မကွေးနဲ့စစ်ကိုင်းနယ်ထဲ တိုက်ပွဲများရှိနေ

မြန်မာစစ်တပ်လုံခြုံရေးအဖွဲ့ဝင်များ။

မကွေးတိုင်၊း ဂန့်ဂေါနဲ့ ထီးလင်းလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် ကျဆုံးခဲ့တယ်လို့ ယောဒေသ ကာကွယ်ရေး အဖွဲ့ကပြောပေမယ့်၊ ဒီဖြစ်စဉ်မရှိခဲ့ဘူးလို့ စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကနီနယ်နဲ့ ယင်းမာပင်ကြားက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း ကိုသားညွန့်ဦး ပြောပြပါမယ်။

ဒီကနေ့ ဇူလိုင် ၂၈ ရက် မနက်အစောပိုင်း ဂန့်ဂေါ-ထီးလင်းလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို ယောဒေသ ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ အခုလို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်မှာ အကျအဆုံးရှိခဲ့တယ်လို့ ယောဒေသ ကာကွယ်ရေးအဖွဲ့က အခုလို ပြောပါတယ်။

"မနက် ၇ နာရီခွဲလောက်ကခင်ဗျ သူတို့စစ်ကား ၄ စီး ဂန့်ဂေါကနေ ထီးလင်းဘက်ကိုသွားတာ သိရလို့ ကျွန်တော်တို့ လမ်းကနေပြီး မိုင်းခွဲ တိုက်ခိုက်တာပါ။ အတည်ပြုလို့ရတာက ကျွန်တော်တို့က ခြုံခိုတိုက်တော့ ကိုယ်တိုင်မြင်ရတယ်၊ သိရတယ်။ သိရတဲ့ အတွက်ကြောင့်မို့လို့ သေဆုံးက အယောက် ၂၀ အတည်ပြုထားပါတယ်။"

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOA ကမေးမြန်းရာမှာတော့ အခုလို ဖြစ်စဉ်မရှိဘူးလို့ ငြင်းဆိုပါတယ်။

"ယောဘက်မှာတော့ မရှိပါဘူးခင်ဗျ။ မရှိပါဘူးခင်ဗျ။"

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးတာအပြင် ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိခဲ့တယ်လို့ ယောဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်ကိုင်းတိုင်း၊ ကနီနယ်နဲ့ ယင်းမာပင်နယ်ကြားက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေမှာ ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ပြီး ရွာသားတွေကို ဖမ်းဆီးတာတွေ ရှိနေပါတယ်။ ရွာသား ၂ ဦးကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

"ရွာသားတွေ ထွက်ပြေးတဲ့ အတိုင်းအတာက သူတို့ဝင်တယ်ဆိုတော့ ကြောက်လန့်ပြီးထွက်ပြေးတာပေါ့နော်။ သူတို့စစ်ကြောင်းထိုးတဲ့ ရွာမှန်သမျှတော့ ရွာတိုင်းထိုးတာဆိုတော့ ရွာတိုင်းထွက်ပြေးတာပေါ့။ အခု ချင်းပုန်းရွာမှာ သူတို့က တပ်ချပြီးတော့ ဟိုဘက်တွေကို စစ်ကြောင်းထပ်ထိုးတယ်။ သမင်စပ် ရှေ့ပြေး အဲ့ဒီကနေ သစ်ယာပင်ရောက်သွားတယ်ပေါ့။ သစ်ယာပင်ကနေ ၃၁ မိုင်ရွာကို ရောက်သွားတယ်။ သူတို့မသင်္ကာတဲ့သူတွေကို သစ်ယာပင်ကတယောက် မိုင် ၃၀ က ၅ ယောက်ဖမ်းသွားတယ်။ အဲ့ကျတော့ ကနီနဲ့ ယင်းမာပင် အစပ်ရောက်သွားတာ။ CRPH ခေါင်းဆောင်တွေရှိတယ် ရွာခေါင်းဆောင်တွေရှိတယ်။ နာမည်ကြီးတယ်ဆိုပြီး ဝင်ပြီးမေးကြတာပေါ့။ သူတို့က ဖမ်းဖို့ စီးဖို့လာတာနေမှာ။ ပစ်တာဆိုရင် သူတို့ဘက်က အကုန်ပစ်ခတ်ပြီးတော့ ဝင်တာ ကနီနဲ့ ယင်းမာပင်အစပ်မှာ ၃၁ မိုင်ရွာကို ဝင်ပစ်တာ ဝင်ပစ်ပြီး ၅ ယောက်ဖမ်းတယ်။ ဖမ်းတာကို သိပ်စိတ်မနှံ့တဲ့သူတယောက်ပါတယ်။ ဖမ်းပြီး ၂ ယောက်ကို ပစ်သတ်သွားတယ်။ အဲ့ဒါ ၃၁ မိုင်ရွာမှာ။"

ဇူလိုင် ၂၆ ရက်ကလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ ကနီနယ်ထဲက ဇီးပင်ကွင်းရွာနဲ့ညောင်ပင်သာရွာနားမှာ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တွေ အများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်တွေက ပစ်သတ်သွားပြီး အလောင်းတွေကို မြေမြှုတ်ထားခဲ့တယ်လို့လည်း ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။


သားညွန့်ဦး/ VOA Burmese

https://burmese.voanews.com/a/sac-pdf-fighting-yaw-magway/5982003.html

မကွေးနဲ့စစ်ကိုင်းနယ်ထဲ တိုက်ပွဲများရှိနေ မကွေးနဲ့စစ်ကိုင်းနယ်ထဲ တိုက်ပွဲများရှိနေ Reviewed by THITHTOOLWIN on 23:08 Rating: 5

No comments:

Powered by Blogger.