ကိုဗစ်ကိုင်တွယ်နိုင်ဖို့ဆိုရင် စစ်ကောင်စီ လုပ်ရပ်တွေကို ထိန်းချုပ်နိုင်ဖို့ လိုတယ်လို့ ကုလအထူးသံပြော

အောက်ဆီဂျင် စက်ရုံရှေ့ မြင်ကွင်း။ ဇူလိုင် လလယ်၊ ရန်ကုန်

 “ကိုဗစ်ဆိုင်ရာ အပစ်အခတ်ရပ်စဲမှု လုပ်ဖို့ လိုနေပြီ” လို့ တွမ်အင်ဒရူးစ် သတိပေး

    “မြန်မာပြည်မှာ မသေသင့်ပဲ လူတွေ အများကြီး သေခဲ့ရပြီးပြီ။ ကုလသမဂ္ဂဘက်က အရေးယူ ဆောင်ရွက်မှု မလုပ်ဘူးဆိုရင် နောက်ထပ်လည်း အသက်တွေ ဆုံးရှုံး ရလိမ့်မယ်” from တွမ်အင်ဒရူးစ် လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးသံ

    “မြန်မာပြည်မှာ မသေသင့်ပဲ လူတွေ အများကြီး သေခဲ့ရပြီးပြီ။ ကုလသမဂ္ဂဘက်က အရေးယူ ဆောင်ရွက်မှု မလုပ်ဘူးဆိုရင် နောက်ထပ်လည်း အသက်တွေ ဆုံးရှုံး ရလိမ့်မယ်”

    တွမ်အင်ဒရူးစ်လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးသံ

မြန်မာပြည်မှာ ကိုဗစ်ကူးစက်နှုန်း၊ သေဆုံးနှုန်း အဆမတန်များနေတာကို ထိန်းချုပ်နိုင်ဖို့ ဆိုရင် “ကိုဗစ်ဆိုင်ရာ ပစ်ခတ်မှုရပ်စဲရေး”လုပ်ဖို့ လိုနေပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေကို အစီရင်ခံရတဲ့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောပါတယ်။

ကျန်းမာရေး ဆိုင်ရာ လူပုဂ္ဂိုလ်နဲ့ နေရာထိုင်ခင်းတွေကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရပ်ဖို့ ကုလ အထူးသံတမန် မစ္စတာ အင်ဒရူးစ်က ပြောတာ ဖြစ်ပါတယ်။

ကျန်းမာရေး ဆိုင်ရာ လူပုဂ္ဂိုလ်နဲ့ နေရာထိုင်ခင်းတွေ အတိုက်အခိုက် ခံရတဲ့ ဖြစ်ရပ် အနည်းဆုံး အကြိမ် ၂၆၀ ရှိခဲ့တယ်လို့ ကုလ အထူးသံက ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ၁၈ ယောက် သေဆုံးခဲ့ရတယ် လို့လည်း ဆိုပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ လူပုဂ္ဂိုလ် အယောက် ၆၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ထားပြီး၊ လက်ရှိ ဖမ်းခံထားရသူ အနည်းဆုံး ၆၇ ယောက် ရှိနေတယ်လို့ တွမ်အင်ဒရူးစ်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ကျူးလွန်နေတာတွေ အားလုံး ရပ်တန့်နိုင်ဖို့ လုံခြုံရေးကောင်စီ အပါအဝင် အဖွဲ့ဝင် နိုင်ငံတွေ အားလုံး အနေနဲ့ ၊အသုံးချလို့ ရနိုင်သမျှ ကုလသမဂ္ဂ ဆိုင်ရာ နည်းလမ်းတွေ အားလုံး သုံးကြပါ ဆိုပြီးတော့ မစ္စတာ အင်ဒရူးစ်က တိုက်တွန်း နေပါတယ်။

“မြန်မာပြည်မှာ မသေသင့်ပဲ လူတွေ အများကြီး သေခဲ့ရပြီးပြီ။ ကုလသမဂ္ဂဘက်က အရေးယူ ဆောင်ရွက်မှု မလုပ်ဘူးဆိုရင် နောက်ထပ်လည်း အသက်တွေ ဆုံးရှုံး ရလိမ့်မယ်”လို့ တွမ်အင်ဒရူးစ်က ပြောပါတယ်။

