လွိုင်ကော်အရှေ့ဖက်ခြမ်းတွင် ပစ်ခတ်သံများကြားရပြီး ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရ

 


ယနေ့ ဇူလှိုင်လ ၂ ရက်နေ့ နံနက်ပိုင်းမှာ ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်းရှိ ပါလောင်းကျေးရွာနဲ့ ဒေါတရိုးကျေးရွာအနီးမှာ ပစ်ခတ်သံများ ကြားရတဲ့အတွက် ဒေသခံပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။ 

“ ပါလောင်းရွာအကျော်မှာ ပစ်တယ်။ ၁၅ မိနစ်လောက် ပစ်တယ်။ ပြီးတော့ ပြန်ရပ်လိုက်တယ်။ အပြန်အလှန်ပစ်ကြတာမျိုးတော့ မကြားဘူး။ လက်နက်ကြီး နှစ်လုံးပစ်တာ ကြားတယ်။ အလုံးသေး ဆယ်လုံး ၊ ဆယ့်ငါးလုံး ပစ်ပြီး ပြန်ရပ်တယ်။ ရွာထဲမှာ ဘယ်သူမှ မနေကြတော့ဘူး။ လက်နက်ကြီးတွေ ပစ်မှာကြောက်လို့ ကျနော်တို့ အကုန်လုံး ပြေးကြတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ယမန်နေ့ ညနေပိုင်းမှာ လွိုင်ကော်-ရှားတော လမ်းမကြီးပေါ်ရှိ ပွန်ချောင်းဖက်ကနေ ပြန်လာတဲ့ စစ်ကောင်စီတပ်တွေရှိပြီး ပါးလောင်းကျေးရွာအကျော်ရှိ ဘုန်းကြီးကျောင်းမှာ နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လက်နက်ကြီးသံ၊ လက်နက်ငယ်သံများ ပစ်ခတ်မှုများကို ယနေ့ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၉ နာရီ၄၅ မိန်ခန့်မှာ  ၁၅ မိနစ်ခန့် ကြာအောင် ကြားရပြီး မည်သူ၊မည်ဝါက ပစ်ခတ်တာကို မသိကြောင်း ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်သံတွေ ကြားနေရပြီး အနီးအနားကျေးရွာရှိ ပါလောင်း၊ ဒေါတရိုး၊ ဒေါစဲကျေးရွာရှိ ဒေသခံပြည်သူတွေက ရွာလုံးကျွတ် ရုတ်တရက် ထွက်ပြေးကြရတာကြောင့် ပစ္စည်း၊ စားနပ်ရိက္ခာ၊ မိုးကာ စတဲ့ လိုအပ်တဲ့အရာတွေ မသယ်မီနိုင်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

“ ကျနော်တို့က ရုတ်တရက်ထပြေးကြတော့ ဘာမှ မပါလာဘူး။ မိုးကာတောင် မပါဘူး။ ကလေးတွေ၊ ကိုယ်ဝန်သည်တွေ၊ သက်ကြီးရွယ်အိုတွေလည်း အကုန်လုံး ဒီအတိုင်းပဲ ခေါ်ပြီးထပြေးကြတာ။ ကျနော်တို့က ဘာမှမသိတော့ အရမ်းကြောက်ကြတယ်။ ကျနော်တို့လည်း အဝေးကြီးပြေးမှ ရတယ်။ တခြားနေရာလည်း မရှိတော့ဘူး။ မိုးလည်းရွာတော့ ဘယ်လိုလုပ်ရမလဲ မသိဘူး။ “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ယခင် မိုးဗြဲ၊ ဒီးမော့ဆိုမြို့နယ်တွေမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားတဲ့အချိန်မှာ လွိုကော် - ရှားတော လမ်းမကြီးပေါ်ရှိ ဒေသခံတချို့က ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဇွန်လ ၁၅ ရက်နေ့မှာ အပစ်ရပ်ကြောင်း ကြေညာပြီးနောက် ကျေးရွာကို ပြန်လာနေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ 

ကရင်နီပြည်နယ်မှာ တိုက်ပွဲကြောင့် သေဆုံးသူ ( ၇၆) ဦးရှိလာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံပြည်သူ တစ်သိန်းကျော်ရှိလာတယ်လို့ သိရပါတယ်။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

လွိုင်ကော်အရှေ့ဖက်ခြမ်းတွင် ပစ်ခတ်သံများကြားရပြီး ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရ လွိုင်ကော်အရှေ့ဖက်ခြမ်းတွင် ပစ်ခတ်သံများကြားရပြီး ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရ Reviewed by THITHTOOLWIN on 19:53 Rating: 5

No comments:

Powered by Blogger.