ့က ချက်ချင်းထုတ်ပြန်လိုက်ပြီး အင်းစိန်ထောင်ဆန္ဒပြမှုကို ငြိမ်းချမ်းစွာဖြေရှင်းဖို့၊ ဖမ်းဆီးထား သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့နဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ စစ်ကောင်စီကို တောင်းဆိုလိုက်ပြီး အခြေအနေကို မိမိတို့ အနီးကပ် စောင့်ကြည့်နေကြောင်း ဖော်ပြထားပါတယ်။

အခုလို အင်းစိန်ထောင်မှာ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်လို့ မရသေးပါဘူး။

RFA Burmese



အင်းစိန်ထောင်ဆန္ဒပြမှု စစ်ကောင်စီတပ်ဖွဲ့တွေ အကြမ်းဖက်ဖြိုခွဲ အင်းစိန်ထောင်ဆန္ဒပြမှု စစ်ကောင်စီတပ်ဖွဲ့တွေ အကြမ်းဖက်ဖြိုခွဲ Reviewed by THITHTOOLWIN on 20:57 Rating: 5

No comments:

Powered by Blogger.