ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင် ပြတ်လပ်နေ



မြန်မာနိုင်ငံမှာ Covid-19 ရောဂါကြောင့် ကူးစက်မှုနှုန်းရော၊ သေဆုံးမှုနှုန်းတွေပါ တစ်နေ့တခြား မြင့်တက် လာနေသလို ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ခံစားရသူတွေလည်း များလာနေတာကြောင့် သူတို့အတွက် အောက်ဆီဂျင်ရဖို့ အရေးပေါ် လိုအပ်ချက်ရှိနေတယ်လို့ ကျန်းမာရေး အကူအညီ ပေးနေသူတွေက ပြောကြပါတယ်။

လူဦးရေ ခြောက်သန်းကျော်နေထိုင်တဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာလည်း Covid-19 ကူးစက်ခံရလို့ သေဆုံးမှုတွေ တစ်နေ့တခြား များလာနေပါတယ်။

ရောဂါပြင်းထန်တဲ့ လူနာတွေအတွက် အောက်ဆီဂျင် အရေးပေါ်လိုအပ်နေပေမယ့်လည်း အောက်ဆီဂျင် အိုးတွေက လုံး၀ ၀ယ်မရတော့ဘူးလို့ ရန်ကုန်မြို့က မြန်မာ့စိတ်ရင်း ပရဟိတအဖွဲ့ဝင် ကိုမိုးမာန်က RFA ကို ပြောပါတယ်။

    "ရန်ကုန်ရဲ့ အခုလက်ရှိ မြေပြင်အခြေအနေက အောက်ဆီဂျင်အိုးတွေ လုံး၀ ဝယ်လို့မရတော့ဘူး"

ဈေးကွက်လိုအပ်ချက် ရှိနေတာကြောင့် အောက်ဆီဂျင်အိုးတွေကို စီးပွားရေး ဈေးကွက် ကစားနေသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

"ရန်ကုန်ရဲ့ အခုလက်ရှိ မြေပြင်အခြေအနေက အောက်ဆီဂျင်အိုးတွေ လုံး၀ ဝယ်လို့မရတော့ဘူး။ ဝယ်လို့ရထားတဲ့ အိုးတွေကိုလည်း ဖြည့်မရဘူး ဖြစ်နေတယ်။ အောက်ဆီဂျင် အရမ်းကျဆင်းနေတဲ့ သူတွေကလည်း အရေအတွက် တော်တော်များပါတယ်။ အဲကြားထဲကမှ သေဆုံးမှုတွေလည်း များလာ တယ်။ ကျွန်တော်တို့ဆီကို အခု ဆက်သွယ်နေရင်းနဲ့ သတိလစ်သွားပြီ၊ သေဆုံးသွားပြီဆိုတာတွေ အများကြီး ဖြစ်နေတယ်။ အဓိကပြဿနာကတော့ အောက်ဆီဂျင်ပဲ။ နောက်တစ်ခုက ဒီပိုးတွေ့ လူနာတွေကို ဘယ်ပို့လို့ ပို့ရမှန်းမသိဘူး။ ကုသရေးစင်တာ လိုမယ်။ ကွန်တက်ခွဲခြားတဲ့ စင်တာလိုမယ်။ အဓိက ပြဿနာကတော့ အောက်ဆီဂျင်ဈေးကွက်ကို ကစားနေတဲ့သူတွေကို ထိန်းချုပ်နိုင်ဖို့လိုတယ်။ အခုအတိုင်းကို ဆက်ပြီးတော့ မထိန်းချုပ်သွားနိုင်ရင် သေချာတာကတော့ နောက် တစ်လအတွင်း ကျွန်တော်တို့ အိန္ဒိယကို ကျော်တက်သွားလိမ့်မယ်။"