“မြန်မာပြည်မှာ စစ်ကောင်စီက ကိုဗစ်ပျံ့နေတာကို ဘေးချိတ်ပြီး ကျန်းမာရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေ အပေါ် အညှာအတာမဲ့ တိုက်ခိုက်နေချိန်မှာ ကုလအဖွဲ့ဝင် နိုင်ငံတွေက ဘေးကနေ အားရနေတဲ့ ပုံစံမျိုး နေပြလို့ မဖြစ်ဘူး။ ဒီအကြမ်းဖက်မှုတွေ အဆုံးသတ်အောင် ဝိုင်းလုပ်ရမယ်။ ဒါမှ ဆရာဝန်တွေ၊ သူနာပြုတွေဟာ လူ့အသက်ကယ်တဲ့ အလုပ်တွေ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ နိုင်ငံတကာ အဖွဲ့တွေကလည်း အဲဒီ အခြေအနေရှိမှပဲ ကာကွယ်ဆေးတွေ ပို့ပေးတာမျိုး အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်တွေမှာ ဝင်ကူတာမျိုးတွေ လုပ်နိုင်ကြလိမ့်မယ်” လို့ မစ္စတာ အင်ဒရူးစ်က ပြောပါတယ်။

လုံခြုံရေးကောင်စီကနေ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ကတည်းက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ထဲ ကိုဗစ် ကာကွယ်ဆေးတွေ ထိုးပေးနိုင်ရေး၊ လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေ ပေးနိုင်ရေး အတွက် လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့ နေရာတိုင်းမှာ အပစ်ရပ်ကြရမယ် ဆိုတဲ့ အချက် ပါဝင်ပါတယ်။

“အဲဒီ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဟာ အထိန်းအချုပ်မရှိ အကြမ်းဖက်မှုတွေ တွေ့ကြုံနေရတဲ့ တိုင်းပြည်မျိုးမှာ ကိုဗစ် ကိုင်တွယ် ထိန်းချုပ်နိုင်ရေး အလို့ငှာ အခြေခံမူ အဖြစ် ကိုင်စွဲကြဖို့ ချမှတ်ထားတာ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံထဲက အခြေအနေဟာ ပိုဆိုးရွားလာတာကြောင့် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ပိုပြီး အာရုံစိုက် အကောင်အထည် ဖော်ဖို့ လိုအပ်နေပါတယ်။ ဒါမှပဲ လူ့အသက်တွေ အများအပြား ကယ်နိုင်လိမ့်မယ်” လို့ မစ္စတာ အင်ဒရူးစ်က ပြောပါတယ်။

“အာဏာသိမ်း စစ်ကောင်စီ ဆင်းသွားပြီး တရားဝင် အစိုးရ ဦးဆောင်မှုနဲ့ ကိုဗစ် ပြဿနာကို ကိုင်တွယ်နိုင်ရင် အကောင်းဆုံးပေါ့။ ဒါပေမယ့် အဲဒီ အခြေအနေကို မရောက်ခင် လတ်တလော အနေအထားမှာ၊ စစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ တိုက်ခိုက်တာတွေ၊ ဖမ်းဆီးတာတွေကို ရပ်တန့်နိုင်ဖို့ လိုတယ်။ အဲဒီလို ရပ်ပစ်နိုင်ဖို့ ဆိုတာက ကုလသမဂ္ဂ အဖွဲ့ကြီးနဲ့ အဖွဲ့ဝင် နိုင်ငံတွေဘက်က မူဝါဒ သဘောထား ခိုင်မာပြီး ရပ်တည်ပေးဖို့ မြန်မာပြည်သူတွေ လိုအပ်နေပါတယ်” ဆိုပြီး လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ်က ပန်ကြားနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

ကိုဗစ်ကိုင်တွယ်နိုင်ဖို့ဆိုရင် စစ်ကောင်စီ လုပ်ရပ်တွေကို ထိန်းချုပ်နိုင်ဖို့ လိုတယ်လို့ ကုလအထူးသံပြော ကိုဗစ်ကိုင်တွယ်နိုင်ဖို့ဆိုရင် စစ်ကောင်စီ လုပ်ရပ်တွေကို ထိန်းချုပ်နိုင်ဖို့ လိုတယ်လို့ ကုလအထူးသံပြော Reviewed by THITHTOOLWIN on 23:11 Rating: 5

No comments:

Powered by Blogger.