ချောင်းဦးသပိတ်ခေါင်းဆောင်လူငယ် စစ်ကြောရေးမှာ နှိပ်စက်ခံရ

    "လက်ချောင်းလေးတွေ လှန်ချိုးထားလို့ နာလို့ အော်တော့ ပါးစောင်ကိုလည်း စစ်ဖိနပ်နဲ့ ထိုးထားတယ်တဲ့။ ပါးစောင်ထဲကအသားလေးတွေပဲ့ပြီးနာနေတယ်လို့သိရတယ်။ အဲဒီလိုသိရတော့ ငိုလိုက်တယ်။ ကျွန်မသားလေး ကျွန်မ နှမြောတယ်"

    မာန်ဇာမြေမွန်ရဲ့မိခင်

ချောင်းဦးသပိတ်ခေါင်းဆောင်မာန်ဇာမြေမွန်ဟာ စစ်ကြောရေးမှာ လက်ချောင်းအားလုံးလှန်ချိုး စစ်ဆေးခံရပြီး အမှုငါးမှုနဲ့ တရားစွဲခံထားရတယ်လို့ သူ့ရဲ့ မိဘတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ ဆန္ဒပြသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ကို ပြီးခဲ့တဲ့ဇွန်လ(၈)ရက်က ချောင်းဦးမြို့ နယ်၊ ရှမ်းထူးရွာအနီးမှာ စစ်ကောင်စီတပ်တွေက သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အခုလိုအဖမ်းခံရပြီး တလပြည့်တဲ့ ဇူလိုင် ၇ ရက်မှာ မုံရွာအကျဉ်းထောင် ထောင်တွင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာပါ။

ကိုမာန်ဇာမြေမွန်ကို ပုဒ်မ (၅၀၅/က) နဲ့ ချောင်းဦးမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မြို့နယ်ရဲမှူးနဲ့ ဒုရဲအုပ်တစ်ဦးတို့က တရားလိုပြုလုပ်ပြီး အမှု(၅) မှုနဲ့တရားစွဲဆိုထားတယ်လို့ ကိုမာန်ဇာမြေမွန်ဘက်က အမှုကိုလိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေထံက သိရပါတယ်။

ကိုမာန်ဇာမြေမွန်ကို ဖမ်းဆီးစဉ်က ချောင်းဦးမြို့မရဲစခန်းမှာ မျက်နှာကိုအဝတ်စည်းပြီးလက်ပြန်ကြိုးတုတ်ကာ ရဲ(၂၀)ဦးခန့်က ရင်ဘတ်နဲ့ကျောကုန်းတွေကို ဝိုင်းကန်စစ်ဆေးခဲ့သလို မုံရွာ န.မ.ခ စစ်ကြောရေးကိုခေါ်ဆောင်ရာမှာလဲ ကားပေါ်မှာလက်ပြန်ကြိုးတုတ် ဝမ်းလျားမှောက်ထားကာ စစ်သားတွေက ခြေထောက်တွေနဲ့တက်နင်းခေါ်ဆောင်သွားတယ်လို့မိသားစုဝင်တွေကပြောပါတယ်။

ဒါအပြင် စစ်ကြောရေးမှာ စစ်ဆေးစဉ် လက်ချောင်းလေးတွေကို လှန်ချိုးပြီး နာလို့အော်တဲ့အခါမှာ ပါးစပ်ထဲကို စစ်ဖိနပ်တွေထည့်ပြီးနှိပ်စက်ညှင်းပန်းခဲ့တယ်လို့လဲဆိုပါတယ်။

အကြမ်းမဖက်ပဲငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိုမာန်ဇာမြေမွန်ကို ဖမ်းဆီးပြီး ဥပဒေမဲ့အခုလိုနှိပ်စက်တာဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဖခင်ဖြစ်သူက ဝေဖန်ပြောဆိုလိုက်ပါတယ်။

ကိုမာန်ဇာမြေမွန်ဟာ ငယ်စဉ်ကတည်းက နူးညံ့သိမ်မွေ့ပြီး မိဘကိုလုပ်ကျွေးနေတဲ့သားလိမ္မာတယောက်ဖြစ်ကာ သူရဲ့နိုင်ငံရေး ခံချက်ကြောင့်အခုလို ဆန္ဒပြခေါင်းဆောင်လုပ်ခဲ့ပေမယ့် ကြမ်းတမ်းတဲ့စိတ်ဓာတ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပြုလုပ်ခဲ့ခြင်း မရှိတဲ့အတွက် အခုလိုအကြမ်းဖက်နှိပ်စက်တဲ့အပေါ် ယူကြုံးမရဖြစ်ရတယ်လို့လဲ မိခင်ဖြစ်သူကဆိုပါတယ်။

ကိုမာန်ဇာမြေမွန်ရဲ့ အမှုကို တရားလွှတ်တော်ရှေ့နေတဦးကလိုက်ပါဆောင်ရွက်ပေးနေပြီး မြို့နယ်တရားသူ ကြီး ဒေါ်ဝင်းဝင်းအေးက အမှုကိုလက်ခံကြားနာစစ်ဆေးနေတာဖြစ်ပါတယ်။

လာမဲ့ဂျူလိုင် (၁၄) ရက်မှာ နောက်ထပ်ရုံးချိန်းထပ်မံချိန်းဆိုထား တယ်လို့လဲသိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

ချောင်းဦးသပိတ်ခေါင်းဆောင်လူငယ် စစ်ကြောရေးမှာ နှိပ်စက်ခံရ  ချောင်းဦးသပိတ်ခေါင်းဆောင်လူငယ် စစ်ကြောရေးမှာ နှိပ်စက်ခံရ Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.