ဇူလိုင် ၉ ရက် မနေ့က တစ်ရက်တည်းမှာတင် ရန်ကုန်တိုင်းထဲမှာ ပိုးတွေ့လူနာ စုစုပေါင်း ၈၃၈ ဦး ရှိပြီး သေဆုံးသူ ၁၇ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဈေးကွက်ထဲမှာ အောက်ဆီဂျင်အိုးတွေ လိုသလောက် ဝယ်ယူလို့မရတဲ့အပြင်၊ ကိုဗစ်လူနာတွေကို ကူညီနေတဲ့ ပရဟိတအဖွဲ့တွေမှာရှိတဲ့ အောက်ဆီဂျင် အိုး အရေအတွက်ထက် တကယ်ပြင်းထန်ရောဂါ ခံစားရပြီး အောက်ဆီဂျင် လိုနေတဲ့သူ အရေအတွက်က ပိုများနေတယ်လို့လည်း အကူအညီပေးနေသူတွေက ပြောကြပါတယ်။ လက်ရှိမှာ အောက်ဆီဂျင်အိုး၊ အောက်ဆီဂျင်စက်တွေ ပစ္စည်းပြတ်လပ်နေပြီး မူလဈေးထက် နှစ်ဆ၊ သုံးဆ ဈေးမြင့်တက်နေတယ်လို့လည်း ရန်ကုန်မြို့၊ သုခကာရီ လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ မရွှေမှုန်က ပြောပါတယ်။

"အရင်က ၁၀ လီတာဆိုရင် တချို့ဆိုင်တွေမှာ ငါးသောင်းခွဲ၊ ခြောက်သောင်းရောင်းတယ်၊ တချို့က ခုနစ်သောင်းခွဲလောက် ရောင်းတယ်။ အခုဆိုရင် ၁၀ လီတာ အိုးကိုတောင်မှ နှစ်သိန်းခွဲလောက် ပေးရတယ်။ အဲဒါတောင်မှ ဝယ်ချင်သလောက်မရဘူး။ တစ်သိန်းစွန်းစွန်းပဲ ရှိတဲ့ ၁၅ လီတာအိုး ဆိုရင် အခု သုံးသိန်းခွဲ၊ လေးသိန်းလောက် ပေါက်တယ်။ ၄၀ လီတာက ငါးသိန်းလောက် ပေါက်နေတယ်။ နှစ်ပတ် လောက်ရှိပြီ ဈေးက တရိပ်ရိပ်နဲ့ တက်သွားပြီးတော့ တချို့ဆိုင်တွေဆို အရောင်းပိတ်ထားတယ်ပဲ ပြောတယ်။ ဘာကြောင့်အရောင်းပိတ်ထားလဲ မသိဘူး။ ဝယ်တာတွေလည်း ဈေးကြီးပေးပြီးပဲ ဝယ်ခဲ့ရတယ်။"

အောက်ဆီဂျင်အိုး ရဖို့အတွက်ကိုပဲ ဦးစားပေးလုပ်ပေးနေရလို့ လူနာကယ်ဆယ်ရေးလမ်းကြောင်းတွေ ကို အရင်လိုလမ်းကြောင်းများများ မကူညီပေးနိုင်တော့ဘူးလို့လည်း မရွှေမှုန်က ပြောပါတယ်။

အောက်ဆီဂျင် မပြတ်ရူနေရတဲ့ နာတာရှည်ရောဂါအခံ ရှိတဲ့လူနာတွေလည်း အခုကာလမှာ အောက်ဆီဂျင် ရှာမရလို့ အသက်ဆုံးရှုံးခဲ့ရတာတွေလည်း ရှိနေပါတယ်။

အဆုတ်ရောဂါကြောင့် အောက်ဆီဂျင် မပြတ်ရှူနေရတဲ့ ဖခင်ဖြစ်သူ အောက်ဆီဂျင် ရှာမရလို့ သေဆုံး သွားခဲ့တာကို ကြည့်ပြီး မိခင်ဖြစ်သူပါ နောက်တစ်ရက်မှာ သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ နေထိုင်သူတစ်ဦး က ဆိုပါတယ်။

"အဖေက အောက်ဆီဂျင်ကို ၁၅ မိနစ်လောက် မရလိုက်တဲ့အချိန်မှာ အသက် ပါသွားတယ်။ ကျွန်တော်က အောက်ဆီဂျင်ကို ကျွန်တော့်သူငယ်ချင်းဆီက သွားယူတဲ့အချိန်မှာ အသက်ပါသွားတာ။ မမှီလိုက်တော့ဘူး။ ကျွန်တော်တို့လည်း ရှာတာမရဘူး။ ရတဲ့အချိန်က ဟသွားတယ်။ အမေက သူ့ ယောက်ျားကိုကြည့်ပြီး နှလုံးထိသွားပြီး အမေပါ ဆုံးသွားတယ်။ ဒါက ကျွန်တော်တို့ မိသားစုတင် ဖြစ်နေတာမဟုတ်ဘူး။ ကျွန်တော့်သူငယ်ချင်း မိသားစုမှာလည်း နာတာရှည်အဆုတ် မကြာမကြာ အသက်ရှူကျပ်တာကြောင့် အောက်ဆီဂျင်ရှိရင် အဆင်ပြေတယ်။ ကျပ်တဲ့အချိန် ကောက်ရှူတယ်။ အခု အောက်ဆီဂျင်က လုံးဝ မရှိတော့ဘူး။ မရဟိတအသင်းတွေမှာလည်း အောက်ဆီဂျင်တွေ ပြတ်လပ်ပြီး မလောက်တော့ဘူး။"
oxygen-tanks-ygn.jpg
PPE ဝတ်စုံဝတ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးကို ၂၀၂၁၊ နိုဝင်ဘာ ၆ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ရစဉ် (Photo: YE AUNG THU / AFP)

ရန်ကုန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်း မြင့်မားနေပြီး လူနာတွေဆေးရုံပို့ဖို့ ကြိုးစားရာမှာလည်း ဆေးရုံတွေမှာ သတ်မှတ်ပမာဏထက် ကျော်လွန်တဲ့ ပိုးတွေ့လူနာတွေကို ကုသနေရတာမို့ နောက်ထပ် လူနာလက်မခံနိုင်တော့တဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ မရွှေမှုန်က ဆိုပါတယ်။

"ဆေးရုံတွေမှာ ကုတင်ပြည့်နေလို့ လက်မခံဘူးဆိုပြီး ပြောတာတွေရှိတယ်။ မြို့နယ်အလိုက်ကျတော့ တောင်ဥက္ကလာတို့၊ မြောက်ဥက္ကလာတို့၊ တောင်ဒဂုံတို့ အဲဘက်တွေကကျတော့ သင်္ကန်းကျွန်းဆေးရုံတို့၊ မြောက်ဥက္ကလာဆေးရုံတို့ကို အဓိကထား သွားရတယ်။ သွားရတဲ့အခါကျတော့ ဆေးရုံကုတင်ပြည့်နေလို့ လက်မခံနိုင်တာမျိုးတော့ ထွက်ပြောတယ်။ ဒီလိုထွက်ပြောတဲ့အခါကျတော့ လူနာတွေကို ပို့လို့မရဘဲနဲ့ အိမ်ပြန်ပို့လိုက်ရတာတွေ ရှိတယ်။"

ဇူလိုင်လ ၉ ရက် မနေ့က တစ်ရက်တည်းမှာတင် Covid-19 အတည်ပြုလူနာသစ် ၄၃၂၀ ဦးတွေ့ရှိခဲ့ပြီး တစ်ရက်အတွင်း သေဆုံးသူ ၆၄ ယောက်ထိရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒါဟာ ကိုဗစ်ကြောင့် တစ်ရက်အတွင်း သေဆုံးမှုဆက်တိုက် စံချိန်တင် မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

ပိုးကူးစက်မှု မြင့်တက်လာတာကြောင့် ဇူလိုင်လဆန်းပိုင်းမှာ ရန်ကုန်တိုင်းထဲက မင်္ဂလာဒုံ၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ဗဟန်းနဲ့ မရမ်းကုန်း စတဲ့ မြို့နယ် (၁၀) မြို့နယ်ကို နေအိမ်မှာပဲ နေထိုင်ကြဖို့ stay at home အမိန့် ထုတ်ပြန်ထားပါတယ်။

    "အရင် ကိုဗစ်ကာလတုန်းက အစိုးရက ဦးစီးပြီး နိုင်နိုင်နင်းနင်းနဲ့ ပြည်သူတွေနဲ့ ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်တာကို တွေ့ရတယ်"

စစ်တပ်က အာဏာသိမ်းထားချိန်မှာ Covid 19 ကြောင့် သေဆုံးနှုန်းရော၊ ကူးစက်နှုန်းပါ ပြန်မြင့်တက် လာနေတာဖြစ်တာကြောင့် ဒီ ကိုဗစ်တတိယလှိုင်းမှာ အသက်ဆုံးရှုံးမှုတွေ ပိုများလာနိုင်တယ်လို့ ရန်ကုန်မြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုဇေယျာလွင်က ပြောပါတယ်။

"အရင် ကိုဗစ်ကာလတုန်းက အစိုးရက ဦးစီးပြီး နိုင်နိုင်နင်းနင်းနဲ့ ပြည်သူတွေနဲ့ ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်တာကို တွေ့ရတယ်။ အစိုးရကလည်း ကြိုးစားပြီး ဦးဆောင် ဆောင်ရွက်တယ်။ ပြည်သူတွေ ကလည်း နောက်ကလိုက်ပါပြီး အစိုးရနဲ့ အားလုံး ပါဝင်ဆောင်ရွက်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အရမ်းများပြားတဲ့ ပမာဏထိ ဖြစ်မသွားဘူး။ အခု အာဏာသိမ်းပြီးကာလမှာ အာဏာသိမ်း အစိုးရကိုလည်း လူတွေကမယုံကြည်တော့ဘူး။ အဲဒီအတွက်ကြောင့် ဆရာဝန်တွေ CDM လုပ်တယ်။ ပြည်သူတွေကလည်း တော်တော်များများ မပူးပေါင်းကြတော့ဘူး။ အခု ကိုဗစ် တတိယလှိုင်း ဆောင့်တက်လာတဲ့ အခြေအနေမျိုး မှာ ပြည်သူတွေအနေနဲ့ အင်မတန်မှ အသက်ဆုံးရှုံးမှုတွေ ပိုများလာမယ်လို့ ယူဆတယ်။ ကျွန်တော်တို့က တော်လှန်ရေးမှာ အသက်ဆုံးရှုံးတာက တစ်မျိုး၊ ကိုဗစ်ကြောင့် အသက်ဆုံး ရှုံးတာက တစ်မျိုး ဖြစ်ပြီးတော့ ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ လူသားအရင်းအမြစ်တွေကတော့ အင်မတန်ကြေကွဲဖွယ်ရာကောင်းပြီး အများကြီးဆုံးရှုံးရမယ်လို့ မြင်နေတယ်။"

ကူးစက်မှုပိုမြန်ပြီး အသက်သေစေလောက်အောင် ပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဗီဇပြောင်း ပိုးသစ်တွေ ဖြစ်တဲ့ Alpha, Delta နဲ့ Kappa ပိုးသုံးမျိုးစလုံးကို မြန်မာနိုင်ငံမှာ တွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇွန်လတုန်းက ကြေညာထားပါတယ်။

ရန်ကုန်အပါအဝင် တစ်ပြည်လုံးက မြို့ကြီးတွေနဲ့ ကျေးလက်တောရွာတွေအထိပါ Covid-19 က ဖြစ်ပွားနှုန်း တွေ မြင့်တက်နေသလို အောက်ဆီဂျင် လိုအပ်မှုတွေကလည်း နေရာအနှံ့မှာ ဖြစ်နေတာပါ။

ရောဂါဖြစ်ပွားနေသူတွေအတွက် အောက်ဆီဂျင် လိုအပ်မှုနဲ့ ပတ်သက်လို့ အမြန်ဆုံးဆောင်ရွက်နေကြောင်း၊ ဆောက်ဆီဂျင်စက်ရုံတွေ အမြန်ဆုံး လည်ပတ်ထုတ်လုပ်နိုင်ရေးနဲ့ အောက်ဆီဂျင် ဓာတ်ငွေ့ရည် ဖြည့်တင်းနိုင်ရေး၊ ထုတ်လုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ စက်မှုလုပ်ငန်းသုံး အောက်ဆီဂျင်စက်ရုံကနေ အောက်ဆီဂျင် လိုအပ်ချက်တွေ ဖြည့်ဆည့် ပေးနိုင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၉ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားတဲ့ ၂၀၂၀ မတ်လကစပြီး ၂၀၂၁ ဇူလိုင်လ ၉ ရက် မနေ့ကအထိ တစ်နှစ်ကျော်အတွင်း ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၈၄၃၇၅ ဦးရှိနေပြီး၊ ကိုဗစ်ကြောင့် သေဆုံးခဲ့သူ စုစုပေါင်း ၃၆၈၅ ဦး ရှိသွားပြီလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese



ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင် ပြတ်လပ်နေ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင် ပြတ်လပ်နေ Reviewed by THITHTOOLWIN on 20:18 Rating: 5

No comments:

Powered by Blogger.